စက်တင်ဘာလထုတ် "စုံနံ့သာမဂ္ဂဇင်း"မှာရေးဖြစ်ခဲ့တဲ့ ရွှေဝါရောင်အမှတ်တရ ဆောင်းပါးလေးပါ ... ဒီဆောင်းပါးလေးနဲ့ ရွှေဝါရောင်တော်လှန်ရေးကာလက ရင်းနှီးပေးဆပ်ခဲ့ကြသူများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ် ...
ရှစ်လေးလုံးအရေးတော်ပုံနဲ့ ရွှေဝါရောင်တော်လှန်ရေးနှစ်ခုကို နှိုင်းယှဉ်ကြည့်မယ့်ဆိုရင် နိုင်ငံအဝှမ်းပါဝင်လှုပ်ရှားမှုနဲ့ ကြီးမားကျယ်ပြန့်မှုမှာ ရှစ်လေးလုံးအရေးတော်ပုံက ပိုပြီးအားသာပေမယ့် နိုင်ငံတစ်ကာနဲ့ အခြားသော ကမ္ဘာက မြန်မာနိုင်ငံအတွင်းက ဖြစ်ပျက်နေသမျှတွေကို သိမြင်နားလည်မှုအပိုင်းမှာတော့ ရွှေဝါရောင်တော်လှန်ရေးက သာလွန်ခဲ့ပါတယ်။ ဒါဟာလဲ ပိတ်ထား၊ဆို့ထား၊တားမြစ်ကန့်သတ်ထားတဲ့ကြားထဲကကိုပဲ ရရင်ရသလို ထိုးဖောက်ပျံ့နှံ့လာတဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုရဲ့ ကျေးဇူးမကင်းပါဘူး။ အမှန်အတိုင်းပြောရရင် ၂၀၀၇ ကာလ ကမ္ဘာမှာ နည်းပညာက အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလိုဖြစ်လာနေပြီလို့ ပြောဆိုနေကြတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာတော့ www.gmail.com လို့ရိုက်ထည့်လိုက်ရင် Access has been denied ဆိုတဲ့ အနီရောင် ဖန်သားပြင်ကိုသာမြင်နေရပြီး ကမ္ဘာကြီးကသက်သက် မြန်မာနိုင်ငံကသက်သက် အခြေအနေမှာပဲရှိနေသေးတဲ့ အနေအထားပါ။ ဒါပေမယ့် ၂၀၀၇ ရဲ့လူငယ်မျိုးဆက်တွေဟာ ပိတ်ထားတော့လဲ မသုံးဘူးပေါ့ကွာ၊ ဘန်းထားတော့လဲ မကြည့်ဘူးပေါ့ကွာ ဆိုတာမျိုးမနေခဲ့ကြပဲ ပိတ်ဆို့တားဆီးထားသမျှတွေ နည်းမျိုးစုံနဲ့ကျော်ခွဝင်ရောက်ပြီး ကမ္ဘာကြီးနဲ့နီးစပ်နိုင်ဖို့ ကြိုးစားခဲ့ကြ ပါတယ်။ ကျနော်မှတ်မိနေပါသေးတယ် ... အဲဒီ့ကာလတုန်းက သူငယ်ချင်းတွေနဲ့ပေါင်းပြီး မြို့ထဲမှာ အင်တာနက်ဆိုင်လေးဖွင့် ထားခဲ့တဲ့အချိန်တုန်းက ကျနော်တို့ဆိုင်လေးဟာ your freedom ဆိုတဲ့ software လေးရဲ့ကျေးဇူးနဲ့ လွတ်လပ်နေသော သီးခြားနယ်မြေလေးတစ်ခု ဖြစ်နေခဲ့ပါတယ်။
your freedom ဆိုတဲ့ software လေးက တံခါးပုံလေးနဲ့ပါ ... အဲဒီ့ software လေးကို run ထားပြီး တံခါးလေးပွင့်နေပြီဆိုရင် ပိတ်ဆိုတားဆီးထားတဲ့ တံခါးအထပ်ထပ်လဲ ပွင့်ဟ လွတ်လပ်နေပြီဆိုတဲ့သဘောပါပဲ ။ ကျနော်တို့ Gmail သုံးခဲ့ကြပါတယ်၊ ဘလော့ဂ်တွေရေးခဲ့ကြပါတယ်၊ ဘန်းထားတဲ့ သတင်းစာမျက်နှာတွေကို မရအရဝင်ကြည့်ခဲ့ကြပါတယ်။
အခုခေတ် လက်ဖက်ရည်ဆိုင်တွေမှာတောင် ပေါ်တင်ဖွင့်ပြတင်ဆက်နေပြီဖြစ်တဲ့ DVB သတင်းဌာနဆိုရင် အဲဒီ့အချိန်တွေ တုန်းက ကျနော်တို့ ကျော်ခွပြီး နားဆင်ခံစားခဲ့ကြရတဲ့ကာလပါ။ လွတ်လပ်မှုကို ကန့်သတ်ပိတ်ပင်ထားတော့လဲ ကျနော်တို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ရယူ ခံစားခဲ့ကြပါတယ်။ လုံခြုံမှုမရှိသော၊ အန္တာရယ်များသော လွတ်လပ်မှုမျိုးဆိုပေမယ့် ... မလွတ်လပ်သော လုံခြုံမှုမျိုးထဲမှာ ငြိမ်ဝပ်ပိပြားနေရမယ်ဆိုတဲ့ဘဝနဲ့ ကျနော်တို့ ကျေကျေနပ်နပ်ကြီး အလဲအထပ်လုပ်ခဲ့ကြ ပါတယ်။ အခုနောက်ပိုင်း အင်တာဗျူးအချို့မှာ အဲဒီ့အချိန်တွေတုန်းက ထောင်ကျမှာကို မကြောက်ခဲ့ဘူးလားဆိုတဲ့ မေးခွန်းကို ခဏခဏအမေးခံတဲ့အခါ ကျနော်ပြန်ဖြေဖြစ်ခဲ့တာက ... " တင်းကျပ်သော၊ အဓိပ္ပါယ်မရှိသော အမိန့်တွေ ညွှန်ကြားချက်တွေ၊ လက်တစ်လုံးခြားဥပဒေတွေနဲ့ တစ်နိုင်ငံလုံးက လူတွေအားလုံးကို အချိန်မရွေးဖမ်းဆီးထောင်ချလို့ရအောင်လုပ်ထားတဲ့ အခြေအနေမှာ ... မြန်မာနိုင်ငံကိုယ်နှိုက်က အကျဉ်းထောင်ကြီး တစ်ခုလိုဖြစ်နေပြီး မြန်မာနိုင်ငံသားတွေအားလုံးဟာလဲ အကျဉ်းကျတွေဖြစ်နေတဲ့အတွက် အကျဉ်းထောင်ကြီးထဲက အကျဉ်းထောင်သေးသေးလေးထဲကို ထပ်ရောက်သွားမှာ ထူးထွေပြီး ကြောက်မနေခဲ့ပါဘူး" လို့။ ဟုတ်ပါတယ် ... မမြင်ရသောနံရံတွေရဲ့အတွင်းဘက်မှာ ကျနော်တို့ တစ်နိုင်ငံလုံး အိမ်မှာနေရင်း အကျဉ်းကျခဲ့ကြရပါတယ်။ ဒါပေမယ့် "ဆင်ခြေကိုရှာရင် ဆင်ခြေပဲတွေ့မယ် နည်းလမ်းကိုရှာရင် နည်းလမ်းတွေ့မယ် " ဆိုတဲ့ စကားအတိုင်း ကျနော်တို့တွေ ဆင်ခြေတွေကို ထိုင်ရှာပြီး စိတ်ညစ်မနေကြပဲ နည်းလမ်းပေါင်းစုံနဲ့ အဲဒီ့နံရံတွေပေါ်မှာ ချောင်းကြည့်ပေါက်လေးတွေ ဖောက်ပြီး အပြင်ကမ္ဘာကို ချောင်းကြည့်ခဲ့ကြပါတယ်၊ အပြင်ကမ္ဘာနဲ့ချိတ်ဆက်ခဲ့ကြပါတယ်။
နည်းပညာဟာ ကျနော်တို့အတွက်တော့ အသွားချွန်တဲ့လွန်သွားလိုပါပဲ ... ပိတ်ဆို့ထားသောနံရံတွေပေါ်မှာ ချောင်းကြည့်ပေါက်လေးတွေဖောက်ဖို့ ကျနော်တို့ကို အကောင်းဆုံးအကူအညီပေးခဲ့တယ်။ နည်းပညာရဲ့ကျေးဇူးကြောင့် ကျနော်တို့တွေဟာ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်တတ်ခဲ့ကြပါတယ်၊ စစ်တပ်ရဲ့ကြီးစိုးမှု အောက်မှာ နိုင်ငံဟာ ချွတ်ခြုံကျနေပြီဆိုတာကို အခြားနိုင်ငံတွေရဲ့အခြေအနေတွေနဲ့နှိုင်းယှဉ်သိမြင် ခဲ့ရပါတယ်။ နိုင်ငံတစ်ကာကို ရောက်နေကြတဲ့ လူငယ်တွေနဲ့ ချိတ်ဆက်မိကြပြီး အခြားနိုင်ငံတွေမှာ လုပ်နိုင်နေတဲ့အရာတွေကို ကိုယ့်နိုင်ငံကနေလဲလုပ်နိုင်အောင် နည်းလမ်းရှာပြီး ကြိုးစားဖန်တီးခဲ့ကြပါတယ်။ ရွှေဝါရောင်တော်လှန်ရေးမဖြစ်ခင်ကလေးဖြစ်တဲ့ စက်တင်ဘာလ (၁) ရက်နေ့မှာပဲ ပြည်တွင်းပြည်ပ မြန်မာဘလော့ဂါတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ Myanmar Bloggers Society(MBS) ကနေဦးဆောင်ပြီး MICT Park ထဲမှာ ငါတို့ဘာကြောင့် ဘလော့ဂ်ရေးကြသလဲ ... ? ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ခုပြုလုပ်နိုင်ခဲ့ကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာလဲ MBS ရဲ့ဆောင်ပုဒ်လေးဖြစ်တဲ့ ငါတို့ဘလော့ဂ်ရေးကြတယ်၊ ငါတို့ စုစည်းမိကြတယ် (We blog, We unite) ဆိုတဲ့စာသားလေးအတိုင်းပဲ ကျနော်တို့ ဘလော့ဂါတွေ စုစုစည်းစည်းနဲ့တာဝန်ကျေခဲ့ကြပါတယ်။
အဲဒါကြောင့်လဲ ကျနော်တို့ ဘလော့ဂါတွေဟာ အာဏာရှင်အစိုးရရဲ့ မျက်မုန်းကျိုးခြင်းကိုခံခဲ့ကြရသလိုပဲ စစ်ကြောရေးကာလမှာလဲ ဘာလဲဟ ဘလော့ဂါဆိုပြီး ဂြိုလ်ပေါ်ကကျလာတဲ့ ဂြိုလ်သားတစ်ကောင်လို အကြည့်စိမ်းစိမ်းတွေနဲ့အကြည့်ခံခဲ့ရပါတယ်။ နည်းပညာဟာ လိမ်ညာလှည့်စားမှုတွေကို ပါးလျစေတဲ့ ပွင့်လင်းမြင်သာမှုကိုလည်း အားပေးပျိုးထောင်နိုင်တယ်ဆိုတာကို ကျနော်တို့ မျက်မြင်ကြုံခဲ့ရပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း ပန်းဆိုးတန်းလမ်းထိပ်မှာ ဂျပန်သတင်းထောက်ကြီး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တဲ့ ကိစ္စကိုပဲ ကြည့်ပါ မပစ်ပါဘူးလို့ လိမ်နေချိန်မှာပဲ ရိုက်ထားတဲ့ဓါတ်ပုံတွေ အင်တာနက်ပေါ်တက်လာပါတယ်၊ ချော်ထိသွားတာပါလို့ ထပ်လိမ်ပြန်ပါတယ် အဲဒီ့အခါကျတော့လဲ ဗွီဒီယိုဖိုင်ကြီးပါ အင်တာနက်ပေါ်မှာပေါ်လာခဲ့ပါတယ်။ အဲဒီ့တော့မှ လူလိမ်တွေရဲ့ပါးစပ်လဲ အာစေးမိကုန်ပါတော့တယ်။ အဲဒီ့ပုံတွေ ဗွီဒီယိုတွေကို ဘယ်သူတွေတင်သလဲ ၊ မင်းတို့ကို ဘယ်သူတွေကခိုင်းလို့တင်တာလဲ စတဲ့မေးခွန်းတွေကို စစ်ကြောရေးကာလမှာ နားကန်းမတတ်အမေးခံရပါတယ်၊ ကျနော် တစ်ခွန်းထဲကိုပဲ ထပ်ခါထပ်ခါဖြေဖြစ်ပါတယ် ... " ကိုယ့်မျက်စိရှေ့မှာ မတရားလုပ်တာတွေ့ရင်တော့ လူငယ်တွေက တစ်နည်းနည်းနဲ့ မှတ်တမ်းတင်ပြီး တစ်နည်းနည်းနဲ့ ကမ္ဘာကသိအောင်လုပ်မှာပဲ ... ဘယ်သူမှခိုင်းလို့မဟုတ်ဘူး" ကျနော်တို့ကို သူတို့လို သူများခိုင်းမှ လုပ်တတ်ကြတဲ့သူတွေလို့ ထင်နေပုံပါပဲ။
ငါတို့လိမ်ချင်တိုင်းလိမ်လို့မရတော့ဘူးဆိုတာသိသွားတဲ့ အစိုးရက အဆင့်မြင့်နည်းပညာတွေကို အသုံးပြုလာကြတဲ့ လူငယ်တွေနဲ့ ဘလော့ဂါတွေကို အငြှိုးတကြီးနှိပ်ကွပ်ပါတော့တယ်။ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း မြို့တော်ခန်းမရှေ့ ကနေ ဖြတ်သန်းသွားမိပြီဆိုရင် ခင်ဗျားရဲ့အိတ်ထဲကို အသည်းအသန်မွှေနှောက်ရှာဖွေကြပါလိမ့်မယ် သူတို့ဘာကိုရှာတယ် ထင်ပါသလဲ ... လက်နက်ပစ္စည်းတွေကို မဟုတ်ပါဘူး၊ သူတို့ မဟုတ်တာလုပ်သမျှကို မှတ်တမ်းတင်ထားနိုင်တဲ့ ကင်မရာပါ ...။
အိတ်ထဲမှာ ဘာပါပါ ပြဿနာမရှိပေမယ့် ကင်မရာပါလာပြီဆိုရင်တော့ အသိမ်းခံရဖို့သေချာပါတယ်။ ၂၀၀၈ ကာလ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထိမ်းသိမ်းပြီး ထောင်ချတဲ့အခါမှာလဲ အရင်ကလို ၅(ည)နဲ့မဟုတ်တော့ပဲ Electronic Transition Act လို့ခေါ်တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဆိုတာကြီးနဲ့ ၁၅ အလီကို တရစပ်ရွတ်ပြီး ထောင်ဒဏ်တွေ ဖောဖောသီသီ ချပါတော့တယ်။ ကျနော်ကတော့ ၁၅ တစ်လီနဲ့အခြားအမှုတွေပေါင်းပြီး ထောင်ဒဏ်အနှစ် ၂၀နဲ့ ၆လ ၊ ကိုဇာဂနာတို့ ကိုဇော်သက်ထွေးတို့ကတော့ ၁၅ သုံးလီ ၄၅နှစ်၊ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်တွေကတော့ ၁၅လေးလီနဲ့တွေ့ပြီး နှစ်၆၀တွေဘာတွေကျော်ကုန်ပါတော့တယ်။ အင်တာနက်သုံးရဲသုံးကြည့် မင်းတို့တွေ ETA နဲ့ငြိမယ်ဆိုပြီး ကျန်တဲ့လူငယ်တွေအားလုံးကို ချိမ်းခြောက်လိုက်သလိုပါပဲ။ သံဃာတော်တွေကို ဆွမ်းကပ်၊ သံဃာတော်တွေနဲ့အတူ မေတ္တာသုတ်ရွတ်၊ အာဏာရှင်အစိုးရရဲ့ မတရားနှိပ်ကွပ်မှုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ မှတ်တမ်းတင်ဖြန့်ဖြူးခဲ့တဲ့အတွက် ထောင်နှစ်ရှည်ကျခဲ့ပေမယ့် ကျနော်ကျေနပ်ပါတယ်။ ကာလရှည်ကြာနေဆဲဖြစ်တဲ့ ကျနော်တို့ရဲ့ဒီမိုကရေစီတိုက်ပွဲရှည်ကြီးထဲမှာ အသက်တွေစတေး၊ ဘဝတွေပေးပြီး ရင်းခဲ့ကြရတဲ့ ညီအစ်ကို မောင်နှမတွေရဲ့ ရင်းနှီးပေးဆပ်ခဲ့ရမှုတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျနော်ထောင်ထဲမှာ လေးနှစ်နေခဲ့ရတာဟာ ဘာမှ မပြောပလောက်ပါဘူး။
ဘာပဲပြောပြောပါ ဘလော့ဂါတွေ၊ နည်းပညာကိုစိတ်ဝင်စားကြတဲ့ လူငယ်တွေ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြလို့ ... ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ အာဏာရှင်တွေရဲ့ သရုပ်အမှန်ကို ကမ္ဘာက မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြရပါတယ်။ အခုစားသုံးနေရတဲ့ အသီးအပွင့်တို့ရဲ့ မျိုးစေ့ဟာ ၈၈ ဆိုရင် ရွှေဝါရောင်တော်လှန်ရေးဟာ ရေသောက်မြစ်ဖြစ်ပြီး ရင်းနှီးပေးဆပ်ခဲ့ကြသူအားလုံးရဲ့ သွေးချွေးတွေကတော့ မြေဆီလွှာတွေ၊ ရေစက်ရေပေါက်တွေ အဖြစ်နဲ့ အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လဲ ကျနော်တို့ တကယ်လိုချင်နေတဲ့ စစ်မှန်သော ဒီမိုကရေစီဆိုတဲ့ အသီးအပွင့်ဟာ တကယ်ပဲ စုံစုံလင်လင်သီးခဲ့ပွင့်ခဲ့ပြီလားဆိုတာ မေးခွန်းထုတ်စရာပါ။
တကယ်လိုချင်တဲ့ အသီးအပွင့်တွေ ဝေဝေဆာဆာပွင့်ဝေမလာသေးဘူးဆိုရင်တော့ ရင်းနှီးပေးဆပ်ခဲ့ကြရသော သမိုင်းဝင်နေ့စွဲတွေရဲ့ မျက်နှာကိုထောက်ပြီး ကျနော်တို့အားလုံး အစွမ်းကုန်ဆက်ကြိုးစားကြဖို့ တာဝန်ရှိတယ်လို့မြင်ပါတယ်။ ဝင်းမော်ဦးအတွက် ကျနော်တို့ အမျှမဝေကြရသေးပါဘူး ... ပျံလွန်တော်မူသွားကြတဲ့ သံဃာတော်အရှင်သူမြတ်တွေအတွက် ကျနော်တို့ တာဝန်မကျေကြရသေးပါဘူး ...။ ၁၉၈၈ခုနှစ် ၈နှစ်သား ၃ တန်းကျောင်းသားဘဝတုန်းက ဆိုညည်းခဲ့ဖူးတဲ့ ကျောင်းသားသီချင်းတစ်ပုဒ်ထဲကလိုပါပဲ...
"ကျဆုံးသော အပြစ်မဲ့သူများ သုဂတိသို့ လားရောက်ပါစေ ... တို့အားလုံးဝမ်းနည်းတယ်လေ တို့အားလုံးဆက်လုပ်မယ်လေ"
နေဘုန်းလတ်
"စက်တင်ဘာဟာ တိုက်ပွဲကို အဆုံးမသတ်နိုင်သေးဘူး ... "
၈ရက် ၈လ ၁၉၈၈ မှာ မြန်မာနိုင်ငံတစ်ဝှမ်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့လူထုလှုပ်ရှားမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး ရှစ်လေးလုံးအရေးတော်ပုံဆိုတဲ့ အမည်နာမ တစ်ခု သမိုင်းစာမျက်နှာပေါ်မှာ မှတ်တမ်းပြုခဲ့ရပါတယ်။ အခုဆို ၂၆နှစ်ရှိခဲ့ပါပြီ။ အဲဒီ့လိုပဲ ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းမှာလဲ သံဃာတော်တို့ရဲ့ဦးဆောင်မှုနဲ့ နအဖကိုအန်တုတဲ့ နောက်ထပ်လှုပ်ရှားမှု တစ်ခုဖြစ်ခဲ့ပြီး ရွှေဝါရောင်တော်လှန်ရေးဆိုတဲ့ အမည်တစ်ခု ထပ်မံသမိုင်းဝင်ခဲ့ပြန်ပါတယ်။ရှစ်လေးလုံးအရေးတော်ပုံနဲ့ ရွှေဝါရောင်တော်လှန်ရေးနှစ်ခုကို နှိုင်းယှဉ်ကြည့်မယ့်ဆိုရင် နိုင်ငံအဝှမ်းပါဝင်လှုပ်ရှားမှုနဲ့ ကြီးမားကျယ်ပြန့်မှုမှာ ရှစ်လေးလုံးအရေးတော်ပုံက ပိုပြီးအားသာပေမယ့် နိုင်ငံတစ်ကာနဲ့ အခြားသော ကမ္ဘာက မြန်မာနိုင်ငံအတွင်းက ဖြစ်ပျက်နေသမျှတွေကို သိမြင်နားလည်မှုအပိုင်းမှာတော့ ရွှေဝါရောင်တော်လှန်ရေးက သာလွန်ခဲ့ပါတယ်။ ဒါဟာလဲ ပိတ်ထား၊ဆို့ထား၊တားမြစ်ကန့်သတ်ထားတဲ့ကြားထဲကကိုပဲ ရရင်ရသလို ထိုးဖောက်ပျံ့နှံ့လာတဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုရဲ့ ကျေးဇူးမကင်းပါဘူး။ အမှန်အတိုင်းပြောရရင် ၂၀၀၇ ကာလ ကမ္ဘာမှာ နည်းပညာက အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလိုဖြစ်လာနေပြီလို့ ပြောဆိုနေကြတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာတော့ www.gmail.com လို့ရိုက်ထည့်လိုက်ရင် Access has been denied ဆိုတဲ့ အနီရောင် ဖန်သားပြင်ကိုသာမြင်နေရပြီး ကမ္ဘာကြီးကသက်သက် မြန်မာနိုင်ငံကသက်သက် အခြေအနေမှာပဲရှိနေသေးတဲ့ အနေအထားပါ။ ဒါပေမယ့် ၂၀၀၇ ရဲ့လူငယ်မျိုးဆက်တွေဟာ ပိတ်ထားတော့လဲ မသုံးဘူးပေါ့ကွာ၊ ဘန်းထားတော့လဲ မကြည့်ဘူးပေါ့ကွာ ဆိုတာမျိုးမနေခဲ့ကြပဲ ပိတ်ဆို့တားဆီးထားသမျှတွေ နည်းမျိုးစုံနဲ့ကျော်ခွဝင်ရောက်ပြီး ကမ္ဘာကြီးနဲ့နီးစပ်နိုင်ဖို့ ကြိုးစားခဲ့ကြ ပါတယ်။ ကျနော်မှတ်မိနေပါသေးတယ် ... အဲဒီ့ကာလတုန်းက သူငယ်ချင်းတွေနဲ့ပေါင်းပြီး မြို့ထဲမှာ အင်တာနက်ဆိုင်လေးဖွင့် ထားခဲ့တဲ့အချိန်တုန်းက ကျနော်တို့ဆိုင်လေးဟာ your freedom ဆိုတဲ့ software လေးရဲ့ကျေးဇူးနဲ့ လွတ်လပ်နေသော သီးခြားနယ်မြေလေးတစ်ခု ဖြစ်နေခဲ့ပါတယ်။