မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေဆိုပြီး စတင်ပြဋ္ဌာန်းခဲ့တာ ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁၁ရက်နေ့ကဖြစ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ဥပဒေ သက်တမ်း လပေါင်း၂၀လောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒီဥပဒေ နဲ့ ဖမ်းဆီးအရေးယူထားတာက လူပေါင်း ၂၀၀ ကျော်သွားပါပြီ။ ဒီတော့ သာမန်အားဖြင့် ပျမ်းမျှ တစ်လကို လူ၁၀ယောက်လောက် ဒီ ဥပဒေနဲ့ ဖမ်းနေသလို ဖြစ်နေပါရောလား။ ဒီဥပဒေရဲ့ရည်ရွယ်ချက်က ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်း စွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေလို့ ဆိုထားတဲ့အတွက် ငြိမ်းချမ်းစွာစုဝေးလိုသူ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်လိုသူများကို အကာအကွယ်ပေးဖို့ သို့မဟုတ် သူတို့ရဲ့အခွင့်အရေးကို ဘယ်လို ရယူနိုင်တယ် ဆိုတာ စနစ်တကျသတ်မှတ်ပေးဖို့ ပြဋ္ဌာန်းခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ အခု လပေါင်း၂၀အတွင်း ဖြစ်ခဲ့တာများကို ကြည့်ရင် ဒီဥပဒေကို အမည်နဲ့အဓိပ္ပာယ်ပြဋ္ဌာန်းချက် ဖော်ပြရာမှာ “ငြိမ်းချမ်းစွာ စုဝေးသူနှင့် ငြိမ်းချမ်းစွာ စိတန်းလှည့်လည်သူများအား ဖမ်းဆီးနိုင်ခွင့် ဥပဒေဟု ခေါ်တွင်စေရမည်”လို့တောင် ပြင်ဆင်ပြဋ္ဌာန်းရမလို ဖြစ်နေတယ် ထင်ပါတယ်။ ဒီလိုပြောတော့ သက်သက် အပြစ်ရှာပြောရာကျနေမှာပါပဲ။ တကယ်တော့ လွှတ်တော်ကြီးက လည်း ဆန္ဒပြလိုသူတွေ၊ တကယ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်လိုသူတွေကို အကာအကွယ် ပေးချင်လို့သာ ဒီဥပဒေကို ပြဋ္ဌာန်းတာဖြစ်မှာ သေချာပါတယ်။ ဒီလူတွေကို ဖမ်းဖို့သက်သက်ဆိုရင် ဥပဒေနာမည်ကို အထက်မှာပြောသလိုပဲ ပြဋ္ဌာန်းခဲ့မှာမို့လေ။ အခုတော့ ဒီဥပဒေကို ပြဋ္ဌာန်းဖို့ ပါဝင် လုပ်ဆောင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကတောင် ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုချက်တောင်း တာကို “ဆူပူမှုဖြစ်တော့မယ်ဆိုတဲ့ အရင်ကအမြင်မျိုး ကြည့်လို့ဘယ်ရမလဲ” ဆိုပြီး ခွင်ြ့ပုချက် မပေး သူများကို အပြစ်တင်ပြောဆိုလာတာကို တွေ့ရပါတယ်။ “အရင်ကအတိုင်းပဲ ဟိုဟာ ဖြစ်မှာစိုးလို့ ဒီဟာဖြစ်မှာစိုးလို့ဆိုပြီး တားဆီးနေတော့ ပိုပြီးပေါက်ကွဲအောင် လှုံ့ဆော်ပေးနေသလို ဖြစ်နေတာပေါ့” ဆိုတာမျိုးလည်း လွှတ်တော်ကိုယ်စားလှယ်ကြီးများ ကိုယ်တိုင်က “အရှိကို အရှိအတိုင်း” ပြောဆိုလာ နေပါပြီ။
ဒီတော့ ဒီပုဒ်မ ၁၈နဲ့ ပတ်သက်ပြီး ဒီပုဒ်မဟာ လွတ်လပ်ခွင့်ကို သက်သက် တားဆီးထား တာဖြစ်လေတော့ ပယ်ဖျက်သင့်တယ်လို့ ယူဆသူကယူဆပြီး ဖျက်စရာမလိုပါဘူး၊ ခွင့်ပြုချက်ပေးရမယ့် သူ တွေက ရဲရဲဝံ့ဝံ့ပေးလိုက်ရင် ပြီးတာပဲလို့ ပြောသူကပြောနေတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ဥပဒေတစ်ခုပြဋ္ဌာန်းတဲ့ ရည်ရွယ်ချက်ကိုပြောရမယ်ဆိုရင် ဥပဒေဆိုတာက စည်းကမ်းသတ်မှတ်ပေးတဲ့ သဘော၊ ပိုမိုကောင်းမွန်စနစ်ကျလာအောင် ထိန်းသိမ်းပေးတဲ့သဘော ဖြစ်ပါတယ်။ ဥပဒေတစ်ခု ထုတ်ပြီးတော့ အဲဒီဥပဒေနဲ့ အရေးယူအပြစ်ပေးနေရတာ လက်မလည်နိုင်အောင်ပါပဲဆိုရင် အဲဒီဥပဒေ ဟာ တော်တည့်မှန်ကန်တယ်လို့ ဆိုနိုင်မလား။ ကျွန်တော့် အထင်ပြောရရင်တော့ ဥပဒေ ထုတ်ပြန်တာ ဟာ အရေးယူချင်လို့မဟုတ်ပဲ အဆိုးဖက်မရောက်အောင် ထိမ်းသိမ်းချင်လို့သာဖြစ်မှာမို့ အရေးချည်းယူ နေရတယ်ဆိုရင်တော့ ဒီဥပဒေဒီစည်းကမ်းက တစ်ခုခုတော့မှားနေပြီိလို့ ဆိုရမှာပါ။
ကဲ၊ အိမ်တစ်အိမ်မှာ ကလေးတွေ ကျောင်းအပြန်ကို ငါးနာရီခွဲ ထက်နောက်ကျပြီးမှ ရောက်ရင် မုန့်ဖိုးလုံးဝမပေးဘူးလို့ စည်းကမ်းထုတ်လိုက်တယ်ဆိုပါစို့။ သုံးလေးလကြာလို့ ပြန်ကြည့်တော့ ကလေးငါးယောက် ခြောက် ယောက်ရှိရာမှာ တစ်ယောက်မှမုံ့ဖိုးမရကြဘူးဆိုရင် ဒီစည်းကမ်းက မှားနေတာသေချာပြီ။ တစ်ယောက် လောက်ပဲ ရတယ်ဆိုရင်တောင် မှန်တယ်လို့ မဆိုနိုင်သေးဘူး။ ကလေးတွေ အိမ်ပြန်မရောက်နိုင်တဲ့ အချိန်ကို ဇွတ်ကြီး သတ်မှတ်မိသလား၊ သို့မဟုတ် ကလေးတွေကို အိမ်စောစောမပြန်ချင်အောင် “မုံ့ဖိုးမရချင်နေကွာ၊ အိမ်တော့ စောမပြန်ဘူး” ဆိုတာမျိုးအထိ စိတ်ညစ်စရာတွေများ လုပ်ထားမိ သလား စသဖြင့် ပြန်သုံးသပ်ရမှာပါပဲ။ မသုံးသပ်ဘူးဆိုရင် လူကြီးတွေက အိမ်ပြန် စောစေချင်လို့ မဟုတ်ပဲ မုံ့ဖိုးမပေးချင်လို့သာ ဒီစည်းကမ်းကိုထုတ်တယ်လို့ အထင်မှားလာနိုင်တယ်လေ။ ဒီကတဆင့် သူညစ်ကိုယ်ညစ်ဆိုသလို မုံ့ဖိုးမပေးလည်း ခိုးတယ်ကွာဆိုတာမျိုး ဖြစ်လာနိုင်တာမို့ပါ။ အခု ဥပဒေမှာ နိုင်ငံတကာစံနဲ့ကြည့်ရင် ခွင့်တောင်းရမယ်ဆိုတာက လုံးလုံးမှားတယ်တော့ မဆိုနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စုဝေးစီတန်းလှည့်လည်ဆိုတဲ့နေရာမှာ ယာဉ်ကြောပိတ်တာ၊ ဆန့်ကျင်ဖက်သဘောထားရှိတဲ့အုပ်စုနဲ့ အပြန်အလှန် ပဋိပက္ခဖြစ်နိုင်တာစတဲ့ အချက်တွေကို အာဏာပိုင်တွေဘက်က ထည့်စဉ်းစားရတာမို့ပါ။ ဒါပေမဲ့လည်း ဒီအချက်တွေမဖြစ်နိုင်တာ သေချာ တယ် ဆိုရင် စီတန်း လှည့်လည်တယ်ဆိုရုံနဲ့တော့ (ဒီမိုကရေစီ)နိုင်ငံအတော်များများမှာ အရေးယူ မခံရနိုင်ပါဘူုး။ ပြီးတော့ အခုတောင်းဆိုနေကြတာက ဒီဥပဒေကို ဖျက်သိမ်းရေးမဟုတ်ပဲ ဒီဥပဒေထဲက ပုဒ်မ ၁၈ကိုသာ ဖျက်သိမ်းရေးဖြစ်ပါတယ်။ တကယ်တော့ ဒီဥပဒေမှာ ဥပဒေက ပေးထား တဲ့ အခွင့်အရေးကို ရယူလိုသူတို့အတွက် လိုက်နာရမယ့်အချက်တွေကို ပြဋ္ဌာန်းပေးထားပြီးဖြစ်ပါတယ်။ ဒီဥပဒေပုဒ်မ၁၂ မှာ အများပြည်သူကို စိတ်အနှောက်အယှက်မဖြစ်စေဖို့၊ စီတန်းလှည့်လည်သည့် လမ်းတစ်လျှောက် အများပိုင်၊ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို မထိခိုက်စေဖို့၊ ပတ်ဝန်းကျင်ကို မညစ်ညမ်း စေဖို့၊ ယာဉ်ကြောနဲ့လမ်းသွားလမ်းလာကို မပိတ်ဆို့ဖို့၊ စုဝေးသို့မဟုတ်လှည့်လည်ရာမှာ လက်နက် မကိုင်ဖို့၊ နိုင်ငံ၊ လူမျိုး၊ဘာသာ၊ လူ့သိက္ခာ၊ကိုယ့်ကျင့်တရားတို့ကို မထိပါးဖို့၊ မမှန်တဲ့ အချက်အလက် မဟောပြောဖို့ စတဲ့စတဲ့အချက်တွေ လိုက်နာ ရမယ့်အကြောင်း ဥပဒေပညာရှိများက လုံလောက်စွာ ပြဋ္ဌာန်းပေးထားတာ ဖြစ်ပါတယ်။ ခွင့်ပြုပြုမပြုပြု အဲဒါတွေနဲ့ငြိစွန်းရင် အရေးယူမှာမို့ ခွင့်ပြုတယ်မပြုဘူး ဆိုတာထက် ဒါတွေလိုက်နာနိုင်မယ်ဆိုရင် ဒီအခွင့်အရေးကိုယူပေါ့လို့ ပြောထားပြီးသားဖြစ်နေတာ ကလည်း လုံလောက်နေပြီလားလို့ ကျွန်တော့်ဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ စဉ်းစားကြည့်မိ လိုက်တာပါခင်ဗျ။ အထက်က ဥပမာနဲ့ပြောရရင် အိမ်ကိုငါးနာရီခွဲ ရောက်ရုံနဲ့လည်း မုံ့ဖိုးကမရသေးဘူး။ ]အိမ်ပေါ်ကို ဆူဆူညံညံမတက်ရဘူး၊ ခြေဆေးပြီးတက်ရမယ်၊ ကျောင်းလွယ်အိတ်တို့ ကျောပိုးအိတ် တို့ကို နေရာတကျသွားထားရမယ်၊ ဒါမှမုံ့ဖိုးရမှာ}လို့ ထပ်ပြဋ္ဌာန်းတယ်ဆိုလည်း လက်ခံလို့ရသေးတယ်။ ဒါပေမဲ့ “အေး၊ ဒါပေမဲ့ လည်း ငါပေးချင်မှ ပေးမှာ”လို့ ထပ်ပြဋ္ဌာန်းတယ်ဆိုရင်တော့ အဲဒီလူကြီးကို ကလေးတွေဘယ်လိုသဘောထားမလဲစဉ်းစားစေချင်တာပါ ခင်ဗျ။
ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ ဒီပုဒ်မ ၁၈ဆိုတာကြီးမရှိခင် လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် ကျော် လွတ်လပ်ရေး ရပြီးစကာလက ကျွန်တော်တို့နိုင်ငံမှာ လွတ်လပ်စွာစုဝေးခွင့်အနေနဲ့ “ဟစ်တိုင်” ဆိုတာကြီးတောင်ရှိပြီး ပြောချင်ရာပြော၊ စုချင်သလိုစုခွင့်ရခဲ့တယ်လို့ ရှေ့မီနောက်မီ လူကြီးတွေက ပြောပြတာကိုး။ အဲဒီကာလက ငါးစိမ်းသည်များကလည်း ၀န်ကြီးချုပ်အိမ်ပေါက်ဝသွားပြီး သံတိုင်ကို ခုံဖိနပ်နဲ့ခေါက်ပြီး အော်ဟစ်ဆန္ဒပြလို့ ရတယ်ဆိုတာကိုး။ ပြည်ထဲရေးဝန်ကြီး အိမ်ရှေ့လည်း ကျောင်းသားတွေက သွားပြီး ၀န်ကြီးနာမည်နဲ့ ခေါင်းကြီးလုပ်လို့ မီးရှို့တာမျိုးတွေ ဘာတွေ လုပ်ခဲ့.. ဆိုကိုး။ ဒါပေမဲ့ ဒါတွေကိုခွင့်ပြုခဲ့လို့ ဒီကနေပိုဆိုးသွားပြီး ရုန်းရင်းဆန်ခတ် ဖျက်လိုဖျက်ဆီးအထိ ဖြစ်ခဲ့တဲ့ သမိုင်းမရှိပါဘူး။
ဒီနောက် ခေတ်ပြောင်းတော်လှန်ရေးကြီးဆင်နွဲပြီး အလုပ်သမားနေ့၊ လယ်သမားနေ့တွေမှာ အဲဒီခေတ်က “လုပ်သားပြည်သူ”လို့ အခေါ်ခံရတဲ့ ပြည်သူလူထုကြီး စုဝေးချီတက်ခဲ့ကြတာပဲလေ။ တစ်ခါမှ ခွင့်ပြုချက်တောင်းတယ်တော့ မကြားဖူးပါဘူး။ ဒီကတစ်ခါ တစ်ခေတ်ပြောင်းလို့ ၁၉၈၈ နောက်ပိုင်း ရောက်ပြန်တော့လည်း “စီးပွားရေးပိတ်ဆို့မှု ကန့်ကွက်ပွဲ”တို့ “ဆန့်ကျင်ပွဲ”တို့ စုဝေး လုပ်ခဲ့ကြတာတွေ မြင်ခဲ့ရပါ့ဗျာ။ ခွင့်တောင်းတယ်တော့ မကြားဖူးဘူးဗျ။ ဒါတင်ဘယ်ကမလဲ။ ၈၈ကျောင်းသားလို့ သူတို့ကိုယ်သူတို့ဆိုသူများက အမေရိကန် သံရုံးရှေ့တောင် သွားဆန္ဒပြပါ သေးသဗျာ။ ခွင့်တောင်းရတယ်ဘာတယ် မသိခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအုပ်စုများ စုဝေးကြ၊ ဆန္ဒပြကြ တာကို တစ်နိုင်ငံလုံးက သဘောတူအားပေးနေကြတာ မဟုတ်ပဲ သူတို့နဲ့ သဘောမတူဆန့်ကျင်တဲ့ အုပ်စုတွေလည်း ရှိခဲ့တာပါပဲ။ ဒါပေမဲ့ တခြားတိုင်းပြည်တွေလို ရုန်းရင်းဆန်ခတ်ဖြစ်၊ ဓာတ်ဆီဗုံးတွေ ဘာတွေပစ် မဖြစ်ဖူးပါဘူးဗျာ။
အခုလို ပြောတော့ ကျွန်တော်က ခွင့်ပြုမိန့်တောင်းရမယ်ဆိုတာကို လုံးဝကန့်ကွက်တဲ့ သဘောလို ဖြစ်နေတယ်။ ဒီလိုတော့လည်း မဟုတ်ပါဘူုး။ လွှတ်တော်ကိုယ်စားလှယ်ကြီးများပြောသလို ခွင့်ပြုပေးရမယ့်သူက အလွယ်တကူနဲ့ ရဲရဲဝံ့ဝံ့ပေးပြီး ဒီဥပဒေရဲ့ရည်ရွယ်ချက်အတိုင်း လုပ်ပေးနိုင်မယ် ဆိုရင် ကောင်းမှကောင်းပါပဲ ပေါ့။ ဆိုပါစို့ဗျာ၊ တစ်ခုခု ကန့်ကွက်ဖို့သွားတင်တယ်ဆိုပါစို့၊ ရဲအရာရှိက “ဟာ၊ ဒါက ခင်ဗျားတို့ဘက်က ကြည့်တော့ နစ်နာနေတာပေါ့၊ ဒါကို အစိုးရတို့ မီဒီယာတို့ သိသင့်ပါ တယ်။ လုပ်သင့်ပါတယ်။ ခင်ဗျားတို့ စီတန်းလှည့်လည်တဲ့အခါ အခက်အခဲမတွေ့အောင် ကျွန်တော့် ကောင်လေးတွေ တာဝန်ပေးထားပါမယ်၊ ဘာမှစိတ်မပူနဲ့၊ လုပ်ဖြစ်အောင်လုပ်နော်” ဆိုတာမျိုး...အင်း၊ အဲဒီလိုမျိုး မဟုတ်နိုင်ရင်တောင်... ရဲရဲဝံ့ဝံ့ ခွင့်ပြုပေးလိုက်တယ်ဆို၇င် ဘယ်သူကမှ ဒီဥပဒေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုမယ်မထင်ပါဘူး။ ဒါပေမဲ့ “ပြောင်းနေပါပြီ၊ ပြောင်းနေပါပြီ”ဆိုနေကြတဲ့တိုင် ပိုးတုံးလုံးဘ၀နဲ့သိပ်မဝေး လိပ်ပြာလည်းမဖြစ်နိုင်သေးတဲ့ ဒီလိုခေတ်ကာလမျိုးကြီးမျိုးမှာ ဒီလို ရဲအရာရှိမင်း မျိုး ကို ဘယ်လိုမျှော်လင့်နိုင်မှာလဲ။ သူတို့ခမြာလည်း “ရဲ”လို့သာဆိုရတာ၊ ပြန်မပြောရဲ၊ တာဝန်ယူမလုပ်ရဲ၊ စွန့်စားဆောင်ရွက် မပေးရဲနဲ့ ]မရဲ}တဲ့ဘ၀မှာပဲ အသားကျပုံသွင်းခံထားရတာလေ။ ပြီးတော့ ဒီလို ခွင့်ပြုချက်တို့ဘာတို့ တောင်းလာရင်ပေးဖို့ ရဲလုပ်တာမှမဟုတ်တာ။ သေသေချာချာ လည်း စဉ်းစားကြည့်လေ။ တောင်း ရင်ပေးဖို့ရဲလုပ်တာ မဟုတ်တာတော့ သေချာပါတယ်။ တကယ်က ဖမ်းဖို့ဆီးဖို့ စစ်ဖို့ ဆေးဖို့သာ ရဲလုပ်ချင်ခဲ့တာမဟုတ်လား။ ဒါပြောတာပါ။ ဒီကြားထဲ ကိုယ့်အလုပ်ကိုယ် လုပ်တာတောင် ဒူးထောက်တောင်းပန်ရတာမျိုး ရှိတတ်သေးဆိုကိုးခင်ဗျ။
ဒီလိုနဲ့ ယန္တယားပျက်ထဲက လည်နေကျ ပင်နယံတစ်လုံးဘ၀ကို လုံးလုံး ပြောင်းပစ် မပေးနိုင် သေးပဲ ဘာလို့ ဒီလိုလည်နေရတာလဲ။ ပြောင်းပြန်မလည်ရဲဘူးလား ဘာလား ပြောဖို့ကလည်း သိပ် သဘာဝကျမယ် မဟုတ်ဘူးထင်ပါတယ်။ ဒါကြောင့် ဒီဥပဒေမျိုး ဆက်ရှိနေပြီး ရဲအရာရှိမင်းများကို လည်း တကယ်လုပ်ရဲကိုင်ရဲခွင့်ပြုရဲအောင် လုပ်မပေးနိုင်သေးပဲ နိုင်ငံတကာစံကိုပဲပြောပြီး ဒီလို ဥပဒေမျိုးနဲ့ ထိန်းချုပ်စေတာက ဘေးထွက်ဆိုးကျိုးပဲ ဖြစ်လာမှာပါ။ နောင်ဆို ကြားညပ်ရတဲ့ရဲများက တောင် ပုဒ်မ၁၈ ဖျက်သိမ်းရေးကို ဆန္ဒပြတောင်းဆိုလာမလား မဆိုနိုင်သေးဘူး ခင်ဗျ။
အခု လောလောဆယ်တော့ ဆန္ဒပြခွင့်ပိတ်ပင်တဲ့ ပုဒ်မ၁၈ကို ဖျက်ပေးဖို့ ဆန္ဒပြတောင်းဆို၊ ပုဒ်မ၁၈နဲ့ ဖမ်း၊ အဖမ်းခံသူတွေလွှတ်ပေးဖို့ ဆန္ဒပြတောင်းဆို၊ တစ်ခါ ပုဒ်မ၁၈နဲ့ ပြန်ဖမ်း၊ တစ်ခါပြန်တောင်းဆို၊ တစ်ခါ ပုဒ်မ၁၈နဲ့... ဆိုတဲ့ သံသရာဆိုးကြီး လည်နေပါလိမ့်မယ်။ ဒါမျိုးကလည်း မဖြစ်ဖူးမကြုံဖူးတာမျိုးတော့ မဟုတ်ပါဘူး။ လာဘ်ပေးလာဘ်ယူ ဆန့်ကျင် တိုက်ဖျက်ရေး ဆောင်းပါးကို ပိုက်ဆံပေးပြီး ထည့်ခဲ့ရတဲ့ တစ်ခေတ်ရှိဖူးသလို လာဘ်ပေးတဲ့စနစ်ကို မုန်းလို့ ထောင်ကျခံပြီး တိုက်ပွဲဝင်သူများ ထောင်ထဲမှာ လာဘ်ပေးပြီး သတင်းနားထောင်၊ ပိုက်ဆံ ပေး ပြီး စားစရာခိုးသွင်းလို့ အသက်ဆက် နေခဲ့ရတဲ့တစ်ခေတ်လည်း ရှိခဲ့ဖူးတာပဲ မဟုတ်ပါလားခင်ဗျား ။ ။
(LADIES Weekly News Journal Vol 1. No. 80 Sep 15, 2913 တွင် ဖော်ပြခဲ့ပါသည်)
ရီနေနိုင်