Quantcast
Viewing all articles
Browse latest Browse all 32865

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်မှာစကားတို့ကိုအလွဲပြုလျှင် နိုင်ငံတော်အား သစ္စာဖောက်ပြားရာ ရောက်သည်

(တပ်မတော်ဖခင်ကြီး ၊ တိုင်းရင်းသားသွေးစည်းညီညွတ်ရေး အုတ်မြစ်ချသူ နှင့် လွတ်လပ်ရေး ပိသုကာကြီး )
ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်မှာစကားတို့ကိုအလွဲပြုလျှင် နိုင်ငံတော်အား သစ္စာဖောက်ပြားရာ ရောက်သည်
ထင်လင်းဦး (Wisdom Villa)

ကမ္ဘာပေါ်ရှိ နိုင်ငံတစ်ခုစီတွင် ထာဝရဦးထိပ်ထားအပ်သော ပုဂ္ဂိုလ်ဟူသည်ရှိ၏ ။ ထိုသူသည် နိုင်ငံတော်တွင် ထာဝရ ချစ်ခင်လေးစားမြတ်နိုးအပ်သောသူဖြစ်၏ ။ ထိုသူသည် ကမ္ဘာကသိသော နိုင်ငံတော်၏ ပုံရိပ်ဖြစ်၏ ။ ထိုသူအားဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့သည် ဂုဏ်ဒြပ်ကြီးကျယ်ခမ်းနားရ၏ ။ ယင်းကြောင့် ထိုသူသည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ တန်ဖိုးလည်းဖြစ်၏ ။ နှလုံးသည်းပွတ်လည်းဖြစ်၏ ။ ဤသို့သောအခြင်းအရာများအားဖြင့် ညီညွတ်သော မြန်မာ့ လွတ်လပ် ရေးပိသုကာ ၊ မြန်မာ့တပ်မတော်၏ ဖခင် ၊ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို ပင်လုံစာချုပ်ဖြင့် အုပ်မြစ်ချခဲ့သူ ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အား တန်းတူညီမျှသောအခွင့်အရေးတို့ဖြင့် တည်ဆောက် စေခဲ့သူ ၊ လူနည်းစုတိုင်းရင်းသား တို့အား မနှိမ့်မချပဲအရေးထားစေခဲ့သူ ဗိုလ်ချုပ် အောင်ဆန်း ဟူသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဂုဏ်ဒြပ်ဖြစ် သည် ။ နိုင်ငံတော်၏ ထာဝရ အထွဋ်မြတ်ဆုံးသော ပုဂ္ဂိုလ်ကြီးဖြစ်သည် ။ နိုင်ငံသားတို့၏ ထာဝရ အထွဋ်အထိပ်သော နေရာကို ပေးအပ်ခြင်းခံရသူဖြစ်၏ ။

ဗိုလ်ချုပ်အောင်ဆန်းသည် အဖ ဦးဖာ ၊ အမိဒေါ်စုတို့မှ မွေးဖွားခဲ့သူအဖြစ်မှ မြန်မာနိုင်ငံတော်၏ အတိဇာတသား အဖြစ်သို့ရောက်ခဲ့၏။ ဒေါ်ခင်ကြည်အတွက် ခင်ပွန်း ဖြစ်ခဲ့ရုံသာမက မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားတို့၏ အိမ်ဦး နတ် ဖြစ်ခဲ့၏ ။ အောင်ဆန်းဦး ၊ အောင်ဆန်းလင်း နှင့် အောင်ဆန်းစုကြည်တို့၏ မွေးသဖခင်ဖြစ်ခဲ့ရုံသာမက တပ်မတော်၏ ဖခင် ၊ နိုင်ငံတော်လွတ်လပ်ရေး၏ ဖခင် ၊ နိုင်ငံတော်သားတိုင်း၏ ဖခင်ဖြစ်ခဲ့၏ ။
ဗိုလ်ချုပ်အောင်ဆန်းကို အမိအဖ ၊ ဇနီး ၊ သားသမီး မည်သူမျှမပိုင် ။ နိုင်ငံတော်ကသာ ပိုင်ဆိုင်၏။ ဗိုလ်ချုပ် အောင်ဆန်း၏ ဟောင်းနွမ်းစုတ်ခြာသော အ၀တ်အစား အသုံးအဆောင်တို့သည် နိုင်ငံတော်၏ တန်ဖိုး မဖြတ်နိုင်သော ၊ ကမ္ဘာတည်သ၍ မြန်မာတည်သ၍ မြန်မာနိုင်ငံသားတိုင်းက ထိမ်းသိမ်းစောင့်ရှောက် ထိုက်သော ပရိက္ခရာတို့ဖြစ်ကြသည် ။ ထိုအရာများသည် မည်သည့်လူတစ်ဦးတစ်ယောက်မျှ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်မရှိ ။ ပိုင်ဆိုင်ခြင်းငှာ မထိုက် ။ နိုင်ငံတော်နှင့် နိုင်ငံသားများသာ ပိုင်ဆိုင်ထိုက်သော၊ မြင့်မြတ်သောအရာတို့ ဖြစ်ကြသည် ။ ထိုအရာတို့ကို ပျက်ပြားစေရန် လုံ့လပြု သူသည် နိုင်ငံတော်ပိုင်အထွဋ်အမြတ်ပစ္စည်းကို ပျက်ပြားစေရန် လုံ့လပြုရာရောက်သဖြင့် ဗိုလ်ချုပ်ကိုယ်တိုင်ကို လုပ်ကြံ သည်ကဲ့သို့ ကြီးစွာသော ရာဇ၀တ်မှုထိုက်သည်ဟုယူရာ၏။

ဗိုလ်ချုပ်၏ သမိုင်းဝင် စကားအဆိုအမိန့်တို့သည် တစ်ဦးတစ်ယောက်ပိုင်သိမ်းဆည်းပိုင်ဆိုင်ခြင်းငှာ မဟုတ် ။ တစ်ဦးတစ်ယောက်က အမွေဆက်ခံရန်မဟုတ် ၊ နိုင်ငံသူနိုင်ငံသားတိုင်းက ပိုင်ဆိုင်သည့် အဖိုးမဖြတ်နိုင်သော တန်ဖိုးရှိ သည့် စကားအဆိုအမိန့်များဖြစ်ကြ၏ ။ ဗိုလ်ချုပ်၏ စကားအဆိုအမိန့်တို့သည် နိုင်ငံတော်၏ တည်ရာမှီကာ ကိုးကားရာ ကျမ်းစာသဖွယ်ဖြစ်၏ ။ နိုင်ငံတော်နှင့် နိုင်ငံသားများကို လှည့်ဖြားလိုသည့် အကြံအစည်ဖြင့် ထိုစကားစုစကားရပ်များကို နငယ်အမြီးဆက်၍၎င်း ၊ မမှန်မကန်သော အကျင့်အကြံဖြင့် လိုရာဆွဲယူပြောဆိုခြင်း ၊ ရေးသားခြင်းသည်၎င်း ၊ မမှန်မကန် အသုံးချပြောဆို ရေးသားခြင်းသည်၎င်း ၊ မမှန်မကန်ကိုးကားပြောဆိုရေးသားခြင်းတို့သည်၎င်း အဖိုးအနဂ္ဃ ထိုက်သော ၀ဇီရစိန်ကို ဖန်ကွဲစဖြင့် အစားထိုးသည်ကဲ့သို့လည်းကောင်း ၊ မနောမယပတ္တမြားကို ကျောက်စရစ်ခဲဖြင့် အစားထိုးသကဲ့ သို့လည်းကောင်း ပြုမူရာရောက်လျက် ၊ နိုင်ငံတော်နှင့်နိုင်ငံသားတို့ အမွန်အမြတ်ထားအပ်သော ၊ စောင့်ရှောက်အပ်သော လွတ်လပ်ရေးဖခင်၏ စကားမြတ်တို့ကို သေးသိမ်နုံနဲ့စေရန် လုံ့လပြုရာရောက်သည်ဖြစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ်တွင် ကြီးစွာသော သစ္စာ ဖောက်ပြားမှုကို ပြုခြင်းပင်ဖြစ်သည်ဟုယူရာ၏ ။

ယင်းသို့ ကျင့်ကြံပြုမူခြင်း အမှုကိစ္စတို့သည် နိုင်ငံတော်သားတို့၏ ထာဝရ အထွဋ်အထိပ်ပုဂ္ဂိုလ်အား ထိပါး စော်ကားခြင်းပြုရာရောက်သည်ဖြစ်၍ နိုင်ငံတော်သားတို့၏ စိတ်နှလုံးကို ညှိုးချုံးပင်ပန်းစေသည်ဖြစ်သောကြောင့် ဗိုလ်ချုပ် အောင်ဆန်းအား ရက်စက်စွာလုပ်ကြံခဲ့သူတို့၏ လုံ့လပြုသည်နည်းတူ သဘောမှတ်ထိုက်သည်ဟုယူရာ၏ ။ ယင်းသို့ မသင့်သောအကြံ ၊ မမှန်သောအကျင့်တို့ဖြင့် ကြံစည်အားထုတ်ပြုမူ မှုတို့သည် နိုင်ငံတော်ကို လုပ်ကြံသည်ကဲ့သို့ ကြီးစွာသော ရာဇ၀တ်မှုထိုက်သည်ဟုယူရာ၏။

၁၉၄၇ ခုနှစ် ဧပြီ ၇ရက်နေ့တွင် ပထမဆုံးသော တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သည့် ဖဆပလအဖွဲ့က တစ်နိုင်ငံလုံးတွင် အမတ်နေရာ ၂၅၅ နေရာရှိသည့်အနက် အမတ် ၂၄၈ နေရာအနိုင်ရရှိခဲ့သည် ။ ထိုနှစ် ဇွန်လ ၁၆ရက်နေ့တွင် ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အချက် (၇)ချက်ပါဝင်သော အဆိုတစ်ရပ်ကို တင်သွင်းခဲ့သည် ။ ထိုအဆို၏ အဓိက အချက်မှာ လွတ်လပ်လာတော့မည့် နိုင်ငံတော်တွင် ပြည်နယ်(ပြည်ထောင်) အားလုံးပါဝင်ပြီး အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံဖွဲ့စည်းရန် ဖြစ်သည် ။ ယင်းအဆိုကို တိုင်းပြုပြည်ပြု လွှတ်တော်က တစ်ခဲနက်ထောက်ခံ အတည်ပြု ခဲ့ကြကာ ၊ ၁၉၄၇ ခုနှစ် ဇွန် ၁၈ရက်နေ့တွင် အဖွဲ့ဝင် ၇၅ ဦးပါဝင်သော နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ မူကြမ်း ကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းခဲ့ပေသည် ။
ယင်းသို့ တိုင်းပြုပြည်ပြုလွှတ်တော်သို့ ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့် အဆို (၇)ချက်အားဖြင့် လွတ်လပ် ရေးရပြီးနောက်တွင် ၊ အနာဂတ် နိုင်ငံတော်အား ဒီမိုကရေစီစနစ်နဲ့ လျော်ညီစွာ ၊ တန်းတူညီမျှခွင့်ရှိသည့် ပြည်ထောင် များ ပါဝင်ဖွဲ့စည်းကြသော ပြည်ထောင်စုပုံစံဖြင့် တည်ဆောက်သွားမည် ဟူသည့် နိုင်ငံတော်အခြေခံမူများကို ချမှတ် ပေးခဲ့ခြင်းဖြစ်ပေသည် ။ ထို အဆို (၇)ချက်ကို ဂဃနဏ သေသေချာချာလေ့လာပါလျှင် နိုင်ငံ၏ လွတ်လပ်ရေးကို အရယူ ပေးခဲ့သော လွတ်လပ်ရေးပိသုကာကြီး၏ အမျှော်အမြင်ကြီးမားသော၊ စိတ်နှလုံးသား ကြီးမြတ်လှသော အခြင်းအရာကို တွေ့မြင်နိုင်ပေလိမ့်မည် ။

(၁) နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဟု ခေါ်တွင်စေသော လွတ်လပ် သည့် အချုပ်အချာအာဏာပိုင် သမတ နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်စေရမည် ။ဤအချက်တွင် လွတ်လပ်ရေးရအပြီး မြန်မာနိုင်ငံကို သမ္မတ အုပ်ချုပ်ရေးစနစ်ကျင့်သုံးမည် ၊ နိုင်ငံတော်ကို ပြည်ထောင်များ စုဖွဲ့ပါဝင်ကြသော ပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်မည် ဟူသည့် သဘောထားမူဝါဒဖြစ်သည် ။ နိုင်ငံတော်အတွက် အဓိကအကျဆုံးသော အခြေခံမူအုတ်မြစ်ချခြင်းဖြစ်သည် ။

(၂) ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီး ပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ တွင် သတ်မှတ်ဖော်ပြသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာ ရှိစေရမည် ။ ဤအချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြည်ထောင်စုနိုင်ငံကို ပြည်နယ်များဖြင့် ဖွဲ့စည်းသည် ဆိုသည်တွင် ထိုပြည်နယ်များအားလုံးတို့သည် ကိုယ်ပိုင်အုပ်ချုပ်ရေးအခွင့်အာဏာ ရရှိစေရမည်ဆိုသည့် သဘောထား မူဝါဒဖြစ်သည် ။ ထိုမူဝါဒသည် တောင်တန်းမြေပြန့်မခွဲမခြား မကွဲမပြားဘဲ ၊ စည်းလုံးညီညွတ်စွာဖြင့် လုံးဝလွတ်လပ်ရေးကို အရယူရန် သံန္နိဌာန်ဖြင့် တိုင်းရင်းသားတို့နှင့်ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါ အပိုဒ် ( ၅) ကို အခြေခံပြုကာ ထည့်သွင်းတင်ပြခဲ့သော အဆိုဖြစ်ပါသည် ။

(၃) အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမတမြန်မာနိုင်ငံတော်နှင့်တကွ အခြားအပါအ၀င်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်ရမည် ။ ဤအချက်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြည်သူတို့ကသာ ပိုင်ဆိုင်သည် ဆိုသည်ကို တိတိ ကျကျ ၊ အသိအမှတ်ပြုကြရန် တင်သွင်းခဲ့သည့် အဆိုဖြစ်သည် ။

(၄) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌၎င်း ၊ စီးပွား ရေး၌ ၎င်း၊ နိုင်ငံရေး၌ ၎င်း တရားမျှတမှုရှိစေလျက် အဆင့်အတန်း အခွင့်အရေးနှင့် ဥပဒေသက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ ၊ ပကတိတူညီစေရမည့်အပြင် တရားဥပဒေသနှင့်သော်၎င်း အများပြည်သူတို့ စောင့်စည်း အပ်သော အကျင့်သိက္ခာ နှင့်သော်၎င်း ၊ စီးပွားရေး၌၎င်း မဆန့်ကျင်သမျှ လွတ်လပ်စွာကြံစည်ပိုင်ခွင့် ၊ လွတ်လပ်စွာဖော်ထုတ်ပြောဆိုပိုင်ခွင့် ၊ ယုံကြည်ပိုင်ခွင့် ၊ ဘာသာတရားကိုးကွယ်ပိုင်ခွင့် ၊ ၀တ်ပြုပိုင်ခွင့် ၊ ပရိယေသနရှာမှီးပိုင်ခွင့် ၊ စည်းရုံးပိုင်ခွင့် ၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အလုံအလောက် သတ်မှတ်ထားရှိစေရမည် ။ ဤအချက်သည် ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းမပေါ်ပေါက်မီကတည်းကပင် ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သော မြန်မာ့လူ့ဘောင် လူ့အခွင့်အရေးကြေညာချက် ဟုပင်ဆိုနိုင်၏ ။ ကုလသမဂ္ဂလူ့အခွင့် အရေးကြေညာစာတမ်းကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ တွင်မှ ထုတ်ပြန်ကြေငြာနိုင်ခဲ့သည် ။ ထိုကြေညာ စာတမ်းထက်စော၍ လူ့အခွင့်အရေးအပြည့်အ၀ရှိသည့် နိုင်ငံတော် အခြေခံမူကိုချမှတ်ပေးခဲ့သည့် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတွင် အနာဂတ်လူ့ဘောင်အတွက် ရှေ့ရေးကို မည်မျှကြိုတင် မြှော်မြင်နိုင်သည့် ညဏ်ပညာရှိခဲ့သည် ဆိုသည်ကို ဤအချက်အားဖြင့် အထင်းသားသိနိုင်သည် ။

(၅) ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဌာန်းထားရှိစေရမည် ။ ဤအချက်သည် နိုင်ငံအတွင်းမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူနည်းစုများကို ဗိုလ်ချုပ်ကမည်မျှတန်ဖိုးထားခဲ့သည် ။ မည်သို့ အကာအကွယ် အစောင့်အရှောက်မှုပေးရမည်ဟူသော ကြီးမြတ်သော စိတ်နှလုံးသားကိုဖော်ပြခဲ့သည် ။

(၆) လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမတမြန်မာနိုင်ငံ၏ နယ်မြေကို တစ်ပေါင်းတစ်စည်းတည်း တည်တံ့ခိုင်မြဲရေးကို လည်းကောင်း ၊ နိုင်ငံတော်၏ ကြည်းရေလေတို့ကို အချုပ်အခြာ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကိုသော်၎င်း ၊ တရားဓမ္မနှင့် တကွ ပြည်ထောင်အချင်းချင်းထိန်းစောင့်ထားရမည် ။ ဤအချက်သည် နိုင်ငံတော် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးသည် တစ်စုတစ်ဖွဲ့သောအင်အားစုတွင်သာ တာဝန်ရှိသည်ဟုမခံယူဘဲ ၊ တိုင်းရင်းသား ညီရင်းအကိုမောင်ရင်းနှမများ၏ ချစ်ကြည်မှု ၊ စည်းလုံးညီညွတ်သည့် စိတ်ဓါတ် များအားဖြင့် ၀ိုင်းဝန်းကာကွယ် စောင့် ရှောက်ရမည်ဟူသောအချက်ကို ဖော်ပြသည် ။ မိမိတို့သာလျှင် တိုင်းပြည်ကိုချစ်သည် ၊ စောင့်ရှောက် ကာကွယ်သည် ဟူသည့် မှားယွင်းသောထင်မြင်ယူဆမှုများ မပေါ်ပေါက်စေဘဲ အမိနိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ရန်တာဝန်သည် နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်ကြောင်း လမ်းညွှန်ပြခဲ့သည့် အဆိုပြုချက်ဖြစ်သည် ။

(၇) ရာဇ၀င်တွင် ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ ဂုဏ် ကျက်သရေနှင့်လျော်ညီ စွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင် လူသတ္တ၀ါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်အချင်းချင်းဆိုင်ရာ တရားဓမ္မတာနှင့် ကျင့်ဝတ်သိက္ခာကို အခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေး ရှေးရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်ဘဲ တွဲဖက် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဌာန်ဖြင့် စောင့်ထိန်းတော့အံ့ ။ ဤနောက်ဆုံးအချက်တွင် နိုင်ငံတော် ကို ကျွန်နိုင်ငံ အဖြစ်မှ လွတ်လပ်သော နိုင်ငံတော်အဖြစ်သို့ ရောက်စေရုံမျှ သာမက ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သော ၊ ကမ္ဘာက လေးစားရသော အင်အားရှိသည့်နိုင်ငံတစ်ခုအဖြစ်ကိုတည်ဆောက်ရန် ၊ နိုင်ငံသားတို့၏ အကျိုးစီးပွားကိုသာမက ၊ ကမ္ဘာသူကမ္ဘာသားတို့၏ ကောင်းကျိုးချမ်းသာကိုပင် သယ်ပိုးထမ်းရွက်နိုင် သော နိုင်ငံတစ်ခုပီပီပြင်ပြင်ဖြစ်လာစေရန် ၊ ကိုယ့်နိုင်ငံတွင်းစုစည်းပါဝင်ကြသော ပြည်ထောင်ချင်းချင်း တန်းတူညီမျှ မှုဖြင့် စည်းလုံးညီညွတ်သော ပြည်ထောင်စု နိုင်ငံတစ်ခုအဖြစ်တည်ဆောက်ပြီးနောက် နိုင်ငံတကာ ဆက်ဆံရေးကိုလည်း ဟန်ချက် ညီဆောင်ရွက်နိုင်စေရန် ဟူသည့် အတွေးအမြင်ကို ဖော်ပြခဲ့သော အဆိုတစ်ရပ်ဖြစ်၏ ။

ဤအဆိုပြုချက်တို့အားဖြင့် ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကို ရေးဆွဲခဲ့ကြသည် ။ ထိုသို့ရေးဆွဲခဲ့သော ဥပဒေနိဒါန်းတွင် နယ်စပ်ဒေသများနှင့် ကရင်နီနယ်များ အပါအ၀င် မြန်မာနိုင်ငံ တော် နိုင်ငံသားများ ဖြစ်ကြသောကျွန်ုပ်တို့သည် ၊ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော မြန်မာနိုင်ငံကို အခိုင်အခံ့ အညီအညွတ်တည်ထောင်ရင် သန္နိဌာန်ချ၍၎င်း ၊ တရားမျှတခြင်း ၊ လွတ်လပ်ခြင်း ၊ ညီမျှခြင်းတည်းဟူသော လောကပါလ တရားများကိုအခြေခံကာ လူသတ္တ၀ါခပ်သိမ်းတို့ ၏ ငြိမ်းချမ်းသာယာရေးကိုခိုင်မြဲတည်တံ့အောင် ထိမ်းသိမ်းရန် သံန္နိဌာန်ချ၍၎င်း ၊ လွတ်လပ်စွာတွေးကြံနိုင်မှု ၊ လွပ်လပ်စွာဖွင့်ဟရေးသားဖော်ပြနိုင်မှု ၊ လွတ်လပ် စွာယုံကြည်နိုင်မှု ၊ လွတ်လပ်စွာကိုးကွယ်နိုင်မှု ၊ လွတ်လပ်စွာဘုရာကျောင်းကန်စသည်တို့သို့ သွားလာဝတ်ပြုနိုင်မှု ၊ လွတ်လပ်စွာ ပရိယေသနရှာမှီးနိုင်မှု ၊ လွတ်လပ်စွာစည်းရုံးနိုင်မှု ၊ လွတ်လပ်စွာပြုမှုဆောင်ရွက်နိုင်မှု ၊ အဆင့်အတန်းအရာ တွင်ညီမျှမှု ၊ အခွင့်အလမ်းညီမျှမှု ၊ တရားဥပဒေအရာတွင် ညီမျှမှုတို့ကို နိုင်ငံသား အားလုံးခံစားရရှိနိုင်စေခြင်းငှာ အခိုင်အမာ ခံဝန်ပြုရန် သံန္နိဌာန်ချ၍၎င်း ၊ မြန်မာသက္ကရာဇ် ၁၉၀၃ ခုနှစ် ၊ သီတင်းကျွတ်လဆန်း ၁၀ရက်နေ့ (ခရစ်သက္ကရာဇ် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့)တွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်ုပ်တို့ တိုင်းပြည် လွှတ်တော် ၌ ကျွန်ုပ်တို့ သည်လက်ခံ၍ ဥပဒေအဖြစ်အတည်ပြုပြီးလျှင် ကျွန်ုပ်တို့အား နှင်းအပ်လိုက်သည် ။ ဟု ရေးသားဖော်ပြခဲ့သည် ။
ယခုတလောတွင် အချို့အချို့သောသူတို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)သည် ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်ရေးသားပြဌာန်းစေခဲ့သော ထို ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်ပါရှိကြောင်း နိုင်ငံတော်သူနိုင်ငံတော်သား ပြည်သူများကိုလိမ်လည့်လှည့်ဖြားဟောပြောလာကြသည်ကို ကြားသိနေရသည် ။ ၁၉၄၇ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အခန်း(၅) နိုင်ငံတော်သမ္မတ ၊ ပုဒ်မ၄၉(က) တွင် မိမိကိုယ်တိုင်သော်လည်းကောင်း မိမိ၏ မိဘနှစ်ပါးသော်လည်းကောင်း ပြည်ထောင်စုနိုင်ငံ၏ ပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော ၊ ထို့အပြင် (ခ) ပါလီမန်အမတ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်းဖြစ်သော ပုဂ္ဂိုလ်မျိုးမဟုတ်လျှင် မည်သူမျှ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးကောက်ခံပိုင်ခွင့်မရှိစေရ ။ ဟုဖော်ပြပါရှိသည်ကိုတွေ့ရသည် ။ ထို၄၉(ခ)နှင့်ဆက်စပ်သော အခန်း(၆ ) ပါလီမန် အပိုင်း(၁) အရပ်ရပ်ဆိုင်ရာ ၊ ပုဒ်မ၇၄(၁) အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်တစ်ရပ်ရပ်၏ အမတ်အဖြစ်ရွေးချယ်ခြင်းခံ ရရန်၎င်း ။ လွှတ်တော်တစ်ရပ်ရပ်၏ အမတ်အဖြစ် မဲထည့်စေရန်၎င်း ခွင့်မပြုရ ။

(က) နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော် ကို ခံယူစောင့်ရှောက်ရိုသေသူ ၊ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူသော်၎င်း ၊ နိုင်ငံသားသော်၎င်း ၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များ ကို ခံစားနိုင်ခွင့်ရှိသူ ၊ သို့တည်းမဟုတ် … ဟု ဆက်လက်လေ့လာတွေ့ရှိရသည် ။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၃) နိုင်ငံတော်အကြီးအကဲ ၊ ပုဒ်မ ၅၉(စ) သည် ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲစေခဲ့သည်ဟူသည့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း မပါ ၊ ထိုဥပဒေရေးဆွဲရေးအတွက် ပြောကြားခဲ့သည်ဆိုသည့် တိုင်းပြုပြည်ပြု လွှတ်တော်သို့ တင်သွင်းသော အဆို(၇) ရပ်တွင်လည်းမပါ ။ ထိုအဆို(၇)ရပ် အဘယ်ကြောင့်တင်သွင်းရသည်ဆိုသည်ကို တိုင်းရင်းသားခေါင်းဆောင်များအား ရှင်းလင်းတင်ပြသော စကားရပ်များတွင် လည်း စိုးစေ့မျှ မပါဝင် သည်ကို လေ့လာ တွေ့ရှိရပါသည် ။

ဤမျှဆိုလျှင် ၂၀၀၈ ဥပဒေ၏ ၅၉(စ) သည် ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲစေခဲ့သည်ဟူသည့် စကားသည် တိုင်းပြည် ၏ ထာဝရအထွဋ်အထိပ်ပုဂ္ဂိုလ်ကို ခုတုံးလုပ်၍ ပြည်သူကိုလိမ်လည်လှည့်ဖြားလိုသူတို့၏ လုပ်ကြံစကား သာဖြစ်သည်ဆိုသည်ကို အထင်းသားသိမြင်နိုင်ကြမည်ဖြစ်ပါသည် ။ ထိုလုပ်ဆောင်မှုသည် ဗိုလ်ချုပ်ချမှတ်ခဲ့သည့် ၁၉၄၇ ဖွဲ့စည်းပုံ အခန်း(၆ ) ပါလီမန် အပိုင်း(၁) အရပ်ရပ်ဆိုင်ရာပုဒ်မ ၇၆ (၄) ပါလီမန်အမတ်ဖြစ်နိုင်ရေးအတွက် မည်သည့်နိုင်ငံသားကိုမျှကျားမဘ၀ကိုသော်၎င်း ၊လူမျိုးကိုသော်၎င်းကိုးကွယ်ရာဘာသာကိုသော်၎င်း အကြောင်းပြ၍ လိုအပ်သောအရည်အချင်းချို့ငဲ့အောင် ဥပဒေမပြုရ ၊သို့တည်းမဟုတ် ဆက်လက်၍အတည်မဖြစ်စေရ မည်သည့်နိုင်ငံသား ကိုမျှ အထက်ပါ အကြောင်းများကိုပင် အကြောင်းပြု၍ လိုအပ်သောအရည်အချင်းပျက်ယွင်းအောင် ဥပဒေမပြုရ သို့တည်းမဟုတ်ဆက်လက်၍ အတည်မဖြစ်စေရ ဟူသည့်အချက်ကိုဖောက်ဖျက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်မှာချက်တို့ ကို ကျူးလွန်စော်ကားရာရောက်နေပေသည် ။ ထို့မျှသာမက ပုဒ်မ ၂၁ ပုဒ်မခွဲ(၃)နိုင်ငံတော်သည် ဘာသာရေး ဆိုင်ရာ ကိုးကွယ်မှုကိုသော်၎င်း ယုံကြည်မှုကိုသော်၎င်း အကြောင်းပြု၍ မည်သူ့ကိုမျှ သက်ဆိုင်ရာ အခွင့်အရေးချို့ငဲ့စေခြင်း ၊ ခွဲခြားခြင်းကိုမပြုရ ။ (၄) နိုင်ငံရေးကိစ္စ အလို့ငှာကိုးကွယ် ရာဘာသာကို အလွဲသုံးစားမပြုရ ။ထို့ပြင် လူမျိုးကြောင့် သော်၎င်း ၊ တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုဏ်းနှင့်တဂိုဏ်း မုန်းတီးခြင်း ၊ရန်ဖြစ်ခြင်း ၊စိတ်ဝမ်းကွဲခြင်းတို့ ပေါ်ပေါက်လာ စေရန်ရည်ရွယ်သော သို့တည်းမဟုတ်ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤအခြေခံဥပဒေနှင့် ဆန့်ကျင်သည် ။ထိုအပြုအမူမျိုးအတွက် အပြစ်ဒဏ်ပေးနိုင်အောင် တရားဥပဒေပြုနိုင်သည် ဟူသည့် ပြဌာန်းချက်နှင့် လည်း တိတိကျကျငြိစွန်းနေပေသည် ။
ဗိုလ်ချုပ်အောင်ဆန်း ၏ စကားအဆိုအမိန့်တို့သည် နိုင်ငံတော်၏ တည်ရာမှီကာ ကိုးကားရာ ကျမ်းစာ သဖွယ်ဖြစ်၏ ။ နိုင်ငံတော်နှင့် နိုင်ငံသားများကို လှည့်ဖြားလိုသည့် အကြံအစည်ဖြင့် ထိုစကားစုစကားရပ်များကို နငယ် အမြီးဆက်၍၎င်း ၊ မမှန်မကန်သော အကျင့်အကြံဖြင့် လိုရာဆွဲယူပြောဆိုခြင်း ၊ ရေးသားခြင်းသည်၎င်း ၊ မမှန်မကန် အသုံးချပြောဆို ရေးသားခြင်းသည်၎င်း ၊ မမှန်မကန်ကိုးကားပြောဆိုရေးသားခြင်းတို့သည်၎င်း အဖိုးအနဂ္ဃ ထိုက်သော ၀ဇီရစိန်ကို ဖန်ကွဲစဖြင့် အစားထိုးသည်ကဲ့သို့လည်းကောင်း ၊ မနောမယပတ္တမြားကို ကျောက်စရစ်ခဲဖြင့် အစားထိုးသကဲ့ သို့လည်းကောင်း ပြုမူရာရောက်လျက် ၊ နိုင်ငံတော်နှင့်နိုင်ငံသားတို့ အမွန်အမြတ်ထားအပ်သော ၊ စောင့်ရှောက်အပ်သော လွတ်လပ်ရေးဖခင်၏ စကားမြတ်တို့ကို သေးသိမ်နုံနဲ့စေရန် လုံ့လပြုရာရောက်သည်ဖြစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ်တွင် ကြီးစွာသော သစ္စာဖောက်ပြားမှုကို ပြုခြင်းပင်ဖြစ်သည်ဟုယူရာ၏ ဟုအထက်တွင် ရေးသားဖော်ပြ ခဲ့ပြီးဖြစ်ပါ သည် ။ ဗိုလ်ချုပ်အောင်ဆန်း၏ စကားတို့ကို မည်သူတို့ ဖျက်ဆီးနေသည်ဆိုသည်ကိုလည်း အထောက်အထားဖြင့် ဖော်ပြပြီးဖြစ်ပါသည် ။ ဤသူတို့အား နိုင်ငံတော်နှင့်နိုင်ငံသားတို့က ကမ္ဘာတည်သရွေ့ ၊ မြန်မာတည်သရွေ့ အမြတ်တနိုးထိမ်းသိမ်းထိုက်သော နိုင်ငံ့ဖခင် ၏ စကားရတနာတို့ကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေသည်ကို ထိရောက်စွာ အရေးယူအပြစ်ပေးရန်မည်သူတို့တွင် တာဝန်ရှိပါသနည်း ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဂုဏ်ဒြပ်ဖြစ်သော နိုင်ငံတော် ၏ ထာဝရ အထွဋ်မြတ်ဆုံးသော နိုင်ငံသားတို့၏ ထာဝရ အထွဋ်အထိပ်သော ပုဂ္ဂိုလ်ကြီးတစ်ဦး၏ မြင့်မြတ်လှသော ဂုဏ်ဒြပ်ကို သေးသိမ်စေရန် ပြုမူအားထုတ်နေသူတို့အား အရေးယူအပြစ်ပေးရန်မည်သူတို့တွင် တာဝန်ရှိပါသနည်း ။

Viewing all articles
Browse latest Browse all 32865

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>