ကွန်ပျူတာ ခေတ်ဦးတွင် မာ့ခ်ဇက္ကာဘာ့ဂ်မှာ ကလေးသာ ရှိသေးသည်။ ဒီဂျစ်တယ် ဓာတ်မှန်ရိုက်ကူးမှုကို အစောဆုံး အသုံးပြုခဲ့သူတစ်ဦးဖြစ်သည့် သွားဆရာဝန် ဖခင်၏ သင်ပြမှုကြောင့် ပရိုဂရမ်ရေးသားခြင်း အခြေခံကို တတ်မြောက်ခဲ့ကာ ဇက္ကာဘာ့ဂ်သည် နေအိမ်တွင်းရှိ ကွန်ပျူတာများတွင် မိသားစုဝင်အချင်းချင်း အမြန်စာပို့ရန် ကိုယ်ပိုင် ပရိုဂရမ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ အသက် ၁၁ နှစ်တွင် မိဘများက ဆော့ဖ်ဝဲလ်ရေးသားသူတစ်ဦးအား ငှားရမ်း၍ အပတ်စဉ် သင်ကြားစေပေးခဲ့သည်။ ၎င်း၏ ဆရာက နယူးယောက်မြို့သား မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် “အရွယ်နဲ့မလိုက်အောင် ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်လေးပါ။ တခါတလေ သူကကိုယ့်ထက် ပိုသိနေတယ်” ဟု ဆိုခဲ့သည်။
ဟားဗတ်တက္ကသိုလ်တွင် ဇက္ကာဘာ့ဂ်သည် လူမှုကွန်ရက်ဆိုက် Facebook ကို ရေးသားရန် အကြံပေါ်ခဲ့သည်။ Facebook သည် လူသားတိုင်း၏ အခြေခံလိုအပ်ချက်ဖြစ်သော ‘ဘယ်သူဘာလုပ်နေလဲ’ ကို အချိန်နှင့် တပြေးညီ သိနိုင်ရန် ဖြေရှင်းပေးနိုင်မည်ကို မြင်ခဲ့သည်။ ယင်းသည် သမိုင်းဖြစ်ရပ် အချက်အလက်များကိုသာ ရနိုင်သည့် Search Engine များနှင့်မူ ဆန့်ကျင်ဘက်ဖြစ်သည်။ “ကျွန်တော်တို့ ဂရုထားမိတဲ့ အရာအများစုက ခေါင်းထဲမှာပဲ ရှိနေတတ်ပြီး အပြင်မှာတော့ အက္ခရာစဉ် ညွှန်းတမ်းအဖြစ်မျိုး ရှိမနေဘူး၊ ဟုတ်တယ်မလား” ဟု နယူးယောက်မြို့သား မဂ္ဂဇင်းသို့ ဇက္ကာဘာ့ဂ်က ပြောသည်။
တွေးခေါ်ယူဆချက်များ
- - - - - - - - - - - - - -
ဟားဗတ်တက္ကသိုလ်မှ ကျောင်းသားချင်း ဓာတ်ပုံများ သူတင်ကိုယ်တင် တင်၍ အပြန်အလှန် ကြည့်ရှုနိုင်ကာ ဆွဲဆောင်မှုရှိသော ပုံများကို မဲပေးနိုင်သည့် ပရိုဂရမ်တစ်ခုကို ဇက္ကာဘာ့ဂ်က Facebook မတိုင်မီ တည်ဆောက်ခဲ့သည်။ ထိုပရိုဂရမ်၏ ရေပန်းစားချက်မှာ ဟားဗတ်တက္ကသိုလ်၏ အွန်လိုင်းကွန်ရက် ပျက်ကျသွားအောင်ပင် ဖြစ်ခဲ့ရသည်။
ထို့နောက်တွင် စီနီယာ သုံးယောက်၏ အကူအညီဖြင့် ကျောင်းသား Profile များ စုစည်းလျက် ဇက္ကာဘာ့ဂ်သည် Harvard Connection ဟု မှည့်ထားသော ပရိုဂရမ်တစ်ခုဖြင့် ချဉ်းကပ်ပြန်သည်။ သူသည် ကိုယ်ပိုင် Version ဖြစ်သည့် Facebook ကို ချန်လှပ်ထားပြီး thefacebook.com ဟူသော ပရောဂျက်တစ်ခုကိုလည်း အခြားကျောင်းသား ၄ ဦးနှင့် ပေါင်းရေးကာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီတွင် လွှင့်တင်ပြန်သည်။ Harvard Connection ကို သူနှင့် အတူ ရေးသားခဲ့သည့် စီနီယာအဖွဲ့က နောင်တွင် Facebook မှာ ၎င်းတို့၏ အကြံအစည်အား ခိုးယူထားခြင်း ဖြစ်သည်ဟု စွပ်စွဲလာသည်။ ဇက္ကာဘာ့ဂ်သည် ယင်းဆိုက်နှစ်ခုလုံးကို အလွန်ခြားနားစွာ ပြုပြင်ထားသည်။ ယင်းအမှုကို တရားရုံး ပြင်ပ၌ပင် ကျေအေးလိုက်ကြသည်။
အသုံးပြုသူများကို ကိုယ်ပိုင် Profile စာမျက်နှာများ ဖန်တီးခွင့် ပြုထားသည့် Facebook သည် ဓာတ်ပုံများ တင်နိုင်ပြီး အခြားသူများနှင့် ဆက်သွယ်နိုင်၍ အကြီးအကျယ် အကြိုက်တွေ့လာကြသည်။ ဇက္ကာဘာ့ဂ်နှင့် သူငယ်ချင်းများမှာ အချိန်ပြည့် Facebook အတွက် လုပ်ကိုင်နေရ၍ ကျောင်းထွက်လိုက်ကြသည်။ အွန်လိုင်းငွေပေးချေစနစ် တစ်ခုဖြစ်သော PayPal ၏ တွဲဖက်တည်ထောင်သူ ပီတာသီရယ်က Facebook အတွက် ကုမ္ပဏီတစ်ခု ထောင်ပေးရန် ဒေါ်လာ ၅ သိန်း မြှုပ်နှံလိုက်သည်။ အခြားတက္ကသိုလ်နှင့် ကောလိပ်များကပါ အသုံးပြုနိုင်ရန် ကမ်းလှမ်းလာရာ ဆိုက် ပထမဆုံး စတင်သည့် နှစ် အကုန်၌ပင် အသုံးပြုသူ တစ်သန်းရှိလာခဲ့သည်။
၂၀၀၅ ခုနှစ်တွင် စွန့်စားငွေရင်း ထောက်ပံ့မှုပေါင်း ယူရိုပေါင် ၁၃ ဒသမ ၇ သန်း ရှိခဲ့ပြီး နောက်နှစ်တွင် Search Engine တခု ဖြစ်သည့် Yahoo က ဒေါ်လာ ၁ ဘီလီယံဖြင့် Facebook ကို ၀ယ်ယူရန် ကမ်းလှမ်းခဲ့သည်။ သို့သော် ဇက္ကာဘာ့ဂ်က ယင်းကမ်းလှမ်းမှုအား ငြင်းဆန်လိုက်သည်။ Yahoo ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ တယ်ရီစီမယ်လ်က “ဒေါ်လာ သန်းတစ်ထောင်နဲ့ ကမ်းလှမ်းတာ ထွက်ပြေးတဲ့သူမျိုးကို တစ်ခါမှ မမြင်ဖူးဘူး၊ ဒါပေမဲ့ ဇက္ကာဘာ့ဂ်ကတော့ ငွေကြေးအရ လုပ်တာမဟုတ်ဘူး၊ ဒါသူကိုယ်တိုင် မွေးထားတဲ့ ရင်သွေးပါ၊ ဒါကိုဆက်ပြီး ကြီးထွားလာအောင် လုပ်ချင်ပါသေးတယ်ဆိုပြီး ထွက်ပြေးခဲ့တယ်၊ မယုံနိုင်အောင်ပါဘဲ” ဟု နယူးယောက်မြို့သား မဂ္ဂဇင်းသို့ ပြောကြားသည်။
Facebook ၏ ကျော်ကြားမှုက ဆက်လက်ကြီးထွားလာသည်။ တက္ကသိုလ်များမှ ပိုမိုကမ်းလှမ်းလာသလို အထက်တန်းကျောင်းများကပင် ကမ်းလှမ်းမှုမျိုး ကြုံခဲ့ရသည်။ နောက်ပိုင်းတွင် အသက် ၁၃ နှစ် ကျော်သူတိုင်းက သုံးချင်လာတော့သည်။ ကုမ္ပဏီများ အနေဖြင့်လည်း လူငယ်များကို ပစ်မှတ်ထားလျက် ဆိုက်ပေါ်တွင် ကြော်ငြာများ ထည့်သွင်းရန် စိတ်ဝင်စားလာသည်။ Platform တစ်ခုအဖြစ် ဖော်ဆောင်သွားမည်ဟု Facebook က ၂၀၀၇ ခုနှစ်တွင် ဆော်သြလိုက်ပြီး အခြား ဒီဇိုင်နာများကို ဆိုက်ပေါ်၌ အသုံးပြုပေးမည့် Application များ ၀င်ရောက် တည်ဆောက်ကြရန် ကြိုဆိုလိုက်သည်။
ပေါ့ပေါ့တန်တန် ပရမ်းပတာနိုင်သော ယဉ်ကျေးမှုတစ်ခုကို Facebook က ထိန်းသိမ်းထားပြီး ‘ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ပြောင်းလဲပစ်နိုင်ရမယ်’ ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားသည်။ ဆိုက်ပေါ်မှ အပြောင်းအလဲများကို လက်ငင်း အမှန်တကယ် အသုံးပြုနေသူများနှင့်ပင် စမ်းသပ်ခဲ့သည်။ စာမျက်နှာများကိုလည်း မည်သည့်အသွင်အပြင်ကို လူကြိုက်အများဆုံး ဖြစ်မလဲ သိနိုင်ရန် အဆက်မပြတ် စမ်းသပ်မှုများ ပြုခဲ့သည်။ အင်ဂျင်နီယာတိုင်းအား တူညီသော လုပ်ပိုင်ခွင့်ပေးထားကာ နေ့စဉ်နေ့တိုင်း အပြောင်းအလဲများ ပြုလုပ်နေကြသည်။ တခါတရံ ဆိုက် ပျက်ကျသွားတတ်သည်။ တခါတရံ ထုတ်လုပ်မှု အသစ်များ ရုတ်တရက် လွှင့်တင်မိသည်။ “ကျွန်တော်တို့ဟာ တခြားကုမ္ပဏီတွေထက် အမှားတွေ အများကြီး ပိုလုပ်မိခဲ့ပါတယ်၊ သင့်အနေနဲ့ အားလုံးကို မရနိုင်ပါဘူး၊ ဒါကြောင့် ဘယ်အရာက ကိုယ့်အတွက် တန်ဖိုးရှိလဲ ရွေးရမယ်၊ အဲ့ဒါက ဘယ်မှာရှိတယ်ဆိုတာလည်း ရွေးချယ်ရပါမယ်။ ကျွန်တော်တို့အတွက်တော့ ဒါက မှန်ကန်တဲ့ နည်းလမ်းပဲ” ဟု ဇက္ကာဘာ့ဂ်က Businessweek မဂ္ဂဇင်းသို့ ပြောသည်။
၂၀၁၂ မေလ၌ Facebook သည် Nasdaq Exchange တွင် လွှင့်တင်ခဲ့ရာ ဒေါ်လာ ၁၆ ဘီလီယံအထိ ရရှိခဲ့သည်။ ကုမ္ပဏီ၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၁၀၄ ဘီလီယံအထိ ရှိလာသည်။ ထိုနှစ်၌ပင် Facebook အသုံးပြုသူပေါင်းက သန်းတစ်ထောင်ထိ ရှိခဲ့သည်။ Facebook ၏ ဦးဆောင် အင်ဂျင်နီယာ တဦးက “ကျွန်တော်တို့ဟာ ကမ္ဘာကြီးပေါ် အရာအားလုံးကို ဂရပ်ဖ်တစ်ခုဆွဲဖို့ ကြိုးစားနေတာပါ။ ပြီးတော့ အဲဒါက လူတိုင်းနဲ့ ဘယ်လို ဆက်စပ်နေမလဲ ဆိုတာကို ဖော်ပြပါလိမ့်မယ်” ဟု BusinessWeek သို့ ပြောကြားခဲ့သည်။
လက်တွေ့အတုယူဖွယ်ရာများ
- - - - - - - - - - - - - - - - - -
လူတို့၏ သဘာဝ အပြုအမူများထဲသို့ ရိုက်ခတ်နိုင်စွမ်းသည့် ထုတ်ကုန်ကို တီထွင်ဖန်တီးပါ။
မိမိ၏ စိတ်ကူးစိတ်သန်းနောက်ကို လိုက်ရန် အဟန့်အတားဖြစ်မည့် အရာအားလုံး လွှတ်ချထားခဲ့ပါ။
မိမိကိုယ်တိုင် အမှန်တကယ် ဖန်တီး မွေးထုတ်ခဲ့ရလျှင် ရောင်းမစားမိပါစေနှင့်။
စိတ်တူကိုယ်တူ မိတ်ဆွေများကို ရှာပါ။
မိမိလျှောက်လမ်းထက် စိတ်ကူးသစ်များ ထပ်မံ ဖြည့်တင်းပေးရန် အခြားသူများကို ဖိတ်ခေါ်လိုက်ပါ။
‘ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ပြောင်းလဲပစ်နိုင်ရမယ်’
ကျော်လင်းထွန်း
__Ref: "100 GREAT BUSINESS LEADERS" by Jonathan Gifford
News Watch(စောင့်ကြည့်သတင်းဂျာနယ်)