ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့နေတဲ့ ၁၆ကြိမ်မြောက် ထောက်ပံ့မှုကို စက်တင်ဘာ ၁၂ရက်နေ့က တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့ပါတယ်။ Unity ဂျာနယ်တိုက်က ဖမ်းဆီးခံသတင်းသမားတွေကိုပါ ထောက်ပံ့မှု လုပ်ခဲ့ပါတယ်။
ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ နာယကတစ်ဦးဖြစ်တဲ့ NLD နာယက သူရဦးတင်ဦးအပါအဝင် ဖောင်ဒေးရှင်း တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး လက်ရှိအကျဉ်းကျဆဲ နိုင်ငံရေးအကျဉ်းသား လယ်သမားတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ သတင်းမီဒီယာသမား စုစုပေါင်း ၆၂ယောက်အတွက် ကျပ် ၇၅သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
သတင်းမီဒီယာသမားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ တစ်သားတည်းဖြစ်တယ်ဆိုတာ အသိအမှတ်ပြုတဲ့ အနေနဲ့ ဒီတစ်ကြိမ်မှာ ကူညီထောက်ပံ့မှုတွေ ပြုလုပ်နိုင်ပြီး နှစ်လတစ်ကြိမ်လှူဒါန်းမှုကို ဆက်ပြီးပြုလုပ်မှာဖြစ်တယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။
ဖောင်ဒေးရှင်းစတင်ထူထောင်တဲ့ ၂ဝ၁၂ မတ်လ ၁၂ရက်ကနေ ဒီကနေ့အထိ စုစုပေါင်း ကျပ်ငွေ သိန်း ၁၃၆၇ ကို လှူဒါန်းခဲ့ပြီး ပြည်တွင်းအလှူရှင်တစ်ယောက်ရဲ့ အကူအညီနဲ့ လမ်း၅ဝက ဖောင်ဒေးရှင်းရုံးခန်းရှေ့မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ မိသားစုဝင်တွေကို ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှုတွေ လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
Kamayut Media