၂၀၁၂ ခုနှစ်ရဲ့ ဒီဘက်မှာ လူငယ်တွေ နိုင်ငံရေးတော်တော် ပြောဖြစ်လာကြပါတယ်။ နိုင်ငံရေးထဲကို လူငယ်တွေ တော်တော်များများ ပါဝင်လာကြပါတယ်။ ဒီအချက်ကို ပြောပြအသိအမှတ်ပြုကြောင်း၊ လေးစားကြောင်း အရင်ဆုံး ပြောပါရစေ။ တစ်ခါတစ်လေမှာ လူငယ်တွေပီပီ မခံချင်စိတ်၊ အသိအမှတ်ပြု ခံချင်စိတ်၊ ဟီးရိုး စိတ်တွေ ၀င်ဝင်လာတတ်လို့ မလိုလားအပ်တဲ့ ပြဿနာတွေ တက်တက်လာတာတွေလည်း တွေ့ရပါတယ်။ ဒါဟာ နှစ်နှစ်တာပဲ ရှိပါသေးတယ်။ ဘာမှမကြာသေးပါဘူး။
တချို့လူငယ်တွေက ညဘက်မှာ Escapeရောက်မယ်။ G6ရောက်မယ်။ ဒါဟာ လူငယ် အနည်းစုလို့ ဆိုပေမယ့် သတိပြုရမယ့် လူငယ် အမျိုးအစားထဲမှာ ပါပါတယ်။ ၂၀၁၂ခုနှစ်ရဲ့ ဒီမှာဘက် အသစ်ပေါ်လာတဲ့ လူငယ် လူတန်းစားအလွှာ တစ်ခုပါ။ သူတို့ဟာ နိုင်ငံခြားမှာ ပညာသင်လာတဲ့။ ဒါမှမဟုတ် ပြည်တွင်းက အင်္ဂလိပ်လို သင်တဲ့ကျောင်းတွေက အောင်လာတဲ့ လုပ်ငန်းခွင်မှာ တစ်လ ၁၀သိန်းလောက် လစာရှိနေတဲ့ အသက် ၂၅နှစ်အောက် လူငယ်တွေပါ။
သူတို့ကို မေ့ထားရင် မြန်မာ့ နိုင်ငံရေးရဲ့ ရုပ်ပုံလွှာဟာ အသက် ၀င်လာမှာ မဟုတ်ပါဘူး။ ဘွဲ့ဝတ်ရုံနဲ့ ဆိုက်ကားနင်းပြပြ၊ သမ္ဘန်ခတ် ပြပြ ဒါဟာ ပြဿနာ မဟုတ်ပါဘူး။ တချို့ကလည်း ဘွဲ့ဝတ်ရုံကို တန်ဖိုးမထားဖူးလို့ တိုက်ခိုက်ကြပါတယ်။ ကျွန်တော်တို့ကို မမွေးခင် ကတည်းက အိန္ဒိယနိုင်ငံက ဘွဲ့ရ အလုပ်လက်မဲ့ ပြဿနာတွေကို မီးမောင်းထိုးပြတဲ့ ရုပ်ရှင် ဇာတ်ကားတွေ အရမ်း အောင်မြင်ခဲ့ဖူးပါတယ်။
၁၉၅၅ ခုနှစ်တုန်းက မင်းသား ဒါရိုက်တာ ရဂ်ျကပူးရ်ရဲ့ ရှရီ ၄၂၀ဆိုတဲ့ ဇာတ်ကားကို မြန်မာပြည်မှာ ညွန့်ဝင်းနဲ့တောင် ပြန်ရိုက်ပါသေးရဲ့။ အာဝါဒါးဆိုတဲ့ ဇာတ်ကားကိုလည်း ကျော်ဟိန်းနဲ့ မြန်မာပြည်မှာ ပြန်ရိုက်ဖူးပါတယ်။ အဓိက ပြဿနာကတော့ ဘွဲ့ရအလုပ်လက်မဲ့ ပြဿနာပါပဲ။ အဲဒီဘောလီးဝုဒ် ရုပ်ရှင်တွေမှာ ဘွဲ့ရပြီး အလုပ်လိုက်ရှာတာ ဘယ်မှာမှ မရလို့ ဘွဲ့လက်မှတ်ကို အပေါင်ဆိုင်မှာ သွားပေါင်တာကနေ စတော့တာပါပဲ။ စက္ကူစုတ်ကို အပေါင်မခံနိုင်ဘူးလို့ ပြန်ပြောတော့ ပြဿနာ တက်တာပေါ့။ ဒါဟာ စက္ကူစုတ် မဟုတ်ဘူး။ လူ့ဘ၀တဲ့။ ဒီစာရွက်တစ်ရွက်ရဖို့ ငါ့အဖေက အိမ်တစ်လုံး ရောင်းပေးရတယ်။ ငါက ၁၅နှစ်လုံးလုံး အချိန်တွေ ပေးခဲ့ရတယ်။ ဒါစက္ကူစုတ် မဟုတ်ဘူးဆိုပြီး ပြောတဲ့လူကို ဆွဲထိုးလိုက်တော့တယ်။ ဒီနောက်မှာတော့ ကောင်းကောင်းလုပ်စားရင် လူတွေ အထင်မကြီးဘူး။ လိမ်စားမှ ရမယ်ဆိုပြီး သူဟာ လူလိမ် လုပ်ပါတော့တယ်။
မြန်မာပြည်မှာလည်း ဆိုက်ကားနင်းနေသူက ကျွန်တော် ဘွဲ့ရပြီးသားပါလို့ ပြန်ဖြေတဲ့ အခန်းမျိုးတွေ ခဏခဏ ရုပ်ရှင်တွေမှာ တွေ့ရပါတယ်။ ဒါဟာ အဆန်းတကြယ် မဟုတ်ပါဘူး။ ဒီကနေ့ခေတ် ဖေ့စ်ဘွတ်စ်ပေါ်လာတော့ ထင်ရာရေးနေကြတဲ့ စရိုက်အတိုင်း တော်ရမ်းမယ်ဖွဲ့တွေ ရေးကြတာ သဘာဝလို့ပဲ မှတ်ယူထားပေမယ့် လူငယ်လေးတွေ အတွက် ပူပန်မိပါတယ်။
အရှေ့တောင် အာရှမှာ အလုပ်လုပ်နိုင်စွမ်းတဲ့ (အသက် ၁၅နှစ်ကနေ အသက် ၅၀ကြားရှိတဲ့) မြန်မာလူမျိုး အရေအတွက်ဟာ အများဆုံး ဖြစ်နေပါတယ်။ ဒါကို Population Bonusလို့ ခေါ်ပါတယ်။ လူဦးရေ ဆုလာဘ်လို့ ဆိုပါတော့။ ကိန်းဂဏန်းက မသေးပါဘူး။ ၁၅ သန်းနီးပါး ရှိပါတယ်။ ခုအခါမှာ သန်းခေါင်စာရင်းလို့ ခေါ်ခေါ် လူဦးရေစာရင်းလို့ အမည် ပေးပေး ရှေ့ပြေးစာရင်းတော့ ထွက်လာပါပြီ။ ဒီအခါမှာ ကျွန်တော်တို့ အရင်က ထင်ထားခဲ့သလို သန်း ၆၀ မဟုတ်ဘဲ ၅၂သန်း နီးပါးရှိနေတာကို သတိပြုစရာ ဖြစ်လာပါတယ်။
တကယ်လို့ မူလခန့်မှန်း သန်း ၆၀ မှန်ခဲ့ရင် လိုနေတာ ရှစ်သန်း ဖြစ်ပါမယ်။ စာရင်းကောက်ခံလို့ မရတာ တစ်သန်းနှစ်သိန်းကျော်လို့ ဆိုရင် လိုနေတာ ခြောက်သန်းရှစ်သိန်း ဖြစ်သွားပါပြီ။ (ဒါဟာ သန်း ၆၀ ခန့်မှန်းအပေါ်ကနေပဲ စဉ်းစားတာပါ)။ ဒါဆို ဒီခြောက်သန်း ရှစ်သိန်းဟာ တခြားနိုင်ငံတွေဆီ ရောက်ကုန်သလား။ အလုပ်လုပ် နိုင်စွမ်းတဲ့ ဆုလာဘ်ရထားတဲ့ ကျွန်တော်တို့ မြန်မာလူမျိုး (တိုင်းရင်းသားတွေ အားလုံး ပါပါတယ်) ခုနစ်သန်းနီးပါးရဲ့ အဖိုးတန် လုပ်အားတွေဟာ သူများ နိုင်ငံတွေအတွက် ဖြစ်ကုန်ပြီလားဆိုတာကို သေသေချာချာ စေ့ငုဖို့ ကောင်းပါတယ်။
ကျွန်တော်တို့ နိုင်ငံနဲ့ ရေပြင်ညီ တစ်တန်းတည်း ဖြစ်နေတဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့ထက် သာလွန်နေတဲ့ ဒီလူဦးရေ ဆုလာဘ်ကို ကျွန်တော်တို့ နေရာမှားပြီး အသုံးချနေပြီလား ဆိုတာကို ဆန်းစစ်ဖို့ လိုပါပြီ။ သေချာတာ တစ်ခုကတော့ ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်ဘ၀ လူတန်းစေ့ နေနိုင်လောက်တဲ့ ၀င်ငွေရသော အလုပ်သာ ရှိနေရင် ဘယ်သူကမှ တိုင်းပြည် ပြင်ပထွက် အလုပ်လုပ်ချင်ကြမှာ မဟုတ်ပါဘူး။
ဒီတော့ စောစောက ကျွန် တော်တင်ပြခဲ့တဲ့ နျခစေန လွို၆ လို နေရာတွေမှာ လာရောက်စား သောက်အပန်းဖြေနေတဲ့ လူငယ် တွေနဲ့ စားပွဲထိုးနေတဲ့လူငယ်တွေ အတူတူပါပဲ။ အသက်ချင်းတူ တယ်။ ဘွဲ့ရတာချင်းလည်း တူ တယ်။ မတူတာက စားပွဲထိုးလေး တွေက အစိုးရကျောင်းက ဘွဲ့ရ လာတာဖြစ်ပြီး လာရောက်သုံး ဆောင်သူတွေကတော့ အပြင် ကျောင်း(တစ်နည်း)အင်တာနေရှင် နယ်ကျောင်းတွေက ဘွဲ့ရထားသူတွေပါပဲ။
ဒါဆို ဒီနေရာမှာ ဇယားချ ကြည့်ရင် အစိုးရဟာ သူ့ကျောင်းက ထွက်လာတဲ့ လူငယ်လေးတွေ အတွက် တာဝန်ပျက်ကွက်နေတာ သွားတွေ့ရပါမယ်။ အခြားတစ်ဖက်က ဆင်ခြင်ကြည့်လိုက်ရင် ဒီလိုစား၊ ဒီလိုသောက် ဒီလိုနေချင်ကြသလား အင်တာနေရှင်နယ် ကျောင်းကို သွားလို့ပြောရတော့မှာပေါ့။ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ လူတန်းစား ထိပ်တိုက်တိုးလာနိုင်တဲ့ ပြဿနာပါ။
ဒီတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာ အတွက် ကျွန်တော်တို့ ၀ိုင်းဝန်းအဖြေရှာဖို့ ကောင်းပါပြီ။ ကျွန်တော်တို့ မြန်မာလူမျိုးဟာ မရောင်ရာ ဆီလူးတတ်တဲ့ ၀ါသနာရှိနေတာကို ပြင်ဖို့လည်း လိုပါတယ်။ တိုင်းပြည်မှာ ဒီလူငယ်တွေရဲ့ အရေးဟာ ထိပ်တန်းဦးစားပေး ဖြစ်သင့်တဲ့ အချိန်မျိုးမှာမှ ခေါင်းလောင်းက တစ်မျိုး၊ ပီအာက တစ်ဖုံ၊ မေမြတ်နိုးက တစ်သွယ်နဲ့ တော်တော် ပွေလီလှပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် နန်းတော်ရှေ့ ဆရာတင်နဲ့ သူဌေးဝါဒ သီချင်းကိုလည်း သတိရမိပါရဲ့။
(တို့ဗမာ စီးပွားဥစ္စာ ကျောင်းကန်ဘုရားနဲ့ ဇရပ်တွေ အကုန်တည်) ဆိုတဲ့စာသားလိုပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဘုရားတည် ကျောင်းဆောက်တဲ့ ကိစ္စမှာ တော်တော် သဒ္ဓါရှိကြပါတယ်။
(ပစ္စည်းဥစ္စာ ယခုတိုးပွားတဲ့ လူမျိုးခြားနဲ့ စံမနှိုင်းပါနဲ့။ အမှန်အတိုင်း ဆိုချင်တယ်။ သိန်းသန်း ကုဋေမရေနိုင် တို့ပိုင်ဥစ္စာကြွယ် စစ်ကိုင်း အနောက်ဘက် တောင်ပေါ်ဝယ် တို့ပစ္စည်းတွေ တွေ့နိုင်တယ်) ဆိုတဲ့ သီချင်းစာသားတွေက ကျွန်တော်တို့ကို ပုတ်နှိုးနေသလိုပါပဲ။ ဘုရားတွေ မြန်မာပြည်မှာ အပုံကြီးပါ။ ဒါပေမဲ့ ပိုက်ဆံတွေ သိန်းပေါင်းသောင်းနဲ့ချီချီပြီး ဘုရားတွေကို ထပ်လို့ ထပ်လို့ တည်တည်နေကြတာ အားလုံးအမြင်ပါ။
တိုင်းပြည် တိုးတက်မှုရဲ့ ရေသောက်မြစ်ဖြစ်တဲ့ ပညာရေးကို မြေတောင်မြှောက်ပေးဖို့၊ ဒီအတွက် လှူဒါန်းပေးဖို့ ဘာလို့များ မေ့နေကြပါလိမ့်။ တရုတ်ပြည်က ဘေဖန်လီဆိုတဲ့ အနှေးယာဉ် လုပ်သား တစ်ယောက်ဟာ ကလေးတွေ စာသင်ကြားစေဖို့ သူ့အသက် ၇၀ကနေ ၉၄နှစ်ထိ ရှာဖွေရသမျှ ပိုက်ဆံတွေကို ကျောင်းရဲ့ ဂေါပကတွေဆီ အပ်နှံနိုင်ခဲ့ပါတယ်။
http://www.tomorrow.com.mm/?q=articles/945
နှစ်ဆယ်ရာစု မြေခွေးရုပ်ရှင် ကုမ္ပဏီပိုင်ရှင် စကော့ဟာ သူ့စည်းစိမ်တွေကို ရောင်းချပြီး ကမ္ဘောဒီးယား ကလေးငယ်တွေရဲ့ ပညာရေး အတွက် အသုံးချခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ခေါင်းလောင်းဆယ်ဖို့ ဒေါ်လာ၁၀သန်း လှူမယ့်လူလည်း ရှိနေပြန်ပါတယ်။ မနက်တိုင်း လမ်းထဲ ၀င်လာတဲ့ ကားပေါ်ကအသံ ကြားနေရဆဲပါ။
“ဘုရားအမ ကျောင်းအမတို့၊ ဘုရားကြီးပြီးဖို့ သိန်း ၃၀သာ လိုတော့တာမို့ ဘုရားဒကာ ကျောင်းဒကာ ဖြစ်အောင် လှူလိုက်ကြပါဦး။ ဟောဟိုဖက်က ဘုရားအမကြီးက အလှူတော်ငွေ ၂၀၀၀တဲ့”။
ဇာဂနာ