
ဓာတ်ပုံ - သက်ကို
၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ချီးမြင့်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း ပရိသတ်ခန့်မှန်းချက်နှင့် လွဲမှားမှုများကြုံခဲ့ရသည့် အနုပညာရှင်များကို မဇ္ဈိမမှ လေ့လာကြည့်ဖြစ်ခဲ့သည်။အမျိုးသမီ်းဇာတ်ပို့ဆုကို စုန်းပြူး ဇာတ်ကားနှင့် ခိုင်သင်းကြည်က ရရှိသွားခဲ့သော်လည်း စုန်းပြူးဇာတ်ကားနှင့် ပရိသတ်များ ထင်ကြေးပေးခဲ့သည့် သိင်္ဂီထွန်းနှင့် ကြယ်စင်မော်ကွန်း ဇာတ်ကားနှင့် တင့်တင့်ထွန်းတို့သည်လည်း အကယ်ဒမီနှင့် လွဲချော်ခဲ့သည်။ အမျိုးသားဇာတ်ပို့ဆုကို မင်းဦးက နင်စေရင် ဇာတ်ကားနှင့် ရရှိခဲ့ပြီး ယင်းဇာတ်ပို့ဆုကို ထင်ကြေးနှင့် လွဲခဲ့ရသူများသည် ကိုယ့်အထာနှင့် ကိုယ် ဇာတ်ကားမှ ကျော်ကျော်ဗိုနှင့် ထွန်းထွန်းတို့ဖြစ်သည်။
ဒါရိုက်တာဆုများအဖြစ် ပရိသတ်များက စုန်းပြူးဇာတ်ကားနှင့် ဒါရိုက်တာ ဝင်းထွန်းထွန်း၊ ကြယ်စင်မော်ကွန်းဇာတ်ကားနှင့် ပန်းချီစိုးမိုးတို့ကို အကယ်ဒမီမှန်းခဲ့ကြသော်လည်းယင်း အကယ်ဒမီနှင့် လွဲချော်ခဲ့ပြီး "စေတန်ရဲ့ကချေသည်" ဇာတ်ကားနှင့် ဒါရိုက်တာဝိုင်းက ရရှိခဲ့သည်။ အမျိုးသမီး ဇာတ်ဆောင်ဆုကို "နင်စေရင် "ဇာတ်ကားနှင့် ဝတ်မှုန်ရွှေရည်က ရရှိခဲ့ပြီး "စုန်းပြူးဇာတ်ကား"နှင့် "စေတန်ရဲ့ကချေသည်"ဇာတ်ကားတို့တွင် သရုပ်ဆောင်ခဲ့သည့် သက်မွန်မြင့်နှင့် "အဖြူရောင်ရဲတိုက်"ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် အိန္ဒြာကျော်ဇင်တို့သည် အကယ်ဒမီနှင့် လွဲချော်သူများဖြစ်ခဲ့သည်။
အမျိုးသားဇာတ်ဆောင်ဆုကို ကြယ်စင်မော်ကွန်းဇာတ်ကားနှင့် လူမင်း၊ စေတန်ရဲ့ကချေသည်၊ ကြယ်စင်မော်ကွန်း၊ စုန်းပြူး၊ အဖြူရောင်ရဲတိုက် ဇာတ်ကားလေးကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် နေတိုးတို့က လွဲချော်ခဲ့ပြီး ပြေတီဦးသည် "နင်စေရင်" ဇာတ်ကားနှင့် ရရှိခဲ့သည်။
၂၀၁၃ ခုနှစ် အကယ်ဒမီတွင် ချီးမြင့်ခဲ့သည့် အကယ်ဒမီထူးချွန်ဆုပေါင်း ၆ ဆုတွင် တစ်ကြိမ်တစ်ခါမှ အကယ်ဒမီရရှိခြင်း မရှိသေးသူ ငါးဦးအား အကယ်ဒမီထူးချွန်ဆုများချီးမြင့်ခဲ့ခြင်းဖြစ်ပြီး ပြေတီဦး တစ်ယောက်သာ အကယ်ဒမီ ထူးချွန်ဆု ရရှိပြီးသူဖြစ်သည်။
၂၀၁၃ ခုနှစ်အတွက်ချီးမြင့်သည့် အကယ်ဒမီထူးချွန်ဆု ချီးမြင့်ပွဲတွင် ဇာတ်ကားဆု၊ တည်းဖြတ်ဆု၊ အသံဆု၊ ဓါတ်ပုံဆု၊ ဇာတ်ညွှန်းဆုနှင့် ကလေးသရုပ်ဆောင်ဆုတို့ကိုမူ ချီးမြင့်ခဲ့ခြင်း မရှိခဲ့ပေ။
http://www.mizzimaburmese.com/2013-10-20-16-16-07/celebrity/item/35819-2014-12-28-10-09-13