လက်ပံတောင်းတောင်ဒေသခံများအား အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခြင်းအပေါ် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) မှ ကန့်ကွက်ရှုတ်ချခြင်း
ရက်စွဲ။ ။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၃ ရက်
စာအမှတ် ။ ။ ၁၁/၂၀၁၄ (၈၈)
၁။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၂ ရက်နေ့က လက်ပံတောင်းတောင်ဒေသတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်း၌ ရဲတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မိုးကြိုးပြင်အလယ်ရွာနေ ဒေါ်ခင်ဝင်းသည် နေရာတွင်ပင် သေဆုံး သွားခဲ့ကြောင်းနှင့် ရွာသားများ ထိခိုက်ဒဏ်ရာရခဲ့သည့် အကြောင်းများကို တုန်လှုပ်ဝမ်းနည်းစွာ ကြားသိခဲ့ရ ပါသည်။
၂။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ယခင်စစ်အစိုးရလက်ထက်မှစ၍ မြန်မာ့စီးပွားရေးဦးပိုင် လီမီတက် နှင့် တရုတ်နိုင်ငံမှ ၀မ်ဘောင်ကုမ္ပဏီတို့ ပူးပေါင်းကာ ကြေးနီတူးဖော်ထုတ်ယူနေသည့် ပွင့်လင်း မြင်သာမှုမရှိသောစီမံကိန်းတစ်ခုဖြစ်သည်။
၃။ ပွင့်လင်းမြင်သာမှုမရှိသောစီမံကိန်းတစ်ခု၏ နောက်ဆက်တွဲအဖြစ် ဒေသခံများ၏ ဘိုးဘွားစဉ်ဆက်ပိုင် မြေယာများလက်လွတ် ဆုံးရှုံးခြင်း၊ ဘ၀နေထိုင်မှုပုံစံ ပျက်ယွင်းနိမ့်ကျခြင်း၊ အကြမ်းဖက် ဖြိုခွင်းမှုများကြောင့် ရဟန်းသံဃာတော်များနှင့် ရွာသားအများအပြားမီးလောင်ဒဏ်ရာရခဲ့ခြင်း၊ ဖမ်းဆီးခံရခဲ့ခြင်းနှင့် ယခု တောင်သူ တစ်ဦး အသက်ဆုံးရှုံးရသည်အထိ ဆိုးရွားလွန်းလှသည့်ပြဿနာများစွာကို ဆက်တိုက် ဖြစ်ပေါ် စေပါသည်။
၎။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ဒေသခံပြည်သူလူထု၏သဘောဆန္ဒနှင့် အကျိုးစီးပွားကို အထူး အလေးထားရမည်ဖြစ်သည်။တရားမျှတမှုမရှိသော၊ တာဝန်မဲ့သော စီးပွားရေးလုပ်ငန်းများသည် အများပြည်သူ ၏ ဆန့်ကျင်ခြင်းကိုခံရမည်ဖြစ်ပြီး မြန်မာပြည်သူများအကြား အမည်ပျက်နိုင်ငံဖြစ်သွားနိုင်သည်ဆိုသည်ကို ရင်းနှီးမြှုပ်နှံသည့် သက်ဆိုင်ရာနိုင်ငံများ၏ အစိုးရများအဖို့ လက်ပံတောင်းတောင် ပဋိပက္ခမှာ ဆင်ခြင် စရာသင်ခန်းစာတစ်ရပ်ဖြစ်သည်။
၅။ အစိုးရတစ်ရပ်တွင် နိုင်ငံသားများ၏ အသက်အန္တရာယ်နှင့် ဘ၀လုံခြုံမှုကို အကာအကွယ်ပေးရန်နှင့် လွတ်လပ်စွာအသက်မွေးဝမ်းကျောင်းခွင့်ကို အာမခံရန် အပြည့်အ၀ တာဝန်ရှိသည်။ လူတစ်စုတစ်ဖွဲ့၏ အကျိုး စီးပွားကိုသာရှေ့ရှုပြီး ပွင့်လင်းမြင်သာမှုမရှိသော စီးပွားရေးရင်းနှီးမြှုပ်နှံမှုများသည် တိုင်းပြည်နှင့် ဒေသခံတိုင်း ရင်းသားပြည်သူများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုပေါ်ထွန်းစေလိမ့်မည်မဟုတ်ဘဲ မတည်ငြိမ်မှုနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကိုသာ ဖြစ်ပေါ်စေသည်။ ယခုဖြစ်ရပ်သည် လက်ပံတောင်းဒေသခံများ၏ မြေယာဆုံးရှုံး မှုများကိုသာမက အသက်ဆုံးရှုံးမှု ဖြစ်ပေါ်စေသည်အထိ ဆိုးရွားလွန်းသော လူ့အခွင့်အရေးချိုး ဖောက်မှု ဖြစ်သောကြောင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်သည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း