လာမယ့် စက်တင်ဘာ ၁၃ရက်၊ ၁၄ ရက်နေ့တွေမှာ တရားဝင်မှတ်ပုံ တင်ထားပြီးသား နိုင်ငံရေးပါတီ ၆၇ ပါတီစလုံး တက်ရောက်နိုင်မယ့် အစည်းအဝေးကြီးတစ်ရပ် ကျင်းပမယ်လို့ စည်းရုံးလှုံ့ဆော်သူတွေက ပြောကြ ပါတယ်။ စည်းရုံးလှုံ့ဆော်နေသူတွေကတော့ ညီ နောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) အုပ်စုနဲ့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်ပါတီ (FDA) တာဝန်ရှိသူတွေပါ။ အဲဒီအစည်းအဝေးကို ကျင်းပ ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ သိပ်မကြာ ခင် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်တစ်ရပ် လက်မှတ်ထိုးတော့မယ်။ လက်မှတ်ထိုးပြီးရင် နိုင်ငံ ရေးဆွေးနွေးပွဲကြီး တစ်ခုကျင်းပဖို့ မူဘောင်ချမှတ် တဲ့ အစည်းအဝေး တွေလုပ်မယ်။ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲကြီးကျင်းပပြီး တိုင်းပြည်ရဲ့ အနာဂတ် ကို အဖြေရှာကြ မယ်။ အဲဒီနိုင်ငံရေးဆွေးနွေးပွဲကြီး မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအား လုံးကို ဘယ်လိုကိုယ်စားပြုကြမ လဲဆိုတဲ့ မူတစ်ခု ချမှတ်ဖို့ ဆွေးနွေးမယ့် အစည်းအဝေးလို့ ဆိုပါတယ်။ အဲဒီနိုင်ငံရေးဆွေးနွေးပွဲကြီးကို ဘယ်သူတွေတက် သင့်သလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးကြည့်ကြရ အောင်။
တကယ်တော့ တိုင်းပြည်တစ်ပြည်မှာ နိုင်ငံ ရေးပြဿနာတွေနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ အဓိက တာဝန်ရှိသူတွေဟာ ပြည်သူတွေက ဒီမိုကရေစီ နည်းအရ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေပါ။ ဖွဲ့စည်းပုံရေးဆွဲတာ အပါ အဝင် နိုင်ငံရေးဆိုင်ရာကိစ္စတွေအားလုံးကို ပြည် သူ့ကိုယ်စားလှယ်တွေက ချမှတ်ရပါတယ်။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှ စွာဘဲ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ဝက်ကျော် ၁၉၆၂ ခုနှစ်က တည်းက စစ်အုပ်ချုပ်ရေးအောက် ရောက်ခဲ့ရပါ တယ်။ ၁၉၈၈မှာ ပြည်သူလူထုတစ်ရပ်လုံးက ဒီမိုက ရေစီအရေး တောင်းဆိုဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းတာနဲ့ တုံ့ပြန်တာခံရပါ တယ်။ တိုင်းပြည်မှာ နိုင်ငံရေးပြဿနာ ပြေလည် မသွားပါဘူး။
၁၉၉ဝ မှာ စစ်တပ်က အထွေထွေရွေးကောက် ပွဲ လုပ်ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင် ရပါတယ်။ ဒါပေမဲ့ စစ်အစိုးရက လွှတ်တော်ခေါ် မပေးပါဘူး။ ဒါကြောင့်လည်း တိုင်းပြည်ရဲ့နိုင်ငံရေး အကျပ်အတည်းကို ပြည်သူ့ကိုယ်စားလှယ်တွေက ဘာမှ ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ခွင့် မရတော့ပါ ဘူး။ စစ်အစိုးရကတော့ ရွေးကောက်ပွဲလုပ်ပေးရ တာဟာ မရှိသေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ် ရပ် ရေးဆွဲဖို့လို့ဆိုပြန်ပါတယ်။ ဒါလည်း ကောင်းတာ ပါပဲ။ ဒါပေမဲ့ နောက်ပိုင်း ရွေးကောက်ခံအမတ်တွေ ကို ဖွဲ့စည်းပုံလည်း မဆွဲခိုင်းတော့ပြန်ပါဘူး။ ၁၉၉၃ ခုနှစ်မှာတော့ စစ်အစိုးရဟာ အင်အားစုပေါင်းစုံ ပါတယ်လို့ဆိုတဲ့ 'အမျိုးသားညီလာခံကြီး'တစ်ခု ကို ခေါ်ယူကျင်းပခဲ့ပါတယ်။ ပြောရရင် အဲဒီအချိန် က စစ်အစိုးရဟာ ဖွဲ့စည်းပုံရေးဆွဲရေးကိစ္စ၊ တစ်နည်း ပြောရရင် တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာဖြေရှင်းဖို့ ကိစ္စ ပြည်သူ့ကိုယ်စားလှယ်တွေကို လျစ်လျူရှုပြီး ကိုယ့်ဘာသာကိုယ် ခန့်အပ်ထားသူတွေ၊ ကိုယ့်ဘာ သာကိုယ် ကုလားဖန်ထိုးထားတဲ့ အခင်းအကျင်းတွေ နဲ့ အမျိုးသားညီလာခံဆိုတာကြီး ကျင်းပခဲ့တာပါ။ ပြောရရင် နိုင်ငံရေးဆွေးနွေးပွဲကြီးကို ပုံပျက်ပန်း ပျက်ဖြစ်အောင်လုပ်ခဲ့တာပါ။ အဲဒီ ပုံပျက်ပန်းပျက် ညီလာခံကနေ ထွက်ပေါ်လာတာကတော့ အခု အများပြည်သူကလက်မခံတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပါ။
ခုဆို စစ်အစိုးရရဲ့ ပုံပျက်ပန်းပျက်အမျိုးသား ညီလာခံ ကျင်းပပြီးခဲ့တာ အနှစ် ၂ဝ ကျော်စွန်းစပြု ပါပြီ။ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ အစိုးရ အပစ်ရပ်ကြပြီး နောက်ထပ် နိုင်ငံရေးဆွေးနွေးပွဲ ကြီးတစ်ရပ် စတင်ဖို့ရှိနေပါပြီ။ ဒီနေရာမှာ သမိုင်း သင်ခန်းစာအရ အရေးအကြီးဆုံးအချက်ဟာ အရင် စစ်အစိုးရက ဖန်တီးခဲ့တဲ့ အမျိုးသားညီလာခံလို ပုံပျက်ပန်းပျက်စည်းဝေးပွဲကြီးမဖြစ်ဖို့၊ ပါဝင်သင့် ပါဝင်ထိုက်သူတွေ အရေအတွက် အနည်းဆုံးနဲ့ပါ ဝင်ကြဖို့ပဲဖြစ်ပါတယ်။ ကောင်းပါပြီ နိုင်ငံရေးဆွေး နွေးပွဲကြီးမှာ ဘယ်သူတွေပါဝင်သင့်သလဲ စဉ်းစား ကြည့်ကြရအောင်။
နိုင်ငံရေးဆွေးနွေးပွဲကြီး လုပ်ရတဲ့အကြောင်း ရင်းဟာ နိုင်ငံရေးအရ မပြေမလည်ဖြစ်မှုတွေ ကြောင့်လို့ဆိုရင် မမှားပါဘူး။ ဒါဆို တိုင်းပြည်မှာ ဘယ်သူတွေကြားမှာ နိုင်ငံရေးအရ မပြေမလည် ဖြစ်နေကြသလဲ ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ အဲဒီ မှာ အင်အားစုသုံးခု သွားတွေ့ရမှာဖြစ်ပါတယ်။ တစ်ခုက လက်နက်ကိုင်ထားပြီး အာဏာကိုမစွန့် လွှတ်ချင်တဲ့ တပ်မတော်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ ဒုတိယက သူတို့လိုပဲ လက်နက်ကိုင်ထားတဲ့တိုင်း ရင်းသားလက်နက်ကိုင်တွေ၊ တတိယကတော့ ပြည် သူတွေကိုယ်တိုင် ဒါမှမဟုတ် ပြည်သူတွေကိုယ်စား အရေးဆို တိုက်ပွဲဝင်နေသူတွေရယ်လို့ တွေ့ရမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးက ဒီအင်အားစုသုံးစု တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ ဖြစ်ပါတယ်။
ပထမအင်အားစုကတော့ ရှင်းပါတယ်။ လက် ရှိ တပ်မတော်ခေါင်းဆောင်တွေ၊ အစိုးရ၊ လွှတ် တော်နဲ့ ပြည်ခိုင်ဖြိုးပါတီကို ဦးဆောင်နေတဲ့ စစ် ဗိုလ်ချုပ်ဟောင်းတွေ ပါဝင်ပါတယ်။ ဒုတိယအင် အားစုကတော့ လက်နက်ကိုင်ထားတဲ့ တိုင်းရင်း သားအင်အားစုတွေပါ။ ဒီနေရာမှာ တပ်မတော် လက်အောက်ရောက်နေပြီဖြစ်တဲ့ နယ်ခြားစောင့် တပ်နဲ့ ပြည်သူ့စစ်တွေကိုတော့ ထည့်သွင်းလို့မရပါ ဘူး။ ထည့်ချင်းထည့် တပ်မတော်လက်အောက်က နေ ထည့်သွင်းသင့်ပါတယ်။
အဲ- အငြင်းပွားစရာရှိ တာကတော့ ပြည်သူတွေကိုကိုယ်စားပြုမယ့် ကိုယ် စားလှယ်အဖြစ် ဘယ်သူတွေကို သတ်မှတ်မလဲဆို တာပါ။ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ရှိရင် တော့ အဲဒီရွေးကောက်ပွဲမှာ ပြည်သူတွေရွေးချယ် ပေးလိုက်သူတွေ ဖြစ်မှာပါ။ (၂ဝ၁ဝ ရွေးကောက် ပွဲနဲ့ အဲဒီကတက်လာတဲ့အမတ်တွေကိုတော့ စာ ရင်းထဲထည့်လို့မရပါဘူး) လောလောဆယ် အနီး စပ်ဆုံး အခြေအနေမှာ အဲဒီလိုအားလုံးပါဝင်ပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကျင်းပထားတာ မရှိ လေတော့ တိတိကျကျကိုယ်စားပြုသူ ရှာရခက်ပါ တယ်။
ဒါပေမဲ့ ပြည်သူတွေကိုယ်တိုင်ရော၊ နိုင်ငံ တကာကပါ နားလည် လက်ခံထားကြတာ ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ အ တိုက်အခံ တိုင်းရင်းသားအင်အားစုတွေဟာ ပြည် သူ့ကိုယ်စားလှယ်တွေအဖြစ် အနီးစပ်ဆုံးကိုယ်စား ပြုနိုင်သူတွေ ဖြစ်ကြပါလိမ့်မယ်။ ပြောရရင် အဲဒီ အင်အားစုသုံးစု တွေ့ဆုံညှိနှိုင်း ဆွေးနွေးကြခြင်း သည်သာ နိုင်ငံရေးဆွေးနွေးပွဲကြီး မည်ပါလိမ့်မယ်။
အခုဖြစ်နေပုံက တချို့သော နိုင်ငံရေးသမား တွေဟာ သူတို့ကို ပြည်သူတွေကလည်း ထောက် ခံမှုမရှိ၊ ဘာအလုပ်အကိုင်မှလဲ မည်မည်ရရမရှိဘဲ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲကြီးမှာ အတင်းကြီး ဝင်ပါချင်နေကြတာပါ။
တကယ်တော့ အဲဒီ အုတ်အရောရော ကျောက်အ ရောရော ပါတီတချို့ရဲ့ ဝေလေလေလုပ်ရပ်ဟာ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲကြီးကို ၁၉၉၃ အမျိုးသားညီလာခံကြီး လို ပုံပျက်ပန်းပျက်ဖြစ်အောင်လုပ်ဖို့ ကြံစည် ကြိုးစားနေ ကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း လူ ၁၅ဝဝလောက် ပါမယ့် နိုင်ငံရေးဆွေးနွေးပွဲကြီး၊ လူ ၉ဝဝ လောက်ပါမယ့် ဆွေးနွေးပွဲကြီး၊ လူ ၅ဝဝလောက်ပါသင့်တဲ့ နိုင်ငံရေးဆွေး နွေးပွဲကြီးစသည်ဖြင့် စိတ်ထင်တိုင်း လျှောက်ပြော၊ လျှောက် ဖြန့်တာမျိုး လုပ်နေကြပါတယ်။ သူတို့ ပြောသလိုမဖြစ်ရင် အားလုံးပါဝင်ခွင့်မရတဲ့ သဘောမျိုး၊ ပွဲဖျက်မယ့်လေသံမျိုး ပြောနေဆိုနေ၊ လုပ်ကိုင်နေကြတာကိုလည်း တွေ့မြင်နေ ကြရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တစ်တိုင်းပြည်လုံး အပစ်ရပ်ပြီး ရင် နိုင်ငံရေးဆွေးနွေးပွဲကြီး တစ်ခု ကျင်းပရမယ်ဆိုတာ မှန်ပါတယ်။ အရေးလည်း ကြီးပါတယ်။ ဒါပေမဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့အင်အားစုတွေပဲ ပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်မှသာ တိုင်းပြည်အတွက် တကယ်အကျိုးရှိမယ့် ဆွေးနွေးပွဲမျိုးဖြစ် နိုင်မယ်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၃၅) မှ ကူးယူဖော်ပြသည်။