ကျနော်တို့အားလုံး နှစ်တစ်နှစ်ကို ကျော်လာခဲ့ပြန်ပြီ။ နှစ်ပြောင်းသွားတိုင်း နောက်ကို ငဲ့ကြည့်တဲ့အခါ ဘာတွေမြင်ကြသလဲ။ တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပုံချင်းမတူနိုင်သလို အဲဒီအပေါ်မှာ ဆန်းစစ်သုံးသပ်တာချင်းလည်းမတူနိုင်ဘူး။ မတူတာလည်းမပြောနဲ့လေ တစ်ယောက်နဲ့ တစ်ယောက် ဘဝဖြတ်သန်းပုံချင်းလည်း ကွဲတာကိုး။ တခါတလေကျ ကိုယ်က အလေးအနက်ထားပြီး အဓိကလို့ ထင်တဲ့ကိစ္စတွေက တစ်ဖက်သားကျတော့ သာမင်ညောင်ညကိစ္စဖြစ်နေတတ်တယ်။ ကိုယ်က ပေါ့ပေါ့တန်တန် သာမညလို့ သဘောထားတဲ့ ကိစ္စမျိုးကို တစ်ဖက်သားက လေးလေးနက်နက် အဓိကကိစ္စလို့ ထင်နေတာမျိုးလည်း ဖြစ်တတ်ပြန်ရော။ အဲတော့ ကုန်သွားတဲ့ အချိန်တွေမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ အပြောင်းအလဲတွေကို ကြည့်ပုံ၊ မြင်ပုံ၊ သင်ခန်းစာထုတ်နှုတ်ပုံချင်း ဘယ်တူပါ့မလဲ။
ဒီနေရာမှာ အရေးကြီးတဲ့အချက်က ကျနော်တို့တတွေ နှစ်ဟောင်းကို ပြန်ကြည့်တဲ့အခါ အဓိကကိစ္စကို သာမညလိုသဘောထားပြီး သာမညကိစ္စကို အဓိကလို စဉ်းစားပြီး သင်ခန်းစာအလွဲမယူမိကြဖို့ပါ။ အဲလိုမယူမိဖို့က ကျနော်တို့ ဘယ်လို မိဘမျိုးက ဗွေဆော်ဦး ဆုံးမသွန်သင်ခဲ့သလဲ၊ ဘယ်လို ကျောင်းမျိုးမှာ တက်ခဲ့တာလဲ၊ ဘယ်လို ဆရာမျိုးက သင်ကြားပေးလိုက်သလဲ၊ ဘယ်လို ပြဋ္ဌာန်းချက်စာအုပ်မျိုးကို အခြေခံပြီး သင်ပေးတာလဲ၊ ဘယ်လို မိတ်ဆွေ၊ သူငယ်ချင်းမျိုးနဲ့ ပေါင်းသင်းခဲ့လဲ၊ ဘယ်လို အရည်အချင်းစစ်ဆေးတဲ့ပုံစံနဲ့ ဘွဲ့ရတာလဲ၊ ဘယ်လိုသဘောတရားမျိုးတွေ အခြေခံတဲ့ ပညာရေးစနစ်နဲ့ ဖြတ်သန်းခဲ့တာလဲ ဆိုတဲ့အချက်တွေက ကျနော်တို့ ဘယ်လို ချဉ်းကပ် စဉ်းစား၊ သုံးသပ်၊ အဖြေရှာ၊ သင်ခန်းစာယူကြသလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျတယ်။ ဒီနေရာမှာ အရေးအကြီးဆုံးအချက်က ပညာရေးပဲ။ ဒါကို ကျနော်တို့ အားလုံးသိနေကြတာပဲ။ ပညာရေးစနစ်ဆိုတာကလည်း ခေတ်အလိုက် အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေရဲ့ အရည်အချင်းနဲ့ အမြော်အမြင်အပေါ် မူတည်နေတယ်။ ကျနော်တို့နိုင်ငံရဲ့ ဒီကနေ့အဆင့်အတန်းက ကျနော်တို့ ဘယ်လိုပညာရေးစနစ်နဲ့ ဖြတ်သန်းသင်ယူလာခဲ့ကြသလဲ၊ အဲဒီပညာရေးစနစ်ကို ဘယ်သူတွေက ရေးဆွဲပြဋ္ဌာန်းသလဲဆိုတဲ့အပေါ် လုံးလုံး အခြေခံတယ်။
ကျနော်တို့ ရှေ့က မှားခဲ့တာတွေကို သင်ခန်းစာယူဖို့ဆိုရင် ကျနော်တို့မျက်မှောက် ပညာရေးစနစ်ကို အရင်သုံးသပ်ပြီး ပြင်ကြဖို့လိုမယ်။ အမှား၊ အမှန်ခွဲခြားတတ်အောင်၊ ယထာဘူတကျကျ၊ ကျိုးကြောင်းဆက်စပ်မှုရှိရှိ တွေးခေါ်စဉ်းစားတတ်အောင်၊ ဘက်ပေါင်းစုံကနေ ကြည့်တတ်၊ မြင်တတ်အောင်၊ မတူညီတဲ့ သဘောထားအမြင်တွေကို လက်ခံနားလည်ပေးတတ်အောင်၊ ဘယ်သူနဲ့မဆို ဥပဒေဘောင်အတွင်းကနေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တတ်အောင်၊ စည်းကမ်းရှိပြီး ယဉ်ကျေးတဲ့ နိုင်ငံသားတွေဖြစ်အောင်၊ ကိုယ်ကျိုးနဲ့အများအကျိုး ချိန်မျှကြည့်တတ်အောင်၊ ဟီရိသြတ္တပ္ပ ထားတတ်အောင်၊ အများနဲ့ ပူးပေါင်းဆောင်ရွက်တတ်အောင်၊ ကိုယ့်အခွင့်အရေးကိုသိသလို အများအခွင့်အရေးကိုလည်း လေးစားတတ်အောင်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာကို အများပြည်သူအတွက် အနှောက်အယှက်မဖြစ်စေပဲ သုံးတတ်အောင်၊ အခြေခံ ကျင့်ဝတ်နီတိတွေ လေးစားလိုက်နာတတ်အောင် ငယ်ကတည်းက စနစ်တကျ လေ့ကျင့်သင်ကြားပေးတဲ့ ပညာရေးမျိုး ဖြစ်ဖို့လိုမယ်။ အဲဒါမှ ကျနော်တို့ သင်ခန်းစာယူတတ်မယ်။
အဲဒီအတွေးနဲ့ ၂၀၁၄ နှစ်သစ်ရဲ့ အစဦး ဇန်နဝါရီ (၁)ရက်နေ့ထုတ် သတင်းစာအတွက် ရေးဖြစ်တဲ့ခေါင်းကြီးကို ဝေဖန်ဖို့၊ လွတ်လပ်စွာ သဘောထားကွဲလွဲဖို့၊ ဖြည့်စွက်ဆွေးနွေးဖို့နဲ့ ဆင်ခြင်သတိပြုမိကြဖို့ မျှဝေပါတယ်။
သင်ခန်းစာယူတတ်ရန် လိုသည်
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ကြည့်လျှင် ယနေ့ မြန်မာ လူ့အဖွဲ့အစည်း ရောက်ချင်၊ လိုချင်သည့် ပန်းတိုင်သို့ သွားရာခရီးအတွက် သင်ခန်းစာယူစရာ များစွာရှိသည်။ အနီးစပ်ဆုံး ပြောရလျှင် လွတ်လပ်ရေးဟူသော ပန်းတိုင်အတွက် မြန်မာ တစ်မျိုးသားလုံး ပေးဆပ်ခဲ့ရသော အသက်၊ သွေး၊ ချွေးများနှင့်အတူ အဆိုး၊ အကောင်း သင်ခန်းစာများလည်း ရှိခဲ့သည်။
သင်ခန်းစာတို့ မည်သည် ယူတတ်မှရသည့် သဘောရှိရာ ၁၉၄၈ ခုနှစ်မှစလျှင် ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၃၊ ၁၉၈၈၊ ၁၉၉၀၊ ၂၀၀၈၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၃ မှသည် ယနေ့ အချိန်အထိ ကြုံတွေ့ခဲ့ရသည့် သမိုင်းသင်ခန်းစာများကို မည်မျှ အတိုင်းအတာအထိ ရယူဆင်ခြင် နိုင်ခဲ့သနည်းဟု မေးစရာရှိသည်။
မည်သည့် အရေးကိစ္စမဆို လောကသဘာဝအရ ရှိနေတတ်သည့် အဆိုး၊ အကောင်း၊ အမှား၊ အမှန်တို့ကို ပိုင်းပိုင်းခြားခြား ကွဲပြားစွာ သိရှိရန်အလို့ငှာ ယထာဘူတကျကျ၊ ကျိုးကြောင်း ဆီလျော် အပ်စပ်မှုရှိရှိ ပကတိ အခြေအနေအတိုင်း ဆန်းစစ် ဝေဖန်သုံးသပ်မှုက အရေးကြီးသည်။ ထို့အတူ ဆန်းစစ်ဝေဖန် သုံးသပ်မည့် သူများ၏ အသိပညာရေချိန်နှင့် အဂတိတရား ကင်းစင်မှုက ထပ်ဆင့် အရေးကြီးသည်။ ထို့နောက် သက်ဆိုင်ရာ လူ့အဖွဲ့အစည်း တစ်ခုချင်းစီ၏ ဖြည့်ဆည်း လေ့လာထားသည့် အသိပညာ အဆင့်အတန်းကလည်း အဓိကကျသော နေရာတွင်ရှိသည်။
နှစ်တစ်နှစ်ချင်းစီကို ကျော်ဖြတ်လာခဲ့သော မြန်မာ့သမိုင်းသည် နှစ်ဟောင်း တစ်နှစ်ကုန်သွားသည့် အခါတိုင်း ထိုနှစ်ဟောင်းမှ မည်သို့ သင်ခန်းစာ ယူခဲ့သည်ကို ဆင့်ကဲ မှတ်တမ်းတင်ပေး ထားခဲ့ခြင်း ဖြစ်သည်။ ဖြတ်သန်းလာသော သမိုင်းကြောင်းထံမှ အဆိုးများကို ရှောင်ကာ အကောင်းများကို ဆောင်နိုင်ခြင်း မရှိပါက သမိုင်းမှတ်တမ်း အဆင့်သာရှိသည်။ ‘ဆောင်’ ခြင်း ‘ရှောင်’ ခြင်း အဆင့်ကို ထိတွေ့ကျော်ဖြတ်ပြီးမှသာ သင်ခန်းစာယူသည့် အဆင့်ကို ရောက်သည်။ သင်ခန်းစာယူသည့် အဆင့်ရောက်ရှိမှသာ ပိုကောင်းသော အနာဂတ်များကို ဖန်တီးနိုင်သည်။ ပိုကောင်းသော အနာဂတ်သည် လက်ရှိမျိုးဆက်က နောက်မျိုးဆက် များစွာအတွက် သမိုင်းရေးခြင်း ဖြစ်သည်။
ယနေ့တည်ဆောက် အကောင်အထည် ဖော်နေသော လူသားအားလုံး တန်းတူ ရရှိရမည့် အခြေခံ လူ့အခွင့်အရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး (ဝါ) အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့အတွက် ၂၀၁၃ တွင် ကြုံခဲ့ရသည့် အဆိုး၊ အကောင်းများထံမှ သင်ခန်းစာကောင်းများ ရယူနိုင်လိမ့်မည်ဟု မျှော်လင့်သည်။
အယ်ဒီတာ (၁-၁-၂၀၁၄)
Kyaw min swe