၁၉၉ဝပြည့် စက်တင်ဘာ ၂၅ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ စစ်အာဏာရှင်တွေကို အာခံတဲ့ ထောင်တွင်းသပိတ်တိုက်ပွဲ ၂၄နှစ်တင်းတင်းပြည့်မြောက်ခဲ့ပါပြီ။ မဂ္ဂင်ကျောင်းတိုက်မှာ ကျင်းပတဲ့ ဒီနှစ်ပတ်လည်နေ့ဟာ အခုတော့ ဘယ်လိုအဓိပ္ပာယ်တွေကို ဖော်ဆောင်နေသလဲ။
အစိုးရကောင်းတစ်ရပ်ကို လိုချင်ရင် ပြည်သူကောင်းတစ်ရပ်ကို အရင်ဖော်ဆောင်ရမှာမို့ ပြည်သူကောင်းတွေနဲ့မှသာ အစိုးရကောင်းဖြစ်မယ်လို့ သင်္ဃန်းကျွန်း မဂ္ဂင်ကျောင်းတိုက်မှာ ကျင်းပတဲ့ အင်းစိန်ထောင် သပိတ်တိုက်ပွဲ ၂၄နှစ်ပြည့် အခမ်းအနားမှာ မင်းဇေယျာက ပြောခဲ့ပါတယ်။ အစိုးရကောင်းတွေကို မစည်းရုံးခင် အစိုးရဆိုးတွေကို မဖယ်ထုတ်နိုင်ခင် ပြည်သူကောင်းတွေအရင်စုစည်းပြီး အရင်လို တိုက်ပွဲဝင်နေရဦးမယ်လို့ ဆိုပါတယ်။
၁၉၉ဝပြည့် မေလရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရကို ထောင်တွင်းသပိတ်တိုက်ပွဲ ဝင်ခဲ့တဲ့ သက်တင်ဘာ ၂၅ရက်နေ့မှာ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းခဲ့တဲ့ ဒုတိယညွှန်ကြားရေးမှူးဦးအုန်းဟန်နဲ့ ထောင်တာဝန်ခံတွေကို ပြစ်တင်ရှုတ်ချကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုတဲ့ ရွေးကောက်ပွဲစနစ် PRကို တိုင်း ၇တိုင်းမှာ ကျင့်သုံးဖို့များနေပြီး လူမျိုးစုတိုင်းရင်းသားတွေ များတဲ့ ပြည်နယ်တွေမှာတော့ လက်ရှိအတိုင်း FPTP စနစ်ကိုပဲ ဆက်ကျင့်သုံးဖို့ အလားအလာများနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်ဖေဝင်းက ပြောပါတယ်။
လာမယ့် ရွေးကောက်ပွဲတွေမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် PRရွေးကောက်ပွဲစနစ်ကို ကျင့်သုံးမယ်ဆိုရင် ပြည်သူတွေအနေနဲ့ လေးလေးနက်နက် ကန့်ကွက်ကြဖို့ အဓိကဖြစ်တယ်လို့ မင်းဇေယျာက ပြောခဲ့ပါတယ်။
Kamayut media