Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live
↧

အမေရိကန်တွေ အလုပ်ပြန်ရရေး ထရမ့် ဆွေးနွေး

$
0
0


(အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုတွေ့ရစဉ်)Photo: President Donald J. Trump
တရုတ်ပြည်နဲ့ မက္ကဆီကို ရောက်ရှိနေတဲ့ အမေရိကန်အလုပ်အကိုင်များ နိုင်ငံတွင်းပြန်လည် ရောက်ရှိလာအောင် ခပ်ကြမ်းကြမ်းပေါ်လစီသုံးဖို့ ဆွေးနွေးပွဲတစ်ခု အမေရိကန်နိုင်ငံက စက်မှု ထိတ်တန်းခေါင်ဆောင်တွေနဲ့ သမ္မတ ထရမ့် ကြာသပတေးနေ့က ဆွေးနွေးနေပါတယ်။

ဆွေးနွေးပွဲမှာ သမ္မတက ကတိစကားအသစ်တွေပေးထားပြီး အမေရိကန်နဲ့ ကမ္ဘာကြီးစီးပွားရေးလုပ်ဖို့ နည်းလမ်းများ ရှာဖွေကြပါတယ်။

ဒီဆွေးနွေးပွဲကို အမေရိကန် ကုမ္ပဏီပေါင်း ၂ ဒါဇင်ကျော်က အုပ်ချုပ်မှုဒါရိုက်တာကြီများနဲ့ ပို်င်ရှင်များ တက်ရောက်ပါတယ်။ သမ္မတက အမေရိကန်လုပ်ငန်းတွေ ပြည်တွင်းပြန်ဝင်လာရင် ကုန်သွယ်ရေး ဆိုင်ရာ စည်းမျဉ်းများ၊ အခွန်စည်းမျဉ်းများနဲ့ ကုန်သွယ်ရေး ပေါ်လစီပြုပြင် ပြောင်းလွဲမှုတွေ လုပ်ပေးမှာဖြစ်တယ်ဆိုတဲ့ ကတိစကား ပြောကြားထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
↧

NCA စာချုပ်အလုပ်မဖြစ်တော့ကြောင်း ဝ အစည်းအဝေးကြေငြာ

$
0
0

ဖေဖေါ်ဝါရီ ၂၄ ရက် ၂၀၁၇

ဝ ဌာနချုပ် ပန်ဆန်းမြို့၌ သုံးရက်ကြာကျင်းပပြီးစီးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တတိယ အကြိမ် ထိပ်သီးအစည်းအဝေး မှ အချက် ၉ ချက်ပါ ကြေငြာချက်တစောင်ထုတ်ပြန်ရာ အချက် ၇ (ခ) တွင် “…. တရားမှုတမှုရှိသော အပစ်ရပ်စဲရေးစာချုပ်ဖြင့် NCA ကို အစားထိုးရန် တောင်းဆို..” ဟု ပါရှိသည်။

ဖေဖေါ်ဝါရီ ၂၂ -၂၄ ရက်နေ့အထိ သုံးရက်ကြာအစည်းအဝေးတွင် - KIA /TNLA/ MNDAA တို့အား အကြမ်းဖက်အဖွဲ့ကြေငြာထားခြင်းမှ ရုပ်သိမ်းပေးရန်၊ မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသ အတွင်းထိုးစစ်ဆင်မှုရပ်ဆိုင်းပေးရန်၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပါဝင်ခွင့်ရရန်၊ NCA လက်မှတ်မထိုးဘဲ UWSA ၀ တပ် ဦးဆောင်ပြီး မြန်မာအစိုးရ နှင့်ဆွေးနွေးမည့်အဖွဲ့ ဖွဲ့စည်းရန်၊ သမိုင်းဝင်ပင်လုံစာချုပ်အား NCA စာချုပ်ဖြင့်အစားထိုးရန် မြန်မာအစိုးရ ရည်ရွက်ခြင်းကို လုံးဝ လက်မခံသည့်အတွက် ….. “…. တရားမှုတမှုရှိသော အပစ်ရပ်စဲရေးစာချုပ်ဖြင့် NCA ကို အစားထိုးရန် တောင်းဆို.. သည် ” စသဖြင့် ပါရှိပါသည်။


“NCA စာချုပ်ဟာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို မငြိမ်းသတ်နိုင်ဘူး။ ဒါ့ကြောင့် NCA စာချုပ် ထက် ပိုကောင်းတဲ့ နည်းလမ်းကို ဝ ကနေ ဦးဆောင်ပြီး ဖေါ်ဆောင်ချင်တာ။ ဖြစ်တာမဖြစ်တာ တကဏ္ဌပေါ့ ဗျာ။ ဒါ ဝ က ဖြစ်ချင်တဲ့ ဆန္ဒ နဲ့ NCA က အလုပ်မဖြစ်တော့တဲ့အကြောင်း မီးမောင်းထိုးပြတာ ဖြစ် တယ်” - ဟု တက်ရောက်သည့် ခေါင်းဆောင်ပိုင်း တဦးကပြောသည်။

တတိယ အကြိမ် ပန်ဆန်းထိပ်သီးအစည်းအဝေး ထုတ်ပြန်ကြေငြာချက်ပါ အချက် ၉ (က) နှင့် (ခ) တွင် တရုတ်နိုင်ငံကျင့်သုံးနေသည့် One Belt One Road (OBOR) ပေါ်လစီ အား မြန်မာအစိုးရ အနေဖြင့် ကျင့်သုံးသွားရန်လည်းတိုက်တွန်းထားသည်။ One Belt One Road (OBOR) ပေါ်လစီနှင့် ပတ်သက် သည့် အကြောင်းအရာ အသေးစိတ်ကိုမူ တွဲလျှက်ဖေါ်ပြထားခြင်းမရှိပေ။

UWSP/UWSA ဌာနချုပ်ပန်ဆန်းမြို့ ခေါ် ပန်ခမ်းမြို့၌ ကျင်းပသည့် တိုင်းရင်းသားလက်နက် ကိုင်တော် လှန်ရေး တပ်ဖွဲ့များ၏ ထိပ်ပိုင်းခေါင်းဆောင် အစည်းအဝေးဦးဆောင်ကျင်းပသည့် ဝ တပ် နှင့် မိုင်းလားတပ်အပြင် ကချင် KIA ၊ ပလောင် TNLA ၊ ကိုးကန့် MNDAA ၊ ရခိုင် AA နှင့် သျှမ်း SSPP/SSA တို့ မှ အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်ကြသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
↧
↧

ဦးကိုနီ အသတ်ခံရမှု သတင်းစာရှင်းမယ်

$
0
0


ယာဉ်မောင်း ဦးနေဝင်းရဲ့ ကျန်ရစ်သူ ဇနီး
NLD ဥပဒေအကျိုးဆောင်အဖွဲ့ဝင် ဦးကိုနီ အသတ်ခံရမှုမှာ ပါဝင်သူ သုံးယောက် ဖမ်းမိထားတာနဲ့ ပတ်သက်ပြီး စနေနေ့မှာ ရန်ကုန်မြို့ ဟံသာဝတီအဝိုင်း အနားက မူးယစ်ဆေးဝါးပြတိုက်မှာ အစိုးရ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။

ဒါဟာ သတ်ဖြတ်မှု ဖြစ်ပြီး တလ အတွင်း ပထမဆုံး လုပ်တဲ့ သတင်းစာ ရှင်းပွဲ ဖြစ်ပါတယ်။

လောလောဆယ် ဒီအမှုနဲ့ ဖမ်းထားသူတွေကတော့ ကျူးလွန်သူ တရားခံ ကြည်လင်း အပါအဝင် စစ်အရာရှိဟောင်း အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ ဖြစ်ပါတယ်။

ရှေ့နေဦးကိုနီအမှုနဲ့ ဆက်စပ်တရားခံ (၂)ဦးကို အခုလ (၁၀)ရက် နဲ့ (၁၁)ရက်နေ့မှာ ရဲတပ်ဖွဲ့ကနေ ထပ်မံ ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ အမှုဖြစ်ခဲ့တာ တလနီးပါးအကြာမှာ အမှုနဲ့ ဆက်စပ်တဲ့ တရားခံ (၃)ဦးကို ဖြစ်တဲ့ သေနတ်သမားကြည်လင်း အပါအဝင် ခိုင်းစေသူ (၂) ဦး ဖြစ်တဲ့ ဦးအောင်ဝင်းဇော်နဲ့ ဦးဇေယျာဖြိုး တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိကြီးတဦးက ဘီဘီစီကို ပြောပါတယ်။ ခိုင်းစေသူ (၂)ဦးလုံးဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူတွေ ဖြစ်တယ်ဆိုပြီးတော့ အဲ့ဒီရဲအရာရှိကြီးက ပြောပါတယ်။

တခါ တာမွေမြို့နယ်မှာ ထပ်မံဖမ်းဆီးခဲ့တဲ့ ဦးဇေယျာဖြိုးဟာ စစ်ထောက်လှမ်းရေး အကူတပ်ရင်းမှာ ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ခုတော့ အဲ့ဒီက နှုတ်ထွက်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူဟာ အနေအေးဆေးသူ ဖြစ်ပြီး အဖမ်းမခံရခင် ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက်မှာ တပတ်ကြာ သင်္ကန်းစည်းမယ်လို့ ပြောထားပေမယ့် ကိစ္စရှိလို့ (၃)ရက်ကြာပဲ သင်္ကန်းစည်းခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။ သူဟာ နှစ်စဉ် (၉)နှစ်ဆက်တိုက်လောက် အဲ့ဒီကျောင်းမှာ သင်္ကန်းစည်းပြီး တရားအားထုတ်လေ့ရှိသူ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ လုပ်ရင်း ဦးအောင်ဝင်းခိုင်နဲ့ ရင်းနှီးပြီး အမှုမှာ ဆက်စပ်ပါဝင်တာ ဖြစ်နိုင်တယ်ဆိုပြီးတော့လည်း ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

ဦးဇေယျာဖြိုးလိုပဲ ဖမ်းဆီး ခဲ့တဲ့ ဦးတင်ထွန်းအောင်ကတော့ အစပိုင်းမှာ ရဲတွေက ခေါ်စစ်ပေမယ့် နောက်တော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ရှေ့နေ ဦးကိုနီ အမှုမှာ ဖမ်းဆီးစစ်ဆေးခံနေရသူတွေဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ဒါပေမယ့် သူတို့တွေကို ငွေပေးစေခိုင်းခဲ့တဲ့ ဦးအောင်ဝင်းခိုင်ကိုတော့ အခုထိ ဖမ်းမမိသေးဘူးလို့ ရဲအရာရှိကြီးက ဘီဘီစီကို ပြောပါတယ်။ ဦးအောင်ဝင်းခိုင်ဟာ အခုအဖမ်းခံထားရတဲ့ ဦးအောင်ဝင်းဇော်ရဲ့ ညီဖြစ်ပြီး သူဟာ စစ်တပ်မှာ ဒုတိယဗိုလ်မှူးကြီးဟောင်း အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး နုတ်ထွက်ထားသူလည်း ဖြစ်ပါတယ်။

ရှေ့နေဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရမှုမှာ ထုတ်ပြန်မှုတွေ လုပ်နေတာ နှောင့်နှေးနေတာကို ကန့်ကွက်နေကြပြီး အခု အမှုနဲ့ ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်မယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
↧

သျှမ်းနိုင်ငံရေးဆွေးနွေးပွဲ တပ်မတော် ညွှန်ကြားသည့် အတိုင်း ဆောင်ရွက်ရန် RCSS/SSA အား ဒေါ်အောင်ဆန်းစုကြည် ပြော

$
0
0

ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၁၇

လူမျိုးအလိုက် (သျှမ်းလူမျိုး) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား တပ်မတော်ခွင့်ပြုသည့် နေရာတွင် သာကျင်းပရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အား နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကပြောဆိုလိုက်ပါသည်။

လူမျိုးအလိုက် (သျှမ်းလူမျိုး) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့ သို့မဟုတ် ပင်လုံမြို့ တွင်ကျင်းပရန် စီစဉ်ထားသော်လည်း အစိုးရ၏တပ်မတော်က သျှမ်းပြည်တောင်ပိုင်း မိုင်းပန်၊ မိုင်းထား၊ မိုင်းတော့ တို့တွင် ကျင်းပရန် ပြောဆိုသည့်အပေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ က ဒေါ်အောင်ဆန်းစုကြည် ထံ စာတစောင်ပေးပို့ရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကထိုသို့ စာပြန်ခဲ့ခြင်းဖြစ် ကြောင်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလ ကပြောသည်။

“ကျနော်တို့ဘက်က UPDJC ရဲ့ တပ်မတော်ဘက်က ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးခင်ဇော်ဦး ထံကိုစာရေး တယ်။ သူလည်း ဘဲ အဲတာကို မစဉ်းစားပေးနိုင်ဘူးလို့ ၁၆ ရက်နေ့မှာ စာပြန်လာတယ်။ ၁၉ ရက်နေ့ကျ တော့ ကျနော်တို့ စာတစောင်ရေးပြီး ဒေါ်အောင်ဆန်းစုကြည်ဆီစာပေးပို့တယ်။ အတိုင်ပင်ခံပုဂိုလ်က ကျနော်တို့ကို တပ်မတော် နဲ့ ဘဲ ညှိနှိုင်းရမယ် တပ်မတော်က ထောက်ခံပေးထားတဲ့အတိုင်းဘဲ လုပ်ပါ လို့စာပြန်လာတယ်။ အဲဒီမှာ လုပ်လို့အဆင်မပြေတဲ့အကြောင်း ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ကျနော်တို့ စာထပ်ရေးပြီး သူ့ဆီ စာထပ်ပို့ထားတယ် ”- ဟု ဆိုပါသည်။

သျှမ်းပြည်အရှေ့တောင်ပိုင်းဒေသရှိ မိုင်းပန်၊ မိုင်းတော့၊ မိုင်းထား မြို့များသည် သွားလာ ဆက်သွယ်မှု ခက်ခဲသောနေရာဖြစ်ကြောင်း ၊ လူမျိုးအလိုက် (သျှမ်းလူမျိုး) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေး ပွဲ ကျင်းပမည်ဆိုပါက လူပုဂ္ဂိုလ် ၄၀၀-၅၀၀ ထက်မနည်း ဖိတ်ကြားမည်ဖြစ်သဖြင့် အဆင်ပြေမည်မဟုတ် ကြောင်း၊ ဆွေးနွေးပွဲမပြုလုပ်ရပါက ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်တွင် တင်ပြဆွေးနွေးရန် အခက်အခဲရှိနိုင်ကြောင်း RCSS ဘက်က ထုတ်ပြန်သည်။

၎င်းနှင့်ပတ်သက်ပြီး လူငယ်ခေါင်းဆောင် စိုင်းဆု က- “တကယ်တော့ အမျိုးသားရေးအဆင့်ဆွေးနွေးပွဲ ကို တိုင်းရင်းသားလူမျိုးစုအလိုက် လွတ်လပ်စွာ ကျင်းပခွင့်ရှိရမယ်။ နေရာ အချိန် စသဖြင့် မည်သည့်အဖွဲ့မှ သတ်မှတ်ပေးခြင်း မလုပ်သင့်ဘူး။” - ဟုပြောဆိုသည် ။

၎င်းနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးစိုင်းလှက - “ပြည်ထောင်စုကြီးဟာ ကျနော်တို့ပြည် ထောင်စု သားအား လုံးက ပိုင်တယ်ဆိုရင်တော့ ကျနော်တို့ ကျင်းပချင်တဲ့နေရာ ကျင်းပနိုင်ရမှာပေါ့။ အဲတာကြောင့် သျှမ်းပြည် လူထုရဲ့မြို့တော်တောင်ကြီးနဲ့ သမိုင်းဝင်ပင်လုံမှာ ကျင်းပချင်တယ်ဆိုတဲ့ဆန်ဒ လိုက်လျောပေးသင့်တယ် ဆိုတဲ့အကြောင်း တပ်မတော်နဲ့အစိုးရကို ပြောချင်ပါတယ်။ ”- ဟု ပြောဆိုပါသည်။

၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်တွင် သျှမ်းအမျိုး သားများ နိုင်ငံရေး ဘုံသဘောတူညီချက်တခုထဲ တသွေးတသံထည်း တင်ပြဆွေးနွေးနိုင်ရေးအတွက် CSSU သျှမ်းပြည်ညီညွတ်ရေးကော်မတီ က ကိုယ်စား လှယ် ၃၀၀ ကျော်သည် အုပ်စု ၁၅ စု ခွဲပြီး သျှမ်းပြည်နယ်မြို့နယ် ၄၅ မြို့တွင် သျှမ်းလူထုသဘော ထား ကောက်ယူရေးကွင်းဆင်းတွေ့ဆုံမှတ်တမ်း ပြုစုခဲ့ကြသည်။

သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ကျင်းပခွင့်မပြုပါက တခြားနေရာများတွင်လည်း ကျင်းပမည်မဟုတ်ကြောင်း ထို့အတွက် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်လည်း ပါဝင်တက်ရောက်ဆွေးနွေးရန်ခက်ခဲသွားမည်ဖြစ်ကြောင်း SNLD က ပြော ပါသည်။

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
↧

ကြေးနီတင်ကားတွေကို တားတဲ့ လက်ပံတောင်းဒေသခံတွေကို အမှုဖွင့်

$
0
0

ဝမ်ပေါင်က ကြေးနီသယ်တဲ့ယာဉ်တွေကို တားဆီးပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လက်ပံတောင်းဒေသခံတွေ ဆန္ဒပြကြစဉ်။ ဓါတ်ပုံ - စိုးလွင်ဦး
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းကြေးနီစီမံကိန်း လုပ်ကိုင်နေတဲ့ ၀မ်ပေါင်ကုမ္ပဏီ က ကြေးနီသယ်တဲ့ကားတွေကို လမ်းပိတ်ဆို့ တားမြစ်ခဲ့တဲ့ ဒေသခံ ၂၅ ယောက် ကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ အပါအ၀င် ပုဒ်မ ၃ ခုနဲ့ ဆားလင်းကြီးမြို့မရဲစခန်းက တရားလိုလုပ် အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။

အခုလို တရားစွဲဆိုခံရပေမယ့် မနက်ဖြန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တွေ့တဲ့အခါမှာ သီးနှံနစ်နာကြေး ကိုသာပေးဖို့ အဓိကထားပြောမယ်လို့ မိုးကြိုးပြင်ကျေးရွာက ဒေသခံ ကိုလပြည့် က ပြောပါတယ်။

"အသိတစ်ယောက်ကနေပြီး လှမ်းအကြောင်းကြားပေးလို့ပါ။  ဆားလင်းကြီးမြို့နယ်က ကျော်မင်းနိုင် ကပေါ့နော် စာနဲ့တော့ လာမပို့သေးဘူး။  ဒေသခံတွေကို။တရားစွဲတယ်ဆိုတဲ့အကြောင်းလာ အကြောင်း မကြားသေးဘူး။ အရင်ဆုံး  ကျနော်တို့ ပြောရမှာကတော့ ကျွန်တော်တို့ စိုက်ပျိုးခဲ့ရတဲ့  ခြံစည်းရိုးဝန်းထဲ က ဧက ၂၀၀၀ ၀န်းကျင်လောက်ရှိတဲ့ သီးနှံလျော်ကြေးအတွက်ပဲ  အဓိက ထား ပြောသွားမှာပါ။ အဲ့ဒါပြေ လည်မှသာ ကျနော်တို့ ကျန်တဲ့ ကိစ္စတွေကို  တောင်းဆိုသွားမှာပါ။ ဒါပေမဲ့ တရားစွဲတဲ့ကိစ္စကို လည်း ပြောသင့်ပြောထိုက်ရင်  ပြောသွားမှာပေါ့။"

ဆားလင်းကြီးမြို့မရဲစခန်းက ရဲအုပ်ကျော်မင်းနိုင်က တရားလိုလုပ်ပြီး ဦးစန္ဒာသီရိ၊ ကိုဝင်းကျော်၊ ဒေါ်သန်းမြ၊ ကိုဝင်းကျော်၊ ကိုရာဇာအပါအ၀င် ဒေသခံ ၂၅ ယောက်ကို ငြိမ်းစုစီပုဒ်မ ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၁၄၃၊ အများပြည် သူပိုင် လမ်းပိတ်ဆို့မှုပုဒ်မ ၁၄၃/ ၄၃၁ တို့နဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

ဒေသခံတွေကို တရားစွဲတာနဲ့ ပတ်သက်ပြီး ရဲအုပ်ကျော်မင်းနိုင်ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ပြန် လည်ဖြေကြားခြင်း မရှိပါဘူး။

ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကြေးနီသယ်တဲ့ယာဉ်တွေကို မိုးကြိုးပြင်၊ ဆည်တဲ၊ တုံရွာ ကဒေသခံ ၁၀၀ လောက်က တားမြစ်ထားတာဖြစ်ပါတယ်။

ဒေသခံတွေက လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လေ့လာစုံစမ်းရေးကော်မရှင် အစီရင်ခံစာပါ အစားထိုးမြေ ဧက ၁၉၀၀ ကို ဖော်ထုတ်ပေးဖို့၊ မြေသိမ်းလျော်ကြေးမယူထားတဲ့ သိမ်းဆည်းခံ မြေယာတွေအတွက် သီးနှံလျော်ကြေးပေးဖို့၊ ကြေးနီစီမံကိန်းလုပ်ငန်းဖော်ဆောင်ရေး ကော်မတီမရှိဘဲ လျော်ကြေးထုတ်ယူနေမှုကို လုံးဝရပ်ဆိုင်းဖို့နဲ့ လက်ပံတောင်းတောင်ဒေသတွင်း ကြေးနီစီမံကိန်းကြောင့်ဖြစ်ပေါ်လာတဲ့ လူမှုစီးပွားဘဝ ထိခိုက်မှုတွေကို ပြန်လည်တည်ဆောက်ပေးဖို့တို့ကို တောင်းဆိုနေတာဖြစ်ပါတယ်။

အဲဒီတောင်းဆိုချက်တွေအတွက် မနက်ဖြန်မှာ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ကုမ္ပဏီက ဆုံးဖြတ်ချက်ပေးနိုင် သူတွေ၊ လွှတ်တော်ကိုယ်စားလျယ်တွေ၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေနဲ့ ဒေသ ခံတွေ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
↧
↧

ဖမ်းဆီးခံထားရစဉ် ဘင်္ဂလီ ၈ ဦး သေဆုံးခဲ့မှု အပေါ် စုံစမ်းစစ်ဆေးနေဟုဆို

$
0
0


( မောင်တောမြို့နယ်မှ အကြမ်းဖက်မှုနှင့် ဆက်စပ် ဖမ်းဆီးခံရသူများကို တွေ့ရစဉ်)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့် စခန်းများ အကြမ်းဖက် တိုက်ခိုက်ခံရမှု နောက်ပိုင်း ဖမ်းဆီး ခံရသူများကို စစ်ဆေးစဉ် သေဆုံးသွားခဲ့သည့် ဘင်္ဂလီ ၈ ဦးနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။

“ ကြိမ်ချောင်းက တစ်ယောက် အချုပ်ခန်းပြန့်ပို့ အပြီးမှာ သေတာ တစ်ယောက် ရှိတယ်။ မောင်တောမြို့နယ် ငခူရမှ ၅ ဦးရှိပါတယ်။ ဘူးသီးတောင်အကျဉ်းထောင်မှာ ဖမ်းဆီးထားစဉ် သေဆုံးသူ တစ်ဦးနဲ့ တောင်ဘဇားက တစ်ဦး၊ စုစုပေါင်း သေဆုံးသူ ၈ ဦးဖြစ်ပါတယ်။ တစ်ချို့လည်း တိုင်ကြားချက်တွေရတယ်။ ဆရာဝန် တင်ပြထားတဲ့ ဆေးမှတ်တမ်းတွေ ပြန်လည် စိစစ်ဖို့ လုပ်နေတာတွေ ရှိပါတယ်” ဟု အနိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် စခန်းများ အောက်တိုဘာလ ၉ ရက်နေ့ က တိုက်ခိုက်ခံရပြီးနောက်ပိုင်း အောက်တိုဘာ ၁၇ ရက် အတွင်း ဘင်္ဂလီ ၈ ဦးသေဆုံးသွားခဲ့ပြီး ယင်းသေဆုံးမှုကို စုံစမ်းရေး ကော်မရှင်က စုံစမ်း စစ်နေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ နယ်ခြားစောင့်တပ် ကျီးကန်းပြင် ဌာနချုပ်နှင့် ငခူရစခန်း၊ ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက် နယ်ခြားစောင့် စခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပြုလုပ်ခဲ့သော စစ်ဆင်ရေးများအတွင်း လူအခွင့်အရေးချိုးဖောက်မှုများရှိကြောင်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများမှ စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့မှ စုံစမ်းရေး ကော်မရှင်များကို အသီးသီးဖွဲ့စည်းခဲ့ကြသည်။

လက်ရှိ အချိန်ထိ မောင်တောဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်စပ် ဖမ်းဆီးခံထားရသူ ဘင်္ဂလီ ၅၈၅ ဦးရှိသည်။ ၎င်းတို့အား ရုံးတင် စစ်ဆေးမှုများ ပြုလုပ်နေရာ စစ်တွေ ထောင်တွင် ဖမ်းဆီး အကျဉ်းကျခံနေရသူ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာမှ အသက် (၂၃)နှစ် အရွယ် မာမက်နူ(ခ) အူလာကို စစ်တွေ ခရိုင်တရားရုံးမှ ဖေဖော်ဝါရီ ၁၀ ရက်နေ့က သေဒဏ်ချမှတ်ခဲ့သည်။

Narinjara
https://www.facebook.com/Narinjara
↧

ရခိုင်ကို အကြမ်းဖက်သမားတွေ ပိုမိုဝင်ရောက်

$
0
0


(ရခိုင်ပြည်နယ် မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်) Photo: Min Thein Aung/ RFA
မြန်မာနိုင်ငံရခိုင်ဒေသမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆင်ရေးများကို ရပ်လိုက်ချိန်မှာ ဒေသတွင်းကို ငွေမဲတွေနဲ့ အကြမ်းဖက်သမားတွေ ထိုင်းနိုင်ငံဘက်ကနေ ၀င်ရောက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ထောက်လှမ်းရေးသတင်းရပ်ကွက်ကိုးကားပြီး ဂျိမ်း အကြမ်းဖက်မှုနဲ့ လုံခြုံရေးဆိုင်ရာ စောင့်ကြည့်သတင်းစဉ်မှာ ဖေါ်ပြထားပါတယ်။

ရခိုင်ဒေသတွင်း တည်ငြိမ်းအေးချမ်းမှုတွေ တိုးတက်လာတာကြောင့် မြန်မာလုံခြုံရေးတပ်တွေက စစ်ဆင်ရေးကို ရပ်ဆိုင်းလိုက်တာမှန်ပေမယ့် ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုတွေ လှုပ်ရှားလာနိုင်တယ်လို့ ထောက်လှမ်းရေးအသိုင်းအ၀ိုင်းက စိုးရိမ်နေတာပါ။

အကြမ်းဖက်သမားတွေရဲ့ ငွေနဲ့ လူများဝင်ရောက်မှုမှာ ထိုင်းနိုင်ငံတပ်ခရိုင် မဲဆောက်ဘက်ကနေ ၀င်တဲ့လမ်းကြောင်းဟာ အဓိက ဖြစ်လာနေတယ်လို့ အကြီးတန်း ထိုင်းထောက်လှမ်းရေး အရာရှိတစ်ဦးက ဂျိမ်း အကြမ်းဘက်မှုနဲ့ လုံခြုံရေးဆိုင်ရာ
စောင့်ကြည့်သတင်းစဉ်ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
↧

မောင်တော တိုက်ခိုက်ခံရမှု ရဲမှူး ၃ ဦး ထောင်ဒဏ် အပြစ်ပေးခံရ

$
0
0

ရခိုင်ပြည်နယ်တွင်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး ကင်းလှည့်နေစဉ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်က နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရမှုမှာ တာဝန်ရှိသူတွေအဖြစ် အဆင့်မြင့် ရဲအရာရှိကြီး ၃ ဦးကို ထောင်ဒဏ် အပြစ်ပေးလိုက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးပြီး၊ လက်နက်ခဲယမ်းအများအပြား ဆုံးရှုံးခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ နယ်ခြားစောင့်ရဲတပ်ရင်းတွေရဲ့ အကြီးအကဲ တာဝန်ယူထားသူတွေကို ဒီကနေ့မှာပဲ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခ က သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)နဲ့ ငါးခူရရဲစခန်း ၊ ရသေ့တောင်မှာရှိတဲ့ ကိုးတန်းကောက်နယ်မြေရဲစခန်း တို့မှာ ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးမှု၊ လက်နက်ခဲယမ်းတွေ လုယက်ခံခဲ့ရမှု ဖြစ်စဉ်တွေမှာ တာဝန်ပျက်ကွက်ခဲ့သူတွေအဖြစ် အဆင့်မြင် ရဲအရာရှိကြီးတွေကို ထောင်ဒဏ်အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။

ရဲဘက်ဆိုင်ရာ ခုံရုံးကနေ အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်မှူး ရဲမှူးချုပ် မောင်မောင်ခိုင်ကို ထောင်ဒဏ် ၂ နှစ်၊ ရဲမှူးကြီး ဇေယျဟန်ကို ထောင်ဒဏ် ၁နှစ်၊ နယ်ခြားစောင့် ရဲတပ်ရင်းမှူး ဒုရဲမှူးကြီး ကျော်တေဇ ကို ထောင်ဒဏ် ၃နှစ် အသီးသီးချမှတ်လိုက်တာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲမှူးကြီး တင်ဝင်းက ပြောပါတယ်။

"အင်အား ၃၀ကျော် အကြမ်းဖက်တိုက်ခိုက်ခဲ့ရမှာ လက်နက်ခဲယမ်းပါသွားပြီးဆုံးရှုံးတာရယ် ကြီးကြပ်ကွပ်ကဲမှု အားနည်းတာရယ် အဲ့တာကြောင့် ရဲစည်းကမ်းအရ အရေးယူတာပါ။ ရဲတရားရုံးက အမိန့်ချတာ။ ကျနော်တို့မှာ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဆိုတာ ရှိတယ်လေ။ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူပြီး ထောင်ချလိုက်တာ။ ကိုယ့်ဆီက လက်နက်တွေ ပါသွားပြီးဆုံးသွားတဲ့အတွက်ကြောင့်ပေါ့ဗျာ။ နောက် အကြီးအကဲတွေဖြစ်ပြီးတော့ ဒီလိုပါသွားတဲ့အခါမှာ ကိုယ့်တပ်ကို ကိုယ်ကြီးကြပ်မှု နည်းနည်းလေး လျော့ရဲတာပေါ့။ အားနည်းတာပေါ့ ဒါပါပဲ ပြင်ပတရားခံနဲ့ အကျဉ်းထောင်တွေပဲ ပို့မှာပါခင်ဗျ။ "

အခုနောက်ဆုံး ထိပ်တန်းအရာရှိကြီးတွေကို အရေးယူခဲ့တဲ့အပေါ် အင်တာနက် လူမှုကွန်ယက်တွေမှာတော့ လက်နက်ခဲယမ်း မပြည့်စုံတဲ့ အခြေအနေမျိုးမှာ ဖြစ်ခဲ့တဲ့အပေါ် အရေးယူတာ မှန်ကန်ရဲ့လား လို့လည်း မေးခွန်းထုတ်နေကြတာပါ။ အငြိမ်းစားရဲမှူးကြီး ဦးဝင်းခေါင်ကတော့ စစ်မှန်တဲ့စုံစမ်းမှုတွေ လုပ်ပြီးမှတိကျစွာအရေးယူပိုင်ခွင့်ရှိတာမို့ ဒီအရေးယူမှုဟာ မှားယွင်းမှုလို့ မဆို နိုင်ဘူးလို့ မြင်ပါတယ်။

"ရဲသော်လည်းကောင်း၊ တပ်သော်လည်းကောင်း အကြောင်းမဲ့ အရေးယူတယ်ဆိုတာတော့ မရှိဘူး။ အကြောင်းတခုခုတော့ ရှိလိမ့်မယ်။ ခိုင်လုံသောအကြောင်းပြချက်မရှိပဲနဲ့ အတိုက်ခံရလို့ လုပ်တယ်ဆိုတာ ကျနော်တို့ဆီမှာ ထုံးစံမရှိဘူး။ အရင် ကချင်ပြည်နယ် ဘက်မှာ အတိုက်ခံရတာတွေ ကိုးကန့်နယ်မြေမှာ အတိုက်ခံရတာတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ကိုချီးကျူးတယ် ဂုဏ်ပြုတယ်။ ရှုံးတဲ့အတွက်ကြောင့်မို့လို့ အရေးယူတယ်ဆိုတာ မရှိဘူး။ သူ ဘယ်လောက်အထိ လုပ်ခဲ့သလဲဆိုတဲ့ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ လုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့သလားဆိုတာ အဲ့ဒီ့ပေတံနဲ့ပဲ တိုင်းရမှာပါ။ ရှိတာလေးနဲ့ တိုက်ရမှာပဲဆိုတာ ဒါက ယေဘူယျသဘောပြောတာလေ။ မသိပဲနဲ့ပြောတာပေါ့ ဒါကတော့ မှားတာပေါ့ ဒီလိုလေး နဲ့ လုပ်ရတာဆိုတာ ဒါက အရပ်သား သိ သိတာလေ။ တာဝန်ရှိသူတယောက်ရဲ့ သိပုံမျိုး သိသလိုမျိုးနဲ့ မတူနိုင်ဘူး။ အဲ့တာကြောင့်မို့ ကျနော့်အနေနဲ့ ဒါကို မဝေဖန်လိုဘူး။ ကျနော်တို့သိသလောက်ကတော့ အပေါ်ဘက်က ဘလိုင်းမလုပ်ဘူး။ တတ်နိုင်သမျှ သက်သက်ညှာညှာ စဉ်းစားတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား ဆိုတဲ့ အဖြေပေါ်မှာသာလျှင် အရေးယူတာဖြစ်ပါလိမ့်မယ်။"

အကြမ်းဖက်တိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရသလို၊ အရပ်သားတချို့ သေဆုံးမှုတွေ၊ ရှိခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လက်နက် ၆၇ လက်၊ ကျည် ၁ သောင်းကျော် ဆုံးရှုံးခဲ့ရပြီး၊ တချို့ကိုသာ ပြန်လည်ရရှိခဲ့တာပါ။ နောက်ဆက်တွဲ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေမှာ အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၇၀ နီးပါးကို အသေဖမ်းဆီးရမိပြီး ၅ ရာကျော် ဖမ်းဆီးထားတယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း နယ်မြေ ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

အစိုးရကတော့ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့အဖွဲ့၊ ဒုသမ္မတဦးမြင့်ဆွေ ဦးဆောင် တဲ့အဖွဲ့ တပ်မတော်ဘက်က ဒုဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်တဲ့အဖွဲ့၊ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ဝင်းထွန်းဦးဆောင်တဲ့ အဖွဲ့ စတဲ့ စုံစမ်းရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ရခိုင်ဒေသတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ၊ နောက်ဆက်တွဲပြဿနာတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုရှိမရှိတို့ကို စုံစမ်းစစ်ဆေးပြီး ပြန်လည်တည်ငြိမ်လာရေး ကြိုးပမ်းနေပါတယ်။

လက်ရှိချိန်ထိတော့ နယ် မြေတည်ငြိမ်ရေးအရ ပုဒ်မ ၁၄၄ ထုတ်ပြီး စစ်ဆင်ရေးနယ်မြေ သတ်မှတ်ကာ တပ်မတော်ကပါ ရဲတပ်ဖွဲ့နဲ့အတူ လုံခြုံရေး ရယူထားရဆဲပါ။

မေခ   / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧

အငှားယာဉ်မောင်း ဦးနေဝင်း ကို နိုင်ငံတော် အတိုင်ပင်ခံ ဂုဏ်ပြု

$
0
0

နိုင်ငံတော်အတိုင်ပင်ခံရဲ့ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ခံရတဲ့ ဦးနေဝင်(ခ)ဦးဝင်းလွင် ကို တွေ့ရစဉ်။  Photo: Myanmar State Counsellor Office FB
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ရန်ကုန်လေဆိပ်မှာလုပ်ကြံသူကို ဖမ်းဆီးပေးခဲ့တဲ့ အငှားယာဉ် မောင်း ဦးနေဝင်း(ခ)ဦးဝင်းလွင်ကို ဇန်နဝါရီလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ထိုးကာ ရွေးချယ်လိုက်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့တို့ အင်ဒိုနီးရှားနိုင်ငံခရီးစဉ်ကနေ ပြန်လာစဉ် ရန်ကုန်လေဆိပ်မှာ ကြည်လင်းဆိုသူက သေနတ်နဲ့ အနီးကပ် လုပ်ကြံခဲ့တာပါ။

တရားခံကြည်လင်းမှာ သေနတ်ပါနေလို့ အများစုဟာ အနားမကပ်ရဲကြပေမယ့် ဦးနေဝင်းက သူ့အသက်ကို ပဓာနမထားဘဲ ကြည်လင်းကို အုတ်နီခဲနဲ့ လှမ်းပစ်ရာ နောက်စေ့ကိုထိမှန်ခဲ့ပါတယ်။

ကြည်လင်းက ဦးနေဝင်းကို သေနတ်နဲ့ ပြန်ပစ်တဲ့အတွက် ထိမှန်ပြီး ရရှိတဲ့ဒဏ်ရာနဲ့ အသက်ဆုံးပါးခဲ့ရ ပါတယ်။

မိမိရဲ့အသက်ကို မငဲ့ကွက်ဘဲ တရားခံဖမ်းမိနိုင်ရေးကြိုးပမ်းရာမှာ ရဲရင့်တဲ့ပြည်သူတစ်ဦးအနေနဲ့ အသက်ဆုံးရှုံးခဲ့ရ တဲ့ ဦးနေဝင်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်တာပါ။

အငှားယာဉ်မောင်းဦးနေဝင်းလို ရဲရင့်ခြင်း၊ စွန့်လွှတ်ခြင်း၊ တာဝန်သိခြင်း မတရားမှုကို ဆန့်ကျင်တဲ့ မြင့်မြတ်တဲ့ လုပ်ဆောင်ချက်အတိုင်း နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ အနာဂတ်နိုင်ငံတည်ဆောက်ရေးမှာ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ မေတ္တာရပ်ခံလျက်ဆိုပြီး အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
↧
↧

မြောက်ကိုရီးယား အမျိုးသား သေဆုံးမှုတွင် ဓာတုပစ္စည်း သုံးစွဲခဲ့ကြောင်း မလေးရှား ရဲတပ်ဖွဲ့ ထုတ်ပြန်

$
0
0


မြောက်ကိုရီးယား နိုင်ငံသား အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

    မလေးရှားနိုင်ငံ လေဆိပ်တွင် သေဆုံးခဲ့သည့် မြောက်ကိုရီးယား နိုင်ငံသား အမျိုးသား တစ်ဦးမှာ ဓာတုလက်နက်ဒဏ်ကြောင့် သေဆုံးရခြင်း ဖြစ်သည်ကို ၎င်း၏ ခန္ဓာကိုယ်အတွင်း ခွဲစိတ်မှုမှ တွေ့ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်က ပြောကြားလိုက်သည်။

အဆိုပါ မြောက်ကိုရီးယားနိုင်ငံသား၏ ခန္ဓာကိုယ်ထဲတွင် လူကို သေစေနိုင်သော အာရုံကြောကို ထိခိုက်စေသည့် အဆိပ်ဓာတ်ငွေ့ VX အား တွေ့ရှိရကြောင်း၊ ယင်း အဆိပ်ဓာတ်ငွေ့က မလေးရှားနိုင်ငံတွင် တားမြစ်ထားသည့် ဓာတု လက်နက်ပစ္စည်း ဖြစ်ကြောင်း ရဲချုပ် ခါလစ် အဘူဘက်ကာက လေဆိပ်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

ယင်း ဓာတုပစ္စည်းအား မလေးရှားနိုင်ငံအတွင်းသို့ မည်သို့ သွင်းယူလာသည်ကို စုံစမ်းလျက်ရှိကြောင်း ၎င်းက ပြောသည်။အာရုံကြောကို ထိခိုက်စေပြီး အသက်သေစေနိုင်သော အဆိုပါ VX အဆိပ်ဓာတ်ငွေ့အား သေဆုံးသူ အမျိုးသား၏ မျက်စိအမြှေးပါးနှင့် မျက်နှာပေါ်တို့၌ တွေ့ရှိခဲ့ရကြောင်း ကနဦး လေ့လာဆန်းစစ်မှု တစ်ခုတွင် ခါလစ်ကိ ပြောကြားထားသည်။

VX အဆိပ်ဓာတ်ငွေ့သည် ၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မလေးရှားနိုင်ငံ ဓာတု လက်နက်ဆိုင်ရာ သဘောတူညီစာချုပ်နှင့် နိုင်ငံတကာ လက်နက် ထိန်းချုပ်ရေး သဘောတူညီချက် တစ်ခု ဖြစ်သည့် ဓာတု လက်နက်များဆိုင်ရာ သဘောတူစာချုပ်၏ နောက်ဆက်တွဲ အပိုဒ်၁ အရ စာရင်းဝင် ဓာတု လက်နက်ပစ္စည်း တစ်မျိုး ဖြစ်သည်။

အဆိုပါ မြောက်ကိုရီးယား နိုင်ငံသား အမျိုးသားသည် ဖေဖော်ဝါရီလ ၁၃ ရက်က မလေးရှား လေဆိပ်တွင် လုပ်ကြံခံရပြီးနောက် ဆေးရုံသို့ သွားရာ လမ်း၌ သေဆုံးခဲ့ကြောင်း၊ ၎င်းအား မြောက်ကိုရီးယားနိုင်ငံမှ ကင်ချွဲဟု မလေးရှား ရဲတပ်ဖွဲ့က ပြောဆိုထားသည်။သံရုံး စာရွက်စာတမ်းများအရ ယင်း အမျိုးသားသည် မြောက်ကိုရီးယားနိုင်ငံ သမ္မတ ကင်ဂျုံအန်း၏ အဖေတူ အမေကွဲ အစ်ကို ကင်ဂျုံနမ် ဖြစ်ကြောင်း မလေးရှား ဒုတိယ ဝန်ကြီးချုပ်က ပြောကြားခဲ့သော်လည်း ထို အချက်အား မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်က ငြင်းဆိုထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
↧

ဖိအားပေးခံနေရတဲ့ ဂျမူးက ရိုဟင်ဂျာတွေ

$
0
0

ရိုဟင်ဂျာတွေ ဂျမူးက ထွက်သွားလို့ တောင်းဆိုမှုတွေ ရှိ
မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ အိန္ဒိယ အနောက်မြောက်ပိုင်းက ဂျမူး နယ်မှာ နေထိုင်နေကြပါတယ်။ သူတို့ထဲက ခြောက်ထောင်လောက်က ဒီမှာ စာရင်းသွင်းထားသူတွေ ဖြစ်ပါတယ်။

တချို့ဆို ဒီမှာ နေကြတာ ၁ဝ နှစ်ကျော်နေပါပြီ။ စက်ရုံလုပ်သား၊ အိမ်အကူ၊ သံတိုသံစ ရောင်းသူ စသဖြင့် အသက်မွေး နေကြပါတယ်။

အခု သူတို့ကို ပြည်နယ်ထဲက ထွက်သွားဖို့ တောင်းဆို လှုပ်ရှားတာတွေ ရှိနေပါတယ်။ သူတို့ကြောင့် ဒီမှာ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ် ဆိုပြီး ဟိန္ဒူ အယူသည်း အုပ်စုတွေက လှုံ့ဆော် နေပါတယ်။

အိန္ဒိယ ဖွဲ့စည်းပုံ အရ ဂျမူးနဲ့ ကက်ရှ်မီးယား မှာ ဘယ်သူမှ အခြေချခွင့် မပေးဘူးလို့ ဆိုပါတယ်။ အိန္ဒိယ ပါကစ္စတန် နယ်စပ် နဲ့ ကပ်နေတဲ့ ဂျမူးမှာ သူပုန်ထ နေတဲ့အတွက် ရိုဟင်ဂျာ မွတ်ဆလင်တွေ ရောက်လာတာကို ပူပန် နေကြတာပါ။

၂ဝ၁၅ က ဒီနယ်မှာ ပစ်သတ်ခဲ့တဲ့ နိုင်ငံခြားသား စစ်သွေးကြွ ၂ ယောက်ထဲက တယောက်က မြန်မာပြည်က ဖြစ်နေတာလည်း လူတွေ စိုးရိမ် စရာ တချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလူဟာ ဂျမူးမှာ နေခဲ့ဖူးလား ဆိုတာကိုတော့ မသိရပါဘူး။

နောက် ဒီနယ်မှာ အိန္ဒိယက ပါကစ္စတန် ခွဲထွက်ပြီး ၁၉၄၇ ကတည်းက နေလာကြတဲ့ ဒုက္ခသည် ၁၉,ဝဝဝ လောက်လည်း ရှိပါတယ်။

ဒီဒုက္ခသည်တွေ မွေးလာကြတဲ့ ဟိန္ဒူနဲ့ ဆစ်ဘာသာဝင် တွေကို အိန္ဒိယ နိုင်ငံသား ပေးပေမယ့် သူတို့ကို ဒီနယ်မှာ အမြဲတမ်း နေခွင့်တော့ မရပါဘူး။ ခုထက်ထိလည်း ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲတွေမှာ ဒီလူတွေ မဲပေးခွင့် မရပါဘူး။

 ဒေသခံတွေက သူတို့ကို အမြဲကူညီတယ်လို့ပြော
ဒါပေမဲ့ ရိုဟင်ဂျာတွေကြောင့် ဒီဒေသမှာ အစွန်းရောက် ဝါဒ ခေါင်းထောင်လာတာ မရှိကြောင်း ပြည်နယ်ရဲ့ ပြည်ထဲရေး ဝန်ကြီးက ဆိုပါတယ်။

ဒေသခံတွေက သူတို့ ဒီလိုလာနေတဲ့အတွက် ကန့်ကွက်တာလည်း မရှိဘူးလို့ ရိုဟင်ဂျာတွေက ပြောပါတယ်။

သူတို့ကို လာကူတာ၊ လှူဒါန်း ထောက်ပံ့တာတွေ ပဲ ရှိတယ်၊ မနှစ်က သူတို့ ကျူးကျော် ရပ်ကွက် မီးလောင်တော့ ကလေးတွေကို လာကယ်တာ နယ်ခံတွေပဲလို့ ရိုဟင်ဂျာ တွေက ဆိုပါတယ်။

သူတို့ ဒီမှာ တရားမဝင် လာနေတာလည်း မဟုတ်ဘူး၊ ကုလသမဂ္ဂ ထုတ်ပေးတဲ့ ဒုက္ခသည် ကတ်ပြားတွေ ရှိတယ်လို့ ရိုဟင်ဂျာ တွေက ပြောပါတယ်။ ဒါပေမဲ့ သူတို့ကို ဒီလို မုန်းတီးရေး စကားတွေနဲ့ တိုက်ခိုက်ခံရပြီးနောက် သူတို့ကို ရဲက လာစစ်တာလည်း မရှိပါဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ လုံခြုံရေးနဲ့ ဒေသခံတွေ အခွင့်အရေး အတွက် အတိုက်အခံ ပါတီ တွေက ပြည်နယ် အစိုးရကို တိုက်ခိုက်ဖို့ ရိုဟင်ဂျာ ကိစ္စက မီးမောင်းထိုးစရာ ဖြစ်လာနိုင်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
↧

ကျပ်သန်း ၁၃၀ ကျော် တန်းဖိုးရှိ အမိုနီယမ်နိုက်ထရိတ် အိတ်တွေ သိမ်းဆည်း ရမိ

$
0
0


မြေဆီအိတ်များနှင့် ရောနှောသယ်ဆောင်လာသည့် အမိုနီယမ်နိုက်ထရိတ်ဟု ယူဆရသောအိတ်များနှင့် သယ်ဆောင်လာသည့် ယာဉ်များအား သိမ်းဆည်းရမိ
ရန်ကုန် ဖေဖော်ဝါရီ ၂၄

မြေဆီ (Fertilizer) ဟု ယူဆရသော အိတ်များနှင့် ရောနှောသယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ်ဟု ယူဆရသည့် အိတ်များနှင့် ယင်းတို့ကို သယ်ဆောင်လာသော ယာဉ်များအား ဖေဖော်ဝါရီ ၂၁ ရက်က မန္တလေးတိုင်း ဒေသကြီး ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးစခန်းတွင် သိမ်းဆည်း ရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့ကြားရှိ ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် တာဝန်ကျ အကောက်ခွန်စစ်ဆေးရေး အဖွဲ့မှ Nissan UD အမျိုးအစား ၂၂ ဘီးတွဲယာဉ်နှစ်စီးနှင့် FUSO ၁၂ ဘီးယာဉ် တစ်စီးတို့အား စစ်ဆေးခဲ့ရာ Future Smooth Co.,Ltd. မှ သွင်းကုန်ကြေညာလွှာ ID ဖြင့် Fertilizer (မြေဆီ) ဟု ကြေညာ တင်သွင်းလာပြီး Fertilizer (မြေဆီ) ဟု ယူဆရသော အိတ် ၆၃၉ အိတ် (၃၁၉၅ဝ ကီလိုဂရမ်)နှင့် ရောနှော သယ်ဆောင်လာသော အမိုနီယမ် နိုက်ထရိတ်ဟု ယူဆရသော အိတ် ၁၃ဝဝ (၆၅ဝဝဝ ကီလိုဂရမ်)နှင့် သယ်ဆောင်လာသည့် ယာဉ်များအပါအဝင် စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၁၃၂ ဒသမ ၅၈၅ သန်းခန့်အား သိမ်းဆည်းခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ၊ အထူးကင်း၊ ရေပူစစ်ဆေးရေးစခန်းနှင့် အကောက်ခွန် နယ်မြေဒေသအသီးသီး တို့တွင် တင်သွင်း/တင်ပို့ခွင့် စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးရှာဖွေ အရေးယူမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၂ ရက်အထိ တစ်ပတ်တာအတွင်း ခန့်မှန်းတန်ဖိုး ကျပ် ၄၈ဝ ဒသမ ဝ၃၅ သန်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းသို့ သိမ်းဆည်းရမိခဲ့ရာတွင် ပဲခူးတိုင်းဒေသကြီး အကောက်ခွန် ဦးစီးဌာနရုံးက တားဆီးမှု ငါးမှု (ခန့်မှန်းတန်ဖိုးကျပ် ၅ဝ ဒသမ ၉၅ သန်း)၊ မန္တလေးတိုင်းဒေသကြီး အကောက်ခွန် ဦးစီးဌာနမှူးရုံးက တားဆီးမှု ၂၇ မှု(ခန့်မှန်းတန်ဖိုး ၄၁၆ ဒသမ ၆၉၅ သန်း)၊ မူဆယ်မြို့နယ် အကောက်ခွန် ဦးစီးဌာနရုံးက တားဆီးမှုတစ်မှု (ခန့်မှန်းတန်ဖိုးကျပ် ၁ ဒသမ ၃ သန်းခန့်)၊ ကျိုင်းတုံမြို့နယ် အကောက်ခွန် ဦးစီးဌာနရုံးက တားဆီးမှုတစ်မှု (ခန့်မှန်းတန်ဖိုးကျပ် ၂ ဒသမ ၆၈ သန်းခန့်)၊ ထားဝယ် မြို့နယ် အကောက်ခွန်ဦးစီးဌာနရုံး က တားဆီးမှုတစ်မှု (ခန့်မှန်းတန်ဖိုး ကျပ် ၁ ဒသမ ၂ သန်းခန့်) နှင့် ရေပူစစ်ဆေးရေးစခန်းက တားဆီးမှု လေးမှု (ခန့်မှန်းတန်ဖိုးကျပ် ၇ ဒသမ ၂၁ သန်းခန့်) စုစုပေါင်း ၃၉ မှု (ခန့်မှန်းတန်ဖိုးကျပ် ၄၈ဝ ဒသမ ဝ၃၅ သန်း) သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily/
↧

ယွမ်ငွေတန်ဘိုး လျှော့ချရေး တရုတ်လုပ်မည်မဟုတ်

$
0
0


အမေရိကန်ဒေါ်လာနဲ့ တရုတ်ယွမ်ငွေ
တရုတ်နိုင်ငံက ကုန်သွယ်ရေးအသာရဖို့အတွက် ငွေကြေးတန်ဖိုးချထားဖို့ ရည်ရွယ်ချက် မရှိဘူးလို့ သောကြာနေ့က ပြောကြားလိုက်ပါတယ်။ တရုတ်ဟာ ငွေကြေး တန်ဖိုးကို ဈေးကစားအသုံးချတဲ့နေရာမှာ ချန်ပီယံပဲလို့ အမေရိကန်သမ္မတ Donald Trump ကပြောခဲ့တာကို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ Reuters သတင်းဌာနနဲ့ ကြာသပတေးနေ့ကလုပ်ခဲ့တဲ့ မေးမြန်းခန်းမှာ သမ္မတ Trump ကတရုတ်ဟာ ယွမ်ငွေကို အသုံးချနေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

တရုတ်ရဲ့ နိုင်ငံခြား ငွေကြေးလဲလှယ်ရေးစနစ်ကို စနစ်တကျလေ့လာသုံးသပ်သွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးသစ်ကလည်း ကြာသပတေးနေ့ကပဲ ပြောခဲ့တာပါ။ နိုင်ငံခြားနဲ့ကုန်သွယ်ရေးမှာ အသာရအောင် ငွေကြေးမူဝါဒတွေနဲ့ လုပ်ဖို့ရည်ရွယ်ချက် မရှိဘူး နေ့စဉ်သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Geng Shuang ကပြောခဲ့ပါတယ်။ ယွမ်ငွေကြေးလဲလှယ်တဲ့ကိစ္စကို မှန်မှန်ကန်ကန်၊ အပြုသဘောနဲ့ မြင်အောင်ကြည့်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း သူကပြောခဲ့ပါတယ်။

ဒေါ်လာငွေနဲ့လဲလှယ်နှုန်းမှာ တရုတ်က ယွမ်ငွေတန်ဖိုးကို တမင်ချထားပြီး သူ့ရဲ့ပို့ကုန်တွေဈေးပေါအောင်လုပ်ထားတဲ့အတွက်၊ အမေရိကန်ကုန်ထုတ်လုပ်ငန်းတွေ မယှဉ်နိုင်ဖြစ်နေရတာလို့ သမ္မတ Trump ကအကြိမ်ကြိမ် စွပ်စွဲပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တွင်း ဒေါ်လာနဲ့ လဲလှယ်တဲ့ ယွမ်ငွေတန်ဖိုး၆.၆ % ကျဆင်းခဲ့ပြီး၊ ဒါဟာ ၁၉၉၄ခုနှစ်ထဲကဆိုရင် တနှစ်အတွင်းအနိမ့်ဆုံးကျဆင်းခဲ့တာဖြစ်တယ်လို့ Reuters သတင်းထဲမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧
↧

အော်စကာဆု ရွေးချယ်မှု နိုင်ငံရေး ပါသလား

$
0
0

အော်စကာဆုပေးပွဲပြင်ဆင်နေစဉ်။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇)
Hollywood ရဲ့ ၈၉ ကြိမ်မြောက် အကယ်ဒမီ Oscar ဆုပေးပွဲကြီးကို လာမယ့် တနင်္ဂနွေနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီနှစ်အတွက် အကောင်းဆုံးဆုတွေကို ဘယ်မင်းသား မင်းသမီးတွေ၊ ရုပ်ရှင်ကားတွေရနိုင်မလဲဆိုတာကို ရုပ်ရှင်ဝါသနာရှင်တွေ၊ အကဲခတ်တွေ Hollywood ရုပ်ရှင်အသိုင်းအဝိုင်းထဲကသူတွေကြား ကြိုတင်ထင်ကြေးပေး သုံးသပ်နေကြပါတယ်။ ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အထင်ကရဆုကြီးဖြစ်တဲ့ Oscar ဆုကိုပေးဖို့ ရွေးချယ်ဆုံးဖြတ်တဲ့နေရာမှာ အနုပညာဖန်တီးမှုကို အဓိကထားပေမဲ့ နိုင်ငံရေးနဲ့ပါတ်သက်တဲ့ စဉ်းစားရွေးချယ်မှု မကင်းဘူးဆိုတဲ့အကြောင်း VOA သတင်းထောက် Penelope Poulou (ပန်နာလပီ ပူးလူး) ကတင်ပြထားပါတယ်။ မစုမြတ်မွန်က ဆက်ပြီးပြောပြပါလိမ့်မယ်။

လူငယ်ဒါရိုက်တာ Damien Chazelle ရိုက်ကူးတင်ပြထားတဲ့ La La Land ဆိုတဲ့ ဂီတအသားပေးရုပ်ရှင်က ဒီနှစ် Oscar ဆုအတွက် စကာတင် အများဆုံး ရွေးချယ်ခံ ထားရပါတယ်။ La La Land ရုပ်ရှင်ဟာ အနုပညာလောကထဲကို ထိုးဖောက်နိုင်ဖို့ ကြိုးစားကြရတဲ့ အနုပညာရှင်သစ်တွေ ဘယ်လိုကြုံတွေ့ ဖြတ်သန်းကြရသလဲ ဆိုတဲ့ ဒါရိုက်တာရဲ့ ကိုယ်တွေ့အခြေအနေကို ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။ ၁၉၅၀ ပြည့်နှစ်ပိုင်းတွေမှာနာမည်ကျော်ခဲ့တဲ့ All About Eve ဆိုတဲ့ ဒရမ်မာရုပ်ရှင်ကားနဲ့ ၁၉၉၇ ခုနှစ်မှာအောင်မြင်ခဲ့တဲ့ Titanic ရုပ်ရှင်ကားတွေပြီးရင် La La Land က Hollywood ရုပ်ရှင်သမိုင်းမှာ စံချိန်တင်ရလောက်အောင် ၁၄ ဆုအတွက် ဆန်ခါတင် ရွေးချယ်ခံထားရပါတယ်။

အခုလို Oscar ဆုကြီးအတွက် စကာတင်ရွေးချယ်ခံရနိုင်ဖို့ ပြောင်မြောက်တဲ့ အနုပညာဖန်တီးမှုတွေအပြင် ငွေကြေးအကုန်ခံ ကြော်ငြာအားကောင်းဖို့လိုတယ်လို့ George Mason တက္ကသိုလ်က ရုပ်ရှင်နဲ့ Video လေ့လာရေး အစီအစဉ်ဆိုင်ရာ ညွန်ကြားရေးမှူး Giovanna Chesler ကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က Oscar ဆု ဆန်ခါတင် အရွေးခံရသူတွေရော ဆုရရှိသူတွေပါ အများစုဟာ လူဖြူတွေဖြစ်နေတဲ့အတွက် Oscar ဆုရွေးချယ်သူတွေအပေါ် အတော်လေးဝေဖန်ခံပြစ်တင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ လူနည်းစုတွေအကြောင်း ထင်ဟပ်တဲ့ ရုပ်ရှင်ကားတွေ လူနည်းစုမင်းသား၊ မင်းသမီးတွေပါ ဆန်ကာတင်ရွေးခံရတဲ့ထဲမှာပါပါတယ်။ မူးယစ်ဆေးဝါးပေါတဲ့ ရပ်ကွက်မှာ ကြီးပြင်းခဲ့ရတဲ့ African-American လူငယ်တယောက်အကြောင်းရိုက်ကူးထားတဲ့ Moonlight ရုပ်ရှင်ကား။ ကြေးစား Baseball ကစားသမားဖြစ်ချင်ခဲ့ပေမဲ့ လူမည်းဖြစ်နေတာကြောင့် သူ့ရဲ့အိမ်မက်တွေ အကောင်အထည်မဖော်နိုင်ခဲ့သူတယောက်နဲ့ သူရဲ့ဇနီးသည်နဲ့ သားကြား ဆက်ဆံရေးကို ပုံဖော်ထားတဲ့ Fence ဆိုတဲ့ရုပ်ရှင်ကားတွေက Oscar စကာတင်ဆုတွေ တော်တော်များများရွေးချယ်ခံထားရပါတယ်။

"Oscar ဆုအတွက် ပဏမရွေးချယ်ပေးတဲ့ အကယ်ဒမီအဖွဲ့ဝင်တွေထဲမှာ လိင်ပြောင်းထားသူ၊ လိင်တူစုံမက်သူတွေမပါတာ၊ လူဖြူတွေချည်းဖြစ်နေ တာတွေကို ပြောင်းလဲပြီး အသားအရောင်စုံ၊ လူတန်းစားစုံပါဝင်ရေးအတွက် အကယ်ဒမီအဖွဲ့ကြီးက လုပ်နေကြပါပြီ။ ဆုအတွက် မဲခွဲဆုံးဖြတ်နိုင်တဲ့ အဖွဲ့ဝင်တွေထဲမှာလည်း နောက်ခံမတူသူတွေ အစုံပါလာအောင် အားထုတ်လုပ်ခဲ့ပါတယ်။"

အဲဒီလိုလုပ်လာတဲ့အတွက် Hollywood ရဲ့ပင်မရေစီးထဲမှာ လူမည်းတွေအကြောင်း ရုပ်ရှင်ကားတွေပါလာအောင် အားပေးရာရောက်တယ်လို့ သူကဆိုပါတယ်။ အာကာသကို ပထမဆုံးအမေရိကန်တွေသွားနိုင်ဖို့နဲ့ နောက်ပိုင်း လကမ္ဘာပေါ်အထိတက်နိုင်ဖို့အတွက် အားထုတ်ကူညီခဲ့ကြတဲ့ African American အမျိုးသမီး ၃ ယောက်အကြောင်း အဖြစ်မှန်ရိုက်ကူးထားတဲ့ Hidden Figures ဆိုတဲ့ရုပ်ရှင်ကားဆိုလည်း ပရိတ်သတ်ကြား ရေပန်းစားနေသလို အကောင်းဆုံး ရိုက်ညွှန်းအတွက် ဒါမှမဟုတ် အကောင်းဆုံးအမျိုးသမီးဇတ်ပို့ဆုအတွက် Oscar ဆုရနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

နိုင်ငံရေးအခြေအနေကလည်း Oscar ဆုပေးတဲ့အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ သမ္မတ Donald Trump က ဒုက္ခသည်တွေ နိုင်ငံထဲဝင်ခွင့်ယာယီပိတ်ပင်တဲ့အမိန့် ထုတ်ခဲ့ပြီးနောက် ဒုက္ခသည်အရေးအပေါ် အာရုံစိုက်မှုပြန်ရခဲ့ပါတယ်။ အီတလီနိုင်ငံ Lampedusa ကျွန်းဆီကိုရောက်အောင် သက်စွန့်ဆံဖြား မြေထဲပင်လယ်ဖြတ်ပြီးလာကြတဲ့ ဒုက္ခသည်တွေနဲ့ သူတို့ကို ကယ်ဆယ်တဲ့အကြောင်းရိုက်ထားတဲ့ Fire at Sea ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကလည်း မှတ်တမ်းရုပ်ရှင်ကဏ္ဍအတွက် Oscar ဆန်ကာတင်ရွေးချယ်ခံထားရပါတယ်။

"မှတ်တမ်းကားတွေအပေါ် အာရုံစိုက်ခံရတဲ့အချိန်လို့ ပြောနိုင်ပါတယ်။ သူတို့နဲ့ပါတ်သက်လို့ မေးခွန်းထုတ်မှုတွေ၊ စိတ်ဝင်စားမှုတွေရှိလာလေ ဒီကဏ္ဍပိုင်းမှာ ပိုပြီးတိုးတက်လာလေပါ။ ကျွန်မကတော့ ပိုကြိုက်ပါတယ်။"

မွတ်ဆလင်အများစုနေတဲ့ ၇ နိုင်ငံကနိုင်ငံသားတွေကို သမ္မတ Trump က ယာယီပြည်ဝင်ခွင့်တားမြစ်ခဲ့တဲ့ကိစ္စကြောင့် အီရန်ဒါရိုက်တာ Asghar Farhadi S go fa ha di) ရဲ့ The Salesman ရုပ်ရှင်ကားက နိုင်ငံခြားဘာသာစကားပြောရုပ်ရှင် ကဏ္ဍအတွက် အနိုင်ရသွားနိုင်ပါတယ်။ Oscar ဆုပေးပွဲတက်ဖို့ အမေရိကန် Visa ရတယ်ဆိုရင်တောင် လာမှာမဟုတ်ဘူးလို့ နာမည်ကျော်ဒါရိုက်တာကြီးက ပြောထားပါတယ်။

အမေရိကန်မှာ နိုင်ငံရေးအရ သဘောထားကွဲမှုတွေရှိနေချိန်မှာ Oscar ဆုရွေးချယ်သူတွေက သိပ်အငြင်းပွားစရာမဖြစ်တဲ့ ရုပ်ရှင်မျိုးကို ရွေးချယ်ကောင်း ရွေးချယ်နိုင် တယ်လို့လည်း George Mason တက္ကသိုလ်က ရုပ်ရှင်နဲ့ Video လေ့လာရေး အစီအစဉ်ဆိုင်ရာ ညွန်ကြားရေးမှူး Giovanna Chesler ကသုံးသပ်ပါတယ်။

"La La Land ကနေ အဖြေပေါ်လာပါလိမ့်မယ်။ တခြားရုပ်ရှင်ကားတွေ အားလုံးထက်သူက စကာတင် ရွေးချယ်မှုအများကြီးရထားပါတယ်။ ဒီရုပ်ရှင်က Trump ရဲ့ရုပ်ရှင်လို့တော့ ကျွန်မဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်က လူဖြူတွေရဲ့ သာမာန်ညောင်ည အဖြစ်အပျက်ကို ရိုက်ပြထားတဲ့ရုပ်ရှင်လို့တော့ ပြောလို့ရပါတယ်။ ရုပ်ရှင်ထဲက အဓိကဇတ်ကောင် ၂ ယောက်လုံးက အကကောင်းကြသူတွေမဟုတ်ဘူး၊ အဆိုကောင်းကြသူတွေမဟုတ်ဘူး၊ ဂီတအကနဲ့ ဖျော်ဖြေနိုင်ဖို့ စနစ်တကျသင်ထားကြသူတွေမဟုတ်ပါဘူး၊ အဆိုတော် John Legend လိုတော့ သီချင်းဆိုနိုင်ကြသူတွေမဟုတ်ဘူးလေ။"

အခုနှစ် Oscar ဆုတွေမှာ လူနည်းစုအနုပညာရှင်တွေလည်း မျှမျှတတ ဆုရဖို့အတွက် သူအပါအဝင် တော်တော်များများက မျှော်လင့်နေကြပါတယ်။ ဒါမှသာ Hollywood ဟာ မတူကွဲပြားမှုကိုလက်ခံတယ်ဆိုတဲ့လမ်းမှန်ဆီ သွားနေပြီဆိုတာ အသိအမှတ်ပြုနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

 မစုမြတ်မွန်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧

ရေသတ္တ၀ါ ထိန်းသိမ်းရေး မြန်မာစီစဉ်

$
0
0


မြန်မာနိုင်ငံ ဧရာဝတီတိုင်းတွင်း ကမ်းခြေမှာ ငါးဖမ်းနေကြစဉ်။
အမျိုးအစားစုံလင်လှတဲ့ မြန်မာ့ရေသတ္တဝါတွေ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အစီအစဉ်သစ်ကို မြန်မာအစိုးရနဲ့ WSC တောရိုင်း သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တို့က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ကျင်းပတဲ့ ကမ္ဘာ့သမုဒ္ဒရာဆိုင်ရာ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ ပင်လယ်သမုဒ္ဒရာ ဆိုင်ရာ စီးပွါးရေး ရေရှည်တည်တံ့ စေဖို့ မဟာဗျူဟာ အကြံပြုချက်တွေပါတဲ့ “Marine Spatial Planning for Myanmar: Strategic Advice for Securing a Sustainable Ocean Economy” ထိမ်းသိမ်းရေး အစီအစဉ်ကို ချပြခဲ့တာ ဖြစ်ပါတယ်။ ဒီ အစီအစဉ်ကို မြန်မာ့ရေလုပ်ငန်း၊ သဘာဝသယံဇာတနဲ့ သဘာဝဝန်းကျင် ဝန်ကြီးဌာနတို့က အမေရိကန် အခြေစိုက် WCS ၊ ဗြိတိန်အခြေစိုက် Exeter တက္ကသိုလ်နဲ့ ပျိုးပင် ဒေသတွင်းအဖွဲ့တို့ရဲ့ အကူအညီတွေနဲ့ ရေးဆွဲ ထားတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ထဲမှာ ရှားပါးမျိုးစိတ်တွေ ဖြစ်တဲ့ လပိုင်တွေ၊ ပင်လယ်လိပ်တွေ အပါအဝင် မြန်မာ့ရေပြင်မှာ ကျက်စားတဲ့ အမျိုးအစား စုံလင်လှတဲ့ သတ္တဝါ မျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပါဝင်ပါတယ်။

မြန်မာ့ သမုဒ္ဒရာပြင်ဟာ စတုရန်း ကီလိုမီတာ ၅ သိန်းနီးပါးရှိပြီး ရှားပါးရေသတ္တဝါတွေ ကျင်လည် ကျက်စားနေပေမယ့် သမုဒ္ဒရာပိုင်နက်ထဲက နေရာအတော်များများ အတွက်တော့ ထိန်းသိမ်းစောင့်ရှောက်မှုတွေ အကာကွယ်တွေ ကောင်းကောင်း မပေးနိုင်သေးပါဘူး။ ငါးလုပ်ငန်းနဲ့ အသက်မွေးပြီး ဒီမြန်မာ့ရေပြင်ကို မှီခိုနေရသူပေါင်းက တသန်းခွဲလောက် ရှိမယ်လို့ WSC က ခန့်မှန်းထားပါတယ်။

အခု အစီအစဉ်ကနေ ဒေသခံတွေအတွက် မြန်မာ့ရေပြင်ဘယ်လို အသုံးချသင့်တယ် ဆိုတာနဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေတာ တွေကို နားလည်လာနိုင်မှာ ဖြစ်သလို အနာဂါတ်မှာ ပင်လယ်သမုဒ္ဒရာနဲ့ ဆက်နွယ်နေတဲ့ စီးပွါးရေးဆိုင်ရာ ရေရှည်အကျိုးရှိစေဖို့ ဘယ်လိုပူးပေါင်း ဆောင်ရွက်ရမယ် ဆိုတာကိုလည်း သိလာနိုင်မှာဖြစ်တယ်လို့ WCS အဖွဲ့ရဲ့ မြန်မာ့ရေပြင်ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်က အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧

မြန်မာပြည် ဝင်ခွင့်မရတဲ့ Black List စာရင်းဝင်တွေ ရှိနေဆဲ

$
0
0

အရင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်ဝင်ခွင့်ရရှိခဲ့ပေမဲ့ - အခုအခါ Black List အမည်မည်းစာရင်း အသွင်းခံထားရပြီး ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခံ လိုက်ရတယ်လို့ - ပြည်ပရောက် နိုင်ငံရေးခေါင်းဆောင် တဦးက ပြောဆိုလိုက်ပါတယ်။ အမည်မည်းစာရင်း အသွင်းခံရတဲ့ အကြောင်းရင်းကို မသိရပေမဲ့ - လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကန့်ကွက်မှုမှာ အာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်း သေဆုံးသွားမှု ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့မိလို့ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်း ဆက်ပြောပြပါမယ်။

FDB မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါက်တာ နိုင်အောင် က အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးမှာ ဒီသီတင်းပတ်ထဲ သွားရောက်ဗီဇာလျှောက်ထားချိန် - သူ့ရဲ့နာမည် Black List စာရင်းထဲ ၀င်နေတာကို သိခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလျှောက်ပြီးတော့ နောက်တနေ့ ထပ်ပြီးတော့ ဖုန်းဆက်လာတယ်။ ကျနော့်ဗီဇာကိစ္စ ကျနော်က Black List ထဲ ၀င်နေတဲ့အတွက်ကြောင့် ဗီဇာထုတ်ပေးလို့ မရပါဘူးလို့ အဲ့လိုမျိုး ပြန်ပြောတယ်။ သူပြောတာ ကတော့ နောက်ဆုံးတခေါက် ၂၀၁၅ နှစ်ဆန်းပိုင်း ပြန်လာပြီးတော့မှ Black List ထဲကို ထည့် ထားတာလို့ ပြောတယ်။ ကျနော်က ဘယ်က ထည့်တာလဲလို့ မေးတဲ့အခါကျတော့ ပြည်ထဲရေးဝန်ကြီးဌာန ကလို့ ပြောပါတယ်။”

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ နှစ်ကုန်ပိုင်းမှာ Black List စာရင်း အသွင်းခံထားရသူ ၅ ထောင်ကျော်ရဲ့ အမည်တွေကို ဖယ်ရှားပေးခဲ့ တာပါ။ အဲဒီလို ဖယ်ရှားပေးပြီးနောက်ပိုင်း - စစ်အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံရေး လှုပ်ရှားသူ တော်တော်များများ မြန်မာပြည်ကို ပြန်သွားကြတဲ့အထဲမှာ ဒေါက်တာနိုင်အောင်လည်း တဦး အပါအ၀င်ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ နှစ်ဆန်းပိုင်းကျမှ ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီး၊ ဘာကြောင့် Black List စာရင်း ပြန်သွင်းခံရသလဲဆိုတာ မသိရတဲ့အကြောင်း - ဖြစ်နိုင်ချေ သူ့အမြင်ကို အခုလို ပြောပြပါတယ်။

“မှတ်မှတ်ရရ တခုရှိတာကတော့ ကျနော် ရန်ကုန်မှာ မပြန်ခင်လေး ၂၀၁၅ နှစ်ဆန်းပိုင်းမှာ ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ မန္တလေးမှာ ဆန္ဒပြတာရှိတယ်လေ။ ကျနော်တို့လည်း ၀င်ပါတယ်ပေါ့။ အဲဒီကိစ္စကိုပဲ အရေးယူတာလား ဆိုတာမျိုးတော့ ကျနော်လည်း မသိဘူး။ ဒါပေမဲ့ ပြောချင်တာကတော့ တသက်လုံး နိုင်ငံရေးလုပ်လာတာ၊ တောလည်း ခိုလာတာ။ ဒါကိုပဲ အသိအမှတ်ပြုပြီးတော့ ပြန်လာကြပါလို့ ပြောတဲ့အတွက်ကြောင့် ပြန်သွားတာပဲပေါ့နော်။ အဲဒီကိစ္စကြောင့်ပဲ ဖြစ်တယ်ဆိုရင်တောင်မှ ကျနော်တို့က ဆွေးနွေးတိုင်ပင် ညှိနှိုင်းလို့ရတာပဲ။ ဒါပေမဲ့ နိုင်ငံရေးလုပ်လို့၊ အစိုးရကို ဆန့်ကျင်လို့ ပေးမ၀င်ဘူး၊ အစိုးရကို ဝေဖန်လို့ ပေးမ၀င်ဘူးဆိုရင်တော့ ဒါ ကျနော်တို့ အခု သွားနေတဲ့ အပြောင်းအလဲနဲ့တော့ လမ်းတလွဲဆီ ဖြစ်နေတယ်လို့ ထင်ပါတယ်။”

အရင်က ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးမှာ လည်း ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခဲ့ပေမဲ့ - အခုလိုပဲ အငြင်းခံခဲ့ရပြီး၊ သူ့လိုပဲ Black List အသွင်းခံရတဲ့ အထင်ကရ နိုင်ငံရေးလှုပ်ရှားသူတွေလည်း ရှိပါတယ်။ မနှစ်တုန်းကလည်း ကျောင်းသားခေါင်းဆောင် မိုးသီးဇွန် ကို ဘန်ကောက်မှာ ရှိတဲ့ မြန်မာသံရုံး က Black List စာရင်းကြောင့် ဗီဇာ ငြင်းပယ်ခဲ့သလို၊ မကြာသေးခင်တုန်းက လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က မခ့် ဖာမနာ နဲ့ လုပ်ကြံခံခဲ့ရတဲ့ ကရင်ခေါင်းဆောင် ဖဒိုမန်းရှာရဲ့သမီး ဇိုယာဖန်း တို့ဟာလည်း Black List စာရင်းမှာ ပါဝင်နေတာပါ။

ဒီလို မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ Black List စာရင်း အသွင်းခံရပြီး ပြည်ဝင်ခွင့် မပေးတဲ့ကိစ္စ အပါအ၀င် နယ်စပ်ရောက် မှတ်ပုံတင် မရှိကြတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို အစိုးရက ပြန်လက်ခံပြီး မြန်မာနိုင်ငံသားတွေ အဖြစ် ပြန်အသိအမှတ်ပြု မှတ်ပုံတင်တွေ ထုတ်ပေးဖို့ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံ စာရေးတင်ပြခဲ့ဖူးပေမဲ့ - အကြောင်းတစုံတရာ ပြန်ကြားခဲ့ခြင်း မရှိဘူးလို့ လည်း ဒေါက်တာနိုင်အောင် ပြောပါတယ်။

“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အချိန်မှာ ဒီမိုကရေစီရေးကို ဆောင်ရွက်နေသူတွေ အားလုံး တတပ်တအား ပါဝင်နိုင်အောင် လမ်းဖွင့်ပေးရ မယ်။ နောက်ပြီး ကျနော်တို့ကိုယ်တိုင်ကိုက အပြင်မှာ လက်နက်ကိုင်ဘ၀နဲ့ရော ပြည်ပရောက်ဘ၀နဲ့ရော တလျှောက်လုံး ကိုယ့်တိုင်းပြည် ဒီမိုကရေစီ ရဖို့အတွက်ကို မိဘတွေနဲ့ဝေးပြီးတော့ တိုင်းပြည်နဲ့ဝေးပြီးတော့ တောက်လျှောက်လုပ်ခဲ့ကြတာပဲ။ နောက်တခုက ကျနော်တို့သည် နိုင်ငံသားပဲလေ။ ဗမာပြည်ကနေထွက်ပြီး ဗမာပြည်အရေးကို လုပ်နေတဲ့သူတွေဖြစ်တဲ့အတွက် ဗမာနိုင်ငံသားပဲဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က ကိုယ့်တိုင်းပြည် ပြန်လာဖို့အတွက်ကို ကျနော်တို့မှာ အခွင့်အရေးရှိတယ်လို့ကို ထင်ပါတယ်။ အဲဒီအခွင့်အရေးကိုလည်း အစိုးရက မြှင့်တင်ပေးသင့် တယ်လို့ ထင်ပါတယ်။ နောက်တခု ပိုပြီးတော့ စိတ်မကောင်းဖြစ်တာကပေါ့ တသက်လုံး တိုင်းပြည်ကို ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်တွေကျတော့ ဘာမှ ပြစ်ဒဏ်မခံရဘဲနဲ့ ဒီမိုကရေစီရေး လုပ်တဲ့သူတွေက ဆက် အပြစ်ဒဏ်ခံနေရတဲ့သဘောမျိုး ဖြစ်တာတော့ ကြေကွဲစရာ အကောင်းဆုံးပဲ။”

မေး - တကယ်လို့သာ ဒေါက်တာနိုင်အောင်တို့ကို တရားဝင်ပေါ့လေ မြန်မာပြည်ကို ၀င်ခွင့်ပေးခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအတွက် ဘာတွေ လုပ်ပေးနိုင်မယ်လို့ ထင်လဲရှင့်။

ဖြေ - အဓိကက ကျနော်တို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ယဉ်ကျေးမှုဆိုတာကို ကျနော်တို့ လူ့အဖွဲ့အစည်းထဲမှာ သေသေချာချာ လက်ခံသဘောပေါက်ပြီးတော့မှ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်အောင်အတွက်ကို ကျနော်တို့ အများကြီး အကူအညီပေးနိုင်ပါတယ်။ နောက်တခုက အသွင်ကူးပြောင်းလဲရေးကာလထဲမှာ တကယ်ကိုပဲ ဒီမိုကရေစီအစိုးရလို့ပြောတဲ့ အာဏာ ၃ ရပ်ကို ခွဲခွဲခြားခြား လုပ်ဆောင်တဲ့ဟာမျိုးဖြစ်အောင် လူထုရဲ့အသံကို နားထောင်ပြီးတော့ လုပ်တတ်တဲ့အစိုးရမျိုးဖြစ်အောင်၊ ဒါမျိုးတွေကိုလည်း ကျနော်တို့ ကူညီနိုင်ပါတယ်လို့။ အထူးသဖြင့် ကျနော်တို့က နယ်စပ်မှာ နေလာတဲ့အခါကျတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေရဲ့ သဘောထား တွေကို ကျနော်တို့က ထဲထဲဝင်ဝင် နားလည်ခဲ့တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဆိုင်တဲ့ နိုင်ငံရေးညှိနှိုင်းမှုတွေမှာလည်း ကျနော်တို့ အများကြီး ကူညီပေးနိုင်တယ်လို့ ထင်ပါတယ်။

ပြည်ပရောက် မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူတွေကတော့ - ယခင်အစိုးရတွေကြောင့် နိုင်ငံတကာကို ရောက်နေကြတဲ့ အင်အားစုတွေ ပြည်တွင်း ပြန်လာခွင့်ရရေး NLD အစိုးရအနေနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တရပ် အမြန်ဆုံး ကြေညာပေးဖို့ကို အရင်ကတည်းက တိုက်တွန်းနေကြ တာလည်း ဖြစ်ပါတယ်။

 နန္ဒာချမ်း  / ဗွီအိုအေ (မြန်မာပိုင်း)
↧

သတင်းသမားတွေကို သမ္မတTrump ဝေဖန်

$
0
0


ကွန်ဆာဗေးတစ် တွေရဲ့ နှစ်ပတ်လည် CPAC ညီလာခံ သမ္မတ ထရမ့် မိန့်ခွန်းပြော။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇)
သတင်းသမားတွေကို အပြစ်တင်ဝေဖန် ခဲ့တဲ့ သမ္မတ Donald Trump က သောကြာနေ့ပြောကြားတဲ့ အမေရိကန်နိုင်ငံက ကွန်ဆာဗေးတစ်တွေရဲ့ အကြီးဆုံးညီလာခံဖြစ်တဲ့ CPAC ညီလာခံ မိန့်ခွန်းမှာ သတင်းသမားတွေအနေနဲ့ သူတို့ရဲ့ သတင်းတွေမှာ အမည်မဖေါ်ပြတဲ့ သတင်းရပ်ကွက်က သတင်းတွေကို မသုံးသင့်ဘူးလို့ ပြောကြားရင်း ထပ်မံဝေဖန်ခဲ့ ပါတယ်။

သတင်းမီဒီယာ အများအပြားဟာ အမည်မသိ သတင်းရပ်ကွက်က သတင်းလို့ ဖေါ်ပြပြီး သမ္မတ Trump ကို အမြင်ဆိုးအောင်လုပ်တဲ့ အနေနဲ့ ဝေဖန်ရေး သတင်းတွေ ရေးသားတယ် လို့ သူ့ကိုထောက်ခံသူ ထောင်ပေါင်းများစွာ တက်ရောက်လာတဲ့ ကွန်ဆာဗေးတစ် တွေရဲ့ နှစ်ပတ်လည် CPAC ညီလာခံမှာ ပြောကြားခဲ့တာပါ။

လုပ်ကြံတဲ့ ဇာတ်လမ်းတွေ လုပ်ကြံတဲ့ သတင်းအရင်းအမြစ်တွေ သုံးတဲ့သူတွေကို ဆန့်ကျင်တယ်လို့ သမ္မတ Trump က ပြောခဲ့ပြီး သတင်းသမားတွေအနေနဲ့ သတင်းပေးသူရဲ့ အမည် အတိအကျမသိရင် သူတို့ သတင်းတွေမှာထည့် မသုံးသင့်ဘူးလို့ ပြောပါတယ်။

သတင်းရဲ့ လျှို့ဝှက်တဲ့အနေထားပေါ် မူတည်ပြီး သတင်းထောက်တွေဟာ သူတို့ကိုပဲ ယုံကြည်လို့ ပြောတဲ့သူတွေဆီက ရတဲ့ သတင်းတွေကိုသတင်းတွေထဲမှာ အမည်မဖေါ်လိုသူ ဆီကရတဲ့ သတင်းအဖြစ် ဖေါ်ပြလေ့ရှိပါတယ်။

သမ္မတ Trump က ဒီလထုတ် Washington Post သတင်းစာပါ သတင်းတပုဒ်ကို ရည်ညွန်းပြောဆိုတာ ဖြစ်ပါတယ်။ အမျိုးသား အကြံပေးအဖြစ် သမ္မတ Trump အရင်က ရွေးချယ်ထားတဲ့ Michael Flynn ဟာ အမေရိကန်ရဲ့ ရုရှားအပေါ်ဒဏ်ခတ် အရေးယူမှု နဲ့ ပတ်သက်ပြီး ရုရှားသံအမတ်ကြီးနဲ့ ပြောကြားခဲ့တယ် ဆိုပြီး Washington Post သတင်းစာက အမည်မဖေါ်လိုတဲ့ သတင်းအရင်းမြစ် ၉ ခုလို့ သုံးနှုံးရေးသား ခဲ့တာကို ရည်ညွှန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်း အရင်းအမြစ် ၉ ခု ဆိုတာကို သတင်းထောက်က လုပ်ကြံ ရေးသားတာ ဖြစ်ပြီး မရှိတဲ့ အရင်းအမြစ်ကို လုပ်ကြံရေးတာမို့ ဒီသတင်းသမားဟာ မရိုးသားဘူးလို့ သမ္မတက ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧
↧

ထရမ့် တံတိုင်းကာမယ့် ကိစ္စ အရင်က ပြောတာထက် ပိုစော ဆောက်မယ်

$
0
0


အမေရိကန် နဲ့ မက္ကဆီကို နယ်စပ် က တံတိုင်း တနေရာ
သမ္မတ ထရမ့် က ကွန်ဆာဗေးတစ် နိုင်ငံရေး လှုပ်ရှားမှု အစီအစဉ် များဆိုတဲ့ နှစ်ပတ်လည်ညီလာခံမှာ မိန့်ခွန်း ပြောကြားခဲ့ပြီး အမေရိကန် စစ်တပ်ကို အင်အား အကြီးဆုံး ဖြစ်အောင်တည်ဆောက်ချင်တယ်လို့ ဆိုခဲ့ပါတယ်။

မေရီလန်းမှာ လုပ်ခဲ့တဲ့ အဲဒီအခမ်းအနားမှာ သမ္မတ ထရမ့်က သူ့အလုပ်က ကမ္ဘာကြီးကို ဦးဆောင်ဖို့ မဟုတ်ဘူး လို့ သူမြင်ထားတဲ့အကြောင်း နဲ့ သူ့ အလုပ်က အမေရိကန် ကိုပဲ ပထမ ဦးစားပေး လုပ်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာတို့၊ တခြားနိုင်ငံတွေနဲ့ ဆက်ဆံဆောင်ရွက် ပြီး အပေးအယူ လုပ်ရတာတို့ တခြားနိုင်ငံတွေနဲ့ အဆင်ပြေပြေနေရတာတို့ ဆိုတာတွေက အရေးကြီးတယ် ဆိုပေမယ့် သူ့မှာ ကမ္ဘာလုံးဆိုင်ရာ သီချင်းတို့၊ ကမ္ဘာ့ငွေကြေးတို့၊ ကမ္ဘာ့အလံ တို့ မရှိဘဲ အမေရိကန် ကိုပဲ သူက ကိုယ်စားပြုတာလို့ ဆိုပါတယ်။

အခုလို သူက ကမ္ဘာ့ခေါင်းဆောင်ကြီးမလုပ်ဘူး ဆိုပေမယ့်လည်း အမေရိကန် သမိုင်းမှာ အကြီးဆုံး စစ်ရေး အင်အား တွေ ထဲက တခု ဖြစ်အောင်လုပ်မယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၈နှစ်တာ ကာလ ဒီမိုကရက်တစ်ပါတီ အစိုးရ လက်ထက်မှာ နိုင်ငံအကြွေးက ၂ ဆ ဖြစ်လာခဲ့ပြီး ပမာဏ အားဖြင့် ထရီလီယံ ၂၀ ထိ ဖြစ်လာပြီ လို့ ဆိုပါတယ်။

သူ့အနေနဲ့ အရှုတ်ထုပ်ကို အမွေခံထားရတဲ့ အနေအထားမှာ သူ့ပါတီ အတွက် အနာဂတ် ဖြောင့်ဖြူးမယ့်လမ်းကို ဖော်ဆောင် ပေးမှာဖြစ်သလို အမေရိကန် ပြည်သူတွေ သာ ပထမ ဆိုတာ ကိုလည်း ထပ်ခါ ထပ်ခါ ကတိပြုသွားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်တွေ ရဲ့ အလုပ်တွေ ကို တခြား နိုင်ငံက လူတွေ လာမလု အောင် မက္ကဆီကို ဘက်မှာတံတိုင်းကာမယ်ဆိုတဲ့ ကိစ္စကိုလည်း အရင် ကတိပြုထားတဲ့အချိန်ထက်ကို ပိုစောပြီး ဆောက်ဦးမှာ လို့ ဆိုသွားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
↧

မြန်မာ့နိုင်ငံရေးမှာ စစ်တပ် ကို ကြောက်နေရဦးမှာလား ? သီဟသွေး

$
0
0

နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်များ လက်အောက်မှာ နေခဲ့ ရတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ကြောက်ရခြင်း အမျိုးမျိုး ရှိပါတယ်။ အာဏာရှင်ကိုကြောက်ရတယ် ၊ စစ်တပ်ကို ကြောက်ရတယ် ၊ တရုတ်ကိုကြာက်ရတယ် ၊ကုလားကိုကြောက်ရတယ်၊ စတဲ့ ကြောက်စရာအကြောင်းခြင်းများစွာ နဲ့ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြရပါတယ် ။ အခုလို မြန်မာနိုင်ငံ ရဲ့ စစ်အုပ်ချုပ်ရေးမှ သည် ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်သို့ ပြောင်းနေတဲ့ အချိန် ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက စစ်တပိုင်း အစိုးရခေတ်လို့ သမုတ်နေတဲ့ အချိန် ၊ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့ အပစ်အခတ် ရပ်စဲရေး အတွက် စစ်တပ်မျက်နှာကိုကြည့်နေရတဲ့ ဒီအချိန်မှာ အဲဒီ ကြောက်ခြင်းပေါင်းများစွာထဲကစစ်တပ်ကို ကြောက်ရခြင်းအပေါ်လေ့လာသုံးသပ်ကြည့်ချင်ပါတယ် ။ တကယ်ပဲ ကျွန်တော်တို့ အားလုံး စစ်တပ်ကိုကြောက်ကြရမှာလား ..,, ။

၁၉၆၂ ခုနှစ် တိုင်းပြည် မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း က စလို့ တစ်တိုင်းတပြည်လုံး စစ်တပ်ဆိုရင် စစ်သားဆိုရင် ကြောက်ကြရတာ ၊ အရေးပေးပြီး ဆက်ဆံကြရတာ နေရာ အသီးသီး အလွှာအသီးသီးမှာပဲဖြစ်ပါတယ်။ စစ်ဘက် ၊ အုပ်ချုပ်ရေးဘက်မှသာမဟုတ်ပဲ အရပ်ဘက်မှာ ရှိတဲ့ အဖွဲ့ အစည်းတိုင်းမှာ စစ်ဘက်ကစေလွှတ်သူ သို့မဟုတ် စစ်ဘက်က အငြိမ်းစားယူထားသူတွေဟာ မည်သည့် အဆင့် မည်သည့် ရာထူးဖြစ်နေပစေ ထိပ်ပိုင်း ရာထူးကို ရရှိကြတာကိုတွေ့ ရသလို ၊ အဖွဲ့အစည်းတိုင်းမှာ ရှိတဲ့ အရပ်သားများဟာလည်း အဲဒီလို စစ်ဘက်ပုဂ္ဂိုလ်မျိုးကို ခေါင်းဆောင်နေရာတင်မထားရင် ကြီးမားတဲ့ နိုင်ငံရေးပြစ်မှုကြီးတစ်ခု ကျူးလွန်ရသလိုပဲ ခေါင်းဆောင်နေရာ ကို လိုလိုလားလား တရိုတသေ နေရာပေးကြပါတယ် ။ ဒါကြောင့် အသင်းအဖွဲ့မှန်သမျှ ဟာ စစ်သားရဲ့ ဦးဆောင်မှု နဲ့ မကင်းခဲ့ ကြပါဘူး။ တကယ်တော့ နှစ်ပေါင်း ၅၀ အတွင်း တိုင်းသူပြည်သားတွေအနေနဲ့ စစ်တပ်အပေါ် ကြီးမားတဲ့ အကြောက်တရား ရှိလာရခြင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်တွေမှာ နိုင်ငံရေး အိမ်မက်ရှိနေပြီး ဒီ နိုင်ငံရေး အိမ်မက်ကို အကောင်အထည်ဖေါ်ဖို့ ၊ ကာကွယ်ဖို့ ကျင့်ဝတ် နဲ့ မညီတဲ့ ဘယ်လို အလုပ်မျိုးမဆို လုပ်ဖို့ ဝန်မလေးခြင်း နဲ့ အဲဒီ အပေါ်မှာ နောင်တ တရားမရှိခြင်း ၊ ဝန်ခံမှုမရှိခြင်းကြောင့်ဖြစ်ပါတယ်။ စစ်တပ်ခေါင်းဆောင်တို့ မြန်မာ့နိုင်ငံရေး စင်မြင့်မှာ ခေတ်အဆက်ဆက် အာဏာ အလံကို လွှဲကိုင် ထိန်းသိမ်း ဆက်ခံကြတဲ့ အခါ အရင်ခေါင်းဆောင်တွေ ရဲ့ ကောင်းမွေကို ပြောင်ပြောင်တင်းတင်း ဆက်ခံတတ်ကြသလို ဆိုးမွေတွေကိုလည်း တိတ်တဆိတ် လက်ခံထားလေ့ရှိပါတယ်။ အဲဒါကတော့ အရင်ခေါင်းဆောင်တွေ ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေအပေါ် ဖွင့်ဟ ဝန်ခံ ဝေဖန် ပြောကြားခြင်းမရှိတာပါပဲ ။ ဒါကြောင့် စစ်တပ်ခေါင်းဆောင်သစ်တွေဟာ အရင်ခေါင်းဆောင်များလုပ်သမျှ အမှားတွေ ၊ ကျူးလွန်မှုတွေကို ဆိုးမွေသဖွယ် ဆက်လက်သယ်ဆောင်လာရတဲ့ သဘောရှိသလို ဒီအမှားတွေ ကျူးလွန်မှုတွေကြောင့် လူထု ရဲ့ စိတ်နှလုံးမှာစွဲထင်နေသော စစ်တပ်အပေါ် အကြောက်တရား ၊ အမုန်းစိတ်တို့သည်လည်း မပျောက်ကင်း နိုင်ပဲ ရှိနေရတဲ့သဘောရှိပါတယ်။ ဒါကြောင့် စစ်တပ် အနေနဲ့ မည်သို့ပင် ကောင်းသောစကားကိုပြော ၊ ကောင်းသော အလုပ်ကို လုပ်စေကာမူ အရင် ခေါင်းဆောင်အဆက်ဆက် ရဲ့ မကောင်းခဲ့တာတွေ ၊မှားယွင်းဆိုးရွားသော လုပ်ဆောင်မှုတွေကို အကာအကွယ်ပေးနေ သကဲ့သို့ ရပ်တည်သော စစ်တပ်ခေါင်းဆောင်အသစ်တွေအပေါ် အများပြည်သူတို့ရဲ့ အမြင်မှာ အာဏာရှင်တွေ ရဲ့ နောက်လိုက် ဆိုသော အမြင်သာဖြစ်နေပြီး ဒီအမြင် ကိုပြောင်းလဲရန်ခက်လှပါတယ် ။ အတိုချုပ်ပြောရရင် စစ်တပ်ကို အများပြည်သူတို့ ကြောက်လန့် နေကြရတဲ့ တရားခံကတော့ စစ်တပ်ခေါင်းဆောင်တွေ မှာ ဖြစ်ပေါ်တတ်တဲ့ တကိုယ်တော် လူစွမ်းကောင်း နိုင်ငံရေး အိပ်မက် ၊ တနည်းပြောရမယ်ဆိုရင် တိုင်းပြည် ရဲ့ ကယ်တင်ရှင်စိတ် ဖြစ်ပြီး ဒီစိတ်ကို အကောင်အထည်ဖေါ်တဲ့ နေရာ မှာ စစ်တပ်ကို လိုသလို ကျင့်ဝတ်မဲ့ အသုံးချတတ်ခြင်းပဲဖြစ်ပါတယ် ။

ဒါဆိုရင် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ မြန်မာ့ နိုင်ငံရေး မှာ အတူပါဝင်နေတဲ့စစ်တပ် ရဲ့ အနေအထားမှာ စစ်တပ်ဟာ ကြောက်စရာကောင်းနေဆဲပဲလား ၊အဲဒီလို ကြောက်စရာကောင်းနေဆဲ ၊ မြန်မာ့ နိုင်ငံရေးကို ခြိမ်းခြောက်နေဆဲပဲ ဆိုရင် ဘယ်လောက်အတိုင်းအတာ အထိလည်းဆိုတာ လေ့လာကြည့်ချင်ပါတယ် ။ အများစုသော နိုင်ငံရေး သမားတွေ ၊တက်ကြွလှုပ်ရှားသူတွေ ၊ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ပြည်သူတွေ အနေနဲ့ လက်ရှိ စစ်တပ် ရဲ့ အခန်းကဏ္ဍကို စိုးရိမ် စိတ်ပူပန်စရာ အဖြစ်ပြောကြတဲ့ အခါတိုင်း ထောက်ပြကြတဲ့ အချက်တွေ မှာ အဓိက အားဖြင့် အခြေခံ ဥပဒေ ကပေးထားတဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေ နဲ့ ချယ်လှယ်နိုင်ခွင့်တွေ အပါအဝင် နယ်မြေလုံခြုံရေး ဆိုင်ရာ စစ်မြေပြင် စစ်ဆင်ရေး ကွပ်ကဲဆောင်ရွက်မှု အပိုင်းတွေပဲဖြစ်ပါတယ်။ လုပ်ပိုင်ခွင့် နဲ့ ပတ်သက်ရင် ကာကွယ်ရေး ဦးစီးချုပ် ဟာ ဒု သမ္မတ တစ်ယောက်ခန့် အပ်နိုင်ခြင်း ၊ပြည်ထဲရေး ၊ နယ်စပ်ရေး ၊ ကာကွယ်ရေး ဝန်ကြီး ၃ ဦးကို ခန့်အပ်တာဝန်ပေးနိုင်ခြင်းအပါအဝင် လက်နက်ကိုင်တပ်အားလုံး ရဲ့ သေနာပတိဖြစ်တဲ့ အတွက် ပြည်ထဲရေး ဝန်ကြီးဌာန အောက်က လုံခြုံရေး ရဲတပ်ဖွဲ့ နဲ့ ထောက်လှမ်းရေး အဖွဲ့တွေ အထိ ချယ်လှယ်နိုင်တဲ့ လက်တံရှည်ခြင်းဟာ အဓိကအကျဆုံးအချက်တွေပဲဖြစ်ပါတယ် ။ နိုင်ငံရေး ၊ ဥပဒေ ပြုရေးဖက်မှာလည်း နိုင်ငံရဲ့ အဓိက လွှတ်တော်ကြီးနှစ်ရပ် အပါအဝင် တိုင်းနဲ့ ပြည်နယ် အသီးသီး မှာ ရှိတဲ့ လွှတ်တော်တိုင်းမှာ စစ်တပ် ကိုယ်စားလှယ် ၂၅% စီ ပါဝင်ပြီး နိုင်ငံရေး အရ စောင့်ကြပ်နေတဲ့သဘော ရှိပါတယ်။ ဒီနေရာမှာ အများသူငါပြောနေကျ သတိထား ရမယ့် အကြောင်းတွေမပြောပဲ စစ်တပ် ဟာ အရင်လို ကြောက်စရာကောင်းနေဆဲလားဆိုတာ စဉ်းစားချင့်ချိန်စရာ အချက်အချို့ကိုပြောချင်ပါတယ် ။ အရင်ဆုံးပြောချင်တာက လက်ရှိ နိုင်ငံရေး အခင်းအကျင်း မှာရှိနေတဲ့ အာဏာစိုးပိုင်မှု အနေအထားဟာ ဟာ ဒီ နိုင်ငံရေး စနစ် ကို ဖန်တီး အကောင်အထည်ဖေါ်ပေးခဲ့တဲ့ ယခင် စစ်အစိုး ရဲ့ လုံးဝ ရည်မှန်းမထားတဲ့ အနေအထားဖြစ်ပါတယ် ။ သို့သော် လည်း အဆိုးဆုံးအနေနဲ့ မျှော်မှန်းထား တဲ့ အခြေအနေပါပဲ။ စစ်တပ်ကို အခြေပြုထားတဲ့ စစ်အစိုးရအနေနဲ့ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ပါတီကြီးတစ်ခုထူထောင်ပြီး အာဏာ ကို ရေရှည် ဆက်လက်ကိုင်ဆွဲထားဖို့ ရည်မှန်းထားသလို တဖက်မှာလည်း အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားတဲ့ အနေနဲ့ အာဏာ စောင့်ကြပ်ကျန်ရှိရေး အတွက် ကာကွယ်ရေး ဦးစီးချုပ် ကို အထူး လုပ်ပိုင်ခွင့်တွေ ၊ အာဏာ ယာယီလွှဲပြောင်းရယူ နိုင်ခွင့်တွေ အပါအဝင် လွှတ်တော်တွေရဲ့ ၂၅% သော ကိုယ်စားလှယ်နေရာ ကို စစ်တပ်အတွက် အမြဲတန်းထားရှိရေး ပြဋ္ဌန်းချက်တွေကို အခြေခံ ဥပဒေထဲမှာ ထည့်သွင်းရေးဆွဲခဲ့ပြီး လွယ်လွယ် နဲ့ မပြင်နိုင်အောင်လည်းသတ်မှတ်ပြဋ္ဌန်းခဲ့ပါတယ် ။ ပြောချင်တာက ၊ အဲဒီအဆိုးဆုံး အခြေအနေဟာ ဒီစနစ်ကို စတင်ပြီး ပထမ သက်တမ်းကုန်တာ နဲ့ ဒုတိယ သက်တမ်းမှာ ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ သေချာတာကတော့ အာဏာကို နှစ်ပေါင်း ၂၅ နှစ် နီးပါး ဆွဲကိုင်ထားခဲ့တဲ့ သွားလေသူ စစ်အစိုးခေါင်းဆောင်တွေဟာ ဒီ စနစ်သစ်ကြောင့် ၅ နှစ်အတွင်းမှာ ကိုယ့် လက်ထဲက အာဏာ ဟာ တဖက် အတိုက်အခံ လက်ထဲကျဆုံးသွားမယ် ဆိုရင် ဒီ စနစ်ကို အခုလို စတင်ခဲ့ မှာမဟုတ်ပါဘူး။ ဒါကြောင့် ရှေ့ထွက် ကစားသမားတွေ ကြောင့် မမျှော်လင့်ပဲ အခုလို မရှုမလှ ရှုံးနိမ့်သွားပြီး အုပ်ချုပ်သူ အစိုးရ နေရာကို စွန့်ဖယ်ပေးခဲ့ရတဲ့ အခြေအနေဟာ ရိုးရိုး ရွေးကောက်ပွဲ ရှုံးတဲ့ အနေအထားမျိုး မဟုတ်ပဲ စစ်တပ် အခြေပြု နိုင်ငံရေးမျိုးဆက်တစ်ခုရဲ့ မဟာဗျူဟာမြောက် စီမံကိန်းတစ်ခုလုံးကျရှုံးတာ ဖြစ်လို့ နိုင်ငံရေး ၊စည်းရုံးရေး ၊ အနာဂတ် နိုင်ငံရေး အရရည်မှန်းချက်၊ မျှော်မှန်းချက်ထားရှိနိုင်ရေး စတဲ့ ယုံကြည်ချက်တွေပျောက်ဆုံးပြီး အဖက်ဖက်က ကျရှုံးခြင်းဖြစ်ပါတယ်။ ဒီ အခြေအနေမှာ လက်ရှိ အာဏာ စောင့်အဖြစ် ကျန်ရှိခဲ့တဲ့ စစ်တပ်ရဲ့ အနေအထားက နှစ်ပေါင်း ၆၀ ကျော် လေ့ကျင့်ပြုစုပျိုးထောက်လာတဲ့ အတွက် လက်ရုံးစွမ်းရည်ပိုင်း မှာ အခိုင်အမာရှိနေပေမယ့် နိုင်ငံရေး အရ အားလျော့ ၊ အားယုတ် သွားတဲ့အနေအထားဖြစ်ပါတယ် ။ လက်ရှိ စစ်တပ်ရဲ့ ခေါင်းဆောင်တွေဟာ ၂၀၁၁-၂၀၁၅ ကာလ တွေက လို နိုင်ငံရေးပါတီ တစ်ခုထဲ ကို နိုင်ငံရေး အရ ဇောင်းပေးပြီး အကျိုးပြူရပ်တည်လို့ မရတော့သလို ကိုယ်ပိုင်နိုင်ငံရေး အိမ်မက်တွေလည်းအများကြီး ထားရှိလို့မရတော့တဲ့ အနေအထား မှာရှိနေတာပဲဖြစ်ပါတယ်။ဒါဟာ စစ်တပ် ဟာ ကြောက်ဖို့ ကောင်းတဲ့ အနေအထားကနေ ဆုတ်ခွါရတော့မယ့် အနေအထားအဖြစ် အရည်အချင်းရှိပါက မှတ်ယူနိုင်ပါတယ် ။ ဒီအနေ အထားမှာ အစကနဦးက ရုန်းကန်မှု အချို့ ရှိခဲ့တာကိုထောက်ပြချင်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် နဲ့ အစိုးရဖြစ်တည်လာတဲ့ အစကနဦးမှာ ၅၉(စ) ကိစ္စ ၊ နိုင်ငံတော် ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ကိစ္စတွေ မှာ စစ်တပ်ဟာ လွှတ်တော်ထဲမှာ ရုန်းကန်မှု တွေ ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကြီးကြီးမားမား အတိုက်အခံပြုမှုတွေ မရှိတော့တာကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ကာကွယ်ရေး ဦးစီးချုပ်အကြားမှာ လုပ်ငန်းဆိုင်ရာ နားလည်မှုတွေ ရှိလာခြင်းကြောင့်လို့ ဆိုရမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်တပ်နဲ့ မိတ်ဆွေကောင်းဆက်ဆံရေး ၊ လုပ်ဖေါ်ကိုင်ဖက်ကောင်း ဆက်ဆံရေး ချဉ်းကပ်မှုဗျူဟာ ရဲ့ အကျိုးဆက်လို့ ယူဆနိုင်ပါတယ်။ အခုလာမယ် ၇၂ မြောက် တပ်မတော်နေ့ ရဲ့ ဦးတည်ချက်တွေကိုကြည့် မယ်ဆိုရင်လည်း နိုင်ငံတော် အစိုးရ ရဲ့ လုပ်ငန်းတာဝန် အရပ်ရပ်ကို ကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ အချက်ကို ထိပ်ဆုံးအချက်အနေနဲ့တွေ့ရမှာဖြစ်ပါတယ် ။ ဒါဆိုရင် စစ်တပ်ဟာ မြန်မာ့နိုင်ငံရေး မှာကြောက်စရာ တစ်ခုမဟုတ်တော့ဘူးလို့ ယူဆလိုက်ရတော့ မလားလို့ဆိုရင် ဒီလိုတော့လည်း မဟုတ်သေးဘူးလို့ပြောရမှာဖြစ်ပါတယ် ။ဒါပေမယ့် အထက်မှာ ကျွန်တော် ပြောထားခဲ့သလို အရည်အချင်းရှိမယ်ဆိုရင် တော့ စစ်တပ်ဟာ ကြောက်စရာ မဟုတ်ဘူးလို့တော့ ယူဆနိုင်စရာ အကြောင်းတော့ရှိလာပြီလို့ပြောပါရစေ။

ဒီဆောင်းပါး ရဲ့ အစမှာ ကျွန်တော်ပြောခဲ့သလို စစ်တပ်ဟာ မြန်မာပြည်သူတွေ အတွက် ကြောက်စရာ ဖြစ်ခဲ့ရခြင်းဟာ စစ်တပ်ခေါင်းဆောင်တွေ ရဲ့ကယ်တင်ရှင် နိုင်ငံရေး အိမ်မက်ကို တကိုယ်တော် အကောင်အထည်ဖေါ်တဲ့ နေရာမှာ စစ်တပ်ကို ကျင့်ဝတ်မဲ့ အသုံးချခဲ့ခြင်းဟာ အကြောင်းရင်းဖြစ်တာကြောင့် အခုချိန်မှာ စစ်တပ်ဟာ ကြောက်စရာ ကောင်းမကောင်း ဆိုတာလက်ရှိ စစ်တပ်ခေါင်းဆောင်တွေ ရဲ့ နိုင်ငံရေး အိပ်မက်ကို လေ့လာကြည့်ဖို့လိုပါတယ် ။ ပြီးခဲ့တဲ နှစ်ပေါင်း၅၀ အတွင်းမှာ စစ်တပ်ခေါင်းဆောင်တွေ ရဲ့ ကယ်တင်ရှင် နိုင်ငံရေး အိပ်မက်တွေကိုကြည့်မယ် ဆိုရင် ၁၉၆၂ အိပ်မက်ရော ၁၉၈၈ အိမ်မက်ရော ကျရှုံးခဲ့ကြရတာကိုတွေ့ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် နှစ်ပေါင်း ၅၀ အတွင်း ပြည်သူရှေ့မှောက်မှာ နိုင်ငံရေး အရ ဇ မရှိတာ ကို ပြမိလျက်သားဖြစ်နေပြီဖြစ်တဲ့ အတွက် ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ စစ်တပ်ဟာ နောက် တကယ်မလိုအပ်ပဲ ကယ်တင်ရှင်နိုင်ငံရေး ( အခြေခံ ဥပဒေ အရ မဟုတ်တဲ့ အကြွင်းမဲ့ အာဏာသိမ်းခြင်း) ကို နောက်အနည်းဆုံး ၁၅ နှစ် က နေ အနှစ် ၂၀ အတွင်း မှာ လုပ်ဖို့ ယုံကြည်ချက်မရှိတော့ဘူးလို့ သုံးသပ်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နစ် ၅၀ အတွင်းမှာ ၂ ကြိမ် အာဏာသိမ်းပြီး ၂ ကြိမ် စလုံး မအောင်မြင်ခဲ့ တဲ့ တိုင်းပြည်ကို အာဏာသိမ်းပြီး ကယ်တင်တဲ့ တိုင်းပြည်ထူထောင်ရေးပုံပြင်ကို နောက် အနှစ် ၂၀ အတွင်းမှ ထပ်ပြောဖို့မဖြစ်နိုင်တော့ဘူးဆိုတာ လက်ရှိ စစ်တပ်ခေါင်းဆောင်တွေ နားလည်ထားမှာအသေအချာပါပဲ။ ဒါပေမယ့်ကျွန်တော် အားလုံး ပါတီစုံ ဒီမိုကရေစီ စနစ်ခိုင်မာအောင်တည်ဆောက်ဖို့ အချိန် ၁၀ နှစ်လောက်ပဲရပါတယ် ။ မဟုတ်ရင် ၁၅ နှစ် လောက်မှာ ကယ်တင်ခြင်းပုံပြင်တွေ ပြန်လည်ဆန်းသစ်လာတော့မှာပဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေး မှာ စစ်တပ် ကို ကြောက်နေမယ့် အစား စစ်တပ်ကိုကြောက်စရာကောင်းတဲ့ အနေအထားကနေ ပြောင်းလဲပြီး ယုံကြည် အားကိုးစရာ အဖြစ် ပြောင်းလဲနိုင်အောင် ကြိုးပမ်းရင်း အနာဂတ်မှာ အတူတကွ ပေါင်းစည်း ချီတက်နိုင်အောင် ရည်မှန်းချက်ထားကြဖို့လိုပြီလို့ပြောချင်ပါတယ် ။

ကဲဒါဆို စစ်တပ်ကို မကြောက်ရအောင် ဘယ်လို ပြောင်းလဲနိုင်မလဲ ဆိုတာ စဉ်းစားကြည့်ရအောင်ပါ။ အရင်ဆုံး ကျွန်တော်တို့နိုင်ငံမှာ ပြည်သူတွေ ထားရှိသင့်တဲ့ နိုင်ငံရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ အနာဂတ်ရည်မှန်းချက် ကိုပြောပြချင်ပါတယ်။အဲဒါကတော့ ကောင်းမွန်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ရေရှည်တည်မြဲစေနိုင်တဲ့ ရင့်ကျက်မှုရှိသော ပြည်သူလူထုရယ် ၊ ဒီမိုကရေစီအခွင့်အရေးတွေ နဲ့ အာဏာရှင် စနစ် ပြန်လည်မပေါ်ပေါက်ရေး အကာအကွယ်ပေးပြီး ပါတီစုံ ဒီမိုကရေစီ စနစ်ကို အာမခံတဲ့ အခြေခံ ဥပဒေရယ်၊ အဲဒီ လူထု နဲ့ အခြေခံ ဥပဒေ ကို အကာအကွယ်ပေးမယ့် စစ်တပ်ရယ် ဒီ ၃ခု ကို ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့ အနာဂတ်နိုင်ငံတော်ကို ရည်မှန်းကြဖို့ပဲဖြစ်ပါတယ် ။ ဒါကြောင့် ဒီနေရာ မှာ စစ်တပ်ဟာ ပါတီစုံ ဒီမိုကရေစီ စနစ် နဲ့ ပြည်သူလူထု ကို ကာကွယ်စောင့်ရှောက်တဲ့ တိုင်းပြည်ရဲ့ တစ်ခုတည်းသော လက်နက်ကိုင် ကာကွယ်ရေးတပ်ဖြစ်လာဖို့ အတွက် စစ်တပ်ကို နိုင်ငံရေး ထဲက ဆွဲထုတ်ဖို့ အရေးအကြီးဆုံး ပါပဲ၊ ဒီအတွက် ကျွန်တော်တို့ အားလုံးဟာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိပြီး ဖယ်ဒရယ် ပြည်ထောင်စုစနစ်ကို အခြေခံတဲ့ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးကို နံပတ် တစ် ဦးစားပေးအနေနဲ့ ဝိုင်းပြီးကြိုးပမ်းဖို့ လိုပါတယ် ။ ဒုတိယ တစ်ချက်က ပြည်သူလူထု ကို ကာကွယ်စောင့်ရှောက်ပြီး ပြည်သူ့ အစိုးရ ရဲ့ အမိန့် ကိုနာခံရေးပါ။ စစ်တပ်ကိုကြောက်ကြတဲ့ သူအများစုဟာ ဒီ အချက်ကို အများဆုံး ထောက်ပြကြပါတယ်။ စစ်တပ်ဟာ သမ္မတ ရဲ့ အမိန့်အောက်မှာ မရှိဘူးလို့ပြောဆိုကြလေ့ရှိပါတယ် ။ အမှန်တော့ စစ်တပ်မှာပျော့ကွက်ရှိပါတယ် ။ အဲဒါကတော့ ဥပဒေ တွေ လုပ်ထုံးလုပ်နည်းတွေ ကိုတင်းတင်းကြပ်ကြပ် လိုက်နာကြရတာပဲဖြစ်ပါတယ် ။ ဒါကြောင့် စစ်တပ်ကို အမိန့်ပေး ညွှန်ကြားရမယ့် သမ္မတ နဲ့ စစ်တပ်နဲ့ အတူတကွ အစိုးရ လုပ်ငန်းတွေကို ဆောင်ရွက်ရမယ့် အစိုးရ အဖွဲ့ ဝင်တွေဟာ ဒီ ဥပဒေတွေ လုပ်ထုံး လုပ်နည်းတွေ လုပ်နည်း လုပ်ဟန်တွေ ကျေကျေညက်ညက် နားလည်ထားကြဖို့တော့လိုပါတယ် ။ ဒီလို နားလည်ထားရင် မငြင်းနိုင်အောင် တိကျပြီး ပြတ်သားတဲ့ အမိန့်တွေ ညွှန်ကြားချက်တွေ ထုတ်ပြန်နိုင်မှာဖြစ်ပါတယ် ။ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေ ကို လည်း အကဲဖြတ်ဝေဖန်နိုင်မှာဖြစ်ပါတယ်။ ဒီလိုပဲ ဒီမိုကရေစီ စနစ် ရဲ့ အုပ်ချုပ်ရေး နဲ့ မကိုက်ညီတဲ့ လုပ်ထုံးလုပ်နည်း လုပ်နည်းလုပ်ဟန်တွေကို အများပြည်သူအကျိုး အတွက် လိုအပ်ရင် ပြင်ဆင်နိုင်ဖို့တောင် လမ်းညွှန် အကြံပေးနိုင်ပါတယ် ။ အကယ်၍ သမ္မတက ဒီလို ကျိုးကြောင်း ခိုင်လုံပြီး တိကျပြတ်သားတဲ့ အမိန်တွေ ၊ ညွှန်ကြားချက်တွေပေးလျက်သားနဲ့ ဒါကို စစ်တပ်က ငြင်းဆန်ပြီဆိုရင်တော့ ဒါဟာ အခြေခံ ဥပဒေ ကို ဆန့်ကျင်ဖေါက်ဖျက်တာပဲဖြစ်ပါတယ် ။ ကာကွယ်ရေး ဦးစီးချုပ်ဟာ အခြေခံ ဥပဒေ က ခွင့်ပြုထားတဲ့ လုပ်ပိုင်ခွင့်တွေ များစွာရရှိထားသလို အခြေခံ ဥပဒေ က ညွှန်ကြားထားတဲ့ အတိုင်း သမ္မတ ရဲ့ အမိန့်ကိုနာခံရမှာလည်း သူ့ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ လက်ရှိ စစ်တပ်ကို ပြည်သူ နဲ့ ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ကို အကာအကွယ်ပေးမယ့် စစ်တပ်ဖြစ်လာဖို့ အခြေခံ အကျဆုံး ပြောင်းလဲတည်ဆောက်ရမယ့် အချက်ကတော့ ပြည်သူ နဲ့ စစ်တပ်အကြားမှာ နားလည်မှု ယုံကြည်မှု ပိုပြီး တိုးတက်ခိုင်မာလာအောင်တည်ဆောက် ပြီး ဒီမိုကရေစီ စနစ်ကို ကြိုက်နှစ်သက်တဲ့ စစ်တပ်ဖြစ်လာအောင် စည်းရုံးဖြောင်းဖြကြဖို့လိုပါတယ်။ စစ်တပ်ကို ဒီလို ပဲ အမြဲတန်းအမှားတွေ ၊ မဟုတ်မမှန်တာတွေချည်းလုပ်နေတဲ့ အဖွဲ့အစည်းအဖြစ် အမြဲသတ်မှတ်ပြီး စိုးရိမ် ကြောက်ရွံ့ စိတ်တွေ ထားနေမယ်ဆိုရင် စစ်တပ်ဟာ ဒီမိုကရေစီ အပြောင်းအလဲမှာ စိတ်ရောကိုယ်ပါ ပါဝင်လာမှာ မဟုတ်ပါဘူး ။ စစ်တပ်က ဒီမိုကရေစီပြောင်းလဲရေးမှာ စိတ်ရောကိုယ်ပါ ပါဝင်လာခဲ့မယ်ဆိုရင် အောင်မြင်မှုဟာ မြန်မြန်ရရှိလာမှာဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာ စစ်တပ်ရဲ့ အပြုသဘောဆောင်တဲ့ လုပ်ရပ် အချို့ကို တွေ့မြင်လာကြရပါတယ် ။ ဒါတွေကို ကျွန်တော်တို့ က ဖမ်းဆုတ်ထားဖို့လိုပါတယ်။ အသိအမှတ်ပြုထားဖို့လိုပါတယ် ။ ပြည်သူတွေ လိုချင်တဲ့ တပ်မတော်ဟာ ဒါပဲဆိုတာကို ပြောပြထားဖို့လိုပါတယ် ။ ကလေးစစ်သားတွေ ပြန်လွှတ်ပေးတယ် ။ ပြီးခဲ့တဲ့ နှစ်ထဲမှာ ပလောင်ရွာသားတွေကို ပစ်သတ်ခဲ့တဲ့ အရာရှိအကြပ်တပ်သားတွေကို အရေးယူခဲ့ပါတယ် ။ အရပ်ဖက်မှာ ပြစ်မှုကျူးလွန်သူတွေကို တရားရင်ဆိုင်ခိုင်းတယ် ။ဒါမျိုးတွေကို ပိုပြီး ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်းလုပ်လာဖို့ ကျွန်တော်တို့ အားလုံး အားပေးကြဖို့လိုပါတယ် ။ စစ်တပ်ကလည်း လူတွေ နဲ့ဝေးဝေးနေမယ် ၊ ပြသနာဖြစ်တိုင်း အမှား အမှန် ကဘယ်လိုရှိရှိ ကိုယ့်လူကိုယ် ကာကွယ်ဖို့ ရှေ့တန်းတင်ကြိုးစားမယ်ဆိုရင် ပြည်သူ နဲ့စစ်တပ်ဟာ နိုင်ငံရေး တံတိုင်းကြီး ခြားနေအုံးမှာဖြစ်ပါတယ် ။ ဒါကို စစ်တပ်က ပွင့်လင်းမြင်သာပြီး တရားမျှတ တဲ့ လုပ်ရပ်တစ်ခုလုပ်တိုင်း ပြည်သူဖက်က အသိအမှတ်ပြုပြီးအားပေးကြမယ်ဆိုရင် ဒီလိုမျိုး အမြဲတန်းဆောင်ရွက်ဖို့ စစ်တပ် ကို စည်းရုံးဆွဲဆောင်ရာရောက်ပါတယ်။ စစ်တပ် က တာဝန်ထမ်းဆောင်နေတဲ့ အရပ်ဒေသ အသီးသီးမှာရှိကြတဲ့ ဒေသခံ တိုင်းရင်းသားတွေ နဲ့ ဆက်ဆံရေးမှာလည်း စစ်တပ်အနေနဲ့ ကောင်းမွန်အောင် ပြုပြင်နေထိုင်လာဖို့ တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။

အခု လက်တလောဖြစ်ပွားခဲ့တဲ့ အာဏာရပါတီ NLD ရဲ့ ဥပဒေ အကြံပေး ပုဂ္ဂိုလ် ဦးကိုနီ ကို စစ်တပ်အရာရှိဟောင်းတွေ က လုပ်ကြံ သတ်ဖြတ် တဲ့ အမှုဟာ ဆိုရင် စစ်တပ် ဟာ နိုင်ငံရေး အရ ကြောက်စရာကောင်းနေဆဲ ၊ ဟုတ် မဟုတ် ဆိုတာ ကို စမ်းစစ် အဖြေထုတ်နေတဲ့ အနေ အထားပဲဖြစ်ပါတယ်။ ဒီအချိန် မှာ စစ်တပ် အနေနဲ့ လည်း အရင် စစ်တပ်ခေါင်းဆောင် အသီးသီး ရဲ့ ထုံးစံ ဖြစ်တဲ့ အရင်လူတွေ ရဲ့ အမှားတွေ၊ ပြစ်ချက်တွေကို မသိချင်ယောင်ဆောင်ပြီး ဆိုးမွေ ဆက်ခံတဲ့သဘောမျိုးရပ်တည်မလား ၊ အခုလို အခွင့်အရေးပေးတုန်း လုပ်ကြံမှုရဲ့နောက်မှာ ရှိနေတဲ့ တကယ့် လက်သည် တရားခံကို ဖေါ်ထုတ် အရေးယူပြီး ပြည်သူ့ အစိုးရရဲ့တပ်မတော် အဖြစ် ရပ်တည်ပြမလားဆိုတာ စဉ်းစားလုပ်ဆောင်ရမယ့် အခြေအနေမှာရှိပါတယ် ။ အခုလို ဦးကိုနီ လုပ်ကြံ ခံရမှုမှာ စစ်တပ် အနေနဲ့ မှန်မှန်ကန်ကန် ပြတ်ပြတ်သားသား ရပ်တည်ပြနိုင်မယ်ဆိုရင် စစ်တပ်ဟာ ပြည်သူတွေ ရဲ့ ရင်ထဲမှာ ကြောက်စရာကောင်းတဲ့ စိုးရွံ့ စရာကောင်းတဲ့ အဖွဲ့အစည်းတခု အနေအထားကနေ ပြောင်းလဲလာတော့မှာကတာ့ အသေအခြာပါပဲ ။

နိဂုံးချုပ်အနေနဲ့မြန်မာ့ နိုင်ငံရေးမှာ စစ်တပ် ကို ကြောက်နေရအုံးမှာလားလို့ဆိုရင် ကျွန်တော်ကတော့ ကြောက်နေရမယ့်အချိန် မဟုတ်တော့ဘူးလို့ပြောပါရစေ ။ ဒါပေမယ့် စစ်တပ်ကို ကြောက်စရာ မဟုတ်တော့ အောင်တော့ ကျွန်တော်တို့တွေ လုပ်ယူမှ ရပါလိမ့်မယ် ။ စစ်တပ်ရဲ့ သဘောသဘာဝတွေ ၊ စိတ်နေစိတ်ထား အပြောင်းအလဲကိုဖြစ်စေတဲ့ ဖိအား တွန်းအားတွေ ၊ စစ်တပ်မှာ ရှိတဲ့ စိုးရိမ်ပူပန်မှုတွေ ကို နားလည်အောင် လုပ်ပြီး စစ်တပ်အပေါ်မှာ ဒီထက် ပိုပြီး ပွင့်လင်းနက်ရှိုင်းတဲ့ ၊ အပြုသဘောပါတဲ့ ဝေဖန်မှုတွေ ပိုလုပ်ကြဖို့လိုပါတယ် ။ ဒီလိုပဲ အရပ်ဖက် လူ့အဖွဲ့ အစည်းတွေ ရဲ့ သဘောသဘာဝတွေ ၊ ဆန္ဒ အာသီသတွေ ၊မျှော်မှန်းချက်တွေ ၊ စိုးရိမ်ပူပန်မှုတွေကိုလည်း သူတို့ နားလည်လက်ခံလာအောင် ကြိုးစားရမယ့် အချိန်လည်းရောက်ပြီလို့ဆိုရမှာဖြစ်ပါတယ် ။ ဒီလိုမဟုတ်ပဲ စစ်တပ်ကိုကြောက်နေလို့ တော့ ရှေ့ဆက်အလုပ်မဖြစ်ဘူး ၊ အလုပ်တွင်မှာ မဟုတ်ဘူးလို့တော့ပြောပါရစေ။ ကြောက်စိတ်ရဲ့ ပြဿနာ ဟာ ကိုယ်ကြောက်တဲ့ အရာကို အပြီးတိုင် ပျက်သုဉ်းသွားစေချင်တဲ့ မသိစိတ်စေ့ဆော်မှုကိုဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ကိုယ်ကြောက်တဲ့ အရာမှာ ခိုင်ခိုင်မြဲမြဲ တည်ရှိနေနိုင်မယ့် အကြောင်းတရားတွေ ရှိနေပြီ ဆိုရင်တော့ သူ့ကို မကြောက်တဲ့ စိတ် နဲ့ နေနိုင်အောင်၊ မကြောက်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစား ပြောင်းလဲကြရမှာ ဖြစ်ပါလိမ့်မယ် ။ အဲဒီလို မဟုတ်ဘူး၊ အဲဒီလို မလုပ်နိုင်ဘူးဆိုရင်တော့ အဲဒီကြောက်စိတ်က နေ ဖြစ်ပေါ်လာတဲ့ အပြီးတိုင်ပျက်သုဉ်းစေရေး ရဲ့ မဆုံးနိုင်တဲ့ တိုက်ပွဲ ဝဲကယက်ထဲမှာ အဆုံးတိုင် နစ်မွန်းကြရမှာပဲဖြစ်ပါတယ် ။

ဒါကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုကြိုးပမ်းနေတဲ့ မြန်မာ့နိုင်ငံရေး မှာ အောင်မြင်မှုတွေရဖို့ အကောင်းဆုံးရှေ့ဆက်ကြဖို့ဆိုရင် ကျွန်တော်တို့ အားလုံး " စစ်တပ်ကိုကြောက်နေကြအုံးမှာလား 'လို့ မေးလိုက်ပါရစေ ..., ။

The Speaker Vol.1- No.14
↧

တရားလွှတ်တ်ေရှေ့နေ ဦးကိုနီကို လူငယ်သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ် မှုကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိဟု ရဲချုပ်ပြော

$
0
0


တရားလွှတ်တ်ေရှေ့နေ ဦးကိုနီကို လူငယ်သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ် မှုကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည် ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်း က ဖေဖော်ဝါရီ ၂၅ ရက် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပြတိုက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

ဦးကိုနီကို ပစ်ခတ်လုပ်ကြံရန် စီစဉ်သူများဖြစ်သည့် အောင်ဝင်းခိုင်၊ ဇေယျာဖြိုး တို့သည့် သတင်းစာ ဂျာနယ်တို့တွင် ဖော်ပြပါရှိသည့် ဦးကိုနီ၏ ပြောဆိုမှုများ အပေါ် မကျေနပ်ခြင်းကြောင့် လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ရဲချုပ်က ပြောကြားခဲ့သည်။

“ဇေယျာဖြိုးဟာ အောင်ဝင်းခိုင်တို့နဲ့ တာမွေ မော်ဒန် လက်ဖက်ရည်ဆိုင်မှာ မကြာခဏတွေ့ဆုံစဉ်မှာ လူမှုကွန်ရက်များမှာ တွေ့မြင်ကြရတဲ့ ဦးကိုနီရဲ့ ပြောဆိုလုပ်ကိုင် ဆောင်ရွက်နေမှုများကို ပြောဆိုဆွေးနွေးပြီးတဲ့ အခါမှာတော့ လူငယ်သဘာဝအရ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများ ဖြစ်ပေါ် လာခဲ့ကြောင်း သိရှိရပါတယ်။ ဇေယျာဖြိုးအား အောင်ဝင်းခိုင်မှ ဦးကိုနီကို ရှင်းပစ်မှ ကောင်းမည်ဟု ပြောခဲ့ကြောင်း၊ ထိုအခါ ဇေယျာဖြိုးက အစ်ကို ဘယ်လိုလုပ်မှာလဲ ဟု မေးတဲ့အခါ မှာ အောင်ဝင်းခိုင်က ၎င်း၏ အစ်ကို အောင်ဝင်းဇော် ထောင်ကျစဉ်က တပည့်များရှိကြောင်း၊ ၎င်းတို့ကိုခိုင်း လျှင် အဆင်ပြေနိုင်ကြောင်း အောင်ဝင်းဇော်နှင့် အရင်တိုင်ပင်ဦးမည်ဟု ပြော ခဲ့ကြောင်း၊ အောင်ဝင်းဇော်ကလည်း ဆောင်ရွက်လိုသည့် ဆန္ဒရှိကြောင်း လိုအပ်တဲ့ငွေကြေးကိုသာ ပံ့ပိုးစေလိုသည်ဟု ပြောကြားခဲ့သည်” ဟု ရဲချုပ်ဇော်ဝင်းကသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိသည့် တရားခံ ၃ ဦးအပြင် အမျိုးသား ၇၁ ဦး အမျိုးသမီးနှစ်ဦး စုစုပေါင်း ၇၃ ဦးကိုလည်း ခေါ်ယူ စစ်မေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းလည်း ရဲချုပ်ဇော်ဝင်းက ပြောကြား ခဲ့သည်။

ဦးကိုနီအမှုနှင့်ပတ်သက်၍ စစ်ဆေးပေါ်ပေါက်ချက်များအရ ကြည်လင်း(ခေါ်) ဖိုးထူးအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)၊ လက်နက်ပုဒ်မ ၁၉(စ)၊ လ၀ကအက် ဥပဒေ ၁၃(၁) အရလည်းကောင်း၊ အောင်ဝင်းဇော်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)၊ လက်နက်ပုဒ်မ ၁၉(စ)အရ လည်းကောင်း၊ ဇေယျာဖြိုးအား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)၊ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၆၈ အားဖြင့် လည်းကောင်း၊ အောင်ဝင်းခိုင်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ လည်းကောင်း အသီးသီး မှုခင်းရဲတပ်ဖွဲ့မှ တရားစွဲတင်ပို့ရန် စီစဉ်ဆောင်ရွက် လျက်ရှိပြီး အမှုမှ ထွက်ပြေး တိမ်းရှောင်နေသည့် တရားခံ အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရေးအတွက် ၎င်း၏ဓာတ်ပုံကို ပြည်တွင်းရှိ တိုင်းနှင့် ပြည်နယ် ရဲတပ်ဖွဲ့များထံ ဖြန့်ဝေပေး ပို့ထားပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့ တို့ကိုလည်း ပေးပို့ချိတ် ဆက် ဆောင်ရွက်လျက်ရှိကြောင်း ရဲချုပ်ဇော်ဝင်းက ရှင်းလင်းပြောကြားခဲ့ သည်။

ဇော်မင်းထွန်း
The Ladies News
↧
Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>