အဘူဂျာ ဒီဇင်ဘာ ၁၉
ဘိုကိုဟာရမ်သူပုန်များသိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည်ရယူရန် စစ်ဆင်ရေးဆင်နွှဲမှုတွင် ပါဝင်နိုင်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည့်အတွက် နိုင်ဂျီးရီးယားတပ်ဖွဲ့မှ အဖွဲ့ဝင် ၅၄ဦးအား စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုပါစစ်သားများသည် သြဂုတ်လတွင် မြို့သုံးမြို့အား ဘိုကိုဟာရမ်သူပုန်များလက်မှ ပြန်လည်ရယူရန် စစ်ဆင်ရေးဆင်နွှဲမှုတွင် ပူးပေါင်းပါဝင်ရန် ငြင်းဆိုခဲ့ကြောင်း စစ်ခုံရုံးကပြောသည်။
စစ်တပ်အကြီးအကဲများကသေဒဏ်ချမှတ်မှုကို အတည်ပြုခဲ့သည်။
စစ်သားများသည် နိုင်ဂျီးရီးယားစစ်တပ်၏ အမိန့်အာဏာကို ဖီဆန်ခဲ့ကြောင်း စွပ်စွဲခြင်းခံနေရသည်။ ၎င်းတို့အား နိုင်ငံ၏အရှေ့မြောက်ဘက် ဘော်နိုပြည်နယ်ရှိ မြို့သုံးမြို့အား ပြန်လည်သိမ်းပိုက်ရန် တိုက်ခိုက်ရေး ဆင်နွှဲမှုတွင် ဦးဆောင်ရန် အမိန့်ပေးခဲ့သည်။ သို့သော် ၎င်းတို့အနေဖြင့် လက်နက်အင်အားမလုံလောက်ကြောင်း နှင့်ရိက္ခာပြတ်လပ်နိုင်ကြောင်း ပြန်လည်ဆင်ခြေပေးခဲ့ ကြောင်းသိရသည်။
၎င်းတို့အမျိုးသမီးများက အခြေစိုက်စခန်းများတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
စစ်သားများအား လက်နက်လုံလုံလောက်လောက်ပေးထားကြောင်း ကာကွယ်ရေးအရာရှိများကဆိုသည်။ သမ္မတဂျိုနသန်က ယခုနှစ်အစောပိုင်းတွင် နိုင်ဂျီးရီးယား စစ်တပ်အား အဆင့်မြှင့်တင်ရန် ဒေါ်လာ ၁ ဘီလီယံ ချေးငွေရယူနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ဘိုကိုဟာရမ်များသည် လက်နက်အင်အားတောင့်တင်းသည်ဟု သိထားကြသည်။
၂ဝဝ၉ခုနှစ်ကစပြီး ဘိုကိုဟာရမ်များကအစ္စလာမ္မစ်နိုင်ငံတည်ထောင်ရန် စစ်ဆင်ရေးများ ဆင်နွှဲခဲ့ပြီး ထိုစစ်ပွဲများကြောင့် လူ၇ဝဝဝခန့်သေဆုံးခဲ့ရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကဆိုသည်။ အဆိုပါ ငါးနှစ်ကြာစစ်ပွဲကြောင့် လူပေါင်း ၁ ဒသမ ၃ သန်း နေရပ်စွန့်ခွာထွာခွာနေကြရသည်။
စကိုင်းနယူးစ်။
The Mirror Daily
https://www.facebook.com/TheMirrorDaily