အသက် ၁၆နှစ်မပြည့်သေးသည့် ကလေးသူငယ်များကို အဓမ္မပြုကျင့်ပါက သေဒဏ်အထိ ချမှတ်ရန်ထည့်သွင်း ရေးဆွဲထားသည့် ဥပဒေကြမ်းတစ်ခု ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်သို့ တင်သွင်းထားကြောင်းသိရသည်။
ယင်းဥပဒေကို ၂၀၁၅ ခုနှစ် ကလေးသူငယ်များအား လိင်မှုဆိုင်ရာစော်ကား ညှဉ်းပန်းမှုမှ ကာကွယ်သည့်ဥပဒေကြမ်းဟု အမည်သတ်မှတ်ထားပြီး ဥပဒေကြမ်းတွင် အသက်၁၆နှစ် မပြည့်သေးသည့် ကလေးသူငယ်များကို လိင်မှုဆိုင်ရာ စော်ကားညှဉ်းဆဲခြင်း ပြုလုပ်ပါက ထိုသူကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းမှ အမြင့်ဆုံးသေဒဏ်အထိ ချ မှတ်နိုင်ရန် ထည့်သွင်းရေး ဆွဲထား ကြောင်း သိရသည်။
ယင်းဥပဒေကြမ်းကို ဒီဇင်ဘာ ၁၁ရက်တွင် ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားပြီး လာမည့်လွှတ်တော် အစည်းအဝေးတွင်အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေး ဖွယ်ရှိကြောင်း ဦးသိန်းညွန့်ကပြောသည်။
''ကုလသမဂ္ဂမှာကျွန်တော် တို့နိုင်ငံကလက်မှတ်ထိုးထားတဲ့ အချက်အပေါ် အခြေခံပြီး တင်သွင်း တာပါ။ နောက်တစ်ခုကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၀၂မှာ ကလေးသူငယ်တွေကို စောင့်ရှောက်ဖို့ဆိုပြီးအချက်ပါတယ်။ အဲ့ဒီ နှစ်ချက်ကိုအခြေခံပြီးတော့ ဒီဥပဒေကြမ်းကိုတင်သွင်းရတာပါ'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကပြောသည်။
''အခု ကျွန်တော်တို့နိုင်ငံမှာ ကလေးသူငယ်တွေကိုအပြင်လူတွေ မပြောနဲ့ဆွေးမျိုးရင်းချာ ဖြစ်သူတွေတောင် ကလေးသူငယ်တွေကို အဓမ္မပြုကျင့်နေ ကြတာ ကြားသိ နေရတာဟာအင်မတန်မှ အော့နှလုံးနာစရာအခြေ အနေဖြစ်သွားပြီ။ ဒီလိုဖြစ်ပွားမှုတွေကို ပြုလုပ်သူတွေကို သေဒဏ်မှ တစ်ပါး အခြားနည်းနဲ့ ကုစားလို့မရဘူးလို့ ကျွန်တော်မြင်တယ်။ ဒါကြောင့် ဒီဥပဒေကြမ်း ကို တင်သွင်းရတာပါ''ဟု ယင်းက ဆက်လက်ပြောကြားသည်။
ယင်းဥပဒေကြမ်းကို လွှတ် တော်အတွင်းဆွေးနွေးပြီး လွှတ်တော်က ဥပဒေအဖြစ်ပြဋ္ဌာန်းသင့်ကြောင်းဆုံးဖြတ်ပါက အဆိုပါ ၂၀၁၅ ခုနှစ် ကလေး သူငယ်များအား လိင်မှုဆိုင်ရာစော်ကားညှဉ်းပန်းမှုမှ ကာကွယ်သည့် ဥပဒေကြမ်းမှာ ဥပဒေအဖြစ် ပေါ်ထွက်လာမည်ဖြစ်သည်။
''ပြုကျင့်ပါတယ်လို့ မတရား စွပ်စွဲတာမျိုးမဖြစ်အောင်လဲ ကာကွယ်ရေးဆွဲထား ပါတယ်။ အရမ်း ကာရောမမှန်မကန် စွပ်စွဲလို့ရှိရင် မဟုတ်တဲ့သူတွေ နစ်နာမှာလဲစိုးရိမ်တယ်။ ဒါကြောင့်မို့တရားစွဲမိန့်ကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခွင့်ပြု ချက်ယူရမယ်လို့ ထည့်ထားတယ်။အလွယ်တကူ ရဲစခန်းမှာ အမှုဖွင့် ရုံနဲ့တရားစွဲလို့ မရအောင်လို့ပါ'' ဟု ဦးသိန်းညွန့်ကပြောသည်။
ကလေးသူငယ်များကိုအဓမ္မ ကျင့်သူများအား အထူးသဖြင့် ဖခင်အပါအ ဝင် ဆွေမျိုးအရင်းအချာဖြစ် သူများက ပြုကျင့်ပါက ပြုကျင့်သူကိုသေဒဏ်ပေးရန် လွှတ်တော်တွင်း မှပြင်ဆင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်း ညွန့်က နှစ် ကြိမ်ကြိုးစားခဲ့သည်။
ပထမအကြိမ် ကြိုးစားခဲ့စဉ်က ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆တွင် ကလေးသူငယ် များအား အဓမ္မပြု ကျင့်ပါကပြုကျင့်သူကို သေဒဏ်ပေးရန် ဥပဒေပြင်ဆင်ချက် တင်သွင်းခဲ့ သော်လည်း အောင်မြင့်ခဲ့ခြင်းမရှိသဖြင့် ကလေးသူငယ် ကာကွယ်ခြင်းဆိုင်ရာဥပဒေတွင်လည်း ယင်းကဲ့သို့ ပြုကျင့်ပါကသေဒဏ်အဖြစ် အပြစ်ပေးရန် ဒုတိယအကြိမ်လွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း ထပ်မံရှုံး နိမ့်ခဲ့ရသည်။
မြန်မာနိုင်ငံအတွင်း ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုများ ပိုမိုများပြား လာပြီးယင်းသို့ များပြားလာမှုကြောင့် ကလေးသူငယ်များကို လိင်ပိုင်းဆိုင် ရာပြုကျင့်မှုအား ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ရသည် အထိဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခြင်းခံရမှုမှ ကင်းဝေးရေးအတွက် ပညာပေးဟောပြောပွဲများပြုလုပ်နေရကြောင်း သိရသည်။
YM
#Democracytoday