ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီကနေ ကရင့်အမျိုးသားအစည်းအရုံး KNU နှုတ်ထွက်သွားတဲ့ကိစ္စ ကရင်လူထုရဲ့ သံသယတွေ၊ စိုးရိမ်မှုတွေ မြင့်တက်လာတာကြောင့် ရန်ကုန်မြို့မှာ စက်တင်ဘာ ၂၃ရက်က KNUခေါင်းဆောင်တွေ ကရင်ပြည်သူတွေနဲ့ တွေ့ဆုံဖြေရှင်းခဲ့ပါတယ်။
UNFC ကနေ KNU နှုတ်ထွက်သွားပြီး ရက်ပိုင်းမှာပဲ မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က UNFC ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အဟန့်အတားဖြစ်အောင်လုပ်နေတယ်လို့ စွပ်စွဲတိုက်ခိုက်မှုတွေ ပေါ်လာခဲ့တာကြောင့် KNU ရဲ့ရပ်တည်ချက်အပေါ် အားလုံးက မေးခွန်းတွေ ထုတ်လာခဲ့ချိန်မှာ ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ KUPC က အခုလို တွေ့ဆုံပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ကရင့်အမျိုးသား စည်းလုံးညီညွတ်မှုကို KUPC အနေနဲ့ အဓိကထားတာကြောင့် KNUအနေနဲ့ UNFC က နှုတ်ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ KNU ကို ထောက်ခံသွားမယ်လို့ တွေ့ဆုံပွဲစီစဉ်တဲ့ KUPC က သင်းအုပ်ဆရာတော် Matthew Ayeက ယုဒဿန်ခမ်းမမှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။
ကရင့်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူစေးဖိုးနဲ့ ထိပ်တန်းခေါင်းဆောင်တွေပါ တက်ရောက်တဲ့ ဒီတွေ့ဆုံပွဲမှာ KNU အနေနဲ့ UNFC က ရုတ်တရက် ထွက်လိုက်လို့ အံ့အားသင့်နေကြပေမယ့် UNFC ဖွဲ့စည်းပုံနဲ့ နိုင်ငံရေးအယူအဆတွေကို လွန်ခဲ့တဲ့ ၃နှစ်ကတည်းက ကြိတ်ပြီး ပြင်ဆင်ခဲ့ရာက KNUတင်ပြချက်တွေကို UNFC က လက်မခံဘဲ အရေးမထားတာတွေကြောင့် နောက်ဆုံး ရုတ်တရက်နှုတ်ထွက်လိုက်ရတာဖြစ်တယ်လို့ စောဒါတိုမှူးက ရှင်းပြခဲ့ပါတယ်။
UNFC ကိုတင်သွင်းတဲ့ စာတမ်းတေါမှာ Structure ပိုင်းနဲ့ ဆုံးဖြတ်ချက်ချရမယ့်အပိုင်းတွေကို အကြံပေးပေမယ့် ဆွေးနွေးကြတဲ့အခါ KNUနဲ့ပတ်သက်လို့ အဖွဲ့နှစ်ဖွဲ့ကွဲလာတဲ့ပုံစံဖြစ်လာသလို တစ်ချို့အဖွဲ့ဝင်တွေက တင်းတင်းမာမာ သဘောထားလာတာကြောင့် အကောင်းဆုံးဖြစ်အောင် သူတို့နှုတ်ထွက်ခဲ့တာပါလို့ ဆိုပါတယ်။
UNFC ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်အောင်လုပ်နေတယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့စွပ်စွဲချက်ကြောင့် ရန်ကုန်မှာကျင်းပနေတဲ့ အပစ်ရပ်ရေးစာချုပ်မူကြမ်းကိစ္စ ပြေလည်မယ့်သဘောမရှိဘူးလို့ NCCTအဖွဲ့က တရားဝင်ထုတ်ပြောထားပါတယ်။
ုKamayut media