(World War 4 Report မှ 1 Jan 2014 ရက်စွဲပါ “ Golden Triangle opium boom” သတင်းဆောင်းပါးအား ဘာသာပြန်ဆို သည်။)
မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် ၂၀၁၃ တွင် ၂၆ ရာခိုင်နှုန်းတိုးကာခန့်မှန်းခြေ ၈၇၀ မက်ထရစ်တန် အထိရောက်ရှိခဲ့ သည်ဟုကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာဌာန UNODC က နောက်ဆုံး ထုတ်ပြန်ခဲ့ သောအရှေ့တောင် အာရှ ဘိန်းထုတ်လုပ်မှုနှစ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၎င်းပမာဏသည် ကုလသမဂ္ဂက ၂၀၁၂ တွင် စတင်ဝင် ရောက် လှုပ်ရှားပြီးနောက်ပိုင်းအမြင့်ဆုံးဖြစ်သည်။ ၂၀၁၄ နောက်ဆုံးထား၍ ဘိန်းထုတ်လုပ်မှု ပပျောက်စေ ရမည်ဟု မြန်မာအစိုးရက ၁၉၉၉ တွင် ကတိပေးထားခဲ့သော်လည်း ၂၀၀၆ မှစ၍ နှစ်စဉ် မြှင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံ၏ ဘိန်းပပျောက်ရေးစီမံချက်များသည် ဘိန်းကိုဦးစားပေးစိုက်ပျိုးအောင် တောင်သူများကိုတွန်းအားပေးနေသော နိုင်ငံရေးနှင့် စီးပွားရေးအကြောင်းရင်းများကိုဖြေရှင်းနိုင်ခြင်းမရှိခဲ့ဟု UNODC အစီရင်ခံစာကသုံးသပ်သည်။ ဘိန်းသို့မဟုတ် ပေါ်ပီသည် ဆန်စပါးထက် ၁၉ ဆ ပိုက်ဆံပိုရသောကြောင့် ဝေးလံခေါင်သီသောတောင်တန်းများပေါ်တွင် ရုန်းကန်နေရသော တောင်သူ များအတွက် အသက်မွေးရန် အခြားနည်းလမ်းအနည်းငယ်သာရှိသည်။
ထို့အပြင် တရုတ်အပါအဝင် အနီးတစ်ဝိုက်တိုင်းပြည်များတွင် ဘိန်းဝယ်လိုအားတက်လာသည်ဟုလည်း အစီရင်ခံစာ က ထောက်ပြထားသည်။ သို့သော်လည်းအရေးကြီးဆုံးအကြောင်းရင်းမှာမူကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်း ဖြစ်ပေလိမ့်မည်။ နိုင်ငံတကာတွန်းအားပေးမှုဖြင့် အကောင်အထည်ဖော်နေသောဘိန်းပပျောက် ရေးစီမံချက်များသည် တိုက်ပွဲအသစ်များကိုကူညီမီးမွှေးပေးဖွယ်ရှိပြီး ထို့နောက်တွင်မူအမြဲဖြစ်နေကြအတိုင်း ပြည်တွင်းစစ်က ဘိန်းကုန်သွယ်မှုကိုမီးထိုးပေးပြန်ပါသည်။ စစ်ဘုရင်များကဘိန်းရောင်း၍ စစ်တပ်ရန်ပုံငွေရှာရန်အတွက် ဈေးကောင်းကောင်း ပေးကာထုတ်လုပ်စိုက်ပျိုးမှု တက်လာအောင် မက်လုံးပေးကြသည်။ မဆုံးနိုင်သော ပြဿနာ ကွင်းဆင်းကြီးပင်ဖြစ်သည်။
ရယ်စရာကောင်းသောကိစ္စမှာအာဖဂန်နစ္စတန်တွင် ဘိန်းတိုက်ဖျက်ရေးအောင်မြင်မှုများကြောင့် ဘိန်းဈေး တက်လာခြင်း နှင့် တစ်ဖက်ကဖိလျှင် အခြားတစ်ဖက်ကဖောင်းလာသောပူဖောင်းအာနိသင်သဘောအရ မြန်မာနိုင်ငံ၌ ဘိန်းထုတ်လုပ်မှု ခုန်တက်လာနိုင်သည်ဟုကုလကျွမ်းကျင်သူများကအစောပိုင်းတွင် စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။
လက်တွေ့တွင်မူ ၂၀၁၃ တွင် အာဖဂန်နစ္စတန်၏ ဘိန်းထုတ်လုပ်မှု စံချိန်တင်မြှင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဘိန်းအထွက်လျော့စေမည့် သက်ရောက်မှုလည်းမရှိခဲ့ပေ။ မြန်မာ၊ လာအို၊ ထိုင်းသုံးပွင့်ဆိုင် ဒေသတွင် ယခုအခါ ဘိန်းထုတ်လုပ်မှု၏ ၁၈ ရာခိုင်နှုန်းထွက်ရှိသည်ဟု UNODC အစီရင်ခံစာကဆိုပါသည်။
မြန်မာ၊ လာအို၊ ထိုင်းသုံးနိုင်ငံကိုခွ၍ တည်ရှိသော ‘ ရွှေတြိဂံနယ်မြေ’ သည် ၁၉၆၀ ခုနှစ်များကအရှေ့တောင်အာရှ စစ်ပွဲများအတွင်းကမ္ဘာထိပ်တန်းဘိန်းထုတ်လုပ်သောနေရာဖြစ်လာခဲ့သည်။ သို့ရာတွင် ၁၉၈၀ ခုနှစ်များကမူဂျာဟစ်ဒင် စစ်ပွဲများအတွင်းအာဖဂန် - ပါကစ္စတန် ‘ ရွှေလခြမ်းနယ်မြေ’ တွင် ဘိန်းထုတ်လုပ်မှု မြှင့်တက်လာကာ ၊ ၁၉၉၁ တွင် အာဖဂန်နစ္စတန်ကကမ္ဘာ့အကြီးဆုံးဘိန်းထုတ်လုပ်သူသရဖူကို မြန်မာနိုင်ငံထံမှ လွဲပြောင်းယူလိုက်သည်။ ယခုအခါ နှစ်နိုင်ငံစလုံးတွင် စစ်ရှိန်မြှင့်နေသောကြောင့် ဘိန်းထုတ်လုပ်မှုသည်လည်း ကျွဲကူးရေပါ တိုးမြှင့်လျှက်ရှိပြီးကမ္ဘာတစ်ဝှမ်း မှ ဘိန်းစားများအတွက် အချိန်ကာလအတိုင်းအတာတစ်ခုအထိဘိန်းဖူလုံမှု ရှိနေပေလိမ့်မည်။
Yangon chronicle