Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ထောင်နီးနားချင်းများ(၃) (သုံးရောင်ခြယ်မြတ်စံ) - ဇာဂနာ

$
0
0
သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်မှာ ကျွန်တော် လူပြက်စလုပ်တော့ ဆိုဗီယက်ပြန် ဒေါ်ဝင်းဝင်းဝါက အကလာသင်ပါတယ်။ ဆရာမနဲ့တူတူ သားတစ်ယောက်၊ သမီးတစ်ယောက် တစ်လှည့်စီ အဖော်ပြုလို့ လိုက်လာလေ့ရှိပါတယ်။ သမီးသူဇာကလည်း တစ်နေ့သောအခါ အနုပညာနယ်ထဲမှာပဲ ကျင်လည်ခဲ့သလို သားမြတ်စံကလည်း ဂီတသမား တစ်ယောက် ဖြစ်ခဲ့ပါတော့တယ်။

လက်ဝဲသုန္ဒရ အမတ်ကြီး ဦးမြတ်စံဟာ ဂီတသမား မြတ်စံလောက် ထောင်ထဲမှာ ကြာကြာမ နေခဲ့ဖူးပါဘူး။ ၁၉၈၈ခုနှစ် အရေးတော်ပုံ အပြီးမှာ မြတ်စံတို့ရဲ့ သုံးရောင်ခြယ်အဖွဲ့ဟာ ထင်ရှား လာခဲ့ပါတယ်။ တကယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုံခြုံရေး တပ်တော်သားတွေပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေတိဂုံ အနောက်ဖက်မုခ် တရားဟောပွဲကနေ သူတို့စပြီး ပါခဲ့ကြတာပါ။ နောင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာပဲ သူတို့ စခန်းချပါတော့တယ်။

မှတ်မိသလောက်ဆိုရင် ကိုစိန်လှိုင်၊ ခင်ခင်ဦး၊ ကျော်သူရကိုကို၊ ကျော်ဆန်း၊ ဘောကြီးတို့လည်း ပါတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားသွား သူတို့အမြဲတမ်း ပါပါတယ်။ တစ်ကမ္ဘာလုံး ၀က်ဝက်ကွဲအောင် ကျော်ကြားသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်သားတွေ သေနတ်နဲ့ချိန်တယ် ဆိုတဲ့ ဧရာဝတီ ခရီးစဉ် အပြီးမှာတော့ သုံးရောင်ခြယ်တွေကို စစ်အစိုးရက တော်တော် မျက်မုန်းကျိုး သွားခဲ့ပါတယ်။

ဒီလိုနဲ့ ဘာအကြောင်းပြချက်မှ မရှိဘဲ မြတ်စံ အဖမ်းခံရပါတော့တယ်။ ပုဒ်မ၁၀(က)နဲ့ ဖမ်းတာ ဖြစ်ပေမယ့် ဥပဒေအရ ထောင်ထဲမှာ ၆လနေပြီးရင် ပြန်လွှတ်ရပါတယ်။ မြတ်စံ အလှည့်ကျတော့ တော်တော် ထူးဆန်းပါတယ်။ ၆လပြည့်တာနဲ့ ပြန်လွှတ်။ ပြီးတော့ ထောင်ပေါက်ဝကနေ နောက်တစ်ယောက်က ထပ်ဖမ်း၊ ပုဒ်မ၁၀(က)နဲ့ပဲ မြတ်စံကို ထောင်ထဲ ပြန်ထည့်ပါတော့တယ်။ အဲသလို ထုတ်လိုက်သွင်းလိုက် ၃နှစ်လောက်ပြီးမှ ထောင်၁၀နှစ်ချပြီး တောင်ငူထောင်ကို ရွှေ့လိုက် ပါတော့တယ်။

အသက် ၂၀အရွယ် တက္ကသိုလ်ကျောင်းသားလေး တစ်ယောက်ဟာ စာသင်ခန်းတွေမှာ ပျော်မွေ့ ရမယ့်အစား ထောင်ခန်းတွေမှာ တစ်ခန်းပြီး တစ်ခန်း ကျင်လည် ရရှာပါတော့တယ်။ ဆေးပညာ နည်းနည်း တီးခေါက်မိတော့ ထောင်ထဲမှာ သူဟာ ဆေးတပ်သား ဖြစ်သွားတာပေါ့။ တောင်ငူထောင်ရဲ့ ဆေးဆရာလေး မောင်မြတ်စံ ဖြစ်ခဲ့ပါတော့တယ်။

ထောင်ထဲကနေ ပြန်ထွက်လာတဲ့အခါမှာ သူဟာ သူ့ဘ၀ကို ဘယ်လိုဆက်ရမှန်း မသိခဲ့ပါဘူး။ ဂီတကို နားလည်တဲ့ အသံဖမ်းအင် ဂျင်နီယာအလုပ်ကို တတ်ကျွမ်းတဲ့ မြတ်စံကို နိုင်ငံရေး နောက်ကြောင်း မကင်းလို့ ဘယ်သူကမှ အလုပ်မပေးခဲ့ကြပါဘူး။ မြတ်စံကြောင့်ပဲ သူ့အမေ ဒေါ်ဝင်းဝင်းဝါကို နိုင်ငံတော်က ဆိုကရေးတီး ပြိုင်ပွဲတွေမှာ ဖိတ်တောင် မဖိတ်ခဲ့ပါဘူး။ မြတ်စံ ညီမ သူဇာကိုလည်း အလုပ်ခွင့်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ သူ့အဖေ အထောက်တော် သတင်းစာဆရာ ဟောင်းကြီးကတော့ မောင်ထော်လေး လမ်းထိပ်မှာ မနက်မနက်ဆို သတင်းစာ တစ်စောင်နဲ့ လက်ဖက်ရည် ဆိုင်ထိုင်ပြီး လောကကြီးကို စိတ်ထဲမှာ ဆောင်းပါးတွေ ရေးနေရှာပါတယ်။ သူ့နာမည်ကို ဘယ်စာစောင်မှာမှ ဖော်ပြခွင့် မရခဲ့ပါဘူး။

ခုလို နိုင်ငံရေးကို ဘုရားပွဲလို လုပ်နေကြတာ မြင်ရရင်တော့ မြတ်စံအဖေ ဦးမင်းနွယ်ဆွေ တစ်ယောက် ဘာများရေးလေမလဲလို့ ကျွန်တော်တို့ ဖတ်ချင်လိုက်တာ။ မြတ်စံအဖေလို့ ဆိုလိုက်တာနဲ့တင် ဆေးရုံပေါ်က မြန်မြန်ပြန်ဆင်းခိုင်းတဲ့ ဆရာဝန်မကြီးရဲ့ မျက်နှာကိုလည်း ခုနေခါ မြင်ချင်လိုက်တာ။

နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့သူ မှန်သမျှ တစ်မျိုးလုံး တစ်ဆွေလုံး အဲဒီလို နှိပ်ကွပ်ခံခဲ့ရတာ စစ်အစိုးရ လက်ထက် တစ်လျှောက်လုံးပါပဲ။ အဲဒီတုန်းက အားပေးစကားကိုတောင် လေသံတိုးတိုးနဲ့တောင် မပြောဝံ့သူတွေက ခုမြတ်စံကို ဝေဖန်တာတွေ ကြားနေဖတ်နေရတော့ ကျွန်တော် တော်တော် သံဝေဂ ရခဲ့ပါတယ်။

မြတ်စံဟာ သူ့လူငယ် တစ်ဘ၀လုံးကို နိုင်ငံအတွက် ပစ်ချပေးခဲ့သူပါ။ တိုင်းပြည်အရေး ပေါ်လာတာနဲ့ လက်မနှေးဘဲ ပါခဲ့သူပါ။ ထောင်က ပြန်လွတ်လာလို့ ဘာမှမကြာခင် ၂၀၀၇ သံဃာ့ အရေးတော်ပုံ ပေါ်ပေါက်လာတော့ မြတ်စံ ၀င်နွှဲလိုက်တာပါပဲ။ ဒီတော့လည်း အဖမ်းခံရ ထောင်ကျ ပြန်ရပေါ့။

ဒီတစ်ခါတော့ သူ့အမေရော အဖေပါ သူ့ဆီမလာနိုင်ပါဘူး။ သူ့အဖေဟာ ကင်ဆာရောဂါ စွဲကပ် နေသလို သူ့အမေလည်း ကျန်းမာရေး မကောင်းရှာပါဘူး။ ဒီကြားထဲ မြတ်စံကို မြစ်ကြီးနား ထောင်ပို့ လိုက်လေတော့ သူ့နောက် ဘယ်သူကမှ လိုက်မကြည့်နိုင်တော့ပါဘူး။ ဖြစ်ချင်တော့ သူ့အမေခင်မျာ ခြေထောက်ကို ကားတက်ကြိတ်ခံရပြီး လမ်းကောင်းကောင်း မလျှောက်နိုင်၊ သူ့အဖေလည်း ကွယ်လွန်သွားဆိုတော့ မြတ်စံဟာ ထောင်ထဲမှာ တော်တော် တောင့်ခံရရှာပါတယ်။

ဒီလိုဝေဒနာတွေ တပွေ့တပိုက်နဲ့လူ၊ ဒီလိုဒဏ်ရာတွေ ထမ်းပိုးထားရတဲ့ လူကိုမှ ဘီယာသောက်၊ ချိစ်မြိုချပြီး အယားပြေ အင်တာနက်ပေါ် တက်တက် ဝေဖန်နေတဲ့ သူတွေကို တွေ့လာရတဲ့အခါ မြန်မာပြည် ခုလိုဖြစ်နေတာ ဘာမှမဆန်းဖူးလို့ပဲ ပြောချင်ပါတော့တယ်။

၂၀၁၀မှာ မြတ်စံထောင်က ပြန်လွတ်လာခဲ့ပါတယ်။ အနှစ် ၂၀လောက် ထောင်ထဲမှာ အချိန်တွေ ဖြုန်းခဲ့ရသူ တစ်ယောက်အတွက် ကျောင်းပညာလည်း ရှေ့ဆက်ဖို့ခက်၊ အသက်မွေး ပညာလည်း သင်ဖို့ခက်။ ဒီကြားထဲ ခါးကြောညပ်တဲ့ ရောဂါက စွဲကပ် ပါလာပြန်တော့တယ်။

သုံးရောင်ခြယ် အဖွဲ့နဲ့ သူဟာ အဆက်အသွယ် မပြတ်ပေမယ့် သူကြာကြာ မရပ်နိုင်တော့ဘူး။ ထောင်ကပေးတဲ့ ဝေဒနာကြောင့် သူဆေးရုံပေါ် မကြာမကြာ တက်ခဲ့ရတယ်။ Green Cross ဆေးခန်းဟာ သူ့အိမ်လို ဖြစ်ခဲ့ရပေါ့။

ဒါပေမဲ့ သူဟာ တိုင်းပြည်အတွက် လက်မနှေးပါဘူး။ မြစ်ဆုံအရေးမှာလည်း ထိပ်ဆုံးက ပါခဲ့သူပါ။ ဧရာဝတီကို ကယ်တင်ကြဆိုတာ သူတို့ရဲ့ လှုပ်ရှားမှုပေါ့။ ပန်းရဲ့ လမ်းမှာလည်း တစ်ခါတစ်ခါ သူသီးချင်းတွေ ၀င်ဆိုလို့ရယ်။ သူတတ်နိုင်တဲ့ နေရာကနေ သူဟာ တာဝန်ကျေဆဲပါ။

ကျွန်တော်ကတော့ အမှတ်ရ နေပါသေးတယ်။ လသာတဲ့ ညဆိုရင် ထောင်သံတိုင်တွေကို ကိုင်ပြီး အဝေးက သူ့ချစ်သူ ပန်းမမကို တိုင်တည်လို့ သီချင်းလေးတွေ ဆိုတတ်ပါတယ်။ နေရောင်အောက်က တို့ရဲ့ ဘ၀မျိုးထဲ မလာချင်ပါနဲ့ကွယ်လို့ သူဟာ ညည်းညည်းညူညူ ဆိုတတ်သလို ထမင်းရည် သောက်ပြီး ဘ၀ဖန်တီးဖို့ မပြောရက်ဘူးလို့လည်း သူ သီဆိုတတ်ပြန်လေတယ်။

သူထောင်က လွတ်လာတဲ့အခါ သူ့ရဲ့ပန်းမမဟာ အိမ်ထောင်ပြု သွားပါပြီ။ ဒီတော့လည်း မြတ်စံ တစ်ယောက် ပွင့်ဦးကြွေမှဖြင့်ကွယ် မပန်စေချင် ရက်တော့တယ်လို့ ပြောင်းဆိုရတော့မှာပေါ့။ ဒါပေမဲ့ သူတကယ် ဆက်ဆိုနေတဲ့ သီချင်းတစ်ပုဒ် ရှိပါတယ်။ ရွှေသံစဉ် ကိုဝင်းမော်ရဲ့လက်ရာ တေးတစ်ပုဒ်ပေါ့။ We Shall Overcomeတဲ့။ ဟုတ်ပါတယ်။ မြတ်စံဟာ အားလုံးကို ကျော်လွှား နိုင်ပါတယ်။ အားလုံးကို ဖြတ်သန်းနိုင်ပါတယ်။ ဘယ်သူ့ကိုမှ ဘာပြဿနာမှ မရှိဘဲ ဘာဒုက္ခမှ မပေးဘဲ သူဟာ ယုံကြည်ရာလမ်းဆီ ကျော်နင်း ဖြတ်သန်းဆဲပါ။

သုံးရောင်ခြယ် အဖွဲ့ကို စတင်ခဲ့တဲ့ သူ့ဘ၀ဟာလည်း သုံးရောင် ခြယ်ထားတာပါပဲ။ သူဦးတည်ရာ လမ်းကလည်း သုံးရောင်ခြယ်တဲ့ လမ်းပါ။ ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ တရားမျှတခြင်းတဲ့။

ဇာဂနာ
Tomorrow သတင်းဂျာနယ်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>