““အစောကြီးကတည်းက သိတယ်၊ မင်း(မောင်ရေစက်) မရေးခင်၊ မပြောခင်ကတည်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အဘပြောပြီးသား၊ သူအစောကြီးကတည်းက သိနေတယ်။ နောက်တစ်ခုက သူ့လူတွေက (ဗဟိုအလုပ်အမှုဆောင် ၀န်ကြီးများ) ပေးပေါင်းတာလေ၊ ၀န်ကြီးတွေက အဘ ဘာပေးပါ၊ ညာပေးပါနဲ့ဆိုတာ ပေးပေါင်းတော့ သူတောင်းစား ပါတီဖြစ်သွားမယ်၊ မလုပ်ပါနဲ့တဲ့ . . .””
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးခင်အောင်မြင့်အား နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းဆင်းပေးအပ်ခဲ့
နေပြည်တော်၊ မတ် ၃
ယခင်စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၎င်းတည်ထောင်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဗဟိုမှ လိမ်လည်တင်ပြမှုများကို သိရှိနေခဲ့ပြီးဖြစ်ကြောင်း၊ စိုးရိမ်ဖွယ်ရာရှိသော မြန်မာ့နိုင်ငံရေး အခြေအနေအတွက် နေပြည်တော်ရှိ ၎င်းင်း၏ နေအိမ်၌ သမ္မတ အပါအ၀င် နိုင်ငံ အကြီးအကဲများအား ခေါ်ယူတွေ့ဆုံ၍ လျှို့ဝှက်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ခြင်းလည်း မရှိကြောင်း လက် ရှိ နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်သည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
၂၀၁၃ နှစ်ကုန်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်နှင့် ၂၀၁၄ ဖေဖော်ဝါရီ ၈ ရက်တို့တွင် နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နေအိမ်၌ သမ္မတဦးသိန်းစိန် အပါအ၀င် ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်များကို ခေါ်ယူပြီး လျှို့ဝှက် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေး၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ““ကောင်မလေး””ဟု သုံးနှုန်း ပြောဆို ခဲ့ကြောင်း အင်တာနက်ဖေ့စ်ဘွတ် စာမျက်နှာများတွင် ရေးသားဖော်ပြမှုများ ရှိခဲ့ပြီးနောက် မြန်မာ့ နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်အာဏာ တည်မြဲနေလျက် ရှိသည်ကို အများပြည်သူတို့ အတွင်း ပိုမိုယုံကြည်မှု များပြားလာခဲ့ …သည်။ ယခင် အာဏာရ လမ်းစဉ်ပါတီဥက္ကဋ္ဌနှင့် စစ်တပ် အကြီးအကဲဟောင်း ဦးနေ၀င်း အနားယူပြီး နောက်ပိုင်း၌လည်း အစိုးရ တာဝန်ရှိသူတို့နှင့် အစည်းအဝေး ပြုလုပ်ခဲ့ခြင်းများ ရှိခဲ့ကြောင်းလည်း ထုတ်ဖော် ပြောကြားသူအချို့ ရှိခဲ့သည်။
၁၉၈၈ န၀တမှ ၂၀၁၁ နယက အစိုးရအထိ နှစ်ပေါင်း ၂၀ ကျော် နိုင်ငံ့အကြီးအကဲ စစ်ခေါင်းဆောင်အဖြစ် လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သမ္မတဦးသိန်းစိန် အပါအ၀င် အာဏာရ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များအားလုံး ကြောက်ရွံ့လေးစားခြင်း ခံရသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ယခုနှစ် (မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်)သီတင်းကျွတ်လ နောက်ပိုင်း ကြံ့ခိုင်ရေးဥက္ကဋ္ဌ တာဝန်ယူထားသူ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အစိုးရပိုင်း အကြီးအကဲတချို့ သွားရောက် ဂါရ၀ပြု သြ၀ါဒ ခံယူခြင်းများလည်း ရှိခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နေအိမ်တွင်လျှို့ဝှက် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ခြင်းရှိ၊ မရှိ မတ်လ ၃ ရက်နေ့တွင် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို မေးမြန်းခဲ့ရာ ““မဟုတ်ဘူး ထင်တယ်၊ ဟုတ်ရင်သိမှာပေါ့၊ ဒီကိစ္စမဖြစ်လို့ အဘမသိတာဘဲ၊ တကယ်လို့ဖြစ်ရင်တောင် လွှတ်တော်ဘက် ကတော့ မပါဘူး၊ ပါရင် အဘကို ပြောမှာပဲ””ဟု မြန်မာသံတော်ဆင့်သို့ ဖြေကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ၎င်းတပ်မတော်အကြီးအကဲ တာဝန်ယူစဉ်က တပ်မတော်၏ နိုင်ငံရေးအရ အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်သည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး တာဝန်ကို ဗိုလ်ချုပ်ခင်အောင်မြင့် (ယခုအမျိုးသား လွှတ်တော်ဥက္ကဋ္ဌ)အား ထမ်းဆောင်စေခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာ အမျိုးသားညီလာခံတွင်လည်း ဦးဆောင်သော ကော်မရှင်၌လည်း ထည့်သွင်း တာဝန်ပေးခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲ၌ တပ်မတော် ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်များကို အရပ်ဝတ်လဲ၍ ကြံ့ခိုင်ရေးပါတီကို ပြောင်းလဲ တည်ထောင်ကာ NLD ပါတီ မပါဝင်သော ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေး အာဏာရချိန်တွင် နိုင်ငံ၌ အရေးကြီးသော ခေါင်းဆောင် တစ်နေရာဖြစ်သည့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတာဝန်အား ဦးခင်အောင်မြင့် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အာဏာရ ကြံ့ခိုင်ရေးပါတီသည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၌ ပါဝင်လာသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို မရှုမလှရှုံးနိမ့်ခဲ့ရပြီးနောက် ကြံ့ခိုင်ရေးဗဟိုမှ အောက်ခြေအထိ အင်အားစာရင်း အပါအ၀င် တာဝန်ရှိသူများ၏ အကျင့်ပျက်ခြစားမှုများ၊ ပြည်သူများအပေါ် အာဏာအလွဲသုံးစား အနိုင်ကျင့်မှုများအား စာရေးသူ မောင်ရေစက်က ““အသင်းကြီးတွင် ပါဝင်ခဲ့စဉ်က”” ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါးပေါင်းချုပ် ရေးသားထုတ်ဝေခဲ့ခြင်း၊ ပါတီဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ်၏ ပါတီရှုံးနိမ့်ခဲ့ခြင်းအပေါ် သုံးသပ်ချက်များ ရှိလာခဲ့ရာ ပါတီထိပ်ပိုင်း ခေါင်းဆောင်အချို့ထံမှ တုံ့ပြန်မှုများလည်း ထွက်ပေါ်လာခဲ့သည်။
ကြံ့ခိုင်ရေးအသင်း နှစ်ပေါင်း ၂၀ နီးပါး ရပ်တည်လာခဲ့ခြင်းကြောင့် အသင်းဝင်အင်အား၂၄ သန်းကျော် စာရင်းလိမ်ပြ ထုတ်ပြန်ခဲ့ခြင်းများ အပါအ၀င် တည်ထောင်သူ ဗဟိုနာယက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်ရိုက်တင်ပြ အစီရင်ခံခွင့်ရသော ကြံ့ခိုင်ရေးဗဟို အလုပ်အမှုဆောင် ထိပ်ပိုင်းမှ အောက်ခြေ ဖြစ်ရပ် ဆိုးများကို ဖုံးကွယ်၍ထားခြင်းများအား အလိမ်ခံရသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် ယခုအခါ ၎င်း၏ တပည့်များ အခြေအနေမှန်ကို သိရှိနေပြီဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်က မြန်မာသံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားခဲ့သည်။
““အစောကြီးကတည်းက သိတယ်၊ မင်း(မောင်ရေစက်) မရေးခင်၊ မပြောခင်ကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အဘပြောပြီးသား၊ သူအစောကြီးကတည်းက သိနေတယ်။ နောက်တစ်ခုက သူ့လူတွေက (ဗဟိုအလုပ်အမှုဆောင်ဝန်ကြီးများ) ပေးပေါင်းတာလေ၊ ၀န်ကြီးတွေက အဘ ဘာပေးပါ၊ ညာပေးပါနဲ့ဆိုတာ ပေးပေါင်းတော့ သူတောင်းစားပါတီ ဖြစ်သွားမယ်၊ မလုပ်ပါနဲ့တဲ့””ဟု ကြံ့ခိုင်ရေးဗဟိုမှ လိမ်လည်မှုများကို ကြံ့ခိုင်ရေး တည်ထောင်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သိရှိနေကြောင်း ဦးခင်အောင်မြင့်က ပြောသည်။
ဦးခင်အောင်မြင့်သည် ကြံ့ခိုင်ရေးအသင်း ရှိစဉ်က ဗဟိုအလုပ်အမှုဆောင်၊ အစိုးရအဖွဲ့ ယဉ်ကျေးမှုဝန်ကြီး၊ ရမည်းသင်း၊ ပျော်ဘွယ်နှင့် နေပြည်တော် အနီးတစ်ဝိုက်နယ်မြေ တာဝန်ခံအဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး ပါတီသို့ ကူးပြောင်းချိန်တွင် ရမည်းသင်း၊ ပျော်ဘွယ်ဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရကာ အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအတွင်းရေးမှူးအဖြစ် ထမ်းဆောင်လျက် ရှိသည်။
ဦးခင်အောင်မြင့်နည်းတူ ယခင် စစ်အစိုးရမှ ယနေ့တိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူယုံတစ်ဦး အဖြစ် လူသိများလျက်ရှိသော ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ““ညီညီညွတ်ညွတ်လုပ်ကြ၊ အောင်မြင်အောင်လုပ်ကြ”” ဟု ယခုနှစ်တွင် ပြောကြားခဲ့ကြောင်း ဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။
လက်ရှိ အခြေအနေတွင် မြန်မာ့နိုင်ငံရေး၌ အာဏာပိုင်များနှင့်နိုင်ငံ့ ခေါင်းဆောင်များသည် ယခင်စစ်အစိုးရ လက်ထက် ကောင်းကြောင်းများသာ ပြောကြားလေ့ရှိပြီး လွှတ်တော်တွင်း အစိုးရအပေါ် ဝေဖန်မှုများကိုပင် မနှစ်မြို့ကြောင်း တုံ့ပြန်လျက် ရှိသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုနှင့် ပတ်သက်သော ပြဿနာရပ်အချို့ကိုမူ အစိုးရ တာဝန်ရှိသူပိုင်းက တစ်စုံတစ်ရာ ဝေဖန်ပြောဆိုခြင်းမျိုး မရှိခဲ့ပေ။
မြန်မာသံတော်ဆင့်