ဒီကနေ့ ကာလဟာ တည်ဆောက်ရေးကာလ မဟုတ်သေးဘူးဆိုတာ သတိပြုကြ ပါ။ တော် လှန်ရေး ကာလရဲ့ အရှိန်မြှင့်ရမယ့် အဆင့်ကို ရောက်နေ ပြီ။ နိုင်ငံရေး သမားရဲ့ သွင်ပြင် လက္ခဏာနဲ့ညီညွတ်တဲ့ မျိုးဆက်သစ် တွေကို တာဝန်ပေးမှာလား။ အညာလှေကြုံစီးပြီး အခွင့်သာ မှ နေရာဝင်ယူနေကြတဲ့ အရည်အချင်း ရှိသူများကိုပဲ တည်ဆောက်ရေးသမားအဖြစ်နဲ့ တာဝန် ဆက်ပေးကြမလား . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်တို့ နိုင်ငံသမိုင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ခေတ်အဆက်ဆက် ကိုလိုနီအာဏာရှင်နဲ့ စစ်အာဏာ ရှင်၊ အရပ်သား အစိုးရတစ်ပိုင်း အာဏာရှင်စနစ်များကို ဖြတ်သန်းလာခဲ့ရပါပြီ။ ကျွန်တော်နိုင်ငံရေး ၀န်းကျင်ထဲ ကို စရောက်ကတည်းက ဒီကနေ့အထိ ၂၆ နှစ် ကြာကာလ မှာ နိုင်ငံရေး သမား ကြီးရေး၊ ပြောခဲ့ဖူးတဲ့ စကားရပ် တစ်ခုကို စွဲမြဲစိမ့်ဝင်နေခဲ့ပါတယ်။ ဒီစကားရပ် ကတော့ တော်လှန်ရေးသမား၊ တည်ဆောက်ရေးသမား ဆိုပြီး ခွဲခြား ခေါ်ဝေါ် သုံးနှုန်းလာခဲ့တာ ဒီကနေ့အထိပါပဲ။ တော်လှန်ရေးသမားပဲဖြစ်ဖြစ်၊ တည်ေ ဆာက်ရေး သမားပဲ ဖြစ်ဖြစ် နိုင်ငံရေး အမြင်၊ အတွေးအခေါ်နဲ့ ယုံကြည် ချက် ခိုင်မြဲတဲ့ နိုင်ငံရေးသမားဆိုတဲ့ အရည်အသွေး ရှိဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ ဒီစကားရပ်ကို ယခုထက်တိုင် ငြင်းခုံပြောဆိုနေရဆဲပါ။…
အရောင်တစ်မျိုးစီ အဓိပ္ပာယ် ဖွင့်နေကြတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီကို တစ်ရောင်တည်းဖြစ်သွားအောင် ဘယ်လိုလုပ်ကြရင် ကောင်းမလဲ ဆိုတာကိုပဲ ၀ိုင်းစဉ်းစားကြရမယ်။ ဒီတော့ ယခုလက်ရှိ အာဏာရ (USDP အစိုးရ)က အစိမ်းဆိုတဲ့ အရောင်ကို ဖက်တွယ်နေတာ အစိမ်း တောထဲမှာ စိမ့်ကြီး မြိုင်ကြီး ဂနိုင်ကြီး ထဲ နှစ်ပရိ စ္ဆေဒများစွာ ရှင်သန်ကြီးထွားခဲ့တာ မထူးဆန်းတဲ့ ဒဿနတစ်ခုပါ။ သူတို့ရဲ့အနာဂတ် အသက်အိုးအိမ် စည်းစိမ် တွေကို ဘယ်လိုအကာအကွယ် ပေးမလဲဆိုတဲ့ အတိတ်တစ္ဆေခြောက်လှန့်နေတဲ့ အတွေးအခေါ်ကြောင့် သူတို့ အာမခံချက် ခိုင်ခိုင်မာမာရှိအောင် သူ့လမ်းသူ ဖောက်နေကြမှာပါ။
ဟံသာဝတီ ဦးဝင်းတင်က နိုင်ငံရေးသမားတွေနဲ့ လူငယ်တွေကို တွေ့တိုင်း မကြာခဏ ကောက်ချက်ဆွဲ ပြောပြ ခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးသမားတွေ၊ မျိုးဆက်နိုင်ငံရေး သမားတွေ မွေးထုတ်ပါ လို့ မှာကြားလေ့ရှိပါတယ်။ ကျွန်တော်တို့ အဘဦးဝင်းတင်ဟာ ထောင်ထဲအနှစ် ၂၀နီးပါး နေလာခဲ့ ပြီး ပြန်ထွက် လာတော့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လှုပ်ရှားမှု အခြေအနေတွေ၊ အဖွဲ့ချုပ် ခေါင်းဆောင်တွေရဲ့ စိတ်ကူးအယူ အဆ နဲ့ လုပ်ဆောင်ချက်တွေ၊ လူလတ် လူငယ်ပိုင်းနဲ့ သာမန်အဖွဲ့ဝင်တွေရဲ့ အခြေအနေ ကို သုံးသပ်ပြီး ဒီစကားကို ဆိုခဲ့တာပါ။
ဒီမိုကရေစီအခြေခိုင်ပြီးတဲ့ နိုင်ငံတွေမှာဆိုရင် နိုင်ငံရေးသမားတွေကို ဆင့်ကဲဆင့်ကဲ မွေးထုတ်ပေးတဲ့ စီမံကိန်း တွေ စဉ်ဆက်မပြတ် ရှိနေတာ တွေ့ရပါတယ်။ ဥပမာ ကျွန်တော်တို့ အရှေ့တောင်အာရှ မှာ ဒီမိုကရေစီ နိုင်ငံ ကြီးလို့ တင်စားကြတဲ့ အင်ဒိုနီးရှားနိုင်ငံကို ကြည့်ပါ။ အရပ်သားစစ်စစ် သမ္မတကို အခုသမ္မတ သက်တမ်း မှာမှ ပြည်သူလူထုက ရွေးချယ်နိုင်တာပါ။ ဒါဘာကို ပြသလဲဆိုရင် သမ္မတကြီး ဆူကာနိုရဲ့ သမီးဖြစ်သူ သမ္မတ ဟောင်း မေဂါဝတီဆူကာနိုပူထရီရဲ့ နိုင်ငံရေး အမြော်အမြင်ကြောင့်ပဲ။ မေဂါဝတီ ပါတီနဲ့ ယှဉ်ပြိုင်မယ့် ပြိုင်ဘက် သမ္မတလောင်း စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို။ မိမိသာ ပရာဘိုနဲ့ ယှဉ်ပြိုင် အရွေးခံမယ်ဆို သေချာပေါက် ရှုံးနိုင်တာကို အကွက်မြင်တော့ လူထုထောက်ခံမှု ရရှိထားတဲ့ ဂျိုကိုဝီဒိုဒိုကို စင်တင်ပေးခဲ့တာပါ။ ဒါ ဘာကို ပြသ လဲဆိုရင် ဂျိုကိုဝီလို နိုင်ငံရေးသမားတွေ ငါတို့ပါတီ မှာ မွေးထုတ်ထား နိုင်တယ် ဆိုတာပဲ။ ပါတီထဲမှာ နောက် ထပ် ဂျိုကိုဝီတွေ အများကြီး ရှိနေဦးမှာ သေချာတယ်။ နောက်အမေရိကန်ကိုကြည့်။ ဒီမိုကရေစီ ဆက်လက် အဓွန့်ရှည် တည်တံ့ဖို့အတွက် ဒီမိုကရက်တစ် ပါတီ ခေါင်း ဆောင်ပိုင်းက အမေရိကန်နိုင်ငံရေးသမား ကြီးတွေ ဟာ အမြော်အမြင်ရှိရှိနဲ့ ကလင်တန်လို နိုင်ငံရေး မျိုးဆက်သစ်တွေကို ရှာဖွေစမ်းသပ် လေ့ကျင့်ပေးခဲ့လို့ သမ္မတ ဖြစ်လာတာပါ။ ပြီးတော့ အိုဘားမားလို လူမျိုးကိုလည်း ဒီအတိုင်းပဲ၊ လူတန်းစား အသီးသီးရဲ့ ထောက်ခံ မှုရ အောင် လေ့ကျင့်ပျိုးထောင် ပေးခဲ့တာပါ။ အခုအဖွဲ့ချုပ်မှာ ဒီလို အစီအစဉ်မျိုး မရှိသေးဘူးလို့ မြင်တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဒုတိယတန်း ခေါင်းဆောင် မျိုးဆက်တွေ ဘယ်သူတွေလဲဆိုတာ ထုတ်ဖော်မိတ် ဆက်ပေးဖို့၊ လက်တွဲခေါ်ဖို့ အဆင်သင့် မဖြစ်သေးတာ တွေ့ရပါတယ်။ တိုးတိုး တိတ်တိတ်ကျိတ်ပြီး ငါပြောတာ အကုန် လိုက်လုပ်၊ ဘာအကြောင်းပြချက် မှ ပြန် လည်မတင်ပြရဲ။ ဆင်ခြေမပေးရဲ။ အကျိုး အကြောင်း ဆီလျော်အောင် ပြန်မပြောရဲတဲ့ သူတွေကိုပဲ အားထား ရွေးချယ်ထား ပုံရတယ်။ တလောက 7Days ဂျာနယ် ဆောင်းပါး တစ်ပုဒ် ထဲက အချက်အချို့ ကို ပြန်လည် သုံးသပ် ကောက်နုတ် တင်ပြရ ရင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသူရ (ခေါ်) ဇာဂနာက ““ဒေါ်စုမှာ မျိုးဆက်ရွေးဖို့ အခက်အခဲရှိနေတယ်။ သူ့အတွက် Think Tank တစ်ခုလိုတယ်။ နိုင်ငံရေး ဗျူဟာအရ ကျွမ်းကျင်သူတွေကို နေရာပေး ဖို့လိုတယ်။ ခံနိုင်ရည် ရှိတဲ့လူတွေ ပိတ်ထားတဲ့အတွက် အရည် အချင်းရှိသူတွေ တိုးလို့မရဘူး””လို့ သုံးသပ်သွားတယ်။ ဒီ ထဲက ကျွန်တော် ဘ၀င်မကျတဲ့ အချက်က ခံနိုင်ရည် ရှိတဲ့လူတွေ ပိတ်ထားလို့ အရည်အချင်း ရှိသူတွေ တိုးမရဘူးဆိုတာပဲ။ ခံနိုင်ရည် ရှိသူတွေထဲမှာ နိုင်ငံရေးကို ကျွမ်းကျင် နှံ့စပ်ပြီး အခြေအနေနဲ့ အချိန်အခါ ကြည့်လုပ်တတ်တဲ့ နိုင်ငံရေးသမား ကြီး၊ ငယ်တွေ ရှိနေတယ်ဆို တာ ကိုသူရက ကျွန်တော့်လောက် မသိပါဘူး။ အရည်အချင်း ရှိသူတွေဆိုတာ ဘယ်အရာ ကို အရည်အချင်းလို့ သတ်မှတ်သလဲ။ ကျွန်တော် ကတော့ နိုင်ငံရေးအမြင်နဲ့ပဲ ကြည့်ပြီး နိုင်ငံရေး လုပ်တတ် ကိုင်တတ်တဲ့ လူတွေ ကိုပဲ အရည်အချင်းလို့ သတ်မှတ်တယ်။ ကိုဇာဂနာ ဆိုလိုတာက အခု လို သာယာနေတဲ့ ကာလမှာ အဖွဲ့ချုပ်ကို ခွင်ချောင်းပြီး ၀င်လာတဲ့ ပညာတတ် အင်္ဂလိပ်စာတတ် ငွေကြေးနဲ့ ပုံပြီးဝင်လာ တဲ့ သာကူးတွေကို အရည်အ ချင်းရှိတဲ့ သူတွေလို့ ဆိုလိုတာလားဆိုတာ မရှင်းဘူးဗျာ။ ကျန်တဲ့ အချက်တွေကိုတော့ ကျုပ်လည်း သဘောတူ ပါတယ်။ ပြီးတော့ ဆောင်းပါး ထဲမှာ ““ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်သွားတိုင်း ပါတီရဲ့ ဒုတိယ ခေါင်း ဆောင် ဘယ်သူလဲဆိုတာ အမြဲအမေးခံရတယ်။ ဒေါ်အောင်ဆန်း စုကြည် နေရာကို ဦးဉာဏ်ဝင်းက ဆက်ခံ မှာလားဆိုပြီး နာမည် တပ်မေးကြတယ်တဲ့။ ဒါပေမဲ့ အရိုက်အရာကို ဆက်ခံဖို့ မစဉ်းစားတာ အားလုံးရဲ့ ဆန္ဒပဲ။ သမ္မတလောင်းဆိုတာ ပါတီထဲက ရွေးမှမဟုတ်ဘူး။ ဒုတိယခေါင်းဆောင်ဆိုတာ မပြောချင်လို့ကို မပြောဘဲ ဒီအတိုင်းထားတာ””လို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောတယ်တဲ့။ ဒါဆိုပါတီဝင်တွေ၊ ပါတီ ခေါင်းဆောင်ပိုင်းတွေတောင် ရေရေရာရာ မသိရသေးတာ၊ မထုတ်ဖော်သေးတာဟာ အတော်နက်နဲတဲ့ ပုစ္ဆာတစ်ခုလို ဖြစ်နေတယ်။ ကြိုးနီစနစ်ကြီးကိုင်ပြီး သိုသိုသိပ် သိပ်ဝှက်ဖဲတစ်ချပ်လို ရွေးချယ်ထားပြီး တာလား။ ဒါဆိုရင် ဘာလို့ မထုတ်ပြရဲတာလဲ။ ပွင့်လင်းမြင်သာတဲ့ အခြေအနေမှာ ပါတီထုကို ချမပြရဲဘူးလား၊ ဒါဆိုပါတီ ၀င်တွေနဲ့ ထောက်ခံတဲ့ လူထုပါလျော့ နည်းသွားနိုင်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။ ပြီးတော့ ““ဒီမိုကရေစီ နည်းလမ်းတကျ ဖွဲ့စည်းထားတဲ့ ပါတီမြန်မာပြည်မှာ ဒီချုပ်တစ်ခုသာရှိတယ်””လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောသွား တဲ့ လွှတ်တော်ထဲက အမတ်မင်းများရဲ့ တစ်သက်တာ အလွဲများလို့ တင်စား ဆိုစမှတ် ပြုရ လောက်အောင် လွှတ်တော်ထဲ ခေါင်းပေါင်း မပေါင်းရေး အဆိုတင်ခဲ့တဲ့ အမတ်မင်းက ““ဒေါ်အောင်ဆန်းစုကြည် မရှိရင် စဉ်းစား သင့်တာပေါ့ဆိုပြီး ၀ိုင်းပြောကြတယ်။ မလိုပါဘူး။ ပါတီဟာ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်တို့ တစ်ချိန်လုံး လုပ်နေ တာပဲ။ ကျွန်တော်တို့ကလည်း လွှတ်တော်ပိုင်းဆိုင်ရာ လုပ်တယ်။ ၂၀၁၅ ကို မပူဘူး။ ၂၀၁၅ အလွန်မှာ ၅၉(စ) မပြင်ရသေးလည်း လွှတ်တော်မှာ ပြင်လို့ရသလောက် နိုင်ငံရေးအရ ဆက်လုပ်သွားမှာပဲ””ဆိုပြီး ရှေ့နောက် မဆင်ခြင် ခေါက်ရိုးကျိုးနေတဲ့ စစ်သားဉာဉ်အတိုင်း ပြောသွားတာ နိုင်ငံရေးရေချိန် တော်တော်စံပြုရလောက်တဲ့ သုံးသပ်ချက်ပါလားဆိုပြီး မချိတင်ကဲ ဖြစ်ရတယ်။
ဒီအမတ်မင်းပြောတဲ့ ဒီမိုကရေစီနည်းလမ်းတကျ ဖွဲ့စည်းထားတဲ့ ပါတီလို့ ပြောတာတော့ သိပ်သဘာဝ မကျဘူး ဗျ။ သိထားတာက အောက်ခြေ ပါတီအဆင့်ဆင့်က CC ဗဟိုကော်မတီအဖွဲ့ အထိတော့ ဒီမိုကရေစီနည်းကျ ရွေးချယ် တာဝန်ပေးခဲ့တာ မှန်ပေမယ့် (မှန်ပေမယ့်ဆိုတာ ရွေးချယ်ပုံ အဆင့်ဆင့်ကိုပြောတာ။ မသမာတဲ့ နည်း လမ်းသုံးပြီး ရွေးချယ်ခဲ့တာ မပါဘူးဗျ) CEC ဗဟို အလုပ်အမှုဆောင် အဖွဲ့ကိုတော့ ဥက္ကဋ္ဌကိုယ်တိုင် စိတ် ကြိုက် ကြိုတင်လျာထား ရွေးချယ်ခဲ့တာဗျ။ ဒါကြောင့် ပါတီမှာ ဥက္ကဋ္ဌတစ်ဦးတည်း ထားပြီးကျန် တဲ့ ၁၄ ဦးဟာ အဖွဲ့ ၀င်တွေဖြစ်တယ်ဆိုတဲ့ အချက်က ထိပ်ပိုင်း ဦးဆောင်အဖွဲ့ ဖြစ်တဲ့ CEC မှာ ဖွဲ့စည်းပုံ ပျက်နေတယ် လို့ ဆိုရမှာ ပါ။ ဒါဘယ်လိုမှ မဖြစ်သင့်တဲ့ အချက်တစ်ခုပါ။ CEC ထဲမှာပဲ နိုင်ငံရေးသမား မရှိလို့လား။ ရှိတဲ့လူတွေကိုပဲ ၀ကွက်အပ်ပြီး ခေါင်းဆောင်ပိုင်း အာဏာ အသိမ်းမခံရအောင် ကျားကန် ထားတယ်ထင်ပါ ရဲ့။ ဗဟိုကော်မတီ CC ထဲက နိုင်ငံရေး အရည်အချင်းရှိတဲ့၊ အစဉ်အလာရှိတဲ့သူတွေ၊ ဒုတိယမျိုးဆက် လူလတ်ပိုင်း နိုင်ငံ ရေး သမား တွေကို သံမဏိတံတိုင်းကြီးနဲ့ လမ်းပိတ်ထားတဲ့ သဘောပဲဗျ။ ဒါ ကြောင့် အဖွဲ့ချုပ်အနေနဲ့ CEC အဖွဲ့ကိုပါ ပြန်လည်ပြုပြင်ပြီး ဒုတိယမျိုးဆက် နိုင်ငံရေးသမားတွေကို ရဲရဲတင်းတင်း တာဝန်ပေး လက်ဆင့်ကမ်းဖို့ လိုပြီဗျာ။ ဒါမှ အဘဦးဝင်းတင် မျှော်မှန်းထား တဲ့ နိုင်ငံရေးသမား မျိုးဆက်သစ်တွေနဲ့အတူ အဖွဲ့ချုပ်ဟာ မပြီးဆုံးသေး တဲ့ တော်လှန်ရေး ဒုတိယအဆင့်ကို ပြည်သူလူထုနဲ့အတူ တိုက်ပွဲဝင်နိုင်မှာ အသေအချာပဲ။ ဒါကို သိမြင်ကြ ပြီ ဆို ရင် အဖွဲ့ချုပ်က Policy Maker ခေါင်း ဆောင်ပိုင်းတွေ ဘာဆက်လုပ်ရ မလဲဆိုတာ ကောင်းကောင်းကြီး သိကြမှာပါ။ မလုပ်တတ်လို့ မလုပ်နိုင်ဘူး ဆိုရင်တော့ ရေတိမ်နစ်ပြီပေါ့ဗျာ။
ဒီကနေ့ ကာလဟာ တည်ဆောက် ရေးကာလ မဟုတ်သေးဘူးဆိုတာ သတိ ပြုကြပါ။ တော်လှန်ရေး ကာလရဲ့ အရှိန်မြှင့်ရမယ့် အဆင့်ကို ရောက်နေပြီ။ ဒါဆို ရင် နိုင်ငံရေးသမားရဲ့ သွင်ပြင်လက္ခဏာနဲ့ ညီညွတ်တဲ့ မျိုးဆက် သစ်တွေကို တာဝန်ပေးမှာလား။ နိုင်ငံရေးစံမမီတဲ့ အင်္ဂလိပ်စာတတ်၊ ပညာတတ်လူတန်းစားထဲက အဖွဲ့ချုပ်ထဲ ကို အညာလှေကြုံစီးပြီး အခွင့်သာမှ နေရာဝင်ယူနေကြတဲ့ အရည်အချင်း ရှိသူများကိုပဲ တည်ဆောက်ရေး သမားအဖြစ်နဲ့ တာဝန်ဆက်ပေးကြမလား ဆိုတာ အနီးကပ်ဆုံး အချိန်တစ်ခုမှာ အဖြေထွက်လာတော့မှာမို့ အဖွဲ့ချုပ်ကို ရေရှည်အောင်မြင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဟံသာဝတီ ဦးဝင်းတင်ပြော တဲ့ နိုင်ငံရေးသမားတွေ မွေးထုတ်ကြ ပါလို့ ကောင်းမွန်တဲ့ ဆန္ဒဇောနဲ့ အစီရင်ခံလိုက်ပါရစေဗျာ။
မြန်မာသံတော်ဆင့်သတင်းဌာန