မြန်မာနိုင်ငံမှ ငွေစာရင်းငါးခုဖြင့် နိုင်ငံခြားဘဏ်များတွင် အပ်နှံထားသည့် ဒေါ်လာ ၁၁ ဘီလီယံရှိသည် ဆိုခြင်းမှာ အမှန်တကယ် ဟုတ်၊ မဟုတ် စီစစ်ပေးရန် ကမ္ဘာ့ဘဏ်သို့ မြန်မာအစိုးရအနေဖြင့် စက်တင်ဘာ ၁၂ ရက်နေ့တွင် အကြောင်းကြားထားပြီး အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ခိုင်မာသည့် အချက်အလက် ပေးမည်ဆိုပါကအစိုးရမှဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏
ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေဒုဝန်ကြီး ဦးရဲထွဋ် က ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီးဦးရဲထွဋ်က“ဒီလောက် ပမာဏတောင်မဟုတ်တဲ့ မြန်မာပြည်က ငွေစာရင်းအကောင့်တွေ ပိုင်တဲ့သူတွေကိုတောင် အမေရိကန်အစိုးရကရှာဖွေပြီး ပိတ်ဆို့ စာရင်းသွင်းခဲ့သေး တာပဲ။ အခုဒေါ်လာ ၁၁ ဘီလီယံဆိုတာနည်းတာမှမဟုတ်တာ။ ဒါကြောင့် ကျွန်တော်တို့အစိုးရအနေနဲ့ ဂါစီယာက ဒီလို ပြောသွားတယ်။ အဲဒါ ကမ္ဘာ့ဘဏ်ကပြောသွားတာလားဆိုတာ တစ်ချက်၊ နောက်အကောင့်ငါးခုဟာ မြန်မာအကောင့်တွေ ဖြစ်ကြောင်း အထောက်အထားရှိရင်ပေးဖို့ ကမ္ဘာ့ဘဏ်ကို အကြောင်းကြားထားတယ်”ဟု ပြောကြားသည်။
မြန်မာနိုင်ငံမှ ဒေါ်လာ ၁၁ ဘီလီယံ ပမာဏရှိသည့် မြန်မာအကောင့်ငါးခုကြောင့် ကမ္ဘာ့ဘဏ်အနေဖြင့် အကြွေးမလျှော် ပေးခဲ့ခြင်းဖြစ်ကြောင်း Bank Information Center မှ အာရှစီမံရေးရာမန်နေဂျာ Mr. Jelson Garcia က ပြောကြား ခဲ့သည်ကို မြန်မာနိုင်ငံ၏ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာအချို့တွင် ပါဝင်လာခဲ့ပြီးနောက် မြန်မာအစိုးရမှ ပြန်လည် ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအား နိုင်ငံတကာဘဏ်များတွင် အပ်နှံထားမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က“အစိုးရအနေနဲ့ နိုင်ငံပိုင်ငွေကိုအဲဒီလို ပြည်ပမှာအပ်နှံထားတာ လုံးဝမရှိပါဘူး။ ၁၁ ဘီလျံ အပ်ထားတယ်ဆိုတဲ့ အကောင့်ငါးခုနဲ့ပတ်သက်လို့ ခိုင်မာတဲ့အချက်အလက်ရှိရင် ပေးပါ။ အစိုးရ အနေနဲ့ ဆက်လက် ဆောင်ရွက်ဖို့အသင့်ပါပဲ”ဟု ၎င်း၏ ကိုယ်ပိုင် Facebook စာမျက်နှာတွင် စက်တင်ဘာလ ၁၂ ရက်နေ့က ဖော်ပြထားသည်။
သို့သော် မြန်မာနိုင်ငံအစိုးရအနေဖြင့် ဒေါ်လာ ၁၁ ဘီလျံအပ်နှံထားခြင်းမရှိကြောင်းကို သာဖော်ပြထားပြီး ပုဂ္ဂလိက အနေဖြင့် အပ်နှံထားခြင်းရှိ၊ မရှိကိုမူ ထည့်သွင်းဖော်ပြထားခြင်းမရှိဘဲဒေါ်လာ ၁၁ ဘီလျံအပ်နှံထားခြင်းရှိသည်၊ မရှိသည်ကို လည်း တိုက်ရိုက် ငြင်းဆိုထားခြင်း၊ ဝန်ခံခြင်းမပြုထားကြောင်း၎င်း၏ စာမျက်နှာတွင် ဆက်လက် ဖော်ပြထားချက်အရ သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်မှ စက်တင်ဘာလ ၁၂ ရက် ညနေကသတင်းကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံမှ ပြည်ပတွင် နိုင်ငံခြားငွေစာရင်းငါးခုဖြင့် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ အပ်နှံထားကြောင်းပြောကြားခဲ့သည့် Mr. Jelson Garcia မှာ ကမ္ဘာ့ဘဏ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမပာုတ်ဘဲ ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကိုစောင့်ကြည့်သော Bank Information Center (BIC) အနေဖြင့်သာ ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရများအနေဖြင့် ကုန်သွယ်ရေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ချောမွေ့ လွယ်ကူစေရန် နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းကိုတည်ငြိမ်အောင် စီမံဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရပ်ခြားဘဏ်စာရင်းများ ထားရှိခြင်း သည် နိုင်ငံအစိုးရတိုင်း၏ ပုံမှန်လုပ်ငန်းတစ်ရပ်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်အနေဖြင့် ယူဆကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန် ဒေါ်လာ ၁၁ ဘီလျံကိစ္စအား ထုတ်ဖော်ပြောကြားခဲ့သူ Mr. Jelson Garcia သည် Bank Information Center (BIC) ၏ Asia Program မန်နေဂျာတစ်ဦးဖြစ်ပြီး အာရှဒေသတွင်းနှင့် နိုင်ငံတကာရှိ လူမှုအခွင့်အရေး ဆုံးရှုံးနေ သူများကို အကာအကွယ်ပေးသည့် အဖွဲ့အစည်းများတွင် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ကာ ၎င်းသည် လူမှု့အဖွဲ့အစည်းများ၌် မလုပ်ကိုင်မှီ ဖိလစ်ပိုင်သမ္မတရုံး၏ ပေါင်းစည်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် World Vision – Asia Pacific Disaster Management Office Humanitarian Competency Program တို့တွင် လုပ်ကိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံမှ ငွေကြေးများအပ်နှံထားမှုနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် ကမ္ဘာ့ဘဏ် နှစ်ခုတို့မှ ငြင်းဆိုထားခြင်း မရှိသေးသည့်အပေါ် တာဝန်ရှိသူများအနေဖြင့် တိတိပပရှင်းလင်းဖြေကြားသင့်ကြောင်း၊ ယခုကဲ့သို့ အမှန်တကယ် ရှိ၊ မရှိ ကိုပင် ဖြေကြားနိုင်ခြင်းမရှိသဖြင့် သံသယကိုပိုမိုကြီးထွားစေနိုင်ကြောင်း နိုင်ငံရေးနှင့် စီးပွားရေးစောင့် ကြည့်လေ့လာသူများ က ပြောဆိုနေကြသည်။
လက်ရှိအချိန်တွင် တရားမဝင်သောနည်းလမ်းများဖြင့် ရရှိလာသောငွေကြေးများ ထိန်းချုပ်ရေးဆိုင်ရာဥပဒေကို ၂ဝဝ၅ ခုနှစ် ကတည်းက မြန်မာနိုင်ငံ၌ ပြဋ္ဌာန်းထားပြီး ဖြစ်သော်လည်း အာရှ ပစိဖိတ်ဆိုင်ရာငွေကြေးခဝါချမှု တိုက်ဖျက်ရေး အဖွဲ့၏ စောင့်ကြည့်ခံရသောစာရင်းများတွင် ပါဝင်နေဆဲဖြစ်သည်။
Yangonchronicle