နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး စီးပွားရေးမှာ အဓိကနေရာ ယူလာတဲ့ အကြောင်းအရာ ၄ ခု စလုံးကလည်း “အနုတ် လက္ခဏာ”တွေချည်းပဲ ဖြစ်နေတယ်။ ဒီလိုအချိန်မှာပဲ အစိုးရက ၀န်ထမ်းလစာ တိုးမြှင့်ပေးလိုက်ခြင်းနဲ့ “အနုတ် လက္ခဏာ”၄ ခုကို တစ်ဖက်လှည့်နဲ့ တဒင်္ဂ အားဖြင့် ချွေးသိမ့်လိုက်တာလား … နောက် ဆက်တွဲဖြစ် လာမယ့် ကုန်ဈေးနှုန်း၊ ငွေဖောင်း ပွမှုတွေကို တွေးကြည့်ရုံနဲ့တင် ကျောချမ်းစရာ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၁၄ခုနှစ်၊ နိုဝင်ဘာ ၁၂ရက်က ပြည်သူ့လွှတ်တော်မှာ အစိုးရ၀န်ထမ်းတွေ ခေတ်နဲ့လျော်ညီအောင်၊ သင့်တင့် မျှတအောင် လစာတိုးမြှင့်ပေးဖို့ အရေးကြီးအဆို တင်သွင်းလိုက်တာကို ကန့်ကွက်သူမရှိဘဲ ထောက်ခံ အတည် ပြုခဲ့တယ်။ ၂၀၁၅ခုနှစ်၊ မတ်လ ၂၅ရက် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၅)မှာ ၀န်ထမ်းလစာ နှုန်းထားတိုးမြှင့် သတ်မှတ်မှုထုတ်ပြန်လိုက်ပြီဖြစ်လို့ အလုံးစုံ အထမြောက်သွားပါတယ်။
တကယ်တော့ လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက ဆုတ်ယုတ်ကျ ဆင်းမှုဘက်ကို ဦးတည်ရွေ့ လျား နေတယ်။ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး စီးပွားရေးမှာအဓိက နေရာယူလာတဲ့ အကြောင်းအရာ ၄ ခု စလုံးကလည်း “အနုတ်လက္ခဏာ” တွေ ချည်းပဲဖြစ်နေတယ်။ ဒီလိုအချိန်မှာပဲ အစိုးရက ၀န်ထမ်းလစာ တိုးမြှင့်ပေးလိုက်ခြင်းနဲ့ “အနုတ် လက္ခဏာ”၄ ခုကို တစ်ဖက်လှည့်နဲ့ တဒင်္ဂအားဖြင့် ချွေးသိမ့်လိုက်တာလား လို့ တွေးစရာရှိလာပါတယ်။…
● ဘဏ္ဍာရေးလိုငွေပြခြင်း
၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ၃၈၀၀ရှိလို့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ဘတ်ဂျက်လိုငွေပြမှု အများဆုံးနှစ် ဖြစ်လာပြီး ဂျီဒီပီရဲ့ ၅ရာခိုင်နှုန်းကို ကျော်လွန်သွားတယ်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ၂၇၅၁ ရှိခဲ့တယ်။
● ကုန်သွယ်ရေးလိုငွေ စံချိန်တင်ခြင်း
စီးပွား/ကူးသန်း အချက်အလက်များ အရ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှာ ကုန်သွယ်ရေးလိုငွေပြမှု ဒေါ်လာ ၃ဘီလီယံ နီးပါးရှိရာမှ ယခုနှစ်မှာ ဒေါ်လာ ၅ဘီလီယံ ကျော်သွားတယ်။
● အရန်နိုင်ငံခြားငွေ(Foreign Reserve) အင်အားလျော့ကျလာခြင်း
၂၀၁၃ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၈ဘီလီယံကျော် ရှိတယ်လို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်ခင် စောဦးက ပြောဆိုခဲ့ပေမယ့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ထုတ် ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ ဒေါ်လာ ၄ဒသမ၅ ဘီလီယံသာ ကျန်ရှိတော့ကြောင်း ဖော်ပြထား တယ်။
● ဂျီဒီပီ တိုးတက်မှု လျော့ကျလာခြင်း
၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ ဂျီဒီပီတိုးတက်မှု ၈ ဒသမ ၃ရှိခဲ့ ကြောင်း IMF က ကြေညာခဲ့ပေမယ့် ၂၀၁၄-၁၅ မှာတော့ ၇ ဒသမ ၃ ရာခိုင်နှုန်းသို့ လျော့ကျလာဖွယ်ရှိတယ်လို့ ခန့် မှန်းထားတယ်။
အစိုးရ၀န်ထမ်းတွေ လစာတိုးတိုင်း ကုန်ဈေးနှုန်းလိုက် တက်ပြီး ငွေဖောင်းပွမှု ဖြစ်တာကို ပြည်သူတွေကိုယ်တိုင် ကြိမ်ဖန်များစွာ ခံစားခဲ့ရပြီးဖြစ်ပါတယ်။ ဒီလို ဖြစ်လေ့ရှိတာကို အစိုးရဘက်က မသိသေးဘူးဆိုတာလည်း မဖြစ် နိုင်ပါဘူးလို့ ဆိုရမယ်။ အစိုးရယန္တရားထဲမှာလည်း ပညာတတ်တွေ များစွာရှိနေပါတယ်။ နောက် တစ်ချက်က လွှတ်တော်အရေးကြီးအဆို တင်သွင်းချိန်ကစပြီး အစိုးရအဖွဲ့အစည်း အဝေးကြေညာချက် ထုတ်ပြန်ချိန်ထိ စုစု ပေါင်း ၄ လကျော်ကြာမြင့်ခဲ့လို့ အစိုးရ ဘက်ကသေသေချာချာ တွက်ချက်ပြီး လေ့လာသုံး သပ်ပြီးမှ ရည်ရွယ် ချက်ရှိရှိ ဆောင်ရွက်ခဲ့တာလို့ပဲ နားလည်မိပါတယ်။
ဒါပေမဲ့ အစိုးရအနေနဲ့ ၀န်ထမ်းတွေ ကိုချီးမြှင့်ထောက်ပံ့ချင်တယ်ဆိုရင် အခြားရွေးချယ်စရာ နည်းလမ်းတွေရှိပါ လျက် ဘာကြောင့် အကြိမ်ကြိမ်အထပ်ထပ် အလုပ်မဖြစ်တဲ့ လမ်းကြောင်းဟောင်းကြီးကိုပဲ ထပ်မံ ရွေးချယ်ခဲ့ သလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာတယ်။
ဝန်ထမ်းလစာနှုန်းသစ်တွေ ထွက်ပေါ်လာချိန်မှာတော့ ကန့်သတ်ခွဲခြားထားမှုတွေ ပါဝင်နေခြင်းနဲ့အတူ ၂၀၁၅ ရွေးကောက်ပွဲမှာ တစ်စုံတစ်ခုသော သက်ရောက်မှုရှိ လာနိုင်မလားဆိုတာအထိ အတွေးနယ်ချဲ့ စရာဖြစ်လာ တယ်။
အစိုးရ၀န်ထမ်းလစာ တိုးမြှင့်ပေးခြင်း နဲ့ပတ်သက်ပြီး ဆွဲထုတ်ပြစရာ ၄ချက်ရှိ ပါတယ်။ ပထမအချက်က ကုန် ဈေးနှုန်း၊ ငွေဖောင်းပွမှု၊ ငွေလဲလှယ်နှုန်းတွေပေါ် သက်ရောက်မှုဖြစ်ပါတယ်။ ဒုတိယအချက်က ဌာနဆိုင်ရာ ငွေကြေးအလွဲသုံးစားမှုနဲ့ ခြစားမှုတိုက်ဖျက်ရေးအပေါ် သက်ရောက် မှုဖြစ်ပါတယ်။
တတိယအချက်က ၀န်ကြီးဌာနအလိုက် သာမန်အသုံးစရိတ် လျော့ကျမှုဖြစ်ပြီး စတုတ္ထအချက်ကတော့ ပုဂ္ဂလိ ကအနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်အပေါ် သက်ရောက်မှု ဖြစ်ပါတယ်။
တကယ်တော့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ၀န်ထမ်းလစာတွေ တိုးတော့မယ်လို့ သတင်းတွေကြားကတည်းက ကုန်ဈေးနှုန်းတွေ တက်မယ့် အရိပ်လက္ခဏာပြနေပြီး ၂၀၁၅ ခုနှစ်၊ မတ်လဆန်းမှာ တရိပ်ရိပ် တက်လာတယ်။ အခြေခံစားသုံးကုန် ညွှန်းကိန်းအရ မနှစ်က ဆန်တစ်ပြည်ကျပ် ၁၂၀၀ မှ ယခုနှစ် ၁၆၀၀ ကိုတက်လာလို့ သုံးချိုး တစ်ချိုးလောက် ဈေးတက်သွားတယ်။ တစ်ဖက်မှာ အောက်ခြေ၀န်ထမ်းတွေ လစာတိုးလာတဲ့ ပမာဏက (ရှား ပါး စရိတ် ၃သောင်းပြန်နုတ်လိုက်ရင်) သုံးချိုးတစ်ချိုးတောင်မပြည့်လို့ သိသာတဲ့ ပြောင်းလဲမှုမရှိဘဲ နစ်နာသွား တာပဲအဖတ် တင်တယ်လို့ ပေါ်လွင်နေတယ်။ ကုန်ဈေးနှုန်းကြီးမြင့်လာရတာ အကြောင်းအမျိုးမျိုး ရှိပေမယ့် သေချာတဲ့အချက်ကတော့ လက်ရှိအစိုးရလက်ထက်မှာ ကုန်ဈေးနှုန်းကို စနစ်တကျထိန်းချုပ်နိုင်စွမ်း မရှိခြင်း ဖြစ်ပါတယ်။
တစ်ဖက်မှာ ငွေကြေးဖောင်းပွမှုကလည်း မြင့်တက်လာတယ်။ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါက်တာညိုညို သင်းရဲ့ ပြောဆိုချက်အရ ပညာရှင်တွေက ငွေဖောင်းပွမှု ၉၊ ၁၀ ရာခိုင်နှုန်းကြား ခန့်မှန်းထားတယ်လို့ သိရ တယ်။ မကြာသေးမီက အာရှဖွံ့ဖြိုးရေဘဏ် (ADB) ထုတ်ပြန်ချက်မှာလည်း မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှု နှုန်း ၈ ဒသမ ၄ရာခိုင်နှုန်း မြင့် တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
အလားတူ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာလည်း ၀န်ထမ်းလစာတိုးမယ့် သတင်း ထွက် လာပြီးနောက် မြန်မာ ကျပ် ငွေတန်ဖိုး သိသိသာသာ ကျဆင်းလာတယ်။ မြန်မာကျပ်ငွေတန်ဖိုးဟာ ပြီးခဲ့တဲ့နှစ်ကထက် စာရင် ၂၀ ရာခိုင် နှုန်းလောက် ကျဆင်းသွားတယ်။ ဒါကြောင့် အစိုးရ၀န်ထမ်းလစာတိုးခြင်းက ကုန်ဈေးနှုန်း၊ ငွေဖောင်း ပွမှုနဲ့ နိုင်ငံ ခြားငွေလဲလှယ်နှုန်းတွေပေါ်မှာ မီးလောင်ရာ လေပင့်တာနဲ့မခြား ဆိုးကျိုးသက်ရောက်စေပါတယ်။
နိုင်ငံပိုင်သတင်းစာ ဖော်ပြချက်အရ အစိုးရယန္တရားထဲမှာ ညွှန်ကြားရေးမှူး အဆင့် ၇၀၀ ကျော်ရှိပြီး အမြင့်ဆုံး ညွှန်ကြားရေးမှူးချုပ်အဆင့် ၂၅၀ မှ ၃၀၀ကြားရှိလို့ ၂ ခုပေါင်းလိုက်ရင် တစ်ထောင်ဝန်းကျင်ရှိတယ်။
တိုးမြှင့်လိုက်တဲ့ လစာနှုန်းထားတွေအရ ညွှန်ကြားရေးမှူးအဆင့်က ကျပ် ၂သိန်းမှ ၄ သိန်း၊ ညွှန်ကြားရေးမှူး ချုပ်အဆင့်က ကျပ် ၂ သိန်းခွဲမှ ၅ သိန်းတိုး မြှင့်ရရှိမှာဖြစ်လို့ ၂ ဆ၀န်းကျင်တိုးလာတယ်။ အစိုးရ၀န်ထမ်းတွေ သိန်းနဲ့ချီပြီး လစာတိုးပေမယ့် အကျိုးကျေးဇူးကိုအများ ဆုံးခံစားရရှိတာက အရေအတွက်အားဖြင့် ၁၀၀၀ လောက်သာရှိတဲ့ ညွှန်ကြားရေး မှူး၊ ညွှန်ကြားရေးမှူးချုပ်တွေဖြစ်နေတယ်။
မကြာသေးမီက ပြည်သူ့လွှတ်တော် ငွေစာရင်း ပူးပေါင်းကော်မတီ လေ့လာသုံးသပ်ချက် အစီရင်ခံစာနဲ့ ပတ် သက်ပြီး ဒေါ်တင်နွယ်ဦးက “ပြည်သူ့ငွေစာရင်း အလွဲသုံးစားမှုလုပ်တာက အောက်ခြေ၀န်ထမ်းက နည်းနည်း ဖြစ်ပြီးတော့ ညွှန်ကြားရေးမှူး အဆင့်တွေ၊ ညွှန်ကြားရေးမှူးချုပ်အဆင့်တွေ အများဆုံးပါဝင်နေ တယ်””လို့ လွှတ် တော်ထဲမှာ ပြောဆိုခဲ့တယ်။
လစာတိုးမြှင့်လိုက်တဲ့အခါမှာ ညွှန်မှူး၊ ညွှန်ချုပ်တွေက အတော်လေးဟန်ကျ သွားပြီဖြစ်လို့ ဌာနဆိုင်ရာ ငွေ ကြေးအလွဲ သုံးစားမှုနဲ့ခြစားမှုပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိလာမလဲဆို တာ စောင့် ကြည့်စရာ ဖြစ်လာပါတယ်။ တကယ်လို့ ဌာနဆိုင်ရာတွေ မှာ ငွေကြေးအလွဲသုံး စားမှု၊ ခြစားမှုတွေ လျော့ကျ သွားရင်တော့ အဆိုးထဲကအကောင်းလို့ပဲ မုဒိတာပွားရမှာ ဖြစ်ပါတယ်။
ဝန်ထမ်းလစာ တိုးပေးဖို့အတွက် အစိုးရအနေနဲ့ အခက်အခဲအမျိုးမျိုးကြားမှာ သာမန် အသုံးစရိတ်တွေထဲ က လျှော့ချဖြတ်တောက်ပြီး ဆောင်ရွက်ပေးခဲ့တာလို့ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၂၆ ရက်၊ လွှတ် တော်ထဲမှာ ပြောဆိုခဲ့တယ်။ ၀န်ကြီးဌာန ၁၄ခု အပါအ၀င် အဖွဲ့အစည်းတွေဆီက ငွေကျပ်သန်းပေါင်း ၈၀၀၀ ကို သာမန်အသုံးထဲက လျှော့ချပြီး ၀န်ထမ်းတွေကို လစာတိုးပေးခဲ့တယ်။
ဒါပေမဲ့ သာမန် အသုံးစရိတ် လျှော့ချခံလိုက်ရတဲ့ ၀န်ကြီးဌာန စာရင်းနဲ့ ပမာဏတွေကို လေ့လာလိုက်တဲ့အခါမှာ စိုးရိမ်စရာအချက်ကို တွေ့လိုက်ရတယ်။ အသုံးစရိတ် လျှော့ချခံလိုက်ရတဲ့ ၀န်ကြီးဌာနတွေထဲမှာ ကျန်းမာရေး ၀န်ကြီးဌာနကကျပ် ငွေသန်းပေါင်း ၄၄၃၅ ဒသမ ၁၆၉သန်းရှိလို့ စုစုပေါင်းပမာဏရဲ့ ထက်ဝက်ကျော်ကို ကျခံ ပေးလိုက်ရတယ်။
ကျန်းမာရေးဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်က ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ ကျန်းမာရေးဘတ်ဂျက် ကျပ်ငွေ ၆၅၂ ဘီလီယံရှိပြီး ပြည်သူတစ်ဦးချင်းစီအတွက် အစိုးရဘက်က ကျန်းမာရေး အသုံးစရိတ် ကျခံသုံးစွဲမှု တစ်နှစ်လျှင် ၁၁ ဒေါ်လာရှိကြောင်း၊ ထိုထဲတွင် Operational cost များကို နုတ်လိုက်ပါက ၁၁ ဒေါ်လာပင် မပြည့်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးအသုံးစရိတ်တွင် ပြည်သူလူထုက ကိုယ့်ငွေကိုယ်သုံး တိုက်ရိုက်ကျခံမှုမှာ ၆၅ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းရှိကြောင်း လွှတ်တော်မှာပြောဆိုသွားပါတယ်။
နားလည်လွယ်အောင် ပြောရရင် ပြည်သူတွေ ကျန်းမာရေးအတွက် အစိုးရဘက်က တစ်နှစ်လုံးနေမှ ကျခံပေး ငွေ အများဆုံး ကျပ်ငွေ ၃၅၀၀ သာရှိတယ်။ သည် ကနေ့အချိန်အခါမှာ အထူးကုဆရာဝန်တစ်ယောက်ကို တစ်ခါပြရင်တောင် စမ်းသပ်ခချည်းပဲ ကျပ်ငွေ ၅၀၀၀ လောက်ရှိလို့ ပြည်သူတစ်ဦးချင်းစီရဲ့ ကျန်း မာရေးစောင့် ရှောက်မှုအတွက် အစိုးရစိုက်ထုတ်ငွေက အထူးကုဆရာဝန်တစ်ယောက်ရဲ့တစ်ကြိမ် စမ်းသပ်ခတောင် မရှိပါ ဘူး။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က အစိုးရတစ်ရပ်ဟာ ပြည်သူ့ကျန်းမာရေး ကျခံသုံးစွဲမှုအတွက် တစ်နှစ်ကို အနည်းဆုံး လူတစ်ဦးလျှင် ဒေါ်လာ ၃၀ မှ ၄၅ ဒေါ်လာ ရှိသင့်တယ်လို့ ထုတ်ပြန်ထားတယ်။ ဒီအချက်နဲ့ ပတ် သက်ပြီး ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာဝင်းမြင့်က မြန်မာနိုင်ငံမှာ ၂၀၃၀ ခုနှစ်ရောက်မှသာ ဖြစ်လာနိုင်မယ် လို့ ရည်မှန်းထားတဲ့ သဘောကို စကားလှလှလေးတွေသုံးပြီး ပြောဆိုသွားပါတယ်။
လိုရင်းကို ပြန်ကောက်ရင် ကျန်းမာရေးဘတ်ဂျက် နည်းပါးလွန်းတဲ့ကြားက အစိုးရ၀န်ထမ်းတွေ လစာတိုးဖို့ အတွက် ကျန်းမာရေးဘတ်ဂျက်ထဲက ကျပ်ငွေသန်း ပေါင်း ၄၀၀၀ကျော် လျှော့ချခဲ့ရတယ်။ ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်မှာ ကျန်းမာရေးဝန်ကြီးဌာနက အသုံးစရိတ်ကျပ်ငွေ ၇၅၇ ဘီလီယံ တောင်းခံထားတယ်။ အဲဒီ ထဲက ၀န်ထမ်းလစာတိုးပေးဖို့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးအသုံးစရိတ်ထဲက ကျပ်ငွေသန်းပေါင်း ၄၄၀၀ ကျော် အနစ်နာခံလိုက်ရတာလို့ပဲ နားလည်မိပါတယ်။
အစိုးရ၀န်ထမ်းတွေ လုပ်ခလစာတိုးမြှင့်ရရှိတဲ့ ဂယက်က ပုဂ္ဂလိကအခြေခံ အလုပ်သမားတွေကြားမှာ အနည်းနဲ့ အများ ရိုက်ခတ်မှု ရှိလာတယ်။ အထူးသဖြင့် အစိုးရဘက်က အချိန်ဆွဲထားလို့ ၂နှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးပေါ်မှာ သက်ရောက်မှုရှိမှာ ဖြစ်တယ်။
အနိမ့်ဆုံး လုပ်ခလစာကို တွက်ချက်ရာမှာ အစိုးရ ၀န်ထမ်းတစ်ယောက် ရရှိတဲ့ အနိမ့်ဆုံးဝင်ငွေကိုလည်း ထည့် သွင်း တွက်ချက်ရမှာဖြစ်ပြီး ပုဂ္ဂလိကနဲ့အစိုးရ အနိမ့်ဆုံး လုပ်ခလစာတွေအကြား ကွာဟမှု သိပ်မများနိုင်ဘူးလို့ ယူဆရတယ်။ နှုန်းထားသစ်တွေအရ အနိမ့်ဆုံးအစိုးရ၀န်ထမ်း လစာဟာ ၁၂၀၀၀၀ ဖြစ်လို့ တစ်ရက်ပျမ်းမျှ ကျပ်ငွေ ၄၀၀၀ နှုန်းရှိတယ်။ ဒါ့အပြင် အစိုးရ၀န်ထမ်းဘက်မှာ ပင်စင် အပါအ၀င် အခြားခံစားမှုတွေလည်း ရှိသေးတယ်။
အနိမ့်ဆုံး လုပ်ခလစာ ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက်တည်း မြန်မာနိုင်ငံမှာ စားပွဲထိုး၊ အိမ်အကူတွေအစ အဲဒီ နှုန်းထား အတိုင်းပေးရတော့မှာ ဖြစ်ပါတယ်။ ဒီအချက်က လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေစပြီး အိမ် တွင်းတစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေပေါ်မှာပါ သက်ရောက်မှုရှိလာမှာဖြစ်လို့ နောက်ဆက်တွဲဖြစ်လာမယ့် ကုန်ဈေးနှုန်း၊ ငွေဖောင်းပွမှုတွေကို တွေးကြည့်ရုံနဲ့တင် ကျောချမ်းစရာပဲ မဟုတ်လား။
မြန်မာသံတော်ဆင့်သတင်းဌာန facebook page –
https://www.facebook.com/myanmarherald