Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live

ပင်လောင်းမြို့မ ရဲစခန်းအချုပ်ခန်းတွင် ချုပ်နှောင်ထားသည့် အချုပ်သားလေးဦး ထွက်ပြေးလွတ်မြောက်

$
0
0

ရဲစခန်းအချုပ်ခန်းတွင် ချုပ်နှောင်ထားသည့် အချုပ်သားလေးဦး ထွက်ပြေးလွတ်မြောက်
ရဲစခန်းအချုပ်ခန်းတွင် ချုပ်နှောင်ထားသည့် အချုပ်သားလေးဦးသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၄ နာရီကျော်၌ ထွက်ပြေး လွတ်မြောက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဒေသရှိ ဒေသခံများထံက သိရ သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ပင်လောင်းမြို့မရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားသည့် တရားခံ ၅ ဦးသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၄ နာရီကျော်၌ အချုပ်ခန်းဖောက်ကာထွက်ပြေးသွားမှု တစ်ခုဖြစ်ပွားခဲ့ပြီး၊ တစ်ဦးအား ပြန်လည်ဖမ်းဆီးရမိထားကြောင်း ပင်လောင်းမြို့နယ်ရဲစခန်းထံက သိရသည်။

‘’ ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်၊ ပင်လောင်မြို့မရဲစခန်းမှာဖြစ်သွားတာပါ၊ အချက်အလက်အတိအကျ ကတော့ ကျွန်တော်တို့လည်း ပြောလို့မရသေးပါဘူး၊ စစ်ဆေးမှုတွေ လုပ်နေတုန်းရှိပါသေးတယ် ‘’ ဟု ပင် လောင်းမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ် ဦးက ပြောပြသည်။

အဆိုပါ လွတ်မြောက်သွားသည့် အကျဉ်းသားလေးယောက်သည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်နှစ် ရှည်ကျခံရမည့် ကျော်နိုင်၊ မင်းမင်းလတ်၊ ခွန်ထွန်းလင်းနှင့် မောင်အေးတို့ဖြစ်ကြောင်းနှင့် အချုပ်ခန်းတာဝန်ကျ လုံခြုံရေးရဲအား ရေနွေးပူနှင့် ပက်ကာ ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ပြောပြသည်။

‘’ ထွက်ပြေးသွားတာကတော့ သေချာတယ်၊ နောက်ဆုံးရသတင်း အခြေအနေကတော့ ကျွန်တော်တို့ လည်း မသိရသေးပါဘူး ‘’ ဟု ပင်လောင်းမြို့နယ်ဒေသခံတစ်ဦးဖြစ်သည့် ကိုရာဟုက ပြောပြသည်။

ထိုကဲ့သို့ အချုပ်သားများထွက်ပြေးလွတ်မြောက်သွားမှုနှင့် ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ပင် လောင်းမြို့မရဲစခန်းအား ဆက်သွယ်ခဲ့ရာတွင် ဖြေဆိုရန် ငြင်းဆိုခဲ့ပြီး ပင်လောင်းမြို့နယ်ရဲစခန်းသို့သာ ဆက် သွယ်မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

အပြေးသန်တဲ့ နဂါးလေး မိပြီ

$
0
0


မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့်ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေး နဂါးလေး(ခ) အောင်နိုင်မြင့်အား တစ်ပတ်အတွင်း ဖမ်းဆီးရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးလွန်ခဲ့သော မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ တရားခံပြေး နဂါးလေး(ခ)အောင်နိုင်မြင့်၊ (၃၇)နှစ်အား ဖမ်းဆီးရမိရေးအတွက် တိုင်း/ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း လိုက်လံဖမ်းဆီးရာ ထွက်ပြေး တိမ်းရှောင် လွတ်မြောက်သွားခဲ့သဖြင့် ထပ်ချပ်မကွာ လိုက်လံစုံစမ်းဖမ်းဆီး
ခဲ့ရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ဖမ်းဆီးရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် ထွက်ပြေးတိမ်းရှောင်နေသော နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဘုရားလမ်းဆုံ အနီးရှိ ကားဝပ်ရှော့သို့ ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးစဉ် အဖမ်းမခံဘဲ ကားဖြင့်တိုက်၍ထွက်ပြေးသွားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး လိုက်လံရှာဖွေရာ ၎င်းမောင်းနှင် ထွက်ပြေးခဲ့သည့် X-Trail အမျိုးအစားမော်တော်ယာဉ်ကို ဒဂုံမြိ့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ကျည်စုအနောက်ကွင်းရှိ လယ်ကွင်းအလယ်မြေသား လမ်းပေါ်တွင်တွေ့ရှိပြီး နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ထွက်ပြေးလွတ်မြောက်သွား ခဲ့ပါသည်။

ထွက်ပြေးလွတ်မြောက်သွားသူ တရားခံပြေး နဂါးလေး(ခ)အောင်နိုင်မြင့်အား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနမှ ဒုရဲမှူး ညိုပု ဦးစီးတပ်ဖွဲ့ဝင်များက ၎င်းတိမ်းရှောင်သွားနိုင်သည့်နေရာများသို့စုံစမ်းပြီး လိုက်လံဖမ်းဆီးခဲ့ရာ နဂါးလေး(ခ)အောင်နိုင်မြင့်မှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မကျီးချောင်း ၄ ရပ်ကွက်ရှိ ၎င်း၏အဒေါ်တော်စပ်သူ ဒေါ်ချိုပြုံး၏နေအိမ်သို့ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မင်းဘူးခရိုင်၊ မှုခင်းနှိမ်နင်းရေးဌာနမှရဲတပ်ဖွဲ့ဝင်များအားခေါ်ဆောင်၍ ဖမ်းဆီးခဲ့ရာ ဖေဖော်ဝါရီလ၂၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် နဂါးလေး(ခ)အောင်နိုင်မြင့်အား Honda Fit မော်တော်ယာဉ်နှင့်အတူ လက်ရဖမ်းဆီးရမိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရမိသော တရားခံပြေး နဂါးလေး(ခ)အောင်နိုင်မြင့်အား ကျူးလွန်ခဲ့ သောအမှုများဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/

ဝန်ကြီးချုပ် ဦးမင်းမင်းကို တာဝန်အားလုံးကနေ နှုတ်ထွက်ခွင့်ပြု

$
0
0


(မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က မွန်ပြည်နယ် အစိုးရရုံးမှာ တွေ့ရစဉ်) Photo: Kyaw Lwin Oo (facebook)
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို ဝန်ကြီးချုပ်ရာထူးနဲ့ ပူးတွဲတာဝန်ယူထားတဲ့ ဆောက်လုပ်ရေးနဲ့ စည်ပင်သာယာရေးဝန်ကြီးရာထူးပါ နိုင်ငံတော်သမ္မတက နှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။

သူ့ကိုနိုင်ငံတော်သမ္မတက နှုတ်ခွင့်ပြုတဲ့စာပေးပို့လိုက်ပြီလို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက အတည်ပြုပြောကြားပါတယ်။.

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ်တာဝန်နဲ့ သူပူးတွဲတာဝန်ယူထားတဲ့ စည်ပင်သာယာရေးဝန်ကြီးနဲ့ ဆောက်လုပ်ရေးဝန်ကြီးရာထူးတွေ နှုတ်ထွက်ခွင့်တင်ထားတာ ဖြစ်ပါတယ်။

ဒါအပြင့် လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင်အဖြစ်ကပါ နှုတ်ထွက်သွားမှာဖြစ်ပြီး စီးပွားရေးကိုသာ လုပ်မယ်လို့ ဦးမင်းမင်းဦးက ပြောပါတယ်။

သူ့အနေနဲ့ အများပြောသလို ချောင်းဆုံတံတားကိစ္စကြောင့်ချည်း နှုတ်ထွက်တာမဟုတ်ပဲ အခြားကိစ္စပေါင်းများစွာတွေကြောင့် နှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ်။

ဓါတ်ပုံ - Myanmar President Office
ဦးမင်းမင်းဦးဟာ ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဌ ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ဘီးလင်းမဲဆန္ဒနယ်အမှတ်(၂)ကနေ အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌအဖြစ် တာဝန်ပေးခံထားရာကနေ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုထံ တိုင်ကြားခံရသူတွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်တဲ့ ဦးမင်းမင်းဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ပါတီဗဟိုက ဖွဲ့စည်းထားတဲ့ လေ့လာသုံးသပ်ရေးအဖွဲ့ရဲ့ ခေါ်ယူမေးမြန်းမှုကို ခံရသူလည်းဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်တစ်ဦး နှုတ်ထွက်တာ ဒါပထမဆုံးဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

ပန်ခမ်းဆွေးနွေးပွဲ အန်စီအေ စာချုပ်ကိုဝေဖန်

$
0
0

(၀ ဒေသ ပန်ခမ်း ခေါ် ပန်ဆန်းမှာ ပြုလုပ်နေတဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ ဆွေးနွေးပွဲကို တွေ့ရစဉ်) Photo: Nyi Rang (facebook)
ဝ ဒေသ ပန်ခမ်း ခေါ် ပန်ဆန်းမှာ ပြုလုပ်နေတဲ့ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ ၂ ရက်မြောက်နေ့ ဆွေးနွေးပွဲမှာ NCA ခေါ် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်အတိုင်းသွားမလား ဒါမှမဟုတ် တိုင်းရင်းသားအဖွဲ့တွေအားလုံး လက်ခံတဲ့ နည်းလမ်းအသစ်နဲ့ သွားကြမလားဆိုပြီး ဆွေးနွေးကြကြောင်း အမည်မဖေါ်လိုသူ တိုင်းရင်းသားအဖွဲ့က ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ NCA အပစ်ရပ်စာချုပ်မှာပါတဲ့ အားနည်းချက်တွေကို ပြုပြင်ပြောင်းလဲပြီးသွားမယ်ဆိုတဲ့ အဖွဲ့တွေနဲ့ NCA လမ်းကြောင်းအတိုင်းမဟုတ်ပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး သဘောတူတဲ့ လမ်းကြောင်းသစ်နဲ့ သွားမယ်ဆိုပြီး တင်ပြမူတွေရှိတဲ့အတွက် ဘုံသဘောတူညီချက်ရအောင် ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

မနက်ဖြန် ဆွေးနွေးပွဲ နောက်ဆုံးရက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဘုံသဘောတူညီချက်ကို ထုတ်ပြန်သွားမှာဖြစ်ပြီး အရင်က ပန်ခမ်းမှာပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲ နှစ်ခု ထက် ဒီတစ်ကြိမ်မှာ ဘုံသဘောတူညီချက်တွေပိုရလာပြီး ပိုမိုကောင်းမွန်လာတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောပါတယ်။

မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဥက္ကဌ ပေါက်ယူချန်းက ပင်လုံစိတ်ဓာတ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေကြားမှာ တူညီတဲ့ အဖြေတစ်ခုရအောင်ဆွေးနွေးမယ်၊ တိုင်းရင်းသား အရေးကို ဆွေးနွေးအဖြေရှာတဲ့အခါ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ဒီမိုကရေစီ၊ ဖက်ဒရယ်အရေး စတဲ့ ဝေါဟာရတွေကို ကိုယ်လိုသလို အဓိပ္ပါယ်ဖွင့်ဆိုနေမူတွေရှိတာကြောင့် ဒါကို တူညီတဲ့ သဘောထားတစ်ခုရယူကြဖို့ ပြောကြောင်း သတင်းမီဒီယာ တချို့မှာ ဖော်ပြထားပါတယ်။

NCA စာချုပ်နဲ့ ပတ်သက်ပြီး ဘုံသဘောတူချက်ရအောက် အဖြေရှာဖို့နဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို တန်းတူညီမျှတဲ့ ပုံစံဖြစ်ဖို့ညှိုနှိုင်းအဖြေရှာမယ် ဆိုတဲ့ အချက် ၄ ချက်ကို ၀ အဖွဲ့ခေါင်းဆောင် ပေါက်ယူချန်းက ပြောသွားတယ်လို့ သိရပါတယ်။

ဝ နဲ့ မိုင်းလားအဖွဲ့တို့ ဦးဆောင်ပြူလုပ်တဲ့ ဒီဆွေးနွေးပွဲကို လက်မှတ်မထိုးထားတဲ့ တိုင်းရင်းလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ကိုယ်စားလှယ် ၃၅ ဦး နဲ့ ဖိတ်ကြားထားတဲ့ ကိုယ်စားလှယ် ၂ ဦးတက်ရောက်ကြတယ်လို့ မနေ့က ထုတ်ပြန်တဲ့ ပန်ခန်းဆွေးနွေးပွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ အခက်အခဲဖြစ်နေ

$
0
0


ဓါတ်ပုံ - (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့် ကို တွေ့ရစဉ်)
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အစိုးရဘက်က တောင်ကြီးမြို့မှာ ကျင်းပဖို့ ခွင့်မပြုပေမယ့် ဆွေးနွေးပွဲတွေကို ကျန်တဲ့ နေရာမှာ လုပ်မှာမဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ချင်တဲ့နေရာကို ဘယ်သူ့ဆီကမှ ခွင့်ပြုချက် တောင်းစရာမလိုဘဲ သက်ဆိုင်ရာကြီးကြပ်ရေး ကော်မတီတွေနဲ့သာ ညှိနှိုင်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ နားလည်ထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တွဲဖက် အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့် က ပြောပါတယ်။

"ကျနော်တို့က တောင်ကြီးမှာလုပ်ဖို့ ရည်မှန်းထားတယ်၊ တောင်ကြီးမှာမှ ပေးမလုပ်ဘူးဆိုရင်တော့လည်း ကျန်တဲ့နေရာတော့ သိပ်လုပ်စရာအကြောင်းမရှိပါဘူး၊ ကျနော်တို့ SNLD အနေနဲ့ ဟိုမှာ ဒီမှာ လုပ်မယ်ဆိုပြီးတော့ တောင်းဆိုထားတာမရှိပါဘူး၊ တကယ်တမ်းက ငြိမ်းချမ်းရေး Process အရဆိုရင် တောင်းဆိုစရာလည်း မလိုပါဘူး၊ ကျနော်တို့က ဒီနေရာ ဒီနေရာ လုပ်ချင်တယ်ဆိုရင် သက်ဆိုင်ရာ ကြီးကြပ်ရေးမှူး ကော်မတီတွေနဲ့ပဲ ညှိနှိုင်းပြီးတော့ပဲ လုပ်ရမယ့် သဘောပဲရှိပါတယ်၊ ဘယ်သူ့ရဲ့ ခွင့်ပြုချက်မှ တောင်းစရာမလိုပါဘူး၊ ဒါကျနော် နားလည်ထားတဲ့ လုပ်ငန်းလမ်းညွှန်ပေါ့"

ရှမ်းတိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ရှမ်းလူငယ်တွေပါဝင်တဲ့ Committee for Shan State Unity (CSSU) သျှမ်းပြည်ညီညွတ်ရေး ကော်မတီက ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဦးဆောင်ကျင်းပနေတာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ ရှမ်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့လည်း ပါဝင်ပါတယ်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ ခွင့်ပြုထားပြီးဖြစ်ပေမယ့် အစိုးရဘက်က တောင်ကြီးမြို့မှာ ကျင်းပခွင့်မပြုဘဲ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နယ်မြေမှာသာ ကျင်းပခွင့်ပြုထားတာ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပရာမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်တဲ့ ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဘားအံမြို့မှာ ကျင်းပခွင့်ပြုခဲ့ပေမယ့် ကျန်တဲ့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကိုတော့ သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ မြို့ကြီးတွေမှာ ကျင်းပခွင့် မပြုသေးတာကို တွေ့ရပါတယ်။

ပအိုဝ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အစက တောင်ကြီးမြို့မှာ ကျင်းပဖို့ ကြိုးစားခဲ့ပေမယ့် ဟိုပုန်းမြို့မှာသာ ကျင်းပခွင့်ပြုခဲ့သလို ချင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုလည်း ဟားခါးမြို့မှာ ခွင့်မပြုတဲ့အတွက် ထန်တလန်မြို့မှာသာ ကျင်းပခဲ့ရပါတယ်။

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် မတ်လထဲမှာ ကျင်းပမှာဖြစ်ပြီး အဲဒီညီလာခံ မတိုင်မီမှာ လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေတာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းဆဲ အခြေအနေဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မုံရွာတွင် မြန်မာကျပ်ငွေစက္ကူအစစ် ၁၅သိန်းကျော် လမ်းပေါ်မှာ စွန့် ပစ်ခဲ့

$
0
0

မုံရွာကန်သာယာပတ်လမ်းတွင် ကျပ်တစ်သောင်းနှင့် ငါးထောင်တန်များ လာရောက်စွန့်ပစ်ပုံထားမှု ဖေဖော်ဝါရီ ၂၂ရက် မွန်းလွဲပိုင်းကဖြစ်ပွား
မုံရွာမြို့ အောင်ချမ်းသာရပ် ရွှေတောင်တန်းဟိုတယ် အရှေ့ဖက်ကန်သာယာပတ် ကားလမ်းပေါ်ရှိကုက္ကိုပင်ခြေရင်းတွင် ကျပ်တစ်သောင်းတန်နှင် ကျပ်ငါးထောင်တန်များကို အမျိုးသမီးနှစ်ဦးက Super Cub အစိမ်းရောင်ဖြင့် လာရောက် စွန့်ပစ်ခဲ့မှု ဖေဖော်ဝါရီ၂၂ရက်မွန်းလွဲ ၁နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့မရဲစခန်းတာဝန်ရှိသူထံမှသိရသည်။

 စွန့်ပစ်ထားသော ငွေစက္ကူများကို ကောက်ယူခဲ့သူများအနက် အောင်ချမ်းသာရပ်နှင့် အင်းရွာသစ်ရပ်နေ အမျိုးသမီး သုံးဦးက ဖေဖော်ဝါရီ ၂၂ရက်ည ၇ နာရီခွဲခန့်တွင် မုံရွာမြို့မရဲစခန်း ဒုတိယစခန်းမှုးဒုရဲမှုးတင်ယုထံ လာရောက်အပ်နှံခဲ့ရာ သက်သေများရှေ့တွင် သိမ်းဆည်းခါ ရဲစခန်းတွင်ခေတ္တသိမ်းဆည်းထားကြောင်း သိရသည်။

 ကောက်ယူရရှိသူသုံးဦးထံမှ ကျပ်တစ်သောင်းတန်ငွေစက္ကူ၁၂၉ရွက်နှင့် ကျပ်၅ထောင်တန်၄၃ရွက်စုစုပါင်း ကျပ်၁၅သိန်း၅ထောင်အား သိမ်းဆည်းရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါငွေစက္ကူ များသည်အစစ်များဟုတ်မဟုတ် ကိုတာဝန်ရှိသူများက စစ်ဆေးရာ မြန်မာကျပ်ငွေစက္ကူအစစ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး အခြားသူများကောက်ယူရရှိမှုရှိမရှိနှင့် ထိုသို့လာရောက်စုပုံရသည့်အကြောင်းရင်းကို ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 အောင်ချမ်းသာရပ်ကန်သာယာ ပတ်လမ်းပေါ်ငွေစက္ကူများ လွင့်ပျံနေ၍ လမ်းသွားလမ်းလာများလုယက်ကောက်ယူနေကြောင်း အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှုးက သတင်းပေးချက်အရမုံရွာမြို့မရဲစခန်းမှုစဒုရဲမှုးတင်ယု တာဝန်မှုးလှိုင်ဘွားကိုကိုနှင့် အုပ်ချုပ်ရေးမှုးဦးမြင့်စိုးတို့ သွားရောက်စုံစမ်းရာ ပိုက်ဆံပုံချထားခဲ့သောနေရာအနီးရှိ ကွမ်းယာဆိုင်မှ ကွမ်းယာရောင်းသူသည် မွန်းလွဲ၁နာရီခွဲခန့်က လူမြင်လျင်မမှတ်မိ သည့် အမျိုးသမီး၂ဦး Super Cub90ဖြင့် ရောက်လာပြီး အမှိုက်စွန့်ပစ်သွားခဲ့ကြောင်းသိရသည်။

စွန့်ပစ်ပြီး၁၀မိနစ်ခန့်အကွာ လေတိုက်၍ စွန့်ပစ်သည့်နေရာမှ ကျပ်တစ်သောင်းတန်နှင့် ၅ထောင်တန်များ လမ်းပေါ်လွင့်သည်ကို ခရီးသွားလမ်းသွားလမ်းလာများနှင့်အတူ တွေ့ရှိကောက်ယူရရှိခဲ့ခြင်းဖြစ်ပြီး ကောက်ယူရရှိသူများအနက် အမျိုးသမီးနှစ်ဦးကို မှတ်မိကြောင်း ကွမ်းယာရောင်းသူထံမှသိခဲ့ရကြောင်း မုံရွာမြို့မရဲစခန်းတာဝန်ရှိသူထံမှသိရသည်။

 လာရောက်အပ်နှံသော ငွေစက္ကူများတွင် လက်ရေးဖြင့် ရေးထားသော 111116 3 rd muster Dr Armyစာတမ်းပါကျပ်တစ်သောင်းတန်များ 2210106 4thwon Armyစာတမ်းပါကျပ်တစ်သောင်းတန်များ16115 Minhyuleus Armyစာတမ်းပါတစ်သောင်းတန်များ BSTစာတမ်းပါ၅ထောင်တန်များ161116Minhyuk 2vut Armyစာတမ်းပါကျပ်တစ်သောင်းတန်များ131113 3rdmuster DrArmyစာတမ်းပါကျပ်တစ်သောင်းတန်စသည်များ ပါဝင်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

အစိုးရငွေနဲ့ ဘုရားကျောင်းကို ရွှေထည်တွေလှူသူ

$
0
0


အငြင်းပွားဖွယ်ကိစ္စတွေ မကြာမကြာလုပ်တတ်သူ ပြည်နယ်ဝန်ကြီးချုပ် ရောင်း
အိန္ဒိယနိုင်ငံက ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ အစိုးရငွေ ဒေါ်လာ ၇ သိန်းကျော်ကိုသုံးပြီး ရွှေထည်ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အဆင့်မြင့် နိုင်ငံရေးသမားကြီးတစ်ဦးကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

တလန် ဂါနာပြည်နယ်ဆိုပြီး အိန္ဒိယပြည်နယ်သစ်တစ်ခု ပေါ်ထွက်လာခဲ့တာ အတွက် ဖန်တီးပေးတဲ့ ဘုရားတွေကို ကျေးဇူးတင်တဲ့ အနေနဲ့ ထင်ရှားကျော်ကြားတဲ့ ဟိန္ဒူဘုရားကျောင်းမှာ ရွှေလည်ဆွဲကြီးတွေ ၊ ရွှေပန်းကုံးတွေ၊ နှာခေါင်းမှာ ဆင်တဲ့ ရွှေထည်တွေကို အဲဒီပြည်နယ်ဝန်ကြီးချုပ် ချန်ဒရာရှက်ကာရောင်း က လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဒါဟာ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးတာလို့ အတိုက်အခံနိုင်ငံရေးသမားတွေ ပြောကြပါတယ်။

မစ္စတာရောင်းဟာ ကျည်ကာရေချိုးခန်းတွေ၊ ရုပ်ရှင်ပြခန်းတွေ ပါတဲ့ ကြီးကျယ်ခန်းနားတဲ့ အိမ်သစ်ကြီးကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မိုဆူးလ်လေဆိပ်ကို အီရတ်တပ်တွေ သိမ်းနိုင်

$
0
0


 အိုင်အက်စ်တွေရဲ့ နောက်ဆုံးခံစစ်မြို့ကို ဖြိုနိုင်ဖို့ စစ်ဆင်ရေးတွေ စတင်
အီရတ်တပ်ဖွဲ့တွေဟာ မိုဆူးလ်မြို့ အနောက်ဘက်ခြမ်းကို ထိန်းချုပ်ထားတဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ထုတ်ရေးမှာ အဓိကကျတဲ့ မိုဆူးလ်လေဆိပ်ကို သိမ်းပိုက်ခဲ့ကြပါပြီ။

အီရတ်တပ်ဖွဲ့တွေရဲ့ အပြောအရ အိုင်အက်စ်တွေဟာ လေဆိပ်အလွန် သူတို့ ထိန်းချုပ်ထားဆဲဖြစ်တဲ့ နေရာတွေကနေ မော်တာတွေနဲ့ ဆက်ပြီး တိုက်ခိုက်နေတယ်လို့ အဲဒီမှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ညက အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ထိုးစစ်တွေ စခဲ့ပြီး မြေပြင်တပ်ဖွဲ့တွေက အမြောက်တွေ တင့်ကားတွေနဲ့ လေဆိပ်နယ်မြေကို နာရီပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အီရတ်တပ်ဖွဲ့တွေဟာ အခုတော့ လေဆိပ်နားက အိုင်အက်စ်တွေရဲ့ စခန်းကြီးကို တိုက်ခိုက်နေကြပါတယ်။

အီရတ်တပ်ဖွဲ့ ဟာ အခုတော့ အိုင်အက်စ်တွေ တုံ့ပြန် တိုက်ခိုက်လာနိုင်တယ်လို့ ယူဆရတဲ့ မိုဆူးလ်မြို့ အနောက်တောင်ဘက် လူနေထူထပ်တဲ့ ဆင်ခြေဖုံးနေရာတွေနဲ့ အနီးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကချင်ပြည်နယ်မှာ ဧရာဝတီမြစ်ရေ ၇ ပေလောက် မြင့်တက်

$
0
0


မြစ်ကြီးနားမြို့ အရှေ့ဘက် တာရိုးကနေ ဧရာဝတီမြစ်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေ ၆ နာရီမှာ တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
မြန်မာနိုင်ငံမြောက်ဖျား ပူတာအို၊ မချမ်းဘော စတဲ့ဒေသတွေဘက်မှာ အခုရက်ပိုင်းအတွင်း မိုးကြီးနေလို့ မြစ်ကြီနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီကနေ့ ညနေပိုင်းမှာ ၇ ပေလောက် မြင့်တက်လာတာကြောင့် မြစ်ကြောင်းအတွင်း သတိပြုသွားလာလုပ်ကိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက် မြစ်ရေ ရုတ်တရက် မြင့်တက်လာနိုင်တဲ့အတွက် သဲသောင်ခုံတွေပေါ်မှာ စိုက်ပျိုးလုပ်ကိုင်နေသူတွေနဲ့ လှေ၊ သင်္ဘောတွေ သတိပြုသွားလာကြဖို့ ကချင်ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာမှူး ဦးတင်ထိုက်က ပြောပါတယ်။

ပူတာအို နဲ့ မချမ်းဘော့ မြို့တွေမှာ အခုရက်ပိုင်းအတွင်း မိုးရေချိန် ၁ လက်မ ကျော်နဲ့ မြစ်ကြီးနားမြို့မှာ ၀.၅၁ လက်မရွာသွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ ရက်နေ့ညက မြစ်ကြီးနားမြို့မှာ အချိန်အခါမဟုတ် မိုးသီးကြွေ၊ လေပြင်းတိုက်ပြီး မိုးရွာသွန်းခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာ ဒီကနေ့ညနေပိုင်း တက်လာတဲ့ ဧရာဝတီမြစ်ရေဟာ ဗန်မော်၊ ရွှေကူ၊ ကသာ၊ စစ်ကိုင်း၊ မန္တလေး စတဲ့မြို့တွေဘက်ကို နောက်ပိုင်းရက်တွေမှာ ရောက်ရှိမှာဖြစ်တဲ့အတွက် မြစ်ကြောင်းအတွင်း သွားလာလုပ်ကိုင်နေကြသူတွေ သတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဒီကနေ့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကလေးစစ်သားတားမြစ်မှု ပဲရစ်ကျင့်ဝတ် မြန်မာလက်မှတ်ထိုး

$
0
0

ကလေးစစ်သားအသုံးပြုမှုကို တင်တင်းကြပ်ကြပ်တားမြစ်ထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပဲရစ်ဂတိက၀တ်နဲ့ကျင့်ဝတ်သဘောတူညီချက်ကို မြန်မာနိုင်ငံက လက်မှတ်ထိုးလိုက်ပါပြီ။ အစိုးရရဲ့လုပ်ဆောင်ချက်အပေါ်မှာ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပြီး၊ ကလေးစစ်သားအသုံးပြုမှုတွေအပေါ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ အစိုးရမှာ ပိုပြီး တာဝန်ရှိလာတယ်လို့ ထောက်ပြကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်စုံစမ်းမေးမြန်ပြီး သတင်းပေးပို့ထားပါတယ်။

ပဲရစ်ကတိက၀တ်နဲ့ ကျင့်ဝတ်တွေ စတင်အတည်ပြုတဲ့ ၁၀နှစ်ပြည့်ညီလာခံကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဒီလ ၂၁ရက်နေ့က ကျင်းပခဲ့ပြီး ဒီညီလာခံကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာဝင်းမြတ်အေးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ဒီညီလာခံ တက်ရောက်စဉ်မှာ ပြည်ထောင်စုဝန်ကြီးက ကလေးစစ်သားပပျောက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ပြီး မြန်မာနိုင်ငံက ဆောင်ရွက်နေမှုတွေကို ရှင်းလင်းခဲ့သလို ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဲရစ်ကတိက၀တ်နဲ့ ကျင့်ဝတ်အပေါ် မြန်မာပြည်က သဘောတူအတည်ပြုကြောင်းလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

အခုလို လက်မှတ်ရေးထိုးလိုက်တဲ့အပေါ် မြန်မာနိုင်ငံက လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်တဲ့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ကြိုဆိုကြောင်း ပြောဆိုပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

“စိတ်ရင်းစေတနာအမှန်ကို ပြသခြင်းအနေနဲ့ လက်မှတ်ရေးထိုးတာကိုတော့ ကျနော်ကြိုဆိုပါတယ်။ ဒီလောက်နဲ့ မဟုတ်ပဲနဲ့ အမှန်တကယ် အကောင်အထည်ဖော်ပါလို့လည်း တိုက်တွန်းချင်ပါတယ်။”

Paris Principle ခေါ် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဲရစ်ကတိက၀တ်နဲ့ ကျင့်ဝတ် နဲ့ပတ်သက်ပြီး အဓိက တာဝန်ရှိမှုအပိုင်းကို ဦးအောင်မျိုးမင်းက အခုလို ရှင်းလင်းပြောဆိုပါတယ်။

“အဓိကတော့ ကလေးစစ်သားအသုံးပြုမှုကို တပ်မတော်အတွင်းမှာ လုံးဝမရှိအောင်လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုနေရာမျိုးမှာ လက်နက်ကိုင်တပ်ဖွဲ့တွေအတွင်းမှာလည်း ကလေးစစ်သားတွေ ပပြောက်ဖို့အတွက် အစိုးရဘက်က လိုအပ်သလို တင်ပြပြောဆိုမှုတွေ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက ကလေးစစ်သားတွေအားလုံးကို တပ်ကနေ ပြန်လည်ပြောင်းရွှေ့နိုင်ဖို့ မိခင်နေရပ်ရင်းကို ပြန်လည်ရောက်ရှိဖို့အတွက် အစီအစဉ်တွေကို ရေးဆွဲပေးတာ၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာကိုလည်း တာဝန်ယူပေးရပါမယ်။ နောက်ထပ်တခုကတော့ ကလေးစစ်သားအသုံးပြုနေတဲ့လူတွေကို ထိရောက်စွာအရေးယူတာတွေ၊ ကလေးစစ်သားနဲ့ ပတ်သက်ပြီးတော့ အသုံးပြုမူကို သူတို့အမြင်တွေပြောင်းလာဖို့အတွက် အသိပညာပေးတဲ့ကိစ္စတွေ မဖြစ်မနေ လုပ်ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။”

Paris Principle ကိုလက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ ကုလသမဂ္ဂရဲ့ ကလေးအခွင့်အရေးဆိုင်ရာစာချုပ် CRC ရဲ့ နောက်ဆက်တွဲစာချုပ်ကို ပဏာမ လက်မှတ် ရေးထိုးရုံသာမက သဘောတူ အတည်ပြုဖို့ လိုအပ်လာကြောင်းလည်း ထောက်ပြပါတယ်။

“ကုလသမဂ္ဂရဲ့ ကလေးအခွင့်အရေးဆိုင်ရာစာချုပ်ရဲ့ နောက်ဆက်တွဲမှာ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာရှိတဲ့ ကလေးများကို ကာကွယ်ပေးရမယ်ဆိုတဲ့ နောက်ဆက်တွဲစာချုပ်တခုရှိပါတယ်။ အဲဒီစာချုပ်ကို မြန်မာနိုင်ငံက ပဏာမ လက်မှတ် sign လုပ်ထားပြီးသားဖြစ်ပါတယ်။ အမှန်တော့ အတူတူပါပဲခင်ဗျ။ နီးစပ်မှုတွေအများကြီးရှိပါတယ်။ဒါပေမယ့် ဟိုဟာကတော့ ကုလသမဂ္ဂအောက်မှာရှိပြီး လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေအားလုံးကနေ လေးစားရမယ်။ အဲဒီတော့ ဒီ Paris Principle ကတော့ ဥပဒေအရ ချုပ်နှောင်မှုတွေမကပဲနဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွေ ပိုမိုလုပ်ဆောင်ရမယ်ဆိုတဲ့အချက်တွေ ပါဝင်တာ ထူးခြားချက်တခုဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံက ပထမစာချုပ် ကုလသမဂ္ဂရဲ့CRC စာချုပ်ကို အတည်ပြုပြဌာန်းမှာမဟုတ်ပဲနဲ့ ၊ ပဏမပဲ လက်မှတ်ထိုးထားတာနဲ့ မလုံလောက်တော့ပါဘူး။ Paris Principle ကိုလက်မှတ်ရေးထိုးတဲ့အတွက်ကြောင့် CRC ရဲ့နောက်ဆက်တွဲစာချုပ်ကိုလည်း အမြန်ဆုံး အတည်ပြုလက်မှတ်ရေးထိုးဖို့၊ Ratification လုပ်ဖို့ လိုအပ်နေပါပြီ။”

Paris Principle ခေါ် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဲရစ်ကတိက၀တ်နဲ့ ကျင့်ဝတ် ဟာ လက်နက်ကိုင်ပဋိပက္ခအတွင်းရှိ ကလေးသူငယ်များကာကွယ်ရေး နဲ့ ကလေးစစ်သားအသုံးပြုမှုကို ကာကွယ်တားဆီးပြီး ပြန်လည်နေရာချထားရေး၊ ပြန်လည်ပြုစုပျိုးထောင်ရေးကို အဓိက ဆောင်ရွက်ဖို့ ရေးဆွဲထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကုလသမဂ္ဂရဲ့ ကလေးစစ်သားပပျောက်ရေးဆိုင်ရာစာချုပ်ကို ၂၀၁၂ခုနှစ်မှာ လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ မြန်မာတပ်မတော်အတွင်းက ကလေးစစ်သား ၈၀၀ကျော် ကို ပြည်လည်လွှတ်ပေးခဲ့သလို ကလေးစစ်သားစုဆောင်းသူအရာရှိ ၈၀ကျော်နဲ့ ၄၀၀ကျော်ကိုလည်း အရေးယူတာတွေ ရှိခဲ့ပါတယ်။

ကလေးသူငယ်တွေ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်ပါဝင်မှုကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့ ဒီ ပဲရစ်ဂတိက၀တ်နဲ့ ကျင့်ဝတ်သဘောတူညီချက်ကို မြန်မာအစိုးရက လက်မှတ်ရေးထိုးလိုက်တဲ့အပေါ် UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ကလည်း ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ကြေညာခဲ့ပြီး၊ ကလေးစစ်သားအသုံးပြုမှုတားဆီးရေးအတွက် ပိုပြီး သေချာတဲ့ ဆောင်ရွက်ချက်တရပ်ဖြစ်တယ်လို့ မြန်မာအစိုးရကို ချီးကျူးခဲ့ပါတယ်။

ဒါ့အပြင် ဒီအဆင့်မှာတင်မရပ်ပဲ ကလေးစစ်သားစုဆောင်းအသုံးပြုမှုတွေကို ထိထိရောက်ရောက်အရေးယူကိုင်တွယ်နိုင်ဖို့ မြန်မာနိုင်ငံကလေးသူငယ်များဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲဖို့နဲ့ ကုလသမဂ္ဂ ကလေးအခွင့်အရေးသဘောတူညီချက်ဆိုင်ရာ နောက်ဆက်တွဲစာချုပ်စာတမ်းကိုပါ လက်မှတ်ထိုးဖို့ တိုက်တွန်းထားပါတယ်။

ကိုမိုးဇော်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

၁ နှစ်ခွဲစာ ငြိမ်းချမ်းရေး ရန်ပုံငွေတွေ ချပေး

$
0
0


ငြိမ်းချမ်းရေလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding-JCB) ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့က နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာကျင်းပစဉ်။ Photo: Myanmar State Counsellor Office
အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သုံးစွဲဖို့ တစ်နှစ်ခွဲစာ အမေရိကန်ဒေါ်လာ ၂.၅သန်း (၂သန်းခွဲ) သုံးစွဲဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင် ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ဒီကနေ့ အတည်ပြုပေးလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော် NRPC ရုံးမှာကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးမှာ အတည်ပြုလိုက်တာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

''ကျနော်တို့ရဲ့ လက်မှတ်ထိုး ၈ ဖွဲ့က တင်ပြတယ် ဘယ်လောက်လိုလဲပေါ့၊ NRPC ကလည်း တာဝန်ရှိတဲ့ သူက သူတို့ဘယ်လောက်လိုလဲဆိုတာ တင်ပြတယ်၊ အဲဒီတင်ပြတဲ့အပေါ်မှာပဲ အတည်ပြု ပေးလိုက်တာပေါ့၊ အဲဒီလိုအတည်ပြုလိုက်တာက အလှူရှင်တွေဖက်က ခွင့်ပြုပြီးသားဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ ဆက်လက်လုပ်သွားနိုင်တာပေါ့၊ ငွေကရှိပြီးသားပေါ့၊ တင်ပြတဲ့ဟာက နိုင်ငံတော်ကရော အလှူရှင်တွေ ကရော စိုက်ထုတ်ပေးကြတာပေါ့''

ဒါ့အပြင် အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အတွက်ကိုလည်း ဒေါ်လာ (၄) သန်း၊ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့တွေ အတွက် ဒေါ်လာ (၆) သန်း သုံးစွဲဖို့ဆိုပြီး ဘက်ဂျက်တွေ အသီးသီး ချထားပေးလိုက်ပါတယ်။

ဒီကနေ့အစည်းအဝေးကို အစိုးရဖက်ကငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ၊ အပစ်ရပ်လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် အပစ်ရပ်လက်မှတ်မရေးထိုးရသေးတဲ့ UNFC က ကိုယ်စားလှယ် ၃ ဦး၊ ဝ နဲ့ မိုင်းလားအဖွဲ့တွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်ဘက်က ကိုယ်စားလှယ် ၈ ဦး၊ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေဘက်က ၄ ဦး၊ NCA စာချုပ် လက်မှတ်မထိုးထားတဲ့ UNFC အဖွဲ့က ၂ ဦးနဲ့ ၀ နဲ့ မိုင်းလားအဖွဲ့က ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၁၆ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မြောက်ကိုးရီးယား နိုင်ငံ က ၄င်းတို့ နိုင်ငံသား မလေးရှား နိုင်ငံ တွင်သေဆုံးခဲ့ခြင်း နှင့် ပတ်သက်၍ မလေးရှား နိုင်ငံ သို့ စုံစမ်းရေး အဖွဲ့ စေလွှတ်

$
0
0

မလေးရှား နိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် အမှတ် ၂ ဂိတ်ပေါက် တွင် ရဲဝန်ထမ်း များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)
    ပြုံယမ်း ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

    မြောက်ကိုးရီးယား နိုင်ငံ KNCA သတင်းဌာန က သံတမန်ရေးရာ ဆိုင်ရာ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသည့် မြောက်ကိုးရီးယား နိုင်ငံ သား တစ်ဦး မလေးရှား တွင် သေဆုံး ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံ အနေဖြင့် ဥပဒေရေးရာ ကိုယ်စားလှယ် အဖွဲ့ကို မလေးရှား နိုင်ငံ သို့စေလွှတ်ကာ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ရန် စီစဉ်နေကြောင်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့၌ ဖော်ပြ ခဲ့သည်။ ဤသည်မှာလည်း ယင်းအမှု ဖြစ်ပွား ပြီးနောက်တွင် မြောက်ကိုးရီးယား နိုင်ငံ မီဒီယာ မှ ပထမ ဦးဆုံး ဖော်ပြ ခဲ့သည့် သတင်း ဖြစ်ခဲ့သည်။

ထုတ်ပြန်ခဲ့သည့် သတင်း တွင် မြောက်ကိုးရီးယား နိုင်ငံ ဥပဒေရေးရာ ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ယင်းကိစ္စရပ် နှင့် ပတ်သက်၍ ပြောကြားရာတွင် မလေးရှားနိုင်ငံ သည် မြောက်ကိုးရီးယား နိုင်ငံ မှ အပြည်ပြည်ဆိုင်ရာ ဥပဒေ အရ တောင်းဆိုမှု များ ဆောင်ရွက်ခဲ့ခြင်းကို မျက်ကွယ်ပြုခဲ့ပြီး မြောက်ကိုးရီးယား နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူများ မရှိသည့် အခြေအနေအောက်တွင် သေဆုံးသူ ၏ ရုပ်အလောင်းကို အတင်းအကြပ် ခွဲစိတ် စစ်ဆေးမှု များကိုဆောင်ရွက် ခဲ့ပြီး ဒုတိယ အကြိမ် ခွဲစိတ် စစ်ဆေးမှု ထပ်မံ ဆောင်ရွက်သွားမည် ကိုလည်း ကြေညာ ခဲ့ကြောင်း ၊ ယင်းကဲ့သို့သော ဆောင်ရွက်မှုမျိုးသည် မြောက်ကိုးရီးယား နိုင်ငံ အချုပ်အခြာအာဏာ ကို ကျူးလွန်သည်မှာ ထင်ရှားသည့် အပြင် လူ့ကျင့်ဝတ်နှင့်လည်း မကိုက်ညီကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပြောရေးဆိုခွင့်ရှိသူ အနေဖြင့် မလေးရှား နိုင်ငံ ၏ လုပ်ဆောင်မှုများကို ဝေဖန်မှုများစွာ ပြုလုပ် ခဲ့ပြီး စစ်ဆေးမှု တွင်လည်း မှားယွင်းစွာဆောင်ရွက်မှုများစွာရှိကြောင်း ၊ မလေးရှား နိုင်ငံ အနေဖြင့် ယခု ဖြစ်ပွားခဲ့သည့် အမှု ကို တောင်ကိုးရီးယား နိုင်ငံ ရှိ မြောက်ကိုးရီးယား ဆန့်ကျင်ရေး သမားများ နှင့် ပူးပေါင်းက ပြစ်မှုကျူးလွန်သူ ကို မြောက်ကိုးရီးယား မှ ဖြစ်သည်ဟု ထင်ယောင်ထင်မှား ဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း ၊ မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် မလေးရှား နိုင်ငံ မှ ဆောင်ရွက်မှု များကို အနီးကပ် စောင့်ကြည့် လေ့လာနေကြောင်း ပြောကြား ခဲ့သည်။

မလေးရှား နိုင်ငံ ရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ က သေဆုံးခဲ့သည့် မြောက်ကိုးရီးယား နိုင်ငံသား နှင့် ပတ်သက်၍ သတင်းစားရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မှုခင်း နှင့် ပတ်သက်၍ သံသယ ရှိသူ နှစ်ဦး၏ စာရင်းကို ထုတ်ပြန်ပြောကြား ခဲ့သည်။ ထိုသံသယ ရှိသူ ၂ ဦးအနက် တစ်ဦး မှာ မလေးရှား နိုင်ငံ ဆိုင်ရာ မြောက်ကိုးရီးယား သံရုံး မှ လက်ထောက်အတွင်းရေးမှူး အဆင့်ရှိသူ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မလေးရှား နိုင်ငံ ၏ ထုတ်ပြန်ခဲ့သည့် သတင်းများ အရ ဖေဖော်ဝါရီ ၁၃ ရက်နေ့ က မြောက်ကိုးရီးယား နိုင်ငံ သား တစ်ဦး သည် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် အမှတ် ၂ ဂိတ်ပေါက် တွင် ဆေးဝါးကုသပေးရန် ကူညီမှု တောင်းခံခဲ့ပြီး ဆေးရုံသို့ပို့ဆောင်နေစဉ် အတွင်း သေဆုံးခဲ့ကြောင်း ၊ မလေးရှား နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဇာဟစ် ကလည်း ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် သေဆုံးခဲ့သည့် အမျိုးသား မှာ မြောက်ကိုးရီးယား ခေါင်းဆောင် Kim Jong-un ၏ အကိုဖြစ်သူ Kim Jong-nam ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သော်လည်း မြောက်ကိုးရီးယား နိုင်ငံ သံရုံးက ချက်ခြင်း ငြင်းဆိုမှု ပြုလုပ်ခဲ့သည်။

မလေးရှား နိုင်ငံ ဆိုင်ရာ မြောက်ကိုးရီးယား နိုင်ငံ သံရုံးက ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ မလေးရှား နိုင်ငံ ၏ စုံစမ်းစစ်ဆေးမှု များ၏ နောက်ကွယ်တွင် စေခိုင်းသူရှိနေပြီး ယခု ဆောင်ရွက်မှုများအားလုံး သည် နိုင်ငံရေး အရ ကြံစည်မှုများ ရှိနေကြောင်း နှင့် မလေးရှား နိုင်ငံ ၏ စစ်ဆေးမှု များအပေါ် ယုံကြည်မှု မရှိကြောင်း ထုတ်ပြန် ခဲ့သည်။ မလေရှား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မှလည်း မလေးရှား နိုင်ငံ အား အခြားပြည်ပ နိုင်ငံ အစိုးရများနှင့် ပူးပေါင်း ကြံစည်ကြောင်း ပြောဆိုမှုများသည် မလေးရှား နိုင်ငံ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ကို ဆိုးရွားစွာ ထိခိုက်စေခြင်း ဖြစ်ကြောင်း ပြောကြားပြီး မြောက်ကိုးရီးယား နိုင်ငံ ဆိုင်ရာ မလေးရှား နိုင်ငံ သံအမတ်ကြီး ကိုလည်း မြောက်ကိုးရီးယား နိုင်ငံ မှ ပြန်လည် ခေါ်ယူ ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

အမျိုးသား ၂ ဦးကို ဦးကိုနီအမှုနှင့် ဆက်စပ်ပြီး တာမွေမြို.တွင် ဖမ်းဆီးခဲ့

$
0
0


ပုံစာ။ တပ်မတော် ထောက်လှမ်းရေးဗိုလ်ကြီးဟောင်း ဦးဇေယျာဖြိုးအား ရန်ကုန် အင်းစိန်မြို.နယ်ရှိ အမျိုးဘာသာ သာသနာစောင့်ရှောက်အဖွဲ.ဥက္ကဌ ဆရာတော်ဦးတိလောကဘိဝံသနှင့် သီတဂူဆရာတော် အရှင်ဥာဏိဿရတို့ ၂၀၁၅ ခုနှစ်ခန့်က တွေ့ဆုံပွဲဓာတ်ပုံမှတ်တမ်းတွင်တွေ့ရစဉ်။
ရန်ကုန် (Myanmar Now)--အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်း၍ အမျိုးသားနှစ်ဦးကို ရန်ကုန်တိုင်း တာမွေမြို.တွင် လွန်ခဲ့သည့် ရက်သတ္တပတ်ကျော်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

တာမွေမြို.နယ်ရှိ တာမွေလေးရပ်ကွက်တွင် ဦးဇေယျာဖြိုး ဆိုသူအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လည်းကောင်း၊ ဦးတင်ထွန်းအောင်ဆိုသူအား ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တာမွေမြို.နယ် မာန်အောင်ရပ်ကွက်တွင် လည်းကောင်း ရဲတပ်ဖွဲ.ကဖမ်းဆီးခဲ့ကြောင်း တာမွေမြို.နယ် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောကြားသည်။

ဦးဇေယျာဖြိုးကို ဖမ်းဆီးခဲ့ရာတွင် ၀န်ထမ်းသက်သေခံကဒ် သုံး၊ လေးကဒ် တွေ.ရှိခဲ့ပြီး၊ ဦးတင်ထွန်းအောင်ကို ဖမ်းဆီးခဲ့ရာတွင် တပ်မတော် ထောက်လှမ်းရေးအကူတပ်အဖွဲ.၀င် ကဒ်ပြားတွေ.ရှိခဲ့သည်ဟု သိရကြောင်း ဦးလှသိန်းက Myanmar Now ကိုပြောကြားသည်။

“သူတို့တွေက ဒီဒေသခံမဟုတ်ဘူး။ ဒီမှာလာပြီး ပုန်းအောင်းနေတာလို့သိရတယ်” ဟု ဦးလှသိန်းကဆိုသည်။

၁၉၇၄တွင် မွေးဖွားခဲ့သော ရန်ကုန်မြို.ဇာတိ ဦးဇေယျာဖြိုးသည် စစ်တက္ကသိုလ်အမှတ်စဉ် ၃၈ ဆင်းဖြစ်ပြီး၊ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်ဦးဆောင်သော တပ်မတော်ဗဟိုထောက်လှမ်းရေးတပ်ဖျက်သိမ်းမခံရခင် ၂၀၀၄ခုနှစ် အောက်တိုဘာလထိ ဗိုလ်ကြီးအဆင့် ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်ဟု သူနှင့်နီးစပ်သူစစ်ဖက်အသိုင်းအ၀ိုင်းက Myanmar Now ကိုပြောဆိုသည်။

“(အခြားထောက်လှမ်းရေးအဖွဲ.၀င်တွေလို) သူကထောင်တွေဘာတွေမကျဘူး။သူ ထောက်လှမ်းရေးက ထွက်ရပြီးနောက်ပိုင်း စီးပွားရေးကုမ္ဗဏီတွေ အများကြီးလုပ်နေတာ” ဟု သူနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ရန်ကုန် အင်းစိန်မြို.နယ်ရှိ အမျိုးဘာသာ သာသနာစောင့်ရှောက်အဖွဲ.ဥက္ကဌ ဆရာတော်ဦးတိလောကဘိဝံသနှင့် သီတဂူဆရာတော် အရှင်ဥာဏိဿရတို့ ၂၀၁၅ ခုနှစ်ခန့်က တွေ့ဆုံပွဲကိုရိုက်ကူးခဲ့သော ဓာတ်ပုံထဲတွင်ပါရှိသူ လူလတ်ပိုင်းအမျိုးသားတစ်ဦးအား ဦးဇေယျာဖြိုးဆိုသူဟု လူမှုကွန်ယက်တွင် ပြောဆိုနေမှုများရှိရာ ထိုအချက်မှာ မှန်ကန်ကြောင်း ၄င်းနှင့်ရင်းနှီးသိကျွမ်းသူများက အတည်ပြုပြောဆိုသည်။

ဦးဇေယျာဖြိုးဖမ်းဆီးခံရမှုသတင်းကို ပြည်တွင်းထုတ် ၇န်ကုန်အခြေစိုက် Speaker ဂျာနယ်က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကနဦးရေးသားခဲ့ခြင်းဖြစ်သည်။

၎င်းဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များကို မေးမြန်းရာ
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တိကျသည့်ဖြေကြားမှုမပြုလုပ်ဘဲ မကြာခင် သတင်းထုတ်ပြန်မှု ပြုလုပ်မည်ဟု သာဆိုသည်။

ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အနီးကပ် သေနတ်ပစ်လုပ်ကြံသတ်ဖြတ်ခံရသော ဦးကိုနီအမှုနှင့်ဆက်စပ်၍ ဦးကြည်လင်းနှင့် ဦးအောင်ဝင်းဇော်ဆိုသူအား ဖမ်းဆီးထားကြောင်း နှင့် ၄င်းတို့ နှစ်ဦးအား ငွေပေးခိုင်းစေသူ ဦးအောင်ဝင်းဇော်၏ညီ ဒုတိယဗိုလ်မှုးကြီးဟောင်း ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း အစိုးရကထုတ်ပြန်ထားသည်။

ဆွေဝင်း/Myanmar Now
https://www.facebook.com/myanmarnownews/

ဦးကိုနီလုပ်ကြံမှု သံသယတရားခံ ဦးဇေယျာဖြိုး ဖမ်းခံရတဲ့ သတင်း ထွက်ပေါ်

$
0
0


ဦးဇေယျာဖြိုး သင်္ကန်းဝတ်ခဲ့တဲ့ ရန်ကုန်မြို့ ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ရပုံ (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)
ရန်ကုန် (Myanmar Now) - ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်တယ်လို့ ယူဆရသူတစ်ဦးဖြစ်တဲ့ ရန်ကုန်၊ တာမွေမြို့နယ်က ဦးဇေယျာဖြိုး ဖေဖော်ဝါရီ လဆန်းက ဖမ်းဆီးခံရကြောင်း သူသင်္ကန်းစည်းခဲ့တဲ့ ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက် ဆရာတော်က ကြာသပတေးနေ့မှာ မိန့်ပါတယ်။

လဆန်း ၁ ရက်နေ့က အဆိုပါကျောင်းမှာ သင်္ကန်းစည်းတဲ့ တပ်မတော် အရာရှိဟောင်း ဦးဇေယျာဖြိုးဟာ ၃ ရက်နေ့ မနက်ပိုင်းမှာ လူဝတ်လဲသွားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“လူပြန်ထွက်သွားပြီး သူ့အိမ်ပြန်သွားတယ်။ အိမ်ပြန်ပြီးမှ အဖမ်းခံရတာလားတော့ မသိဘူးလေ။ သူ့ကို ဒီမှာလာ ပြောလို့ သူသိပြီး လူထွက်တာနေမှာပေါ့။ အိမ်ခဏပြန်ပြီးမှ သူ့ကို ဟိုခေါ်သွားတာ ဖြစ်ပါလိမ့်မယ်” လို့ ဆရာတော်က မိန့်ကြားပါတယ်။

“အဲ့ဒီအချိန်က ဆရာတော်လည်း ခရီးသွားနေတာ၊ သူလူထွက်တော့ တိုက်အုပ်ကိုယ်တော်က သိက္ခာချပေးလိုက်တာ”

သူတို့မိသားစုက ကျောင်းမှာ အလှူအတန်းလာရောက် လုပ်ကိုင်တတ်သလို အိမ်မှာ အလှူပွဲ ကျင်းပတဲ့အခါမှာ သွားရောက် တရားဟော၊ ဆွမ်းဘုန်းပေးခဲ့တာမျိုး ရှိတယ်လို့ ဆရာတော်ထံက သိရပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်ခန့်က စတင်ရင်းနှီးကြချိန်မှာ ဦးဇေယျာဖြိုးဟာ တပ်မတော်ကနေ နှုတ်ထွက်ပြီးဖြစ်တယ်လို့ ယူဆကြောင်း၊ သင်္ကန်းစည်းတာ ဦးဇေယျာဖြိုး တစ်ဦးတည်း ဖြစ်ပြီး အဲဒီနေ့က ကျောင်းကို မိသားစုနဲ့ဆွေမျိုးသားချင်းများ လာရောက်ကြကြောင်း၊ သူဟာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူလို့ သိရကြောင်း ဆရာတော်က မိန့်ပါတယ်။

“သူတိုက်တွေဘာတွေ ဆောက်တယ်ဆိုတာလောက်ပဲ သိတယ်။ ကျန်တာတော့ ဦးဇင်းတို့လည်း မသိဘူး” လို့ ဆရာတော်က မိန့်ပါတယ်။

“သူ့ကို ဖမ်းသွားပြီး နောက်ပိုင်းလည်း ကျောင်းကို ဘယ်ရဲတွေမှ လာမေးမြန်းကြတာမျိုး မရှိပါဘူး”

ဦးဇေယျာဖြိုးကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ရန်ကုန်၊ တာမွေရဲစခန်းကို ကြာသပတေးနေ့ ညနေပိုင်းက ဆက်သွယ်ရာမှာ တာဝန်မှူးဖြစ်သူ ဒုရဲအုပ်တစ်ဦးက စခန်းအနေနဲ့ ဒီကိစ္စကို မသိရှိကြောင်း၊ ဖမ်းဆီးမှုမှာလည်း တာမွေမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ခြင်း မရှိကြောင်း ပြန်လည်ဖြေကြားပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဆက်သွယ် မေးမြန်းရာမှာတော့ ဦးဇေယျာဖြိုးကို ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး အဖြေ တိတိကျကျ မပေးပေမယ့် မကြာခင် သတင်းထုတ်ပြန်မှု ပြုလုပ်မယ်လို့ ပြောပါတယ်။

“အဲ့ဒီကိစ္စအတွက် ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။ လာမယ့် ၁ ရက်၊ ၂ ရက်အတွင်း သတင်း ထုတ်ပြန်မှာပါ။ အဲ့ဒီလူကို ဖမ်းဆီးထားတာ ဟုတ်သလား၊ မဟုတ်ဘူးလား၊ ပက်သက်သလား၊ မပက်သက်ဘူးလား အားလုံးကို သတင်းမထုတ်ပြန်သေးခင် ကျွန်တော်တို့ ဘာမှပြောလို့မရသေးပါဘူး” လို့ ဦးဇော်ဌေးက ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီ ဇန်နဝါရီလကုန်းပိုင်း ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရမှုကို အာဏာပိုင်တို့က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပေမယ့် တွေ့ရှိချက်တွေကို အဆက်မပြတ် ထုတ်ပြန်ခြင်း မရှိတဲ့အတွက် ဝေဖန်ခံနေရပါတယ်။ ဦးဇေယျာဖြိုး အထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အများပြည်သူက အာဏာပိုင်တို့ရဲ့ ထုတ်ပြန်ချက်ကို စောင့်မျှော်နေကြပါတယ်။

ဦးဇေယျာဖြိုးနဲ့ သူ့မိသားစုဟာ အမှတ် D-8, မင်္ဂလာလမ်း၊ တာမွေလေးရပ်ကွက်မှာ နေထိုင်ကြသူတွေဖြစ်တယ်၊ သူဟာ စစ်သက္ကသိုလ် အပတ်စဉ် ၃၆ ဆင်းသူဖြစ်ပြီး ဗဟိုထောက်လှမ်းရေးတပ် (ဗကထ-ရေကြည်အိုင်) မှာ သင်တန်းနည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှာ စစ်ခွေးအထူးလေ့ကျင့်ရေး သင်တန်း တက်ရောက်ဖူးသူဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ် The Speaker News Journal အတွဲ ၁၊ အမှတ် ၁၄ မှာ သတင်း ရေးသားထားပါတယ်။

ရန်ကုန်လေဆိပ် လုပ်ကြံမှုရဲ့ အဓိက ကွင်းဆက်တရားခံ တစ်ဦးဖြစ်တယ်လို့ အာဏာပိုင်တို့ သတင်းထုတ်ပြန်ထားတဲ့ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအောင်ဝင်းခိုင်ဟာလည်း စစ်တက္ကသိုလ်ဆင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်မှာ တပ်မတော်ကနေ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ။

ထက်ခေါင်လင်း - Myanmar Now
https://www.facebook.com/myanmarnownews

ဒေါ်အောင်ဆန်းစုကြည်နဲ့ သံအမတ်ကြီးတွေ ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေး

$
0
0
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒိန်းမတ်သံအမတ်ကြီး၊ အမေရိကန်သံအမတ်ကြီးနဲ့ ဗြိတိန်သံရုံး ဒုတိယအကြီးအကဲတို့ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒိန်းမတ်သံအမတ်ကြီး၊ အမေရိကန်သံအမတ်ကြီးနဲ့ ဗြိတိန်သံရုံး ဒုတိယအကြီးအကဲတို့ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်
Myanmar State Counsellor Office FB
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေုးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒိန်းမတ်သံအမတ်ကြီးနဲ့ ဗြိတိန်သံရုံး ဒုတိယအကြီးအကဲ တို့ကို နေပြည်တော်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်နဲ့ စပ်လျဉ်းတဲ့ကိစ္စတွေ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ အသေးစိပ်ကိုတော့ မသိရပါဘူး။

အမေရိကန်သံအမတ်ကြီး မာစီရယ်လ်ဟာ အဲဒီမတိုင်ခင်တရက်ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းနဲ့တွေ့ဆုံပြီး ကြားဖြတ်ရွေးကောက်ပွဲ အကြောင်း ဆွေးနွေးခဲ့ပါတယ်
RFA

ဦးကိုနီလုပ်ကြံမှုတွင် သံသယရှိသူ ရဟန်းဝတ်နေသဖြင့် သိက္ခာချဖမ်းဆီး

$
0
0
 


ဦးကိုနီလုပ်ကြံမှုတွင် ပူးပေါင်းပါဝင်သည်ဟု သတင်းထွက်နေသူ ဗဟိုထောက်လှမ်းရေးတပ်နည်းပြဟောင်း ဇေယျာဖြိုးကိုရဟန်းဝတ်ဖြင့်ရှိနေစဉ်သက်ဆိုင်ရာကဖေဖေါ်ဝါရီလ၃ရက်နေ့ကလုပ်ထုံးလုပ်နည်းနှင့်အညီဖမ်းဆီးသွားကြောင်း The Speaker ဂျာနယ်ကဖေါ်ပြလိုက်သည်။

NLD ပါတီ ဥပဒေအကြံပေး ဦးကိုနီအား လုပ်ကြံရာတွင်ပါဝင်သူဟုစွပ်စွဲခံထားရသည့် ဇေယျာဖြိုးသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက် တွင်ရဟန်းဝတ်ဖြင့်သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ကြောင်း၊သာသနာ့ဘောင်ဝင်ရောက်အပြီး ၂ ရက်အကြာတွင် သက်ဆို်င်ရာတာဝန်ရှိသူများက ရဟန်းဝတ်နေသည့် ဇေယျာဖြိုးကို သိက္ခာချ လူထွက်စေကာ ဖမ်းဆီးခဲ့ကြောင်း ကျောင်းထိုင်ဆရာတော်၏ စကားကို ကိုးကားကာ အထက်ပါသတင်းရင်းမြစ်တွင်ဖေါ်ပြထားသည်။

“၁ရက်နေ့မှာ စတက်တယ်။၃ရက်တောင်အပြည့်မရဘူးလို့ပြောပါတယ်။အဲ့လိုကိစ္စတွေဖြစ်တဲ့အခါကျတော့ ၃ ရက်နေ့ကျတော့ သိက္ခာချပြီး လူဝတ်လဲပြီးခေါ်သွားတယ်လို့ ဦးပဉ္ဖင်းလဲ အဲ့လိုပဲကြားတာပဲ”ဟု ကျောက်ကုန်းကြီးကျောင်းကြီး ပရိယတ္တိစာသင်တိုက်ကျောင်းထိုင်ဆရာတော်က ပြောကြောင်း The Speaker ဂျာနယ်ကဖေါ်ပြသည်။

ဇေယျာဖြိုးဆိုသူကိုဦးကိုနီအားလုပ်ကြံမှုဖြင့်ဖမ်းဆီးကြောင်းကိုနိုင်ငံတော်အဆင့်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ဇေယျာဖြိုးနေထိုင်သည့် အမှတ် D ၈ မင်္ဂလာလမ်း တာမွေလေးရပ်ကွက် အိမ်တွင်သော့ပိတ်ထားကြောင်းနှင့်ဇေယျာဖြိုးအားစရဖမှခေါ်ဆောင်သွားကြောင်းတာမွေရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောကြားထားကြောင်းအထက်ပါသတင်းရင်းမြစ်တွင်ဖေါ်ပြထားသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ရေးအတွက် အစိုးရကို ဖိအား မပေးခြင်းမှာ ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြောင်း Myanmar Now သတင်းဌာနက ရေးသားဖေါ်ပြထားသည်။

ဇေယျာဖြိုးဆိုသူသည်စစ်တက္ကသိုလ်အပတ်စဉ်၃၆ဆင်းတစ်ဦးဖြစ်ပြီးဗဟိုထောက်လှမ်းရေးတပ်(ရေကြည်အိုင်)တွင် သင်တန်းနည်းပြတစ်ဦးအဖြစ်ဆောင်ရွက်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်သည်။

ဦးကိုနီအားလုပ်ကြံမှုဖြင့် စစ်မေးခံနေရသူ ဇေယျာဖြိုးအား အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အသင်း ၂ နှစ်ပြည့်အခမ်းအနား အထူးသီးသန့်နေရာတွင် သီတဂူဆရာတော်၊ မဘသ ဥက္ကဌဆရာတော် တို့နှင့်တွေ့ရပုံကိုလည်း ဖဘသုံးစွဲသူအချို့က ဖြန့်ဝေလျှက်ရှိသည်။

ဟိန်းအောင်

===========

Search Myanmar

ကင်ဂျုံနမ်း ပြင်းထန်တဲ့ ဓာတုဗေဒ အဆိပ်ကြောင့် သေဆုံး

$
0
0

အရင်အပတ်က မလေးရှားနိုင်ငံမှာ လုပ်ကြံခံခဲ့ရတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ အဖေတူ အမေကွဲ အကို ကင်ဂျုံနမ်းရဲ့ အလောင်း ရင်ခွဲဆေးစစ်မှု ရလဒ်ကို မလေးရှားရဲက ထုတ်ပြန်လိုက်ပါတယ်။

မလေးရှား အဆိပ်ဗေဒဌာနရဲ့ အစီရင်ခံစာမှာ ကင်ဂျုံနမ်းဟာ ‘VX nerve agent’ ဓာတုဗေဒ အဆိပ်ဓာတ်တမျိုးကြောင့် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီဓာတ်ကို ကုလသမဂ္ဂ အဖွဲ့ကြီးက ဖျက်အားပြင်း ဇီဝဓာတုလက်နက်အဖြစ် သတ်မှတ်ထားပါတယ်။

ကင်ဂျုံနမ်းရဲ့ မျက်နှာနဲ့ မျက်လုံးနှစ်ဖက်ကနေ ထုတ်ယူထားတဲ့ အသားစတွေကို စစ်ဆေးကြည့်ရာမှာ ဒီဓာတု အဆိပ်ဓာတ် တွေ့ရှိခဲ့ကြောင်း မလေးရှားရဲချုပ် ခါလစ်အဘူဘက္ကာ က အတည်ပြုပြောဆိုပြီး အခြား အသေးစိတ် အချက်အလက်တွေကို စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ကင်ဂျုံနမ်းကို သတ်ဖို့ရာ ဒီအမျိုးအစား ဓာတု အဆိပ် ပမာဏ အနည်းငယ်သာ လိုအပ်မယ်လို့ ရမ်ကော်ပိုရေးရှင်း သုတေသန ဌာန က လက်နက်ပါရဂူ ဘရု့စ်ဘဲနက် က ဘီဘီစီကို ပြောပါတယ်။ လုံခြုံရေးကင်မရာ မှတ်တမ်းမှာ တွေ့မြင်ရတဲ့ အမျိုးသမီးနှစ်ယောက်ဟာ ကင်ဂျုံနမ်းရဲ့ မျက်နှာကို ဒီ အဆိပ်ဓာတ်ပါတဲ့ အဝတ်စနဲ့ သုတ်လိမ်းလိုက်တဲ့ အခါမှာ ပြင်းထန်တဲ့ ဓာတုအဆိပ်ဟာ သူ့ရဲ့ အာရုံကြော စနစ်ကို ချက်ချင်းပဲ ထိခိုက် ပျက်စီးနိုင်စွမ်းရှိကာ ပထမ ခန္ဓာကိုယ် တုန်ခါလာပြီး မိနစ်ပိုင်း အတွင်း သေဆုံးခဲ့တာ ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

မလေးရှားဟာ ကင်ဂျုံနမ်း သေဆုံးမှု အတွက် မြောက်ကိုရီးယားကို အပြစ်တင်တာမျိုး မလုပ်ပေမယ့် နောက်ကွယ်မှာ မြောက်ကိုရီးယား ပါနေတယ်ဆိုတာကတော့ ထင်ရှားတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးထားတဲ့ အမျိုးသမီး နှစ်ဦးဟာ အဆင့်မြင့် လေ့ကျင့်ပေးထားသူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီအမှု အတွက် ကွာလာလမ်ပူရှိ မြောက်ကိုရီးယား သံရုံးက အကြီးတန်း သံတမန် တဦးနဲ့ မြောက်ကိုရီးယား အစိုးရပိုင် လေကြောင်းလိုင်းက ဝန်ထမ်း တဦး အပါအဝင် မြောက်ကိုရီးယား နိုင်ငံသား အများအပြားကို မလေးရှားရဲက စုံစမ်းစစ်ဆေးလိုကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး လက်ရှိ ဖမ်းထားသူတွေကတော့ ဗီယက်နမ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ အမျိုးသမီး တယောက်၊ အင်ဒိုနီးရှား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ အမျိုးသမီးနဲ့ သူ့ရဲ့ မလေးရှားနိုင်ငံသား ရည်းစား နဲ့ မြောက်ကိုရီးယား နိုင်ငံသား တယောက် စုစုပေါင်း လေးယောက် ဖြစ်ပါတယ်။

၁၃ ရက်နေ့ ကွာလာလမ်ပူ လေဆိပ်က လေယာဉ်ပေါ် တက်ဖို့ စာရင်းသွင်းတဲ့ နေရာမှာ အမျိုးသမီးနှစ်ဦးက အဆိပ်ပါတဲ့ အဝတ်နဲ့ မျက်နှာကို အုပ်ပြီး လုပ်ကြံခံခဲ့ရတဲ့ ကင်ဂျုံနမ်းဟာ လေဆိပ်ကနေ ဆေးရုံကို သွားတဲ့ လမ်းမှာပဲ သေဆုံးခဲ့ပါတယ်။ သူ့အလောင်းကို ရင်ခွဲရုံမှာ ထားနေချိန်အတွင်းမှာ မလေးရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား အလောင်း စစ်ဆေးပိုင်ခွင့်နဲ့ စပ်လျဉ်းပြီး သံတမန်ရေးရာ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မလေးရှားက သူ့ မြေပေါ်မှာ လုပ်ကြံခံခဲ့ရတာ ဖြစ်လို့ သေဆုံးရခြင်း အကြောင်းရင်းကို စစ်ဆေးပိုင်ခွင့်ရှိတယ် ဆိုတဲ့ အပေါ်ကို မြောက်ကိုရီးယား က ဒေါသတကြီးနဲ့ တုံ့ပြန်ခဲ့ပြီး မလေးရှားမှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီးရဲ့ သားအကြီးဆုံးဖြစ်တဲ့ ကင်ဂျုံနမ်းဟာ တချိန်ကတော့ ဖခင်ဖြစ်သူရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူ အဖြစ် ထင်ကြေးပေးခံခဲ့ပေမယ့် အဖေတူ အမေကွဲ ညီဖြစ်သူ လက်ရှိခေါင်းဆောင် ကင်ဂျုံအွန်းက သူ့ကို ကျော်ပြီး ရာထူးရသွားပြီးတဲ့ နောက်ပိုင်း နှစ်ပေါင်းများစွာ မြောက်ကိုရီးယား ပြင်ပမှာပဲ နေထိုင်နေခဲ့သူပါ။

သူဟာ ကင်ချိုလ် နာမည်နဲ့ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ရင်း ခရီးသွားနေတုန်း အခုလို မလေးရှား လေဆိပ်မှာ အဆိပ်နဲ့ လုပ်ကြံခံခဲ့ရတာပါ။

မြောက်ကိုရီးယားကတော့ အခုအချိန်အထိ သေဆုံးသူဟာ ကင်ဂျုံနမ်းဖြစ်ကြောင်း တရားဝင် အတည်ပြုတာမျိုး မရှိသေးပါဘူး။

ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ - AP
BBC Burmese
https://www.facebook.com/bbcburmese

ဇွဲကပင်တောင်ပေါ်မှ ခုန်ချသော ပြင်သစ်နိုင်ငံသား၏ ခရီးဆောင်အိတ်တွေ့ရှိ

$
0
0

ဘားအံ ဖေဖော်ဝါရီ ၂၃

ကရင်ပြည်နယ် ဘားအံမြို့နယ် ဇွဲကပင် တောင်ကေဘယ်တိုင် အနီးတွင် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၈ နာရီခွဲ ခန့်တွင် ခရီးဆောင်အိတ်တစ်လုံးတွေ့ရှိ ကြောင်း ဇွဲကပင်တောင်ပေါ်ဆရာတော် ဦးကဝိဓဇက ဖုန်းဖြင့်မိန့်ကြားခဲ့၍ ထုံး အိုင်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ညီညီမိုးနှင့် အဖွဲ့ သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါ တွေ့ရှိရသည့် အိတ်မှာ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီခန့်က ဇွဲကပင်တောင်၏ အမြင့်ဆုံးနေရာ ပေပေါင်း ၂၇၃ဝ ကျော်မြင့်သည့် ဓမ္မ စေတီနေရာအနီး၊ အများသုံး အိမ်သာ ခေါင်မိုးပေါ်မှ ခုန်ချသဖြင့် သေဆုံး သွားခဲ့သည့် ပြင်သစ်နိုင်ငံသား၏ ခရီး ဆောင်အိတ်ဖြစ်ကြောင်း သိရ သည်။

ခရီးဆောင်အိတ်အတွင်းမှ Mr. Yannick Normandin အမည် ပါပတ်စ်ပို့နံပါတ်16CA34564 နံပါတ် ပါ ပတ်စ်ပို့စာအုပ်၊ ID ကတ်၊ တစ်ကတ်၊ ငွေထုတ်ကတ်တစ်ကတ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့စွဲပါ ရန်ကုန် လေဆိပ်ရောက် E Visa စာရွက် တစ်ရွက်၊ မလေးရှားလေကြောင်းလိုင်းက ထုတ်ပေးသည့် စာရွက်တစ်ရွက်၊ မလေး ရှား လေကြောင်းလိုင်း လေယာဉ် လက်မှတ်တစ်စောင်၊ မြန်မာငွေကျပ် တစ်သောင်းတန် ၄၇ရွက် အပြင် ဖုန်းနံ ပါတ်၊ လိပ်စာကတ်များ၊ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်း အချို့ကို တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံသား ရုပ်အလောင်း အား ရဲဆေးစာဖြင့် ဘားအံပြည်သူ့ဆေး ရုံကြီးရှိရေခဲတိုက်၌ ထားရှိရာ ဖေဖော် ဝါရီ ၂၅ ရက်တွင် ပြင်သစ်သံရုံးမှ စေလွှတ် မည့်ကိုယ်စားလှယ်ဖြစ်သူ ကိုစံလင်းကလာရောက်သယ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

မင်းသူ / ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

တရုတ်အထည်ချုပ်စက်ရုံ ထိပါးခံရခြင်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရအား အလေးအနက်ထား တောင်းဆိုကြောင်း တရုတ်သံရုံး သတင်းထုတ်ပြန်

$
0
0

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံရှိ တရုတ်အထည်ချုပ်စက်ရုံအား ဖေဖော်ဝါရီ ၂၃ ရက်က ထိပါးခံရမှုများ ဖြစ် သည့်အတွက် မြန်မာအစိုးရအား အလေးအနက်ထား တောင်းဆိုကြောင်း တရုတ်သံရုံး၏ ဖေ့ဘုတ်စာမျက်နှာတွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရေးပေါ် ဆက်သွယ်ပြီး ရန်ကုန်မြို့ရှိ တရုတ်အဝတ်အထည် စက်ရုံ ထိုနေ့တွင် တရားဥပဒေ ဖောက်ဖျက် ကျူးလွန်သူများ၏ ထိပါးခံရခြင်းအပေါ် မြန်မာဘက်အား အလေးအနက် အရေးဆိုကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်သံရုံးကနေပြီး မြန်မာအစိုးရအား ထိရောက်သည့် နည်းလမ်းများကို ချက်ချင်း ဆောင်ရွက်ပြီး မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၏ အသက် လုံခြုံမှုနှင့် တရုတ်ကုမ္ပဏီများ၏ ဥစ္စာဓန လုံခြုံမှုကို ကာကွယ်ထိန်းသိမ်းကာ ဥပဒေနှင့်အညီ အမှုအခင်း ဖန်တီးသူများကို အရေးယူပေး ပါရန် တောင်း ဆိုကြောင်း ဆိုသည်။

မြန်မာအစိုးရအနေဖြင့် ဥပဒေနှင့်အညီ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ၏ လုံခြုံမှုနှင့် အခွင့်အရေးတို့ကို ကာကွယ်ထိန်းသိမ်းပြီး သက်ဆိုင်ရာ ပြသ၁နာကို အလျင်အမြန် ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်း မည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ပြသ၁နာ ဖြစ်ပွားသည့်နေ့တွင်ပင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အရာရှိများသည် အဆိုပါ တရုတ်အဝတ်အထည် စက်ရုံသို့ သွားရောက်ပြီး စက်ရုံမှဝန်ထမ်းများအား ကြည့်ရှုကာ မြန်မာနိုင်ငံသက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေးဌာနအား စက်ရုံပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန် လည် ရောက်ရှိလာအောင် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ဆိုထားသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးသည် သက်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပြီး မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားနှင့် တရုတ် ကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးကို အစွမ်းကုန် ကာကွယ်ထိန်း သိမ်းမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက အဆိုပါထုတ်ပြန်ချက်တွင် ထိပါးခံရသည်ဆိုသည့် တရုတ်နိုင်ငံသားပိုင် အ၀တ်အထည်စက်ရုံ အမည်ကို ဖော်ပြထားခြင်း မရှိသော်လည်း လှိုင်သာယာမြို့နယ် စက်မှုဇုန်ရှိ အလုပ်သမားအရေး ဆောင်ရွက်သူများအား ဆက်သွယ်မေးမြန်းရာ တွင် ရွှေလင်းဗန်းစက်မှုဇုန်တွင် ဖေဖော်ဝါရီ ၂၃ ရက်က စက်ရုံဝန်ထမ်း များနှင့် စက်ရုံပိုင်ရှင်အကြား ရုန်းရင်းဆန်ခတ် ဖြစ်သွားခြင်းများရှိကြောင်း ဆိုသည်။

လှိုင်သာယာမြို့နယ် အလုပ်သမား သမဂ္ဂများအဖွဲ့ချူပ်(CTUM)မှ ကိုရဲသူရက “ဟန်ကျိုးပိုင်ရီထင်တယ်။ မနေ့က ပြသ၁နာ တက်တယ်လို့ သိရတယ်။ ၀န်ထမ်းတွေနဲ့ စက်ရုံပိုင်ရှင်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ကြတယ် လို့ ပြော တယ်” ဟု ပြောသည်။

စိုင်းဟန်
The Ladies News
https://www.facebook.com/News.TheLadies/

အမေရိကန် ပေါ်လစီ တွေ ကြောင့် မက္ကဆီကို စိတ်ပျက် ဒေါသဖြစ်နေ

$
0
0


မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရှေ့မှာပဲ စိတ်ပျက် ဒေါသဖြစ်စရာတွေ ဖြစ်နေကြောင်း ပြောဆို
သမ္မတ ထရမ့်ရဲ့ ကိုယ်စားလှယ် တွေ မက္ကဆီကို နိုင်ငံကို ရောက်နေပြီး ဆွေးနွေးနေ ကြတာနဲ့အတူ မက္ကဆီကို ဘက် က အတော့ကို မကျေနပ် တဲ့ပုံတွေ့ နေရပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူများနဲ့ပတ်သက်ပြီး အမေရိကန် ရဲ့ ပေါ်လစီ က ဒီ ၂ နိုင်ငံကြား ဆက်ဆံရေး က ဆယ်စုနှစ်များ စွာအတွင်း အောက်ဆုံးအဆင့် အထိ ကျဆင်းလာပါတယ်။

မက္ကဆီကိုမှာ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ရက်စတယ်လာဆန် နဲ့ ပြည်တွင်းလုံခြုံရေးဌာန အကြီးအကဲ ဂျွန်ကယ်လီတို့ ရောက်ရှိနေပြီးတော့ မက္ကဆီကို နိုင်ငံခြားရေး ဝန်ကြီး နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

မက္ကဆီကိုနိုင်ငံခြားရေး ဝန်ကြီး လူးဝစ် ဗီဒီ ဂရေး က သူတို့ လာလည်တာကို ကျေးဇူးတင်ရပါတယ်။ ဘာလို့လည်းဆိုတော့ ၂ နိုင်ငံကြား သိပ်ကိုရှုပ်ရှုပ်ထွေးထွေး ကိစ္စတွေကို ရင်ဆိုင်နေရတဲ့အချိန်မို့ပါ လို့ ပြောပြီးနောက်ပိုင်း အမေရိကန်တို့ ချမှတ်ထားတဲ့ ပေါ်လစီတွေ က နိုင်ငံတွင်းက မက္ကဆီကိုသားတွေကော ပြည်ပရောက်မက္ကဆီကို သားတွေအတွက် ထိခိုက်စရာတွေ ဖြစ်တဲ့အတွက် စိတ်ပျက် ဒေါသထွက်စရာ ဖြစ်နေတယ် လို့ ပြောခဲ့ပါတယ်။

သမ္မတဒေါ်နယ်ထရမ့် က သူ့ပြည်တွင်းမှာရှိနေပြီး သန်းနဲ့ချီပြီးရှိနေတဲ့ တရားမဝင် ဝင်ရောက်လာသူတွေ ကို ပစ်မှတ်ထားပြီး ပြည်တွင်းကနေ ပြန်နှင်ထုတ် မယ့် ပေါ်လစီ ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ချမှတ်လိုက်ပါပြီ။

အထူးသဖြင့် ရာဇ၀တ်မှု မှတ်တမ်းရှိတဲ့သူတွေ ဆိုရင် အရင်ဆုံး ပြန်ပို့မယ် လို့ ဆိုပါတယ်။

နောက်ပြီးမက္ကဆီကို နယ်စပ် ကဖြတ်ပြီး ဘယ်နိုင်ငံသား ပဲ တရားမဝင် ဝင်လာလာ၊ မက္ကဆီကို နိုင်ငံထဲကို ပဲ ပြန်ပို့မယ် ဆိုတာ ကိုလည်း လုပ်ငန်း အစီအစဉ် ချမှတ်ထားပါတယ်။

ဒါတွေ က ရွှေ့ပြောင်းဝင်ရောက်သူများ ဆိုင်ရာ အခွင့်အရေး တွေ ကို လျစ်လျူရှု တော့မလား ဆိုပြီး မက္ကဆီကို ကို စိုးရိမ်နေစေပါတယ်။

မက္ကဆီကို က တင်သွင်းခွန် တွေအပေါ် အခွန် ၂၀ ရာခိုင်နှုန်းကောက်မယ်ဆိုတာကို သမ္မတထရမ့် က ပြောနေသလို နယ်စပ်မှာ တံတိုင်းကာဖို့ လည်း သမ္မတ ထရမ့် က ပြောနေတာပါ။

တံတိုင်းကုန်ကျစားရိတ်လည်း မက္ကဆီကို က ခံဖို့ ပြောနေပြီးတော့ အခုလက်ရှိလည်း အမေရိကန် ကနေ မက္ကဆီကို ကို အကူအညီ ပေးတဲ့ ရန်ပုံငွေ တွေကိုလည်း သက်ဆိုင်ရာ ဌာနက တင်ပြစေပြီး ပြန်စိစစ်ဖို့ လုပ်နေ တယ်ဆိုတော့ အခု ကိုယ်စားလှယ် ၂ယောက် နဲ့ မက္ကဆီကို သမ္မတ အန်းရစ် ပီညက်တို တို့ တွေ့တဲ့ပွဲကလည်း ၂ နိုင်ငံ ဆက်ဆံရေး ကို သိသိသာသာ ကောင်းအောင်လုပ်နိုင်မယ့်ပုံတော့ မတွေ့ရပါဘူး။

BBC Burmese
http://www.bbc.com/burmese
Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>