မြန်မာနိုင်ငံ အရှေ့ပိုင်းမှ စစ်ရေး ပဋိပက္ခများကို တိမ်းရှောင်ထွက်ပြေး ခဲ့ကြသော စစ်ပြေးဒုက္ခသည် ၁၆ဝ,ဝဝဝ ခန့်ရှိသည့်အနက် အများအပြားမှာ ထိုင်းနိုင်ငံနယ်စပ် မြစ်ရိုးတစ်လျှောက်ရှိ သက်ငယ်မိုး တဲအိမ်စုတ်ကလေး များတွင် နေထိုင် ကြရသည်မှာ သာတောင့်သာယာ မရှိလှပါ။ ကုလသမဂ္ဂမှ ဖွင့်လှစ် ပေး ထားသော စခန်းများ တွင် နေထိုင်ကြရသည့် ဘဝမှာ အလွန်ပင် ငြီးငွေ့ဖွယ်ရာ ဖြစ်ပြီး စားရသောက်ရ လုံလောက်ရုံမျှသာရှိကာ ကာလကြာ ရှည်စောင့်ဆိုင်းနေခဲ့ရသော အိမ်ပြန် ခရီးကို မျှော်မှန်းတမ်းတနေခြင်းမှ တစ်ပါး အခြားလုပ်စရာ အနည်းငယ်မျှသာ ရှိသည်။ ဤလိုပုံဖြင့် အမြဲ ထာဝရ သူတို့ မနေနိုင်ကြပါ။
သို့တစေ အိမ်အပြန် မှန်းမျှော် တမ်းတနေစဉ်တွင်ပင် သူတို့ကိုများ မကြာမီ အတင်းအကျပ် အိမ်ပြန် ခိုင်းခံကြ ရတော့မည်လောဟု ယခု အခါ တွေးတော စိုးရိမ်ဖွယ်ရာဖြစ်နေပါသည်။ ညှိုးမှိန်ခဲ့ရသည့် ပုံရိပ်ကို အသစ်တစ်ဖန် ပြန်လည် ဖန်တီးဖို့ မြန်မာအစိုးရက ကြိုးပမ်းနေသည် နှင့်အမျှ ယခင်က ဗမာပြည်ဟု အမည်ရသောနိုင်ငံကို အမည် ဆိုးဖြင့် ကျော်ကြားစေခဲ့သည့် အဓမ္မ အလုပ်ခိုင်းစေမှု၊ မြေယာများ လုယူသိမ်း ပိုက်မှု၊ ကျေးရွာများ စီးနင်း ဖျက်ဆီးမှု စသည့်နိုင်ငံတော်မှ ချမှတ်သည့် မတရားမှုများဘေးမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော မိသားစုများကို ပြန်လည်ခေါ်ယူရန် အာဏာပိုင်များက အစီအစဉ်ဆွဲနေကြပေပြီ။
စစ်ပြေး ဒုက္ခသည် အများအပြားက ကရင်ပြည်နယ်ဟုခေါ်သော တောင်ကုန်းတောင်တန်း ဒေသဖြစ်သည့် အရှေ့ပိုင်း မြန်မာနိုင်ငံရှိ သူတို့၏ ဇာတိမြေမှာ ယခင်ကနှင့် စာလျှင် အနည်းငယ်သာ ပြောင်းလဲ ခဲ့ကြောင်း ငြင်းခုန်ခဲ့ကြသည်။ မြန်မာ့တပ်မတော်က နယ်မြေကို စိုးမိုးထားဆဲပင် ရှိသေးသည်။ စစ်တပ်နှင့် လူမျိုးစု ပြောက်ကျား တပ်ဖွဲ့များ ထောင်ထားခဲ့ကြသည့် မြေမြှုပ်မိုင်းများက မရှင်းလင်းရသေး။ ထို့ပြင် ၁၉၉ဝ ခုနှစ်များ အတွင်း ထွက်ပြေးခဲ့ကြ ပြီး ယခုပြန်လာသူ အများအပြားအတွက် သူတို့ရပ်ရွာများမှာ အစိုးရနှင့်ပြေလည်သူများ ဝင်ရောက် လုပ်ကိုင်နေ ကြသော စိုက်ခင်းကြီးများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း တွေ့ ကြရတော့သည်။
“မြေမြှုပ်မိုင်းတွေအကြောင်း ပြောဆိုဆွေးနွေးတာ ဘာမှမရှိဘူး။ စစ်စခန်းတွေ ရွှေ့ပြောင်းဖယ်ရှား ရေးနဲ့ ပတ်သက်လို့ ဘာ သဘောတူညီမှုမှ မရှိဘူး”ဟု ကရင်နီ နိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးများ အစည်းအရုံးကို ကိုယ်စားပြုနေသည့် စစ်ပြေး ဒုက္ခသည်တစ်ဦးဖြစ်သူ နက်ဒူးက ပြောသည်။ “လက်ရှိအနေအထားက ဒီလိုပဲ ရှိနေသေးတယ်။ နေရပ် ပြန်မပို့ခင် မှာ မြန်မာနိုင်ငံက အခြေအနေတွေ တိုးတက်ဖို့ ဒုက္ခသည်တွေက မြင်လို တွေ့လိုကြတယ်””ဟု သူက ဆိုပါသည်။
ထိုင်း-မြန်မာ နယ်စပ်တစ် လျှောက်တွင်မူ အခြေအနေက အတိုင်းအတာ တစ်ခုအထိ တည်ငြိမ်နေ ပါသည်။ ဒေသတွင်းပြောက်ကျား အဖွဲ့ခွဲများကြား တိုက်ပွဲများမှာ အပစ်အခတ် ရပ်စဲရေးကြောင့် လောလောဆယ် ရပ်ဆိုင်းနေပါသည်။ ထို အပစ်အခတ်ရပ်စဲရေးက ဒုက္ခသည် များ နေရပ်ပြန်ခေါ်ရေးအ စီအစဉ်များ စတင်ရန် မြန်မာ အစိုးရကို တွန်းအား ပေးခဲ့သည်။ ကုလသမဂ္ဂမှ တစ်ဆင့် ပေါက်ကြား ခဲ့သော မြန်မာအစိုးရ၏ ပြန်လာမည့် ဒုက္ခသည်များအတွက် စခန်း ၁၃ ခုပါ မြေပုံကို ထိုင်းအခြေ စိုက် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး တိုးမြှင့်ရေးကွန်ရက်တစ်ခုဖြစ်သည့် “Burma Partnership”က ပုံနှိပ် ဖြန့်ချိခဲ့သည်။ ထိုစခန်းများမှာ ဒုက္ခ သည်များအတွက် ယာယီနားခိုရန် လား၊ ဒုက္ခသည်များကို ပိတ်လှောင် ကွပ်ကဲမည့် အမြဲတမ်းစခန်းများ လားဆိုသည်မှာကား မကွဲပြားချေ။
ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ (UNHCR)က ယင်း၏ အရာရှိများသည် မြန်မာအစိုးရနှင့် ပေါင်း၍ ဒုက္ခသည်များကို ထိုစခန်းများသို့ မောင်းပို့ရန် ကြံစည်နေသည် ဟူသော ကောလာဟလများကို ငြင်းဆိုခဲ့သည်။ “ဒါဟာ ကျွန်တော် တို့ရင်ဆိုင်နေရတဲ့ ဝေဖန်မှုအများ ကြီးထဲက အပူလောင်ဆုံး ပြဿနာပါ”ဟု UNHCR အကြီးတန်း ညှိနှိုင်းရေး အရာရှိ အီယိန်းဟော(လ)က ပြောသည်။ “UNHCR အနေနဲ့ ပြန်လာရေး ကိစ္စကို တိုးမြှင့်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ အခြေအနေတွေ က ဒုက္ခသည်တွေ ပြန်လာဖို့ အဆင်သင့် မရှိသေးပါဘူး” ဟု သူက ဆိုပါသည်။
မြန်မာအစိုးရ အတွက်မူ ဤ ကိစ္စမှာ လောင်းကြေးများသည့် ကစားပွဲဖြစ်ပါသည်။ မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် မှီတင်းနေထိုင်ခဲ့သူ များကို ကြောက်လန့်စေခဲ့သော ထိုတပ်မတော်ကပင် စခန်းတွင်း ဒုက္ခသည်များကို ကွပ်ကဲမည့် အရေးမှာ နာမည်ပျက်စရာသာ ဖြစ်ပါလိမ့်မည်။ သို့တစေ တပ်များကို ရုပ်သိမ်းလိုက်ခြင်း ကလည်း နိုင်ငံတော်မှ အထောက်အခံ ပြုသည့် စက်ရုံများ၊ ကုမ္ပဏီများအတွက် လျာထားသော ပိုင်နက်နယ်မြေကို လက်လွှတ်လိုက်ရာ ကျပါလိမ့်မည်။
“လူတော်တော်များများက အသိမ်းခံထားရတဲ့ သူတို့မြေတွေကို ပြန်ရဖို့ မျှော်လင့်နေကြတုန်းပဲ”ဟု မွန်တိုင်းရင်းသား အုပ်စုကို ကိုယ်စားပြုသည့် မွန်ဒေသ လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ ဒုက္ခသည်တစ်ဦး ဖြစ်သူ အောမွန် က ပြောသည်။ “သူတို့အထဲက တော်တော်များများ ဟာ အရင် ၁၅ နှစ်၊ နှစ် ၂ဝ တုန်း က ရာဘာခြံရှင်တွေ ဖြစ်ပြီး သူတို့ အိုးအိမ်တွေကို စွန့်ခွာခဲ့ကြရတာ။ ဒီမြေတွေပြန်ရဖို့ သူတို့မှာ မျှော်လင့်ချက်ကြီးတွေ ရှိတယ်” ဟု သူက ဆိုပါသည်။
နေရပ်ပြန်ပို့ခြင်းကို ပြန်လာသူ များအတွက် ကြီးပွားချမ်းသာစရာ အခွင့်အလမ်း တစ်ခုအဖြစ် မြန်မာ အစိုးရက ဖော်ကျူးခဲ့ ပါသည်။ ဤ အစီအစဉ်များကို ကြီးကြပ်ဆောင် ရွက်သူ ဝန်ကြီးဦးအောင်မင်းက ပြန် လာသူများကို စားစရာ၊ နေစရာနှင့် စီမံကိန်းဆွဲထားသော စက်မှုဇုန်များ တွင် အလုပ်အကိုင် အခွင့်အလမ်း များ ပေးမည်ဟု ပြောသည်။ လယ်သမား အဖြစ် အလုပ်လုပ်လိုသူများကိုလည်း အသုံးအဆောင် ကိရိယာပစ္စည်းများ ထုတ်ပေးမည် ဟု ဆိုပါသည်။
သို့သော် ဤလုပ်ငန်းစဉ်အတွင်း အစိုးရ၏ခြေလှမ်းများ အမှားရှိခဲ့ပါက ကြီးလေးသော စစ်ဆေးမှုကို ခံရစရာ ရှိပါသည်။ ဤအုပ်စုများမှာ အဆက်အသွယ် အထူးကောင်းပြီး မီဒီယာနှင့် အကျွမ်းတဝင်ရှိသည်။ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ များက ထောက်ပံ့ထားသော ဤ စခန်းများက တော်လှန်ရေးအတွေး အခေါ်နှင့် နိုင်ငံတကာ ဥပဒေများ ကိုင်စွဲထားသော ပညာတတ်၊ အင်္ဂလိပ် စကားပြော လူတန်းစား တစ်ရပ်ကို မွေးထုတ်ပေးခဲ့သည်။ ထိုသူအများစုက နေရပ်ပြန်ပို့ရေးကို သူတို့အစီအစဉ်အတိုင်း ဖြစ်စေရမည်ဟု ခံယူထားသည်။ ပြန်လာသူများ၏ အခြေချမည့်နေရာ ရွေးချယ်ပိုင်ခွင့်၊ မြေမြှုပ်မိုင်း ရှင်းလင်း ရေးနှင့် စစ်ဘက် ရုပ်သိမ်းရေးတို့ အပါအဝင် တောင်းဆိုချက်အစုံကို သူတို့က သတ်မှတ်ထားသည်။
သူတို့ အများအပြားက အစိုးရထံမှ အမှားဝန်ခံ တောင်းပန်မှုကို လိုချင်ကြသည်။ ဤဒေသကို ကြီးကြပ်နေ သည့် မြန်မာစစ်တပ်ကို ရွှေ့ပြောင်းပြီး အစိုးရ တပ်ရင်းကြီးများ ကိုလည်း ဖယ်ရှားပေးစေလိုသည်။ စစ်တပ် အပြည့်အဝ ရုပ်သိမ်းရေးမှာ ဝေးလွန်းလှပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ စိုက်ပျိုးရေးမှအစ ဆည်များ၊ သတ္တုမိုင်းတွင်း များအထိ အစိုးရ စီမံကိန်းများအတွက် မြန်မာ တပ်မတော်က လုံခြုံရေးအဖြစ် ဆောင်ရွက် ခဲ့သည်။
ဒုက္ခသည်များ၊ လက်နက်ကိုင် အုပ်စုများနှင့် မြန်မာအစိုးရတို့က စေ့စပ်ဆွေးနွေးအဖြေရှာရန် လုံးပန်း နေချိန် တွင် ထိုင်းအစိုးရက နာရီ တကြည့်ကြည့် လုပ်နေ ပါသည်။ မြန်မာနိုင်ငံသို့ ဒုက္ခသည်များ ပြန်လည် ပို့ဆောင်ရေး ကို ၂ဝ၁၃ တွင် စတင်မည်ဟု စက်တင်ဘာလ အတွင်းက ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီက ကြေညာ ခဲ့သည်။ စခန်းများ ပိတ်သိမ်းပြီးလျှင် နိုင်ငံပိုင် စက်မှုဇုန်များ တည်ဆောက်မှု စတင်ရန် စီစဉ်ထားသည်။
“ကျေးဇူးပြု၍ လာကြပါ၊ ရင်းနှီးမြှုပ်နှံကြပါ။ ကျွန်တော်တို့ တိုင်းပြည်က အဆင့်သင့်ပါ။ ကျွန်တော်တို့ ပြည်သူ တွေကလည်း ရင်းနှီးမြှုပ်နှံမှုတွေကို ငံ့လင့်နေကြပါတယ်လို့ သူတို့က ပြောတယ်” ဟု Forum For Democracy in Burma မှ ဒုတိယအတွင်းရေးမှူး ကိုစိုးအောင်က ပြောသည်။ “ကျွန်တော်တို့ မြင်လိုတာက လူ့အခွင့်အရေး တွေနဲ့ ပြည်သူ လူထု ကောင်းစားရေး ကို အာမခံတဲ့ ပြုပြင် ပြောင်းလဲမှုတွေ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ဖို့ပဲ။ ခရိုနီတွေ ကောင်းစားဖို့ မဟုတ်ဘူး” ဟု သူက ဆိုပါသည်။
Ref: globalpost.com
မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်