အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ Pen Myanmar အဖွဲ့က ဝတ္ထုနဲ့ကဗျာ ဆုပေးပွဲကို စက်တင်ဘာ ၂၁ရက်နေ့က တော်ဝင်းနှင်းဆီမှာ ကျင်းပခဲ့ပါတယ်။ အပစ်ရပ်ရေး၊ ဆွေးနွေးရေးနဲ့တင် ငြိမ်းချမ်းရေးကို အာမခံနိုင်တယ်လို့ မမြင်ဘဲ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မူဝါဒကိုင်ပြီး ဆောင်ရွက်တဲ့ပွဲပါလို့ မသီတာ(စမ်းချောင်း)က ပြောပါတယ်။
ဒုက္ခသည်စခန်းအသီးသီးက နိုင်ငံသားတွေရဲ့ ခံစားချက်တွေကို ထင်ဟပ်ပုံဖော်ဖို့ ကြိုးစားရေးသားပြီး ယှဉ်ပြိုင်ကြတဲ့သူတွေကို ကျေးဇူးတင်တယ်လို့ ဆုပေးပွဲအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
ဆုရွေးချယ်ရေးနဲ့ ပတ်သက်ပြီး စကားပြေအရေးသားကို ဦးစားပေးပြီး ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်ရမှာဖြစ်တယ်လို့ စာရေးဆရာမ မိချမ်းဝေက ဆိုပါတယ်။ စကားပြေရဲ့အလှဟာ အနုပညာလည်းပါသလို ရသလည်းပါတာကြောင့် ဆွဲဆောင်မှုရှိတဲ့အကြောင်း၊ ဒီကနေ့ခေတ် လူငယ်တွေဟာ အမြင်စူးရှကြတာကြောင့် ငြိမ်းချမ်းရေးနဲ့ဆိုင်တာကိုပဲ ကြည့်စရာရှိတယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးအထိမ်းအမှတ် စာပေဆုမှာ အမေ့ခံလိုင်ဇာ ကဗျာနဲ့ ပထမရခဲ့တဲ့ မောင်ကျောက်ခဲ (တောင်ပင်လယ်)က ငြိမ်းချမ်းရေးအထိမ်းအမှတ် စာပေဆုရှိလို့ ပြိုင်ပွဲခေါ်တာ မသိခဲ့ဘဲ သူကဗျာရေးဖြစ်တာက ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့်ပါလို့ ဆိုပါတယ်။
ကဗျာ ဒုတိယဆုကို တာကော၊ တတိယဆုကို ရတုသွေး၊ နှစ်သိမ့်ဆုတွေကို ဘလက်နဲ့ ဆွမ်ဒေါင်းဂျန်တို့ ရရှိခဲ့ပြီး ဝတ္တုတို ပထမဆုကို နတ်ရဲ(ရူပဗေဒ)၊ ဒုတိယဆုကို နွေးလဲ့လဲ့ဖြူ (မြစ်ကြီးနား)၊ တတိယဆုကို မင်းမာန်နဲ့ နှစ်သိမ့်ဆုတွေကို သော်ဇင်(လွိုင်ကော်)နဲ့ ထွန်းကျော်တို့ ရရှိခဲ့ပါတယ်။
ဆုပေးပွဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ငြိမ်းချမ်းရေးနေ့ သဝဏ်လွှာကို မြန်မာနိုင်ငံ ဌာနကိုယ်စားလှယ်က ဖတ်ကြားခဲ့ပါတယ်။ သူက လာမယ့်မျိုးဆက်တွေ စစ်ဘေးသင့်ခြင်းက ကာကွယ်မယ်ဆိုတဲ့ ကတိကို တည်ဆောက်ပြီး ပဋိပက္ခရဲ့ အရင်းအမြစ်တွေကို ရင်ဆိုင်ဖြေရှင်းမယ်လို့ ဆိုပါတယ်။
Kamayut media