ရွှေဝါရောင် တော်လှန်ရေးကြီးက ကမ္ဘာမှာရှိတဲ့ ပြည်သူအားလုံးကို တုန်လှုပ်စေခဲ့တယ်။အစိုးရရဲ့စိတ်ဓာတ်ကို ကမ္ဘာကပိုပြီး သိထားတာထက် သိခွင့်ရခဲ့တယ် . . .
ရန်ကုန်၊ စက်တင်ဘာ ၎
ရွှေဝါရောင် သံဃာ့ အရေးတော်ပုံကြီးတွင်းမှ တောင်းဆိုသံများကြား အာဏာရှင် စစ်အစိုးရ၏ အကြမ်းဖက် ဖြိုခွဲမှုများ လွှမ်းခြုံ ခဲ့သော်လည်း စက်တင်ဘာ(၁၈)ရက်တွင် ကျရောက်သည့် ၆နှစ်ပြည့် အခမ်းအနားတိုင် ကြွေးကြော်သံများ အဆင့်ဆင့် လွှဲယူခဲ့ရာမှ ယနေ့ပြည်တွင်း ပြောင်းလဲမှုများ ထင်ရှားစွာ မတွေ့မြင်ရသေးကြောင်း ရဟန်းသံဃာ၊ ဆရာတော်များ၏ ဝေဖန်သုံးသပ်ချက်များကို စုစည်း၍ မြန်မာသံတော်ဆင့်မှ ရေးသား ဖော်ပြလိုက်ပါသည်။
ရွှေည၀ါဆရာတော်
ရွှေဝါရောင် တော်လှန်ရေးကြီးက ကမ္ဘာမှာရှိတဲ့ ပြည်သူအားလုံးကို တုန်လှုပ်စေခဲ့တယ်။ အစိုးရရဲ့ စိတ်ဓာတ်ကို ကမ္ဘာက ပိုပြီး သိထားတာထက် သိခွင့်ရခဲ့တယ်။ မြန်မာ့နိုင်ငံရေး တစ်ခါပြောင်းဖို့ ပြည်သူတွေ၊ သံဃာတော်တွေ အသက်တွေ၊ ဘ၀တွေ ပေးခဲ့ရတဲ့ သမိုင်းသင်ခန်းစာက ယနေ့ထိ ရှင်သန်နေဆဲပါ။ ရှစ်လေးလုံး၊ ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးတော်ပုံတွေက မြန်မာ့နိုင်ငံရေးကို များစွာ ပြောင်းလဲစေခဲ့တယ်။ ရွှေဝါရောင် သံဃာ့အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ တပည့်တွေ လမ်းမ မထွက်ခင် သမိုင်းဆိုတာ ကိုယ်တိုင် ရေးရတာလို့ သြ၀ါဒပေးခဲ့တယ်။ ၂၀၀၇ မှာ သံဃာထုက (ပက္ကနိက္ကုဇ္ဇနကံ) ကိုင်ဆောင်ခဲ့တယ်။ ဆရာတော်ကြီးတွေ ကိုင်ဆောင်ခဲ့တဲ့ (ပက္ကနိက္ကုဇ္ဇနကံ) ကြီးက သံဃာ့ဆန္ဒပြမှု ဆိုရင်လည်း မမှားဘူး။ ဒါပေမဲ့ အဲဒီထဲမှာ ပါဝင်ခဲ့တဲ့ သံဃာခေါင်းဆောင် အချို့က အစိုးရနဲ့ သဘောတူညီမှုတွေ ရပြီး ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ခံရ တာတွေ ရှိခဲ့တယ်။ အဲဒါတွေ ပြန်ပြောရရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်တော့မယ်။ အဆိုးဆုံးကတော့ ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေကို တိရိစ္ဆာန် ဖမ်းသလို ဖမ်းပြီး ကားပေါ်တင်။ အချုပ်ထဲထည့်၊ လူဝတ်လဲ ထောင်ချ၊ ကျောင်းတွေ ပိတ်တာတွေ အကြီးအကျယ် လုပ်ခဲ့တယ်။ သူတို့လုပ်ရပ် သူတို့သိမှာပါ။ ဘယ်သူက အမိန့်ပေးတယ် ဆိုတာကို လက်ရှိ တာဝန်ရှိသူတွေ သိမှာပါ။ အဆိုးဆုံးက တာဝန်ယူမှု မရှိတာပါ။ ဥပမာ လက်ပံတောင်း ကြေးနီစီမံကိန်းမှာ ဆိုရင်လည်း သံဃာထုကို အမိန့်ပေးဖို့ ခွင့်ပြုခဲ့တာ ဘယ်သူလဲ။ သူတို့ရဲ့ လုပ်ရပ်တွေကို ဘာကြောင့် သံဃာထုကို တောင်းပန် သလဲဆိုရင် သူတို့ ကိုယ်တိုင် သိပါတယ်။ တောင်းပန်တယ်ဆိုတာ မန္တလေး သံဃာထုက တောင်းဆိုလို့ ဖိအားပေးလို့ သူတို့ လုပ်ခဲ့ရတာပါ။
ဦးဝီရသူ(မစိုးရိမ်)
ဦးဇင်းက အဲဒီ ၂၀၀၇ သံဃာ့အရေး မဖြစ်ခင်ကတည်းက ထောင်ထဲ ရောက်နေပြီ။ သံဃာထုတွေ တောင်းဆိုခဲ့တာ အားရကျေနပ်ဖို့ ကောင်းပါတယ်။ ရွှေဝါရောင် ဆရာတော်တွေ ပေးဆပ်မှုကတော့ ထိုက်တန်တယ်။ အဲဒီ အသီးအပွင့်တွေကို ပြည်သူတွေ အငွေ့သာသာ လောက်တော့ ခံစားနေရပြီ။ ဒေါ်စုနဲ့ ဦးရွှေမန်း၊ ပြီးတော့ ဦးသိန်းစိန်တို့ သင့်တင့် မျှတစွာ ချစ်နေကြတာ ၂၀၀၇ ရဲ့ အရွေ့ ကြောင့်ပါ။ သူတို့က ပြည်သူလူထုနဲ့ သံဃာကို ဖြေရှင်းဖို့ ဆိုရင် စစ်တပ်ခေါ် သေနတ်နဲ့ ချိန်တဲ့ အလုပ်ကိုပဲ လုပ်တတ် သလားလို့ မေးချင်ခဲ့တယ်။ ကိုယ့်ရဲ့ လုပ်ရပ်တွေကို ပြန်သုံးသပ်ရမှာ ပြည်သူ တွေရဲ့ ဘ၀နေထိုင်မှု ကျပ်တည်း နေရင်တော့ တစ်ချိန်မဟုတ် တစ်ချိန် လူထုတွေ သံဃာတွေ လမ်းမ ပေါ် ရောက်လာကြဦးမှာ။ ဦးသိန်းစိန် အစိုးရက ပြည်သူတွေ ဘ၀လုံခြုံဖို့ဆိုရင် မိန့်ခွန်း ပြောလောက်ရုံနဲ့ မပြီးနိုင်သေးဘူး။ တကယ် လုပ်ပေးဖို့လည်း လိုအပ်တယ်။ မူတွေ ပြောင်းနေပေမယ့် လူတွေ မပြောင်းတော့ ရုန်းကန် နေရဦးမှာပါ။ ၂၀၀၇ မှာ သူတို့ရဲ့ လုပ်ရပ်တွေကို သူတို့ရဲ့ မျိုးဆက် တွေ မထိခိုက်ဖို့ သံဃာတော်တွေကို တောင်းပန်သင့်တယ်။ နောင်သံသရာတော့ မပါစေချင်ဘူး။ အခုလည်း (ပက္ကနိက္ကုဇ္ဇနကံ) ဆောင်ခဲ့တဲ့ လက်ရှိ ဆရာတော်တွေ ရှိသေးတယ်။ အင်းစိန်ရွာမ ဆရာတော်တို့၊ ရွှေဘုန်းပွင့် ဆရာတော်တို့၊ လှိုင်ဆရာတော်တို့တွေ သက်ရှိထင်ရှား ရှိသေးတယ်။ အစိုးရက အဲဒီ ဆရာတော်ကြီးတွေရဲ့ သြ၀ါဒကို ခံယူပြီး (ပက္ကနိက္ကုဇ္ဇနကံ)ကို ပြန်ပြီး ဖြေပေးသင့်တယ်။
ဦးစန္ဒာသီရိ (ရွှေဝါရောင်ဆရာတော်)
သံဃာထု ကြွေးကြော်တောင်းဆိုခဲ့တဲ့ အာဏာရှင်စနစ် ပြုတ်ကျရေး တောင်းဆိုခဲ့တာ လက်ရှိ အချိန်မှာတော့ မရှိတော့ဘူး။ ဒါပေမဲ့ ဘောင်းဘီကနေ အရပ်ဝတ် ပြောင်းလိုက်တာ ပြောင်းလဲမှုတော့ ပြောလို့ ရတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကတော့ ယနေ့ထိ စစ်ဖြစ်နေဆဲပါ။ ယခု လက်ရှိမှာတော့ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ယောက် တရားဝင် တွေ့ဆုံခဲ့ တာ ၅ ကြိမ်ရှိပြီလို့ ပြည်သူတွေ သိထားကြပေမယ့် လူထု ကောင်းကျိုးကို ရေရာစွာ ချပြနိုင်တဲ့ တွေ့ဆုံမှုတော့ မဟုတ်သေးဘူး။ အခု ဒီမိုကရေစီ အင်အားစုတွေဆုံပြီး အဖြေရှာနေတာ သူတို့အာဏာ တည်မြဲရေး အတွက်ပါ။ ဒေါ်စုက ပြောခဲ့တာ ပြည်သူလူထု ကောင်းစားဖို့ သူကိုယ်တိုင် အသုံးချခံနိုင်တယ်လို့ ပြောထားတယ်။ သို့သော် တကယ် လက်တွေ့ဘ၀မှာ ဒေါ်စုက အသုံးချ ခံတာပဲရှိတယ်။ ပြည်သူလူထု အကျိုးစီးပွားရေး အတွက်တော့ မဟုတ်ဘူး။ ဦးဇင်းတို့ သံဃာထု တောင်းဆိုမှုတွေက ယနေ့ ၆နှစ် အချိန်ထိက တစ်ခုမှ မအောင်မြင်သေးဘူး။ အာဏာရှင်ရဲ့သဘော သဘာဝက အပြုတ် တိုက်နိုင်ရင်တိုက်၊ မတိုက်နိုင်ရင် သူတို့က ပြန်တိုက်မှာပါ။ ရွှေဝါရောင် တော်လှန်ရေးဟာ တိုင်းပြည်ရဲ့ အရွေ့ တစ်ခုဖြစ်ခဲ့တယ်။ ဒေါ်စုနဲ့ ဦးသိန်းစိန် တွေ့ဖို့ရယ် ပြီးတော့ စစ်ဝတ်ကနေ အရပ်ဝတ် ပြောင်းတာတွေက ရွှေဝါရောင်ရဲ့ အရွေ့တွေပါ။ သူတို့ ရဲ့ ပြောင်းလဲမှုတွေက ပြည်သူတွေပေါ်ကို တော့ ကောင်းသော အလားသဏ္ဌာန် သက်ရောက်မှု ယနေ့ထိ မရှိသေးဘူး။ သမ္မတကြီးနဲ့ ဒေါ်စု တွေ့ဆုံမှု ၅ ကြိမ်မှာ ပြည်သူလူထု သိစေရန် လူထုခေါင်းဆောင် ဒေါ်စုက ဘာမှ ထုတ်ပြန်ပေးခြင်း မရှိဘူး။ အရင် အကျယ်ချုပ်မှာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ သတင်းထုတ်ပြန်မှု မရှိတာ လက်ခံလို့ရတယ်။ သူကိုယ်တိုင် ဒီမိုကရေစီ ခေါင်းဆောင် လူထုခေါင်းဆောင်ပါလို့ ပြည်သူ တွေက တင်မြောက်ထားတဲ့ ဒေါ်စုက သတင်း ထုတ်ပြန်ခြင်းကို ကွယ်ဝှက်ထားတယ်။ ပြောချင်တာက အုပ်ချုပ်သူ ဘက်က မထုတ်ပြန်ပေးတာ နားလည်လို့ ရပေမယ့် ဒေါ်စု မထုတ်ပြန်ပေးတာကို နားလည် ပေးလို့မရဘူး။
အခုက ပြည်သူ့ခေါင်းဆောင်က အုပ်ချုပ်သူတွေနဲ့ တွေ့ဆုံတိုင်း သတင်း ထုတ်ပြန်မပေးတာ ပြည်သူလူထုနဲ့ တဖြည်းဖြည်း ကင်းကွာ လာနေပြီလားလို့ မြင်နေမိတယ်။ ယခု သံဃာထုတွေ တောင်းဆိုခဲ့တာ ဘာတစ်ခုမှ မအောင်မြင်ဘူး။ သံဃာတွေ ဆက်လက်ပြီး ဆောင်ရွက်သွားကြ ရဦးမှာပါ။ ဒေါ်စုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ခင်အထိ သူတို့ကို လူထုက ထောက်ခံဆဲ ဖြစ်တယ်။ ယနေ့ လွှတ်တော်ထဲ ရောက်တဲ့အခါ NLD ကို ယုံကြည်မှု လျော့လာနေပြီ။ သေချာတာ လူထု တောင်းဆိုခဲ့တာ ၂၀၀၈ ပြင်ဆင်ဖို့ အသံတွေ ပျောက်နေခဲ့တယ်။ ဒေါ်စုကိုယ်တိုင် အစမ်းသပ်ခံ ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင် ကိစ္စဆိုရင် ပြည်သူတွေက ယနေ့ထိ လက်မခံ နိုင်သေးဘူး။ ဒေါ်စု အဖြေရှာ ခဲ့တာကလည်း လက်ပံတောင်း ကိစ္စကို ပြေလည်စွာ လေ့လာမှု အားနည်းစွာ ဆုံးဖြတ်ခဲ့တာ မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် NLD လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်လာခဲ့တာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးရဲ့ အရွေ့ဆိုတာ လူတိုင်း အမှတ်ရ စေချင်တယ်။
ဦးဃောသိတ
သံဃာတွေက လူထုရဲ့ အခက်အခဲတွေကို မခံစားနိုင်တော့လို့ စစ်အစိုးရ ပြုတ်ကျဖို့ တောင်းဆို ခဲ့တယ်။ အေးငြိမ်းစွာ တောင်းဆိုတာကို ရက်စက်စွာ ဖြိုခွင်းခဲ့တယ်။ အဲဒီပြီးတော့ အစိုးရရဲ့ လုပ်ရပ်ကို ကမ္ဘာက သိခွင့်ရခဲ့တယ်။ သေချာ စဉ်းစားရင် အေးချမ်းစွာ တောင်းဆိုတာ တွေကို သူတို့ရဲ့ လုပ်ရပ်တွေက သူတို့ကိုယ်တိုင် အရှက်ရစရာပါ။ အဲဒီအချိန်က သံဃာထုကို ဖြိုခွင်းခဲ့တဲ့ ပုဂ္ဂိုလ်တွေက လက်ရှိ အစိုးရအဖွဲ့ဝင်ထဲမှာ များစွာ ပါဝင်နေတယ်။ သူတို့ကိုယ်တိုင် ဆရာတော်ကြီးတွေကို တရားဝင် တောင်းပန်သင့်တယ်။ လူဆိုတာက ကိုယ့်ရဲ့ လုပ်ရပ်ကို တာဝန်ယူရဲရမှာလေ။ လက်ရှိ နိုင်ငံရေးကတော့ အရင်ထက်စာရင် အနည်းငယ်လေးပဲ ပြောင်းလဲခဲ့တာပါ။ သူတို့က ၂၀၀၇ မှာ သံဃာတော်တွေကို ပြင်းထန်စွာ အရေးယူ အပြစ်ပေး၊ သင်္ကန်းချွတ်၊ လူဝတ်လဲတာတွေ လုပ်ခဲ့တယ်။ အဲဒီအချိန်က အစိုးရပိုင်းက တာဝန်ရှိသူတွေက သံဃာထုတွေကို ယနေ့ထိ ဆက်ဆံမှု မပြောင်းလဲ သေးဘူး။ ဥပမာဆိုရင် ကြေးနီစီမံကိန်း လုပ်ရပ်က သက်သေပါ။ ဒီမိုကရေစီ အစိုးရဆိုပေမယ့် သူတို့ရဲ့ လုပ်ရပ်ကို သူတို့ ကိုယ်တိုင် ယနေ့ထိ တာဝန်ခံမှု မရှိသေးဘူး။ အစိုးရက သူတို့ရဲ့ လုပ်ရပ်တွေကို ပြည်သူလူထု သိဖို့ ချပြတာ မရှိသေးဘူး။ ဦးဇင်းတို့ကတော့ ပြည်သူတွေရဲ့ ဘ၀ လိုအပ်ချက်တွေကို စောင့်ကြည့်နေပြီး လုပ်သင့်တာတွေကို ဆက်ပြီး ဆောင်ရွက်မှာပါ။
ဦးပညာတေဇ (ရွှေဝါရောင်ဆရာတော်)
အစိုးရရဲ့ နိုင်ငံရေး အပြောင်းအလဲက မြေစမ်းနေဆဲပါ။ အဲဒီအချိန်က သံဃာထုတွေ တညီတည်း ပြုလုပ်ခဲ့တဲ့ (ပက္ကနိက္ကုဇ္ဇနကံ) ကံဆောင်ခဲ့တယ်။ အဲဒီကံရဲ့ သဘောက ကောင်းကျိုး၊ ဆိုးကျိုးတွေ များစွာရှိတယ်။ မြင်အပ်တဲ့ ကိစ္စတွေရော မမြင်အပ်တဲ့ ကိစ္စတွေရောပေါ့။ တိုင်းပြည်ရဲ့ အရွေ့မှာ (ပက္ကနိက္ကုဇ္ဇနကံ)ကို ဖြေပေးမှသာလျှင် တိုင်းပြည်အပေါ် အကျိုးသက်ရောက် နိုင်တယ်။ ဦးဇင်း တို့ကတော့ တိုင်းပြည်မှာ (ပက္ကနိက္ကုဇ္ဇနကံ) ထိုက်နေတယ်လို့ ထင်တယ်။ အဲဒါကို ဆောင်ချင်လို့ ဆောင်ခဲ့တာ မဟုတ်ဘူး။ တိုင်းပြည်ကို မှားယွင်းစွာ အုပ်ချုပ်ခဲ့တဲ့ စနစ်ကို သဘောမတူလို့ လူထုကိုယ် စား ကံဆောင်ခဲ့တာပါ။ အဲဒါကိုလည်း ဖြေပေးချင်နေပြီ။ သူတို့ကိုယ်တိုင် ဖြေပေးဖို့ လျှောက်ခဲ့ရင် ဖြေပေးမှာပေါ့။ သံဃာထု တောင်းဆိုခဲ့တဲ့ နိုင်ငံရေး အရွေ့ကတော့ ဒီမိုကရေစီ ရောင်ခြည် သန်းလာတယ်။ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံမှုတွေ လုပ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် လာခဲ့တယ်။ အားလုံးကတော့ ထိရောက်တဲ့ အရွေ့တော့ မဟုတ်သေးဘူး။
ဦးအဂ္ဂဓမ္မ(ငွေကြာယံစာသင်တိုက်)
အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြီးတော့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ဆိုတာတွေ သိတာတွေ အစိုးရ ဆက်လုပ်ဆောင်လာပါတယ်။ အားလုံး တောင့်တောင့် ဆိုတာကတော့ ယနေ့ထိ မဖြစ်သေးဘူး။ သံဃာထုတွေ စုပေါင်းပြီး ဆက်လက် တောင်းဆိုမှုတွေ ပြုလုပ်ဦးမှာပါ။ နိုင်ငံတော် အစိုးရဲ့ အရွှေ့၊ ဒေါ်စုရဲ့ အရွေ့ကတော့ သိပ်ခရီးမပေါက် သေးပါဘူး။မြန်မာသံတော်ဆင့်