၂၀၀၇ ခုနှစ် စက်တင် ဘာလတွင် ဖြစ်ပွား ခဲ့သော ရွှေဝါရောင် တော်လှန်ရေး ခြောက်နှစ်မြောက် နှစ်ပတ် လည်တွင် သမိုင်း မော်ကွန်း၌ ပေါ်လွင်မှု မရှိစေရန် စစ်အာဏာရှင် များမှ ဖုံးအုပ် ထားခဲ့သော ယင်းတော်လှန်ရေးကြီးနှင့် ၎င်းတို့၏ ရက်စက် ကြမ်းကြုတ်သော ဆောင်ရွက်ခဲ့မှုများကို သမိုင်း စာမျက်နှာထက် အစဉ် ကမ္ပည်း တင်နိုင်ရန် ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် သံဃာ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂ ဦးဆောင် သံဃာ ၁၅ ပါးတွင် အပါအ၀င် ဖြစ်သည့် တွံတေး မောင်းတီး ဆရာတော် ဦးသဒ္ဓမ္မထံ သွားရောက် မေးမြန်း လျှောက်ထား၍ စစ်အာဏာရှင် စနစ်ဆိုးအား ဆရာနှင့်ဒကာ၊ သံဃာနှင့်ပြည်သူ လက်တွဲ တွန်းလှန်ခဲ့မှုတွင် ဖြစ်ပေါ်ခဲ့သော အကြောင်းကိစ္စ ရပ်များကို ဖော်ပြ လိုက်ပါသည်။
၂၀၀၇ ခုနှစ်အတွင်း စက်သုံးဆီ ဈေးနှုန်းများကို စစ်အစိုးရမှ မြှင့်တင် လိုက်ခြင်းကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့က ဦးဆောင်ပြီး ပြည်သူများက သြဂုတ်လ အတွင်းမှ စတင်ကာ စက်သုံးဆီဈေးနှုန်း လျှော့ချရေး၊ ကုန်ဈေးနှုန်း လျှော့ချရေး ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ ထိုသို့ ဆန္ဒပြမှုများကြောင့် သြဂုတ်လ ၂၁ ရက်နေ့တွင် ၈၈ မျိုးဆက် ကျောင်းသားများ အပါအ၀င် ဆန္ဒပြသူများကို စစ်အစိုးရမှ ဖမ်းဆီး ထောင်ချမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ ပြုလုပ်မှုကြောင့် ယင်းအရေးကိစ္စတွင် သံဃာများပါ ပြည်သူ လူထုဘက်မှ ရပ်တည် ပါဝင်လာပြီး … စက်တင်ဘာ ၅ ရက်၊ ၆ ရက်များ၌ ပခုက္ကူမြို့တွင် ဆန္ဒပြ အဖမ်းခံရသူများ လွှတ်ပေးရေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် သံဃာများက အေးချမ်းစွာ ဆန္ဒပြခဲ့ကြရာ စစ်အစိုးရ အာဏာပိုင်များက ကြမ်းတမ်း ရက်စက်စွာ နှိပ်ကွပ်မှုများ ပြုလုပ်ခဲ့သည်။ စစ်အစိုးရ၏ ထိုလုပ်ရပ်များကို ၎င်းတို့ကိုယ်တိုင် ၀န်ချတောင်းပန်၍ ဖမ်းဆီး ထားသူများကို လွှတ်ပေးရန် သံဃာတော်များမှ ကြေညာချက်ထုတ် တောင်းဆိုခဲ့သော်လည်း ပြုလုပ်ပေးခြင်း မရှိ၍ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ရဟန်း သံဃာတော်များ အနေဖြင့် စစ်အစိုးရကို ပက္ကနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ခြင်းနှင့် စက်တင်ဘာ ၁၈ ရက်တွင် ရန်ကုန်၊ မန္တလေးနှင့် အခြားပြည်နယ်၊ တိုင်း၊ မြို့ အသီးသီးရှိ သံဃာတော်များက တန်ခိုးကြီး ဘုရားများသို့ မေတ္တာပို့ လမ်းလျှောက်၍ ဆန္ဒပြမှု များမှ စတင်ကာ အင်အားကြီးမားသော သံဃာတော်များနှင့် ပြည်သူလူထု စည်းလုံးမှုဖြင့် သမိုင်းဝင် ၅ ရက်တာ ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။ ယင်းတစ်ပြည်လုံး အတိုင်းအတာဖြင့် ဆန္ဒပြမှုကို ရွှေဝါရောင် တော်လှန်ရေးဟု ကမ္ပည်းတင်ခဲ့ရာ ယခုအခါ ရွှေဝါရောင် တော်လှန်ရေး ခြောက်နှစ်မြောက် နှစ်ပတ်လည်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ရွှေဝါရောင် တော်လှန်ရေးတွင် ပြည်သူတို့၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုက်ပွဲကို အရှိန်အဟုန် ရပ်တန့်သွားစေရန်၊ ၎င်းတို့၏ စစ်အာဏာရှင်စနစ် တည်တံ့စေရန် သံဃာတော်များနှင့် ပြည်သူ အပေါင်းတို့အား အရက်စက်ဆုံးသော နည်းလမ်းများဖြင့် ဖိနှိပ်မှုများ ပြုလုပ်ခဲ့သည်။
အံ့ခေါင်မင်း
ရွှေဝါရောင်တုန်းက
အရေးယူခဲ့တဲ့
စစ်အစိုးရ
တစ်ဖွဲ့လုံးမှာ
ပါတဲ့သူတွေမှာ
တာဝန်ရှိတယ် . . .
တကယ်တော့
အခုအရပ်ဘက်
အစိုးရဆိုတာ
စစ်အစိုးရ
အဖွဲ့ကြီးကနေ
၃ ယောက်လောက်
ပြောင်းသွားတာ . . .
ယခင်အပတ်မှအဆက်
ဆရာတော့်ကို သံဃာ အဖြစ်ကနေ သိက္ခာ ချဖို့ရော လုပ်ကြသေးလား ဘုရား။
ဦးဇင်းကို သိက္ခာ ချဖို့ အတွက် ကြိုးစားတယ်။ ခြိမ်းခြောက်တယ်။ ဒုတိယ အကြိမ် ဖမ်းတာက ရန်ကုန်က ၃၈ လမ်း၊ စိတ်တိုင်းကျ လက်ဖက်ရည် ဆိုင်မှာ ရှိနေတုန်း ဖမ်းသွားပြီး တစ်ခါတည်း သိက္ခာ ချမယ် ဆိုပြီးတော့ မရမ်းကုန်းက မစိုးရိမ် ကျောင်းတိုက်ကို ခေါ်သွားတယ်။ အဲဒီရောက်တော့ ဦးဇင်းကို သိက္ခာ ချဖို့ ပြောတယ်။ ဖြစ်ချင်တော့ သူတို့ မသိတာက ဦးဇင်းက အဲဒီ မစိုးရိမ် ကျောင်းတိုက်မှာ နေဖူးတယ်။ ဦးဇင်းကို သိက္ခာ ချပေးဖို့ သူတို့ ပြောတာက အဲဒီ အချိန်က သံဃ နာယက အတွင်းရေးမှူး ဆရာတော်၊ အဲဒီ ဆရာတော်ကို ဦးဇင်းက သိတယ်။ ဦးဇင်းက အဲဒီ ကျောင်းမှာ နေဖူးတယ်။ ၈၈ အရေးအခင်းတုန်းက ဦးဇင်းက အဲဒီကျောင်းမှာ ကိုရင်ဘ၀နဲ့ နေခဲ့တာ။ အဲဒီ ဆရာတော်က ဦးဇင်းကို ကြီးသွားလို့ မမှတ်မိဘူး။ အဲဒီကျောင်းမှာ နာယက ဆရာတော် သုံးပါးရှိတယ်။ နာယက ဆရာတော် သုံးပါးထဲက တစ်ပါး ကိုယ်တိုင် ၉၀ တုန်းက အဖမ်း ခံရဖူးတယ်။ ဒီတော့ ဦးဇင်း က အဲဒီ ဆရာတော်ကို အရှင်ဘုရား တပည့်တော်ကို သိက္ခာ မချပါနဲ့။ တပည့်တော် ဘာမှ ရာဇ၀တ်မှု ကျူးလွန်တာလည်း မဟုတ်ဘဲနဲ့ သူတို့ သိက္ခာ ချဖို့ကြိုးစားတာ လို့ပြောတော့ ဆရာတော်က ပြောပါတယ်။ သူ သိက္ခာ မချချင်ရင် ချပေးလို့ မရဘူးဆိုတော့ သူတို့က ဒါဆိုရင်တော့ လူဝတ်တော့ လဲပေး ပါတဲ့။ ဦးဇင်းက ထပ်ပြောတယ်။ ဆရာတော် တပည့်တော် သင်္ကန်းဝတ်နဲ့မို့လို့ သက်သာနေတာ။ အရပ်ဝတ် လဲလိုက်တာနဲ့ တပည့်တော်ကို နှိပ်စက်တော့မယ် ဆိုတော့ ဆရာတော်က မနှိပ်စက်အောင် အာမခံပါတယ်လို့ ပြောတယ်။ ဦးဇင်းက အရှင်ဘုရား အာမခံလို့ မရဘူး။ အရှင်ဘုရားထက် ကြီးတာ ကိုတောင် သူတို့က ရိုက်နှက် ခဲ့တာ။ အဲဒီမှာ ပါတဲ့ လူတွေ ကတော့ အရှင်ဘုရား စိတ်မပူပါနဲ့၊ တပည့်တော် တို့က ရိုးရိုး စစ်မှာပါ။ မရိုက်ပါဘူး ဆိုတော့ ဦးဇင်းလည်း လူဝတ် လဲလိုက် ရတယ်။ ပြီးတော့ အင်းစိန် ကိုပို့တယ်။ စစ်တယ်။ ရိုက်နှက်တယ်။ ပြင်းပြင်း ထန်ထန် ပြောတယ်။ မင်း သံဃာတော်ဆိုရင် ဘုရားစာတွေ ဆိုပြဆိုလို့ မေတ္တာသုတ်တွေ ရွတ်ပြရတယ်။ မေတ္တာသုတ် ရွတ်လို့ နည်းနည်း ထစ်ရင် ပါးရိုက်တာတွေ လုပ် တယ်။ တော်တော် မိုက်မိုက် ရိုင်းရိုင်း ဆက်ဆံတယ်။ ပြောမယ် ဆိုရင်တော့ အဲဒီ စစ်ကြောရေး လုပ်တဲ့ သူတွေကို သူတို့ အကြီးအကဲ တွေက ဒီနိုင်ငံရေး အင်အားစုမှာ ပါတဲ့ သံဃာတော်တွေဟာ ဟိုအရင်က ကွန်မြူနစ်တွေက နေပြီးတော့ ဆဲလ်တွေ မွေးထား ပြီးတော့ နိုင်ငံရေးမှာ လှုပ်ရှားတာဆိုတဲ့ အသိမျိုး ရိုက်သွင်း ထားတယ်။ ဦးဇင်းတို့ကို သံဃာ မဟုတ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကွန်မြူနစ်တွေ မွေးထားတဲ့ ဆဲလ်တွေပဲ ဆိုတဲ့ သူတို့ရဲ့ အမြင်မှားနဲ့ ဦးဇင်းတို့ကို ပြင်းပြင်း ထန်ထန် ညှဉ်းပန်း တယ်။
ဦးဇင်းတို့ ထောင်တွင်းမှာ တွေ့ကြုံ ရတဲ့ သံဃာတော်တွေရဲ့ အခြေအနေ ကိုလည်း အမိန့်ရှိပေးပါ ဦးဘုရား။
ထောင်ချ ခံရတဲ့ သံဃာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ထောင်ဂဏန်း လောက်ရှိတယ်။ တစ်ထောင့် နှစ်ရာ လောက်ရှိတယ်။ အဲလောက် ရှိတယ် ဆိုတာက ဦးဇင်း တို့တွေက အဖမ်းခံရ ပြီးတဲ့ နောက်မှာ ရွှေဝါရောင်နဲ့ ပတ်သက်လို့ ရွှေဝါရောင် မတိုင်ခင် တည်းက နိုင်ငံရေးနဲ့ ထောင်ကျခဲ့တဲ့ ကိုယ်တော်တွေရော၊ အပြင်က နေပြီး ထောက်ပံ့ နိုင်ဖို့ အတွက် အစီအစဉ်တွေ လုပ်ကြတယ်။ အဲဒီ မတိုင်ခင်က အဖမ်းခံရတဲ့ ကိုယ်တော် တွေလည်း အများကြီး ရှိတယ်။ အံ့သြစရာ ကောင်းတာက အဲဒီ မတိုင်ခင်က အဖမ်း ခံရတဲ့ ကိုယ်တော်တွေ ထောင် ၁၅ နှစ်ကျော် လောက် ကျခံ ထားရတာ တွေရှိတယ်။ စာရင်းတွေ စုစည်းတဲ့ အခါမှာတော့ ကွဲပြားမှု တွေတော့ ရှိမှာပေါ့။ ထောင်တွေရဲ့ ထုတ်ပြန်မှု တွေမှာ အမှန်အတိုင်း မထုတ် ပြန်ဘူး။ ရွှေဝါရောင်မှာ ပါတဲ့ ကိုယ်တော် တွေကိုလည်း အခြား အကျဉ်းသား အဖြစ် ရဲဘက် ပို့ပေး လိုက်တာ၊ တချို့ဆို ထောင်ထဲမှာ သေသွားတဲ့ ကိုယ်တော်တွေ ရှိတယ်။ အဲလိုမျိုး အစဖျောက် ခံရတဲ့ ကိုယ်တော်တွေရှိ တယ်။ ဂမ်္ဘီရတို့ ဆိုရင်လည်း ထောင်ထဲမှာ ခေါင်းကို အကြိမ်ကြိမ် အရိုက် ခံရတဲ့ အတွက် သူက အခုဆိုရင် ဦးနှောက်က မေ့တယ်။ ဦးဇင်းတို့ စာရင်းတွေ ပြန်စုစည်းပြီးတော့ စာရင်း ပျောက်နေတဲ့ ကိုယ်တော်တွေ အများကြီးပဲ။ ထောင်ထဲမှာ သံဃာတော် တွေကိုလည်း သံဃာတော်တွေရဲ့ ၀ိနည်းနဲ့ အညီ ဥပုသ်ပြုခွင့် မပေးတာ၊ သံဃာတော် တွေကို တရားစခန်း ၀င်ခွင့် မပေးတာ၊ ထောင်မှာ အပတ်စဉ် တရားစခန်း တွေရှိတယ်။ ဦးဇင်း တို့ကို သူတို့က တရားဝင် နိုင်ငံရေး အကျဉ်းသား မဟုတ်ဘူး လို့ပြောတယ်။ တချို့ အခွင့်အရေး ဆိုရင် သာမန် အကျဉ်းသား ထက်ပိုပြီးတော့ နည်းသေးတာ။ ပိတ်ပင် ထားတာ တွေလည်း အများကြီးပဲ။ တစ်နေ့ ကိုမှ နှစ်နာရီပဲ ရေချိုး လမ်းလျှောက် ဆင်းရတာ။ သာမန် လူတွေထက် ပိုပြီးတော့ လုံခြုံရေး ပိုကျပ် တည်းတာ။ တချို့ ထောင်တွေ မှာဆို CCTV ကင်မရာ တပ်ထားတယ်။ ဘာမှ လှုပ်ရှားလို့ မရဘူး။ ကျန်းမာရေး အတွက် ပြည့်စုံ လုံလောက်တဲ့ ကိုယ်လက် လှုပ်ရှားမှု၊ ကိုယ်လက် လှုပ်ရှားမှု အတွက် ပြည့်စုံ လုံလောက်တဲ့ ပစ္စည်း မပေး ထားဘူး။ ဆေးဝါး ပံ့ပိုးမှု လုံးဝ အားနည်းတာ။ ၀န်ထမ်း တွေရဲ့ ရိုရိုသေသေ ဆက်ဆံမှု အားနည်းတာ။ အဓိကတော့ ရဟန်း သံဃာများကို အင်္ဂလိပ် ခေတ်ကတောင် ထောင်ကျ ရင်လည်း ရဟန်း သံဃာ ကို ရဟန်း သံဃာလို ဆက်ဆံ ရမယ်ဆိုတဲ့ ညွှန်ကြားချက် ရှိခဲ့တယ်။ ကြမ်းတမ်းတဲ့၊ ရိုင်းစိုင်းတဲ့ အမူအရာတွေနဲ့ မဆက်ဆံဖို့ အတွက်ပေါ့။
ရွှေဝါရောင် တော်လှန်ရေး ကာလမှာ စစ်အစိုးရ ဘက်ကနေ ဒီလှုပ်ရှားမှုကို ဆောင်ရွက်တာ သံဃာ အစစ်တွေ မဟုတ်ဘူး။ အယောင် ဆောင်တွေ၊ အကြမ်းဖက် ဖျက်ဆီးမှုတွေ လုပ်တယ်၊ သံဃာတွေ ကြားထဲမှာ အတိုက်အခံ အင်အားစုတွေက သံဃာ ယောင်ဆောင် ၀င်ရောက်ပြီး လှုံ့ဆော်တာလို့ ၀ါဒ ဖြန့်ခဲ့ ပါတယ် ဘုရား။ ဒါပေမဲ့ ရွှေဝါရောင် လှုပ်ရှားမှု သံဃာတွေ ကြားထဲကို စစ်အစိုးရ သူတို့ ဘက်သား တွေကို အယောင်ဆောင် သွင်းပြီး ဒီလှုပ်ရှားမှုကို ပြည်သူ အထင်လွဲအောင် အကြမ်းဖက် ဖျက်ဆီးမှုတွေ လုပ်ခိုင်းပြီးတော့ ဒီအယောင်ဆောင် ၀င်လာသူတွေ လုပ်တာကို လက်ညှိုးထိုး ပြောကြား တာလို့ တပည့်တော်တို့ ပြည်သူတွေက သိနေကြပါတယ် ဘုရား။ ပိုပြီး ခိုင်မာ သွားအောင် သူတို့ရဲ့လုပ်ရပ်တွေကို ဆရာတော့် အနေနဲ့ ပြန်လည် ပြောပြပေးပါဘုရား။
သူတို့ ကလည်း လက်ရှိ အာဏာ ရှိနေတာ ဖြစ်တဲ့အတွက် သူတို့ကို ထိပါးလာမယ့် နိုင်ငံရေး အင်အားစုတွေကို ပြည်သူ လူထုက ယုံကြည်မှု မရှိအောင် နည်းမျိုးစုံနဲ့ ကြံစည်တယ်။ ဒါက သဘာဝ ကျတယ်။ အဲဒီလို ကြံစည်ဖို့ အတွက် သူတို့ ဘက်က ရဟန်း အတုတွေ လုပ်တယ်။ အယောင် ဆောင်ပြီးတော့ ဖျက်ဆီးတယ်။ ဖျက်ဆီး ပြီးရင် ရွှေဝါရောင်က လုပ်တယ် ဆိုပြီးတော့ ပြောတယ်။ သူတို့ ကိုယ်တိုင် အဲလို လုပ်တဲ့ အဖွဲ့အစည်း ထဲမှာ စွမ်းအားရှင် အဖွဲ့ ဆိုပြီးတော့ တရားဝင် ဖွဲ့စည်း ထားတယ်။ အဲဒီ အဖွဲ့အစည်း ထဲမှာ အဲဒီတုန်းက ကြံ့ဖွံ့ ပါတီ၊ ကြံ့ဖွံ့ အဖွဲ့ဝင်တွေ ပါတယ်။ လူမိုက် တွေကို တစ်နေ့ ငါးထောင် ပေးပြီးတော့ ရိုက်နှက် ခိုင်းတယ်။ သင်္ကန်း ၀တ်ပြီး တော့ပေါ့။
တင်ပါ့ ဘုရား။ သူတို့ ဒီလို လုပ်တယ် ဆိုတာကို ဆရာတော်တို့ အနေနဲ့ ဘယ်လို နည်းနဲ့ သိရပါသလဲ ဘုရား။
သေချာပေါက် ပြောနိုင်တာက ဦးဇင်းတို့ သံဃာ တော်တွေ စီတန်း လှည့်လည်ပြီး မေတ္တာသုတ် ရွတ်တဲ့ အခါမှာ လုံခြုံရေး အဖွဲ့တွေ ရှိတယ်။ စနစ်တကျနဲ့ အဲဒီ လုံခြုံရေး အဖွဲ့ထဲမှာ သံဃာတွေ ၀င်လာတိုင်းဝင် လာတိုင်းကို တောက်လျှောက် ကြည့် ထားတယ်။ ကြည့်တဲ့ အခါမှာ ဦးဇင်းတို့က ငယ်ငယ်လေး တည်းက ဘုန်းကြီး ၀တ်လာတာ ဖြစ်တဲ့ အတွက် ဘုန်းကြီး တစ်ပါးကို ကြည့်လိုက်တာနဲ့ ဘုန်းကြီး ဟုတ်တယ်၊ မဟုတ်ဘူး ပြောနိုင်တယ်။ ဘယ်လောက် ကြာကြာ ၀တ်ခဲ့တဲ့ ဘုန်းကြီး လည်းပြောနိုင်တယ်။ ဘုန်းကြီး မေးခွန်း ၂ ခု၊ ၃ ခု လောက် မေးလိုက် တာနဲ့ တန်းပြော နိုင်တယ်။ ၀င်လာလို့ ဟန်အမူအရာ ပျက်တယ် ဆိုရင် တချို့ဆို အရက် သောက်ပြီးတော့ ၀င်လာတယ်။ ဘုန်းကြီးပဲ။ သင်္ကန်း ရုံပြီး တော့ပဲ။ ဦးဇင်းတို့က ဘယ်ကျောင်း ကလဲ။ နှစ်ခွန်း၊ သုံးခွန်းလောက် မေးလိုက်တာနဲ့ သူတို့ ဘက်က လူဆိုတာ သိသွားပြီ။ ဦးဇင်းတို့က ကိုယ်သွားနေတဲ့ လမ်းကြောင်းမှာ ရုတ်ရုတ် သဲသဲ မဖြစ်ရအောင် သေသေ သပ်သပ်နဲ့ ဒီလို အများထဲမှာ ပါလာလို့ ရှိရင်တော့ သံဃာ နှစ်ပါး၊ သုံးပါး ရံပြီး စည်းအပြင်ကို ခေါ်သွားပြီး သူဘာလဲ ဆိုတာ သိကြောင်း ဆက်မလိုက် အောင် ပြောပြီး ထားခဲ့ လိုက်တယ်။ အဲဒါတင်မကဘဲနဲ့ သံဃ နာယက အဖွဲ့အစည်း ထဲက အာဏာတွေကို မက်မောတဲ့၊ အစိုးရ ပေးတာ၊ ကျွေးတာကို မက်မောတဲ့ သံဃာ တချို့က သတင်း ပေးဖို့ လှုပ်ရှားမှုထဲ ၀င်လာတာ ရှိတယ်။ သံဃာတော့ သံဃာ အစစ်ပဲ။ အဲလို ကိုယ်တော် တွေက ဒုက္ခ ပေးတာလည်း ကြုံခဲ့ရ ဖူးတယ်။
နောက်ထပ် လျှောက်ထား ချင်တာကတော့ အဲဒီ အချိန်က သံဃမဟာ နာယကကနေ ရွှေဝါရောင် တော်လှန်ရေးကို သံ ဃာ တော်တွေ ဆောင်ရွက်တာနဲ့ ပတ်သက်ပြီး ညွှန်ကြားလွှာ အမှတ် ၉၃ ဆိုတာကို လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့တယ်။ အဲဒီ ညွှန်ကြား လွှာမှာ မဆလ တစ်ပါတီ အာဏာရှင် စနစ် လက်ထက်က ကျင်းပခဲ့တဲ့ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေး ဆိုတာကနေ ချမှတ်ခဲ့တဲ့ စည်းမျဉ်း စည်းကမ်းတွေ၊ လုပ်ထုံး လုပ်နည်း၊ ၀ိနည်း ဓမ္မကံ မှုခင်း ဆုံးဖြတ် ဖြေရှင်းမှု လုပ်ထုံးတွေ ကိုကိုးကားပြီး ဆရာတော်တို့ရဲ့ ဆောင်ရွက်မှုကို လောကီ လူမှု ကိစ္စမှာ ပါဝင် ဆောင်ရွက်ခြင်းလို့ ဆိုပြီး တားဆီးမှု ပြုထားတာ တွေ့ရတယ်။ ဒီလိုပဲ ၁၉၉၀ က သံဃမဟာ နာယက အဖွဲ့ ဆရာတော်ကြီး တွေဖြစ်တဲ့ ပဲခူးမြို့ ဆရာတော်ကြီးနဲ့ မင်းကွန်း ဆရာတော်ကြီးတို့ ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားလွှာ တွေကိုလည်း ပြန်လည် ဖော်ပြမှုတွေ လုပ်ခဲ့တယ်။ အဲဒီ ပြန်ဖော်ပြတဲ့ ညွှန်ကြားလွှာ အမှတ် ၈၃ က ရဟန်း သံဃာတွေ အနေနဲ့ ပါတီ နိုင်ငံရေးမှာ ပါဝင်တာ၊ လှုံ့ဆော် အားပေးတာ၊ အခြား တစ်ယောက်ကို တိုက်တွန်း တာတွေကို ရှောင်ဖို့ ဆိုတာတွေက အခု အချိန်အထိ အငြင်းပွားစရာ အဖြစ် ရှိနေ တုန်းပဲ။ ဒီညွှန်ကြားလွှာ တွေနဲ့ ပတ်သက်ပြီး ရွှေဝါရောင် တော်လှန်ရေး သံဃာတွေ အနေနဲ့ ဘယ်လို သဘောထားပါသလဲ ဘုရား။
အဲဒါလေး ကတော့ နည်းနည်းလေး ကျယ်ကျယ်လေး ပြောရမှာပေါ့။ ဒါလည်း ပြောချင်စရာ သိပ်ကောင်းတဲ့ အချက်ပါပဲ။ စစ်အစိုးရ လက်ထက်က လွှတ်တော် မရှိဘူး။ တရားဝင် အစိုးရ မဟုတ်ဘူး။ အာဏာသိမ်း အစိုးရ ဖြစ်တယ်။ အဲတော့ သူတို့မှာ တိကျရေရာတဲ့ အခြေခံ ဥပဒေ မရှိဘူး။ အရင်တုန်းက ဥပဒေ စာအုပ် အဟောင်းကြီးကိုပဲ တည်ဆဲ ဥပဒေ ဆိုပြီး လုပ်တယ်။ သူတို့ ထုတ်နေတဲ့ ဥပဒေက သူတို့ အမိန့် အာဏာကို ဥပဒေကဲ့သို့ တည်မြဲ စေရမယ် ဆိုပြီးတော့ အဲဒီ အမိန့် အာဏာကို ယူပြီး လုပ်တယ်။ အဲဒီ ဥပဒေကလည်း အခု ထက်ထိလည်း တချို့ ဥပဒေ တွေက ရှိနေသေးတယ်။ အဲလိုပဲ သူတို့နဲ့ အတူတူ လုပ်ခဲ့တဲ့ သံဃ မဟာနာယက ဆရာတော်တွေ ကလည်း သူတို့ လက်ထဲကပဲ ဖြစ်တယ်။ အပွင့်လင်းဆုံး ပြောရရင် ဦးဇင်းတို့ ထောင်ထဲ ရောက်တဲ့ အခါမှာ SB ပြောတဲ့ စကားကို ကြားခဲ့တာက ဘယ်ဆရာတော်ပဲ ဖြစ်ဖြစ် သူတို့ ဘွဲ့ရဖို့၊ သူတို့ ရာထူး တက်ဖို့၊ သူတို့ သံဃနာယက ဖြစ်ဖို့က SB ရဲ့ ထောက်ခံချက် မရှိရင် လုံးဝ မဖြစ်ဘူး။ ဒါ SB ကိုယ်တိုင် ပြောတဲ့ စကား။ ဦးဇင်း တရားဝင် ပြောတယ်။ အဲဒီ ပြောတဲ့ SB ရာထူးနဲ့ နာမည်ရယ်ပါ ဦးဇင်း ပြောနိုင်တယ်။ လက်ရှိရော ဆရာတော်တွေ၊ သံဃာတော်တွေ မေးတဲ့ အခါမှာလည်း ဟုတ်တယ်လို့ ၀န်ခံတယ်။ ဒါဆိုရင် သံဃနာယက ဆရာတော်တွေ ဖြစ်ဖို့ သို့မဟုတ် သံဃနာယက ဆရာတော်ကြီးတွေ ဘွဲ့တံဆိပ် ကပ်ခံရဖို့၊ ဒီသံဃာ့ အဖွဲ့အစည်းမှာ ကြီးမားတဲ့ ရာထူးတွေ ရဖို့ဟာ အဲဒီ ဆရာတော်ကြီးတွေရဲ့ အရည်အချင်း အမှန်၊ ထုတ်ပြန် ထားတဲ့ ၀ိနည်း စည်းကမ်းတွေ၊ ညွှန်ကြားချက် တွေနဲ့ အညီ၊ သံဃ နာယက အဖွဲ့အစည်း ဂုဏ်နဲ့အညီ သွားတာ မဟုတ်ဘဲနဲ SB ရဲ့ ထောက်ခံချက် နဲ့ပဲ သွားတာလို့ ပြောနိုင်တယ်။ SB ရဲ့ ထောက်ခံချက် နဲ့သွားတာ ဆိုတော့ SB နဲ့ သာသနာရေး ၀န်ကြီး ဌာနက ပုဂိ္ဂုလ်တွေနဲ့ နောက်ပြီးတော့ စစ်အစိုးရ ကနေပြီးတော့ သံဃ နာယကကို ချုပ်ကိုင် ထားတာလို့ ပြောလို့ ရတယ်။ ဒီ သံဃ နာယက အဓိက ဒီစစ်အစိုးရကို တုံ့ပြန် လာမယ့်၊ ပြန်ပြီးတော့ တွန်းလှန် လာမယ့် သံဃာတော် အင်အားစုတွေကို အဓိက ပြန်ပြီး ချုပ်ကိုင် နိုင်မယ့် အမိန့်တွေ ထုတ်ခိုင်းတာ။ သူတို့ ကပဲ ညွှန်ကြားချက်တွေ ထုတ်ခိုင်းတာ။ သူတို့ကပဲ လက် မှတ်တွေ ထိုးခိုင်းတာ။ သူတို့က စာတွေ စီထားပြီးသား အဲဒီ လက်မှတ်ကို သာသနာရေး ၀န်ကြီးကလည်း အရှင်ဘုရား ထိုးပေးပါ ပြောရင် မျက်စိ မှုန်မှုန်နဲ့ ထိုးရင်လည်း ထိုးပေး လိုက်တာပဲ။ ခုတော့ ခေတ်ကာလ ပြောင်းလာတဲ့ အခါ ဆရာတော်ကြီး တွေကပါ လေသံ ပြောင်းလာပြီ။ ဒီလို လုပ်လို့ မရတော့ဘူး ဆိုတာ သံဃ နာယက ဖွဲ့စည်းပုံတွေပါ ပြောင်းလာပြီ။ သံဃ နာယကသည် သာသနာတော် ဖွံ့ဖြိုး တိုးတက်ဖို့ အမျိုးဘာသာ၊ သာသနာကို ကာကွယ် စောင့်ရှောက်ဖို့ အတွက် လုံးဝ အပြည့် အ၀ တာဝန် ရှိတယ်။ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် တာဝန်ရှိတယ်။ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့ တာဝန် ရှိတယ် ဆိုတာက နိုင်ငံရေးနဲ့ပ တ်သက်လို့ တာဝန်ရှိတယ်။ အဲဒီတော့ ပုဂ္ဂလိက အမြင်နဲ့ ပြောရင် နိုင်ငံမှာ ရှိနေတဲ့ အစိုးရ အဖွဲ့အစည်း နိုင်ငံရေး အင်အားစုကို သံဃာ့ အဖွဲ့အစည်းက ချုပ်ကိုင်ထားဖို့၊ ခြယ်လှယ် ထားဖို့ ပြောတာ မဟုတ်ဘူး။ ဒီဘာသာရေးရဲ့လက်အောက်မှာ နိုင်ငံရေးက ရှိနေ စေချင်တာ ပြောတာ မဟုတ် ဘူး။ သို့သော် လည်းပဲ နိုင်ငံရေးနဲ့ ဘာသာရေးသည် တန်းတူ လယ်ဗယ်တော့ ဖြစ်နေ ရမယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ ချွတ်ချော် တိမ်းမှား နေတာတွေ အားလုံးကို အကြံကောင်း၊ ဉာဏ်ကောင်းတွေ တရား ရေအေး တိုက်ကျွေးပြီးတော့ Advisor အနေနဲ့ကို ရှိနေ သင့်တယ်။ အကြံကောင်း ဉာဏ်ကောင်း ပေးနေတဲ့ ပုဂိ္ဂုလ်တွေ အနေနဲ့ ဖြစ်နေ သင့်တယ်။ အဲဒါကြောင့် မို့လို့ ဘာသာရေး ကလည်း နိုင်ငံရေးနဲ့ ပတ်သက်လို့ တိမ်းစောင်း တိုင်းမှာလည်း ရာထူးတွေ၊ စည်းစိမ်တွေ၊ ငွေကြေးတွေ၊ ကိုယ့်ဒကာပဲ ဆိုတာတွေ။ အစိုးရပဲ ဆိုတာတွေ၊ ကြောက်တာတွေ၊ မက်တာတွေ အစရှိတဲ့ အဂတိ လေးပါး မလိုက်စား ဘဲနဲ့ မငဲ့မကွက် ပြောသင့် တယ်။ အဲလို ပြောခြင်းဟာ သံဃာတော် တွေရဲ့ တကယ့် လုပ်ငန်း လည်းဖြစ်တယ်။ လုပ်ရပ်လည်း ဖြစ်တယ်။ အဲဒါကို ဒီသံဃ နာယက အဖွဲ့အစည်းကြီးက နိုင်ငံရေးမှာ ၀င်စွက်ဖက်တယ် ဆိုပြီးတော့ ဖိနှိပ်တယ်။ နိုင်ငံရေး လုပ်တယ်လို့ ပြောသော်လည်း ဒီလို လုပ်တာဟာ သံဃာတော်တွေက တိုင်းပြည် အကျိုး၊ ဘာသာ အကျိုး၊ သာသနာ အကျိုးအတွက် လုပ်တာ။ သံဃာတော်တွေ မဟုတ်ဘူး လို့တောင် ဦးဇင်းက ပြောချင်တယ်။
ဒီညွှန်ကြားလွှာ ၉၄ က အဲဒီတုန်းက သာသနာရေး ၀န်ကြီး သူရ မြင့်မောင် ကိုယ်တိုင် စက်တင်ဘာ ၂၄ ရက် မှာ သံဃမဟာ နာယကကို သွားလျှောက်ပြီးတော့ ဆရာတော်တွေကို သူတို့ အသင့် စာစီထားတဲ့ စာရွက်ပေါ်မှာ လက်မှတ် ထိုးခိုင်း ခဲ့တာပဲ။ ဦးဇင်းတို့ ကိုယ်တိုင် တီဗီမှာ ကြည့်ခဲ့ရတာ။ အမှန်ကတော့ ဆရာတော်ကြီး တွေက ဒါကို လက်မှတ် ထိုးပေး လိုက်တာ။ ဦးဇင်းတို့ သိထားတာက ညွှန်ကြားလွှာ ဆိုတာ ဥပဒေလိုပဲ ကြေညာချက် တစ်ခု ထုတ်တာပဲ။ ဒါကို မလုပ်နဲ့လို့ ကန့်သတ် လိုက်တာ။ ပြောရမယ် ဆိုရင် ဥပဒေအရ အမိန့်ထုတ် တာပေါ့။ ဥပဒေနဲ့ အညီ အမိန့် ထုတ်တာ။ ဦးဇင်းတို့ သိထားတဲ့ ဥပဒေ ဆိုတာသည် လောက အတွက် အကျိုးရှိ ရမယ်။ တိုင်းပြည် အတွက် အကျိုးရှိ ရမယ်။ သာသနာ အတွက် အကျိုးရှိ ရမယ်။ သံဃာတွေ အတွက် အကျိုး ရှိရမယ်။ ပြည်သူ ပြည်သားတွေ အတွက် အကျိုးရှိ ရမယ်။ မြတ်စွာဘုရားက ဥပဒေတွေ၊ ၀ိနည်းတွေ ပြဋ္ဌာန်းခဲ့တယ် သံဃာတော် တွေကို။ ဒီဝိနည်း တွေက သံဃာတော်တွေ စည်းလုံးဖို့၊ သံဃာတော်တွေ ညီညွတ်ဖို့၊ သံဃာ တော်တွေ စည်းလုံး ညီညွတ်ရင် သာသနာ တော်ကြီး စည်ပင် ဖွံ့ဖြိုးမယ်။ သာသနာ တော်ကြီး စည်ပင် ဖွံ့ဖြိုးတယ် ဆိုတာ ဒီသာသနာ အတွင်းမှာ နေတဲ့ ဒါယကာ ဒါယိကာမတွေ အသိဉာဏ် ဖွံ့ဖြိုး တိုးတက် ပြီးတော့ အဲဒီအသိဉာဏ် ဖွံ့ဖြိုး တိုးတက်မှုနဲ့ အတူ သူတို့ရဲ့ ရပ်ကျိုး ရွာကျိုး၊ တိုင်းပြည် အကျိုး၊ ကမ္ဘာ့ အကျိုး ဆောင်ရွက် နိုင်မယ် ဆိုပြီးတော့ ဒီဝိနည်း ကနေပြီးတော့ သက်ရောက် သွားတယ်။ ဒီတော့ ဒီလို ညွှန်ကြားချက်က အဲလို မျိုး အကျိုး သက်ရောက်မှု ဖြစ်အောင် ညွှန်ကြား ရမှာဖြစ်တယ်။ အဲလို အကျိုးသက် ရောက်မှာကို မညွှန်ကြား ဘဲနဲ့ သံဃာ အချင်းချင်း သင်းကွဲ သွားစေဖို့ နိုင်ငံရေး အမြင်ရှိတဲ့ သံဃာတွေနဲ့ နိုင်ငံရေး သြဇာခံဖြစ်တဲ့ ပြောရမယ် ဆိုရင် သံဃမဟာ နာယကကို အရင်တုန်းက စစ်အစိုးရ လက်ကိုင်တုတ် လို့တောင် ပြောခဲ့ တာပေါ့။ အဲလိုမျိုး သံဃာ အဖွဲ့အစည်းကို ကွဲပြား သွားအောင် သွေးကွဲ သွားစေတဲ့ ကြေညာချက် မျိုးဆိုရင် ဒီကြေညာချက်ကို ဦးဇင်းတို့က တရား မ၀င်ဘူး လို့ပဲ သတ်မှတ်တယ်။ ဒီတော့ အဲဒီ ညွှန်ကြားလွှာ အမှတ် ၉၃ ကြေညာချက် ကိုလည်း ဦးဇင်းတို့က လက်မခံဘူး။ နောက် အဲလို ကြေညာချက် မျိုးတွေ အားလုံး ကိုလည်း လက်မ ခံဘူး။ ဒီလို ကြေညာချက် တွေနဲ့ သံဃာတွေ ကိုဆက်ပြီး ဖိနှိပ်နေဦး မယ် ဆိုရင်လည်း ဦးဇင်းတို့က သံဃာ အများစုရဲ့ဆန္ဒ ခံယူပြီးတော့ အဲဒီ ကြေညာချက် တွေကို ပယ်ဖျက် သွားနိုင်အောင် ကြိုးစား သွားရမှာပဲ။
ရွှေဝါရောင် တော်လှန်ရေးမှာ ရဟန်း သံဃာတွေ၊ လူပုဂိ္ဂုလ်တွေ အများအပြား သေဆုံးမှုတွေ၊ ညှဉ်းပန်း နှိပ်စက် ခံရမှုတွေ ဟာ ပြောမပြ နိုင်အောင် ပြင်းပြင်း ထန်ထန် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ၈၈ အရေးတော်ပုံ လိုပဲ တာဝန်ရှိတဲ့၊ ဒီလုပ်ရပ် တွေကို လုပ်ခဲ့ သူတွေက ဘယ်လို တာဝန် ယူမှုမျိုးမှ အခု အချိန်အထိ ဆောင်ရွက် မှုတွေ မရှိသေးဘူး။ ဒီအပေါ်မှာ ဆရာတော့် အနေနဲ့ မိန့် ကြားချင်တာ များရှိရင် မိန့်ကြားပေးပါ။
ရွှေဝါရောင် မှာတုန်းက ဦးဇင်း တို့ကို စစ်ကြောရေး လုပ်တာ စစ်အစိုးရက တိုက်ရိုက် ညွှန်ကြားပြီး လုပ်တာ။ ဦင်္းဇင်းတို့ သိတာက ဒီ SB တွေ စရောက်တုန်း ဦးဇင်း တို့ကို စစ်ကြောရေး လုပ်တဲ့ အခါမှာ ပြည်ထဲရေး ၀န်ကြီး မောင်ဦး တို့ပေါ့။ သူတို့ ကိုယ်တိုင် စစ်ကြောရေး လုပ်ခဲ့ တယ်လို့ သိရတယ်။ ထောင်နဲ့ ပတ်သက်လို့ ကလည်း ပြည်ထဲရေးက ကိုင်တာ။ ရဲနဲ့ ပတ်သက် လို့လည်း ပြည်ထဲရေးက ကိုင်တာ။ ဒါပေမဲ့ ဒါတွေက ၀န်ကြီးနဲ့ လုံးဝပြီးတဲ့ ကိစ္စ မဟုတ်ဘူး။ ဦးဇင်း တို့ကို အဓိက ထောင်ချ ဖို့တွေ၊ အရေးယူ ဖို့တွေမှာ သူတို့ စစ်အစိုးရမှာ ရှိနေတဲ့ အဖွဲ့အစည်း တစ်ခုလုံးကိုက သဘော တူညီချက်နဲ့ လုပ်တာ။ အမိန့်တွေ ပေးတာ။ စီမံ ခဲ့တာ။ ဦးဇင်း တို့ကို ရွှေဝါရောင် တုန်းက အရေးယူခဲ့တဲ့ စစ်အစိုးရ တစ်ဖွဲ့လုံးမှာ ပါတဲ့ သူတွေမှာ တာဝန် ရှိတယ်။ ဒီအဖွဲ့က တာဝန် ရှိတယ်ဆိုရင် အခု ဒီအဖွဲ့က မရှိ တော့ဘူးလို့ ပြောမှာ လား။ ၂၀၁၀ နိုဝင်ဘာ ၇ရက် မှာ ရွေးကောက်ပွဲ လုပ်ပြီးတဲ့ နောက်မှာ အရပ်ဘက် အစိုးရ ပြောင်းသွားပြီလို့ ပြောမှာလား။ အဲဒီလို ပြောတယ် ဆိုရင်တောင် တကယ်တော့ အခု အရပ်ဘက် အစိုးရဆိုတာ စစ်အစိုးရ အဖွဲ့ကြီး ကနေ ၃ ယောက် လောက်ပဲ ပြောင်းသွားတာ။ ဦးသန်းရွှေ၊ ဦးမောင်အေး၊ ထွက်သွားတဲ့ သီဟ သူရ တင်အောင်မြင့်ဦး အဲလောက်ပဲ လျော့ သွားတာ။ ကျန်တာတွေက အကုန်လုံး ရှိနေတုန်းပဲ။ အစိုးရ အဖွဲ့ဝင်တွေ အနေနဲ့ ဆိုရင် သမ္မတ အထိကနေ စပြီး စစ် အစိုးရ အဖွဲ့ဝင်ပဲ။ လွှတ်တော် ထဲမှာ ဆိုရင်လည်း ဒီနေ့ နာယကတွေ၊ ဥက္ကဋ္ဌတွေ အထိ။ နောက် လွှတ်တော် ကိုယ်စား လှယ်တွေ အဖြစ် ရှိနေတာပဲ။ သူတို့ ဦးဆောင်နေပြီး ရွှေဝါရောင်မှာ သံဃာတွေနဲ့ ပြည်သူတွေ အပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့တဲ့ အသင်းဆိုတာ ကနေ ပြောင်းထားတဲ့ ပါတီ ကြီးလည်း ရှိနေတာပဲ။ ဒီပါတီ ကနေ သူတို့ ရွေးကောက်ပွဲ ၀င်ပြီး အခုထိ ချုပ်ကိုင်နေတာ။ ဒီတော့ အစိုးရ ပြောင်းသွားပြီ။ သူတို့မှာ တာဝန် မရှိဘူးလို့ ပြောရင် ဒီအစိုးရဟာ ဒီအစိုးရသည် စစ်အစိုးရက နေပြီးတော့ ရွေးကောက်ပွဲ ဆိုတာနဲ့ အငြင်းပွား ဖွယ်ရာ သံသယတွေနဲ့ ဂယက်တွေနဲ့ ကြိုတင်မဲ တွေနဲ့ နည်းမျိုးစုံနဲ့ သူတို့ အနိုင်ရအောင် လုပ်တာ။ တရား မျှတမှု လုံးဝ မရှိခဲ့ဘူး။ သူတို့ အာဏာ ရဖို့ပဲ လုပ်ခဲ့တာ။ အဲဒီ အာဏာ ရဖို့အတွက် အဓိက အသက် သွင်းတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာလည်း သူတို့ လုပ်ခဲ့တာ။ ဒီ ဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ သေချာပေါက် ကြံ့ဖွံ့ပဲ အနိုင်ယူခဲ့ တာပဲ။ သူတို့ကတော့ ပြည်သူက ရွေးကောက် တင်မြှောက်တယ်။ တရားဝင် အစိုးရလို့ ပြောနေပေမယ့် သူတို့ တည်မြဲဖို့ ဦးနေ၀င်းတို့ လုပ်ခဲ့သလိုပဲ အရပ်ဝတ် လဲတဲ့ ပုံစံမျိုး အခုလည်း ထပ်လုပ်တယ်။ ဒါကြောင့် လက်ရှိ သူတို့ မှာလည်း တာဝန်ရှိတယ်။ ၀န်ချ တောင်းပန်ရမယ်။ ၀န်ချ တောင်းပန်မှုမျိုး မလုပ်သေး သရွေ့ သူတို့ဟာ ပက္ကနိက္ကုဇ္ဇနကံ ဖြစ်တဲ့ သံဃာ တွေရဲ့ သပိတ်မှောက် ကံဆောင်ခြင်း ခံရတဲ့ ၀န်ထုပ် ဆူးကြီး တစ်ချောင်း သူတို့ ဆီမှာ စူးနေလိမ့်မယ်လို့ ဦးဇင်းတို့ ပြောလို့ ရတယ်။ အဲဒီ ပက္ကနိက္ကုဇ္ဇနကံ စူးနေသရွေ့ မည့်သည့် ကုသိုလ် ကောင်းမှု ဘယ်လောက် လုပ်လုပ်၊ ဘုရားတွေ ဘယ်လောက် တည်တည်၊ ကျောင်းတွေ ဘယ်လောက် ဆောက်ဆောက်၊ မည်သည့် သာသနာပြု လုပ်ငန်းတွေ လုပ်လုပ် သူတို့ မဂ်ဖိုလ် မရနိုင်ဘူး။ ကုသိုလ် ထူးကို မရနိုင်ဘူး။
ဆရာတော်တို့ သံဃာ တော်တွေရော၊ ပြည်သူလူထု တစ်ရပ်လုံးပါ ဒီရွှေဝါရောင် တော်လှန်ရေးကို ပြင်းပြင်း ထန်ထန် ကြိုး စား ဆောင်ရွက် ခဲ့ကြပေမယ့် စစ်အစိုးရက အကြမ်းဖက် နှိပ်ကွပ်မှုတွေ လုပ်ပြီး မကြာမီပဲ ဒီတော်လှန်ရေးဟာ နိုင်ငံရေး ရည်မှန်းချက် တစ်စုံတစ်ရာ အောင်မြင်မှု မရဘဲ အာဏာရှင်တွေရဲ့ လက်အောက်မှာ ပြန်လည် မှေးမှိန်သွား ခဲ့ရတယ်။ တကယ်ဆိုရင် ဒီရွှေဝါရောင် တော်လှန်ရေးဟာ မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲအတွက် အလှည့်အပြောင်း ဖြစ်နိုင်တဲ့ အခြေအနေ အထိ ရှိခဲ့တယ်လို့ သုံးသပ်မှုတွေ လည်းရှိတယ်။ ဒီလို အနေ အထားကနေ ဒီရွှေဝါရောင် တော်လှန်ရေး မအောင်မြင်ခဲ့တဲ့ အပေါ် ဆရာတော်တို့ ဦးဆောင် သံဃာတွေ အနေနဲ့ ဘယ်လိုမှတ် ချက်ပြုချင် ပါသလဲ။
ဦးဇင်းတို့ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အတွေ့ အကြုံ နည်းပါးမှု၊ အဖွဲ့အစည်း များကို ဦးဆောင်ပြီးတော့ စီမံ ကွပ်ကဲ တတ်မှု၊ ဒီလို အင်အားတစ်ခု ဖြစ်လာ ပြီးတော့ စနစ်တကျ ဘယ်အထိ သွားမယ်ဆိုပြီး စနစ်တကျ သွားလာမှု များလည်း အားနည်းတာ တစ်ခုပေါ့။ ရွှေဝါရောင်ကို အစိုးရက နှိပ်ကွပ်တဲ့ အခါမှာ တော်တော် ပြင်းပြင်း ထန်ထန် လုပ်တော့ မြန်မာနိုင်ငံက အကြောက် တရားနဲ့ နှစ်ပေါင်း များစွာ ဖိနှိပ် ချုပ်ချယ် ခံလာရတာ ဖြစ်တဲ့ အတွက် အဲဒီ ဟာက အဓိက အချက်ပဲ။ ရွှေဝါရောင်နဲ့ ပတ်သက်လို့ ဘုန်းကြီး ကျောင်းတွေ ကိုဝင် ဖမ်းတဲ့အခါမှာ လူလို သူလို ဖမ်းတာ မဟုတ် ဘဲနဲ့ ပစ်ခတ်ပြီးတော့ ဖမ်းတာ။ ပစ်လည်း ပစ်တယ်။ ရိုက်လည်း ရိုက်တယ်။ သတ်လည်း သတ်တယ်။ ဖမ်းလည်း ဖမ်းတယ်။ ဖမ်းပြီးတော့ အချုပ်ထဲ၊ ထောင်ထဲ ရောက်တော့ ထပ် နှိပ်စက် တယ်။ ဒါ ဦးဇင်းက ရွှေဝါရောင်မှာ နှစ်ကြိမ် အဖမ်း ခံရလို့ သိတာ။ သူများ နှိပ်စက် ခံရတာလည်း မြင်ခဲ့ရတယ်။ ကိုယ်တိုင်လည်း အနှိပ်စက် ခံရတဲ့အတွက် သိတယ်။ အဲဒီလို အနှိပ်စက် ခံလိုက်ရပြီ ဆိုတာနဲ့ လူဆိုတာ ကြောက်သွားတယ်။ ကြောက်သွားတဲ့ အခါမှာ အဖွဲ့အစည်း အလိုက် ပြန်ပြီးတော့ စုစည်းမှုနဲ့ စနစ်တကျ ပြန်လုပ်ဖို့က သိပ်ခက် သွားပြီ။ နောက်တစ်ခုက မြန်မာပြည်မှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ အရှိန်လေး တစ်ခု ရလာပြီ ဆိုရင် ပင်ကိုက မြန်မာ နိုင်ငံရဲ့ အဖွဲ့အစည်း တွေဟာ စနစ်တကျနဲ့ ဖွဲ့စည်းနိုင်တာ၊ အဲဒီအဖွဲ့ အစည်းကို ခိုင်ခံ့အောင်၊ ခိုင်မြဲ နေအောင် လုပ်နိုင်တဲ့ အတွေ့အကြုံ လည်း နည်းတယ်။ အဲဒီလို နည်းတဲ့ ကြားက အခု လိုမျိုး ပြင်းထန်တဲ့ ဖိအားတွေနဲ့ အကြမ်းဖက် နှိပ်စက် လိုက်တဲ့ အခါမှာ ဆုံးခန်း တိုင်တဲ့အထိ မဖြစ်တော့ဘဲ ကျဆုံး ခဲ့ရတာပဲ။ ရွှေဝါရောင်ကြောင့် ကြားဖြတ် အစိုးရများ ပေါ်လာ မလားလို့ မျှော်လင့် ဆောင်ရွက် ခဲ့ပေမယ့် မအောင်မြင် ခဲ့ဘူး။ အင်အားစု အနေနဲ့ မေလ လောက်တည်း ကလည်း ၈၈ မျိုးဆက် တွေရယ်၊ လူငယ် တော်တော် များများ NLD အောက်ပိုင်းက လူ တော်တော် များများ အဖမ်းခံ ရတယ်။ တချို့ ဆိုရင် ၉၀ လွှတ်တော် ကိုယ်စားလှယ် တွေပါ အဖမ်း ခံရတယ်။ နောက် စနစ်ကျတဲ့ စုစည်းမှု၊ ဦးဆောင်မှု၊ စီမံ ခန့်ခွဲမှုတွေ မရှိတာ၊ ပြင်းထန်တဲ့ အကြမ်းဖက် ပြီးတော့ ဖိနှိပ် ခံရတာ ဖမ်းဆီ ခံရတာ တွေကြောင့် ဦးဇင်းတို့ ရွှေဝါရောင် တွေဟာ တိကျ ရေရာတဲ့ ဆုံးခန်းတိုင်မှု မရတာလို့ ပြောချင် တယ်။
အခုလို မိန့်ကြားပေးတာ ကျေးဇူးတင်ပါတယ် ဘုရား။
မြန်မာသံတော်ဆင့်