
ပြင်သစ်နိုင်ငံသား Herve Pierre Gourdelကို စစ်သွေးကြွနှစ်ဦးက ဖမ်းဆီးထား (Credit: AFP)
အယ်လ်ဂျီးရီးယား (Algeria) နိုင်ငံအခြေစိုက် စစ်သွေးကြွအဖွဲ့တစ်ခုက ပြင်သစ်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးထားပြီး အီရတ်နိုင်ငံက ISIS စစ်သွေးကြွတွေအပေါ် ဝေဟင်တိုက်ခိုက်မှု လုပ်တာကို ပြင်သစ်က မရပ်ဆိုင်းရင် အဲဒီပြင်သစ်နိုင်ငံသားကို လည်လှီးသတ်ဖြတ်မယ်လို့ ခြိမ်းခြောက် ထားပါတယ်။
Al Qaeda တပ်ဖွဲ့တွေ လှုပ်ရှားမှုများတဲ့ အယ်လ် ဂျီး ရီး ယား နိုင်ငံက တောတောင် ထူထပ်တဲ့ ဒေသမှာ အဲဒီ ပြင်သစ် နိုင်ငံသားကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့တာကို အဆိုပါအဖွဲ့က ပြောပါတယ်။
တနင်္လာနေ့မှာ ထွက်ပေါ်လာတဲ့ YouTube ဗီဒီယိုမှာတော့ ပြင်သစ်နိုင်ငံသား Herve Pierre Gourdel ကို ထိုင်လျက်တွေ့ရပြီး ဘေးမှာတော့ မျက်နှာအုပ်ထားတဲ့ လက်နက်ကိုင်ဆောင်သူ နှစ်ဦး ရှိနေတာကို တွေ့ခဲ့ရပါတယ်။
အဲဒီ ဗီဒီယိုထဲမှာ ဖမ်းဆီးခံရတဲ့ ပြင်သစ်နိုင်ငံသားက Jund al-Khilifa ဆိုတဲ့ တပ်ဖွဲ့ရဲ့ ထိန်းသိမ်းမှုကို ခံနေရတဲ့အကြောင်း၊ အီရတ်အရေးမှာ ပြင်သစ်အနေနဲ့ ဝင်မပါဖို့ ပြောပေးဖို့ အကြမ်းဖက်အဖွဲ့တွေက ပြောခိုင်းတဲ့အကြောင်း၊ သူ့ကို ဓားစာခံ တစ်ဦးအနေနဲ့ ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် သူအသက်ရှင် လွတ်မြောက်ရေးအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးဖို့နဲ့ ကျေးဇူးတင်ကြောင်း ဖမ်းဆီးခံရသူ Herve Pierre Gourdel က ပြောပါတယ်။
Mr Gourdel က သူ့နာမည် အပြည့်အစုံ၊ မွေးနေ့ သက္ကရာဇ် တွေကိုပါ အပြည့်အစုံ ပြောပြထားပြီး သူက အယ်လ်ဂျီးရီးယား နိုင်ငံကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရောက်ရှိပြီး ၂၁ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတာလို့ ပြောပါတယ်။
အဲဒီ ဗီဒီယိုက စစ်မှန်ကြောင်းလည်း ပြင်သစ်အစိုးရက အတည်ပြုထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-23/1371227