
သည်ရက်များအတွင်း “ဟော့” ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးရင် နိုင်ငံတော်သမ္မတ ဘယ်သူ ဖြစ်လာမလဲဆိုပြီး ၀ိုင်းဝန်း တွက်ချက် ထင်ကြေးပေးကြတာတွေ ပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီ ခေါင်းစဉ်ပြီးတော့ လူပြောများတဲ့ အကြောင်းအရာတစ်ခုက ၂၀၁၅ ရွေးကောက်ပွဲကစလို့ PR ဆိုတဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို မိတ်ဆက် သွတ်သွင်း သင့်မသင့် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးကြမယ့်ကိစ္စပါပဲ။ နောက်တစ်ခုက ပုံနှိပ် မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မပြောမဆိုကြသေးပေမယ့် facebook လောကမှာတော့ တုတ်တစ်ပြက် ဓားတစ်ပြက်လို့တောင် ပြောရမလို ဖြစ်နေတဲ့ မျိုးစောင့် ဥပဒေတော်မူကြမ်း ကိစ္စ ဖြစ်ပါတယ်။
လောလောဆယ် ဆုံးဖြတ်ရမှာ မဟုတ်
ကျွန်တော့်အမြင်ကတော့ အထက်ပါ သုံးခုစလုံးဟာ လတ်တလော အဆုံးအဖြတ် ပေးရမယ့် အကြောင်းအရာတွေ မဟုတ်ပါဘူး။ ငြင်းခုံလို့ ကောင်းတဲ့ ခေါင်းစဉ်မျိုးတွေ ဖြစ်ပေမယ့် စိတ်ခံစားချက် နောက်လိုက်ပြီး တစ်ပွဲတိုး ဖြေရှင်းလို့ရတာ မဟုတ်တာတော့ သေချာပါတယ်။ ဘက်ပေါင်းစုံက ၀ိုင်းဝန်း စဉ်းစားပြီးမှ ပြည်ထောင်စုအတွင်း မှီတင်းနေနိုင်ကြတဲ့ ပြည်သူ အများစုကြီးရဲ့ သဘောထားနဲ့ အဂတိတရားလေးပါး ကင်းရှင်းစွာ ညှိနှိုင်း ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ (မျိုးစောင့်ဥပဒေနဲ့ ပတ်သက်လို့ ၂၂ ဇွန် ၂၀၁၃ 7 Day Daily သတင်းစာမှာ ဆောင်းပါးရှင် ဆရာအောင်ကိုဦး ရေးတဲ့ “တွေးရင်းနဲ့ ပူပန်မိ” ဆောင်းပါးကိုတော့ တိုင်းပြည် ရှေ့ရေး မျှော်တွေးသူတိုင်း ဖတ်ရှု ဆင်ခြင်သင့်တယ်လို့ ညွှန်းလိုပါတယ်)
ဆင်းရဲ မွဲတေမှု လျှော့ချရေး
သည်လိုဆို လက်ငင်းပြဿနာတွေက ဘာတွေလဲ ပြောစမ်းပါဦးလို့ မေးလာရင် ကျွန်တော်တို့ ကတော့ ပြည်တွင်း ငြိမ်းချမ်းရေး? ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးတို့ပါပဲလို့ ထပ်ပြောရမှာ ဖြစ်ပါတယ်။ အဲဒီ သုံးခုစလုံးဟာ ယနေ့အထိ အားရစရာ မရှိသေးပါဘူး။ ၁။ ဆောင်ရွက်နေဆဲ အဆင့်ရယ် ၂။ ဆောင်ရွက်ဖို့ လေ့လာမယ်ဆိုတဲ့ အဆင့်ရယ် ၃။ ဆောင်ရွက် နေသော်လည်း မည်မည်ရရ ရလဒ်ကောင်း ထွက်မလာဘဲ တိုင်းပြည်ရဲ့ လူဦးရေ လေးပုံတစ်ပုံ ဆင်းရဲတွင်းနက်နေဆဲအဆင့်ရယ်မှာပဲ ရှိနေပါသေးတယ်။ သတင်းစာ ဆရာ တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ခေါင်းစဉ်မည်းကြီးတွေနဲ့ မျက်နှာဖုံး တင်ပြီး သတင်းပေးလောက်တဲ့ အဆင့်ကို မနီးစပ်သေးဘူးလို့ပဲ ပြောရမှာပါ။
ပုဒ်မ ၄၀၁ ကိစ္စ သတင်းကောင်း
သို့ပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ကြားသိလိုက်ရတဲ့ သတင်း တစ်ပုဒ်ကတော့ ကျွန်တော် ကိုယ်တိုင် ခုချိန်ထိ ဘ၀င်မကျခဲ့တဲ့ ခိုးလိုးခုလု ကိစ္စတစ်ခု ပြေလည်သွားတော့မယ့် အလားအလာ ဖြစ်တာကြောင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး သတင်းကောင်း တစ်ခု အဖြစ် ကြိုဆိုပါတယ်။
အဲဒါကတော့ နိုင်ငံရေး အကျဉ်းသားဟောင်းများကို သရော်မော်ကားပြုနေသလို ဖြစ်ခဲ့တဲ့ ထောင်ကြွေးကျန်ပုဒ်မခေါ် ပုဒ်မ ၄၀၁ ကိစ္စ ဖြစ်ပါတယ်။ ဒီအကြောင်းကို ရှေ့က ကျွန်တော့် ဆောင်းပါးအချို့မှာလည်း တစ်ကြိမ်မက ဆွေးနွေး တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသား မရှိဘူးဆိုတဲ့ ခေတ်
ပုဒ်မ ၄၀၁ ကိစ္စ မပြောခင် နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အသုံးအနှုန်းနဲ့ စပ်လျဉ်းပြီး အထစ်အငေါ့လေးတွေ ဖြစ်ခဲ့တာကို ပြောချင်ပါသေးတယ်။ တကယ်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဆင့်အတန်းတစ်ခုကို မကြားလို မနာလို ဖြစ်ပြီး ဖျောက်ဖျက်ပစ်ခဲ့တာ မဆလပါတီ တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်း ဖြစ်ပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ်က ရှိခဲ့တဲ့ A class, B class နိုင်ငံရေး အကျဉ်းသားတွေကို ဦးနေ၀င်းက အတော် မျက်မုန်းကျိုးပုံရတယ်။ သူ့လက်ထက်မှာ အဲဒီ အဆင့်အတန်း တွေ လုံးဝ ဖျက်ပြီး ရာဇ၀တ်သားတွေလို့ပဲ သတ်မှတ်ခဲ့ပါတယ်။
သို့ပေမယ့် သူ့လက်ထက်မှာပဲ ၁၉၈၀ ပြည့်နှစ် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတော့ နိုင်ငံရေး အကျဉ်းသားဆိုသည်မှာ မည်သည့် ပုဒ်မတွေ အကျုံးဝင်တယ် ဆိုတာကို ထိုစဉ်က နိုင်ငံတော်ကောင်စီက အဓိပ္ပာယ် ဖွင့်ဆိုပေးခဲ့ရပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံရေး အကျဉ်းသားရှိတယ်ဆိုတာကို လက်ခံခဲ့တာပဲ ဖြစ်ပါတယ်။
န၀တ? နအဖ အစိုးရများလက်ထက်မှာတော့ ဦးနေ၀င်းထက်တောင် ပြတ်သားကြပါတယ်။ နိုင်ငံရေးအရ ဖမ်းဆီး ထောင်ချသူတွေ မရေမတွက်နိုင်အောင် များပြားခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသား လုံးဝ မရှိပါဘူးလို့ နှစ် ၂၀ ကျော်မျှ ကြာအောင် တစ်သမတ်တည်း ပြောခဲ့ပါတယ်။
ဘာလီကျွန်း မိန့်ခွန်း
၂၀၁၁ ခု မတ်လမှာ သမ္မတကြီး ဦးသိန်းစိန် အစိုးရ တက်လာတော့ စစ်အစိုးရ ခေါင်းဆောင် အဆက်ဆက် ပြောဆိုခဲ့ကြတဲ့ မိန့်ခွန်းမျိုးတွေနဲ့ အင်မတန်မှ မတူကွဲပြားခြားနားတဲ့ မိန့်ခွန်းတစ်ခုနဲ့ ပွဲထွက်လာတာရယ် အဲဒီနောက်ပိုင်းမှာလည်း ပြောတဲ့အတိုင်း တစ်ခုပြီးတစ်ခု လုပ်လာခဲ့တဲ့ လုပ်ရပ်တွေရယ်ကြောင့် မြန်မာပြည်သူတွေ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံရေး အကျဉ်းသားဟောင်းတွေဟာ အကောင်းဘက် ပြောင်းပြီး ရှုမြင်လာခဲ့ကြပါတယ်။ သို့ပေမယ့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ သမ္မတကြီး ဦးသိန်းစိန် ပြောကြားခဲ့တဲ့ “ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိပါဘူး” ဆိုတဲ့ စကားကြောင့် ဟာခနဲ ဖြစ်သွားကြရပြန်ပါတယ်။
ကျွန်တော် လေ့လာ ကြားသိရသလောက် ပြောရမယ်ဆိုရင် အဲဒီစကားက သမ္မတကြီးရဲ့ ပုံရိပ်ကို အများကြီး ထိခိုက်သွားစေခဲ့ပါတယ်။ ဒီစကားကို ယုံယုံကြည်ကြည်နဲ့ ပြောခဲ့တယ်ဆိုရင်လည်း ဒါဟာ ပကတိ အရှိတရားနဲ့ ကင်းကွာနေတယ်လို့ ရှုမြင်ခြင်းခံရမှာ ဖြစ်ပါတယ်။ အဲသလို မဟုတ်ဘဲ ဖိအား တစ်ခုခုကြောင့် ဒီစကားကို ပြောခဲ့တယ်လို့ ဆူခံရလျှင်လည်း မလွန်ဆန်နိုင်တဲ့ ဘ၀မှာ ရှိနေသေးတယ်လို့ ရှုမြင်ခြင်းခံရမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ရှုမြင်ခြင်း ခံရသည်ဖြစ်စေ သမိုင်းဝင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးကို ဦးဆောင် အကောင် အထည်ဖော်နေသူ တစ်ယောက်အတွက်တော့ အနုတ်လက္ခဏာ တွေချည်းသာ ဖြစ်ပါတယ်။
ချက်ကြိုး မပြတ်သေးသလို
အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အမြား လွတ်မြောက် လာခဲ့ကြပေမယ့် လွှတ်ပေးပုံ လွှတ်ပေးနည်းကြောင့်ရော? သမ္မတကြီးရဲ့ အဲဒီ စကားကြောင့်ပါ လွတ်လာသူတွေရော? နိုင်ငံရေး အကျဉ်းသားဟောင်းတွေပါ မသဒ္ဓါရေစာ စားရသလို ခံစားခဲ့ကြရပါတယ်။ မလွှတ်ချင် လွှတ်ချင် ဆောင့်ကြီး အောင့်ကြီး လွှတ်ပေးတာသာ ဖြစ်တယ်လို့ ခံစားကြရတဲ့အတွက် လက်ရှိအစိုးရဟာ သူ့ရှေ့က စစ်အစိုးရ အဆက်ဆက်နဲ့ ချက်ကြိုး မပြတ်သေးတဲ့ အစိုးရ ဖြစ်တယ်ဆိုတဲ့အမြင် ပြည်သူတွေအကြား ပျောက်ကွယ်မသွားနိုင်သေးတာ ဖြစ်ပါတယ်။
အဲဒီလို ဖြစ်ရတဲ့ ကိစ္စမှာ အဓိကကျတဲ့ အကြောင်းရင်း တစ်ခုကတော့ ပုဒ်မ ၄၀၁ ကိစ္စပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ပြည်သူကို တိုက်ရိုက် ပြောကြားခဲ့တဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ သမ္မတကြီးက သူ့အစိုးရအနေနဲ့ အဲဒီပုဒ်မကို နိုင်ငံရေးအတွက် အသုံးချဖို့ ရည်ရွယ်ချက် မရှိပါဘူးလို့ အတိအလင်း ပြောသွားခဲ့ပေမယ့် “ထောင်ကြွေးကျန်ပုဒ်မ” လို့ အဓိပ္ပာယ်ရတဲ့ အဲဒီ ပုဒ်မကို မသမာတဲ့ နိုင်ငံရေး ရည်ရွယ်ချက်အတွက် အသုံးချလိုသူတွေ ရှိနေခဲ့တာလည်း အမှန်ပဲ ဖြစ်ပါတယ်။
လက်ရှိ အစိုးရခေတ်မှာ နိုင်ငံရေး အကျဉ်းသားများကိစ္စနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ အတော်အတန် ရှိလာခဲ့တာ အမှန်ပါ။ ထောင်တွင်း အခြေအနေတွေ ပိုကောင်းလာတာ အစ၊ နိုင်ငံရေးအကျဉ်းသား အများစု ပြန်လွတ်လာတာ အလယ်၊ အဖျက်အမှောင့် အဖွဲ့အစည်းတွေအဖြစ် တစ်လျှောက်လုံး သဘောထားလာခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရလူကြီးတွေ ကိုယ်တိုင် ပူးပေါင်းပြီး လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ ဖွဲ့နိုင်တာအဆုံး တိုးတက်မှုတွေ ရှိခဲ့တာ သံသယရှိစရာ မလိုပါဘူး။
အခု နောက်ဆုံး ကြားရတဲ့ သတင်းအလိုအရတော့ ပုဒ်မ ၄၀၁ ကို နောက်နောင် မသုံးတော့ပါဘူးလို့ နိုင်ငံရေးအကျဉ်းသား စိစစ် ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းက ပြောကြားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နောင်မှာလည်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖမ်းတာ ဆီးတာတွေ ဆက်ပြီး ရှိနိုင်သေးတယ်၊ ဆိုလိုတာက နိုင်ငံရေး အကျဉ်းသားဆိုတာတွေ ရှိနိုင်သေးတယ်၊ ဒီတော့ကာ သူတို့ကို ထောင်ထဲမှာ ဘယ်လို ထားမယ်ဆိုတာကို ဆက်ဆွေးနွေးကြ ရဦးမယ်ဆိုတဲ့ လေသံတစ်ခုလည်း ထွက်လာပါတယ်။
အမြင်မတော် ဆင်တော်နဲ့ ခလောက်
ကျွန်တော်ကတော့ အဲဒီလို အသံမျိုးကို သဲ့သဲ့တောင် မကြားချင်ပါဘူး။ ဒီမိုကရေစီ နိုင်ငံနဲ့ နိုင်ငံရေး အကျဉ်းသားဆိုတာ အမြင်မတော် ဆင်တော်နဲ့ ခလောက်သဖွယ် မအပ်စပ်တဲ့ အရာတစ်ခုပါ။ ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးရဲ့ သမ္မတက ဒီမိုကရေစီနိုင်ငံ မှန်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား တစ်ယောက် ရှိတယ် ဆိုရင်တောင် များလွန်းလှပါတယ်လို့ မြန်မာနိုင်ငံရောက်တုန်း ပြောခဲ့တာ အားလုံး မှတ်မိကြမှာပါ။ တကယ်တော့ နိုင်ငံရေး အကျဉ်းသားတွေဆိုတာ နိုင်ငံအတွက် ပေးဆပ်ခဲ့ကြသူတွေ ဖြစ်တာကြောင့် ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အစိုးရတစ်ရပ် အနေနဲ့ သူ့ရှေ့က အစိုးရတွေရဲ့ အမှားတွေကို တာဝန်ယူ ပြုပြင်တဲ့အနေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများရဲ့ ကြေမွနေတဲ့ ဘ၀များ ပြန်လည် ထူထောင်ရေးကို အစိုးရကတောင် ဦးစီး လုပ်ဆောင်ပေးရမှာပါ။ အဲသလို မလုပ်နိုင်သေးဘူး ဆိုရင်တောင် နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေ ပေါ်မလာရေးကို သနိ္နဋ္ဌာန်ချ လုပ်ဆောင်ကြရမှာပါ။ ဒါဟာ မဖြစ်နိုင်တဲ့ အလုပ် မဟုတ်ပါဘူး။ ဒီကနေ့လို ဒီမိုကရေစီ ကမ္ဘာက ဧည့်ကောင်းစောင်ကောင်းတွေ ၀င်လာမစဲ တသဲသဲ ဖြစ်နေချိန်မျိုးမှာ သူတို့ နိုင်ငံတွေမှာရော နိုင်ငံရေးအကျဉ်းသားတွေ ရှိသလား မရှိဘူးဆိုရင် မရှိအောင် ဘယ်လို လုပ်သလဲ ဆိုတာတွေကို မေးမြန်း စုံစမ်းပြီး အကြံဥာဏ် ရယူသင့်ပါတယ်။ ကောင်းတဲ့ မှန်တဲ့ အလုပ်ကို လုပ်တာ သိက္ခာကျစရာ လုံးဝ မဟုတ်ကြောင်းပါဗျာ။
၂၃ - ၀၆ - ၂၀၁၃
maungwuntha@gmail .com
ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၁