“ ဖိနပ်စုတ်လေးတဖက်ကလှစ်ခနဲ ပြလိုက်တဲ့ သမိုင်းသစ်ဝန်တာ”
-မင်းကောင်းချစ်
အပြာရောင်ဖိနပ်စုတ်ကလေးတဖက်ပါ။ ပိုင်ရှင်ကတော့ ကိုယ့်အိမ်ကိုယ့်ရာ ကိုယ့်တိုင်းပြည်ထဲမှာ မျှတတဲ့ တရားဥပဒေအကာအကွယ်မရဘဲ လူ့ ပြည်ကနေရုတ်တရက် အကျဉ်းတန်စွာ ကွယ်ပျောက်သွားခဲ့ရရှာတဲ့ ဆင်းရဲနွမ်းပါးတဲ့ အနှိမ်ခံလယ်သူမကြီးတဦးပါ။
အသွင်အပြင်အနေနဲ့ ထူးခြားစိတ်ဝင်စားစရာမရှိတဲ့ ဒီဖိနပ်စုတ်အပြာကလေးဟာ.. တကယ်တော့ကြီးမားတဲ့ ခေတ်သမိုင်းဝန်ထုတ်ကြီးတခုကိုရွက်ပိုးပေးခဲ့တာပါ။ အဓမ္မ၀ါဒီတွေရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ တန်ခိုး အာဏာ ငွေကြေးလုပ်ပိုင်ခွင့်တွေ လက်နက်အင်အားတွေနဲ့ ခြိမ်းခြောက်အနိုင်ထက်ကျင့်မှု့တွေကို ကိုယ့်မြေ ကိုယ်ယာကိုချစ်တဲ့စိတ် မတရားမှု့ကိုခေါင်းငုံမခံတဲ့ ကြီးမြတ်တဲ့စိတ်ထားတွေနဲ့ ရဲရဲရင့်ရင့် ရိုးရိုးလေး ရင်ဆိုင်ပြ သွားခဲ့တာပါ။
လက်ပန်းတောင်းတောင်နဲ့ပတ်သက်ပြီးသတင်းတွေ ဖတ်ရ ကြားရ မြင်ရတဲ့အခါတိုင်း…တို့ ပြည်သူတွေဟာ စိတ်နှလုံးကြေကွဲထိခိုက်ကြရတယ်။
လယ်တီသိမ်တော်ကိုကာကွယ်ဖို့ စုရုံနေတဲ့သံဃာတော်တွေကိုခိုးကြောင် ခိုးဝှက် ဝေလီဝေလင်းအချိန် မီးလောင်ဗုံးပစ်သွင်းစီးနင်းချေမှုန်းခဲ့တဲ့ ရုပ်ဆိုးအကျဉ်းတန်တဲ့ အဖြစ်အပျက် ဒါဏ်ရာအိမ်မက်မှ မကျက်သေးခင် အခုနောက်ဆုံးသတင်းဖြစ်တဲ့လယ်သူမကြီးဒေါ်ခင်ဝင်းရဲ့ နှဖူးတဲ့တဲ့ကို သေနတ် ( သို့ ) အဓိကရုန်းနှိမ်နှင်းရေးလက်နက်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတယ်ဆိုတာ ဘာကိုညွှန်ပြနေ သလဲဆိုတော့ ဦးပိုင်ကုမ္ပဏီနဲ့တကွ အစိုးရတာဝန်ရှိသူတွေဟာ မိမိရဲ့မိသားစုဝင် အသွေးအသား ကိုလှီးဖြတ် ရောင်းချစားသောက်နေတဲ့လူ့ ဘီလူးတွေနဲ့တူနေပြီ။
စစ်အာဏာသိမ်း န၀တ၊နအဖ လက်ထက်မှာ ကိုယ်ကျိုးရှာဖို့ စာချုပ်ချုပ်စဉ်ကထဲက ပွင့်လင်းမြင်သာမှု့မရှိတဲ့ လက်ပန်းတောင်းတောင်စီမံကိန်းရဲ့ အကျိုးအမြတ်ဟာ တို့နိုင်ငံရဲ့ စီးပွားရေးကိုဘယ်လောက်အထောက် အကူပြုမပြု နိုင်ငံသူ နိုင်ငံသားတွေကို ဘယ်လောက်အကျိုးပြုမပြုဆိုတာမပြောနိုင်ပေမဲ့လက်တွေ့မြင်နေ ရတာကတော့ ဒေသခံပြည်သူတွေ နဲ့ သံဃာတော်အရှင်သူမြတ်တွေရဲ့ သွေးမြေကျ အသက်ဆုံးပါးနေတာဘဲ မြင်နေရတယ်။ လယ်တီသိမ်တော်ကြီးနဲ့ လက်ပန်းတောင်းတောင်ကြီး တဖြေးဖြေးကွယ်ပနေတာဘဲမြင်နေရ တယ်။ မြေအောက်ရေတွေ ညစ်ညမ်းပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်ဆီးနေမှာကိုဘဲကြိုတင်တွေးယူ ဆင်ခြင်လို့ ရတယ်။
ဝမ်ပေါင်တရုတ်ကုမ္ပဏီနဲ့ တရုတ်အစိုးရကို ကြီးမားတဲ့အမြတ်အစွန်းတွေရစေဖို့ အတွက် ကျည်ဆံနဲ့ တခြား ပစ္စည်းတွေထုတ်နိုင်ဖို့ အားကိုးရာမဲ့ အခွင့်အရေးမဲ့နေတဲ့ မရှိဆင်းရဲသား၊ တောသူတောင်သားတွေကို အခုလို နိုင့်ထက်စီးနင်း ဖိနှိပ်သတ်ဖြတ်တာဟာ လူမဆန်တဲ့လုပ်ရပ်ဘဲဖြစ်တယ်။
မိဘလုပ်သားပြည်သူတွေကိုဒုက္ခဆင်းရဲရောက်အောင်လုပ်တဲ့သူတွေ၊ မျက်ရည်ကြီးငယ်ကျအောင်လုပ် တဲ့သူတွေ၊ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်သူတွေ အမိန့် ပေးစေခိုင်းခဲ့သူတွေ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ သူတွေဟာ…ဘယ်သောအခါမှာ့ ကောင်းသောလားရာမရောက်နိုင်ပါဘူး ။ တူသောအကျိုးပေးဟာ…အနှေးနဲ့  အမြန်ဆိုသလိုရောက်လာတော့မှာပါ။
ဒီနေရာမှာ အများပြည်သူတွေကိုတိုက်တွန်းခြင်တာက လယ်သူမကြီးဒေါ်ခင်ဝင်းအပါအ၀င် အညတြအာဇာ နည်တွေစတေးပေးဆပ်ခဲ့ရတဲ့ အသက်သွေးချွေးတွေ အကျိုးမဲ့အချည်းအနှီးမဖြစ်စေဖို့ ၊စစ်အာဏာရှင်စနစ် အောက်ကလွတ်မြောက်ဖို့ သမိုင်းတခေတ်ပြောင်းတာဝန်ကို နိုင်ငံသားတိုင်းကိုယ်စီ နိုင်ရာဝန်ထမ်းဖို့ လိုပါ တယ်။ ထမ်းရမဲ့တာဝန်က သိပ်ရှုပ်ရှုပ်ထွေးထွေးမဟုတ်ပါဘူး ။ မိမိဝန်းကျင်မှာဖြစ်နေတဲ့မတရားမှု့ဆိုရင် ရဲရဲဝံ့ဝံ့ ဆန့် ကျင် အမြင်မတော်မှု့တွေကို မှန်မှန်ကန်ကန်ဖြစ်အောင်တည့်မတ်ပေးကြဖို့ ပါဘဲ။ အနိမ့်ဆုံးအဆင့် နိုင်ငံ သားတယောက် ထမ်းနိုင်တဲ့ သမိုင်းခေတ်တာဝန်တရပ်ကတော့လာမဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ ပြည်သူပြည် သားတွေနဲ့ တတိုင်းတပြည်လုံးကို ရင်ဝယ်သားလိုစောင့်ရှောက်ကာကွယ်ပေးမဲ့ စစ်မှန်တဲ့ဒီမို ကရေစီအစိုးရတရပ်ပေါ်ထွက်လာစေမဲ့ ပြည်သူ့ ပါတီတွေကိုသာဝိုင်းဝန်းမဲပေးရွေးချယ်ပေးဖို့ ဘဲ။
သေခြာတာတခုကတော့ အဲ့ဒီပြည်သူ့ ပါတီတွေထဲမှာ ဦးပိုင်လီမီတက်ကိုမွေးဖွားပေးခဲ့ပြီး စစ်ကျွန်သက် ရှည်စေဖို့ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုအကြံပက်စက်စွာရေးဆွဲ ခဲ့တဲ့၊ ပြည်သူတွေကို အကြိမ်ကြိမ်သတ်ဖြတ်ခဲ့တဲ့ စစ်ဘောင်းဘီချွတ်တွေရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီမပါဝင်သလို… တိုင်းပြည်ကို (၂၆ ) နှစ်တိုင်တိုင်နှိပ်စက်မင်းမူ ဖျက်ဆီးခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့  မပါဝင်ဘူးဆိုတာ စဉ်းစားတတ်တဲ့ လူမှန်ရင် သိပါတယ်။
လေးစားစွာဖြင့်
မင်းကောင်းချစ်
ဒီဇင်ဘာလ (၂၃)ရက် ၂၀၁၄ ခုနှစ်