ဟစ်တိုင်ဆိုတာ ပြည်သူလူထုတွေ အများကြီးရှိတဲ့ နေရာမှာ ထားရမယ်။ အရေးကြီးတာက ဘယ်နေရာမှာထားမလဲ၊ မြို့ပြင် ပို့လိုက်တယ် ဆိုရင်တော့ အစိုးရရဲ့ မမှန်ကန်တဲ့ စေတနာ…
ရန်ကုန်၊ ဧပြီ ၇
ပြည်သူများ၏ နစ်နာမှု အမျိုးမျိုးကို ဖော်ထုတ်နိုင်ရန် ပြည်သူ့ဟစ်တိုင် မြေနေရာ စီစဉ်လျက်ရှိပြီး ပြည်သူ့ဟစ်တိုင် အမှန်တကယ် ပေါ်ပေါက် လာခဲ့လျှင် ပြည်သူများ အနေဖြင့် ဆန္ဒထုတ်ဖော်ခွင့်ကို သက်ဆိုင်ရာ မြို့နယ်တွင် ခွင့်ပြုမိန့် ၅ ရက် ကြိုတင်ရမည် ဖြစ်ပြီး ခွင့်ပြုမိန့် မတင်ပါက လက်ရှိတည်ဆဲ ဥပဒေအရ အရေးယူ ခံရနိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဧပြီ ၁ ရက်နေ့တွင် မြို့တော်စည်ပင်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သို့သော် ပြည်သူ့ဟစ်တိုင်ကို မည်သည့်နေရာ မည်သည့်အချိန်တွင် ပြုလုပ်ပေးမည်ကို အတိအကျ မသိရှိပေ။ ထို့ကြောင့် ယင်းဟစ်တိုင်သည် လူသူများ ကင်းမဲ့သောနေရာများတွင် ထားရှိမည်ကို ပြည်သူများက စိုးရိမ်လျက် ရှိပြီး ဟစ်တိုင်ထားရှိမည့်အပေါ် ဒီမိုကရေစီ အင်အားစုများ၏ ဝေဖန် သုံးသပ်မှုများကို စုစည်းတင်ပြ ပေးလိုက်ပါသည်။
ဦးကျော်သူ (နာရေးကူညီမှု အသင်းဥက္ကဋ္ဌ)
ပြည်သူ့ဟစ်တိုင်ထားမယ်ဆိုတာ ထောက်ကြန့်လို မြို့ပြင်မှာ ထားမှာလား၊ မြို့ထဲမှာထားမှာလား ဒါအရေးကြီးတယ်။ အမေရိကားမှာဆိုလည်း မြို့လယ်ကောင်မှာ ထားတယ်။ မြို့လယ်ကောင်မှာ လူစည်ကားတဲ့ နေရာမှာဟစ်တိုင်ထားတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေလည်း ဒီလိုပဲထားတယ်။ မြို့ပြင် တွေမှာ ထားပြီးတော့ တက္ကသိုလ်တွေလို မြို့ပြင်ကို ပို့ထားတယ်။ တက္ကသိုလ်က နည်းနည်း ဆူပူတော့မယ်ဆို ဆွဲဖမ်းဖို့ လွယ်တယ်။ သပိတ်စခန်းလိုမျိုး ဟိုးမြို့ပြင်မှာဆို အချိန်မရွေး ဖမ်းသွားနိုင်တယ်။ ဟစ်တိုင်ဆိုတာ ပြည်သူ လူထုရဲ့ ဟစ်တိုင်ဖြစ်တဲ့အတွက် ပြည်သူလူထုတွေ အများကြီးရှိတဲ့ နေရာမှာ ထားရမယ်။ အရေးကြီးတာက ဘယ်နေရာမှာ ထားမလဲ၊ မြို့ပြင်ပို့လိုက်တယ် ဆိုရင်တော့ အစိုးရရဲ့ မမှန်ကန်တဲ့ စေတနာလို့ပဲ ပြောချင်တယ်။ အဓိကက ငါက ပြည်သူလူထုက တင်မြှောက်ထားတဲ့ သမ္မတ ဖြစ်တဲ့အတွက် ပြည်သူလူထု တကယ် အကျိုးရှိအောင် ဘယ်လို လုပ်ပေးမလဲ။ အာဏာတည်မြဲဖို့ပဲ လုပ်လို့မရဘူး။ အာဏာတည်မြဲဖို့ဆိုရင် ပြည်သူ လူထုတွေ အကုန်လုံးသာ သတ်ပစ်လိုက်တော့။
ဦးမြင့်ဝင်းမောင် (နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ် ကော်မတီဝင်)
သာမန်ပြည်သူတွေက သူတို့ ပြောချင်နေတဲ့ စကားတွေကို အများပြည်သူသိအောင်၊ အစိုးရသိအောင် ပြောပြဖို့ အတွက် ကျွန်တော်တို့ မြန်မာပြည်မှာတော့ အခက်အခဲတွေ ဖြစ်နေတာပေါ့ဗျာ။ နာမည်ရှိတဲ့ သူတွေကတော့ မီဒီယာမှာ ပြောလို့ရတယ်လေ။ သာမန်ပြည်သူတွေက ပြောဖို့ တော်တော်ခက်ခဲတယ်ဗျ။ သူတို့ရဲ့ ခံစားချက် တွေ၊ သူတို့ရဲ့ အခက်အခဲတွေကို ရင်ဖွင့်တင်ပြဖို့အတွက် စီစဉ်ပေးမယ်ဆိုတော့ ကျွန်တော်တို့က ကြိုဆို ပါတယ်။ ပြည်သူ့ဟစ်တိုင်ဆိုတာ ပြည်သူတွေကြားမှာ ရှိသင့်တဲ့ အတွက်ကြောင့် ပြည်သူတွေနဲ့ အနီးကပ်ဆုံး ပန်းခြံတို့၊ ပြည်သူတွေ သွားလို့လာလို့ရတဲ့ နေရာမှာ ရှိသင့်တယ်။ အဲလိုရှိသင့်တယ်လို့လည်း ပြောချင်ပါတယ်။ ချောင်ကျတဲ့ နေရာတော့ ထားပေးမယ် မထင်ပါဘူး။
ဦးဒီငြိမ်းလင်း (ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ)
ကျွန်တော်တို့ ပြည်သူတွေအတွက် ဟစ်တိုင်ထားပေးမယ် ဆိုတာကတော့ ကောင်းတယ်လို့ မြင်ပါတယ်။ ဒါကလည်း ထားပေးသင့်တာ ကြာပါပြီ။ ဟစ်တိုင်ကို ဟိုးအဝေးကြီးမှာ ထားမယ်ဆိုရင်တော့ ပြဿနာ ရှိတယ်လေ။ ဥပမာ ပြည်သူ့ ရင်ပြင်လိုနေရာမျိုးတွေ၊ တော်လှန်ရေး ပန်းခြံလို နေရာမျိုးတွေမှာတော့ ထားပေး သင့်တယ်လို့ မြင်ပါတယ်။ တစ်ခါတလေ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်မှာလည်း စိုးရိမ်ရတယ်။ စကားအဖြစ် ပြောလိုက်တာ မှန်တယ်၊ ဒါပေမဲ့ ဘယ်အရပ် ဘယ်အချိန် တိတိကျကျ ပါထားတာမှ မဟုတ်တာ။
ဦးကျော်ကိုကို(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ)
ပြည်သူ့ဟစ်တိုင် ထားရှိပေးမယ်ဆိုတာ ပထမတစ်ခုက အခုက ပြဿနာ ဖြစ်နေတဲ့နေရာမှာ ဒါကို တန်ရှင် ဖြေလျှော့ပေးတယ်လို့ ဖြစ်တယ်။ အရင်ကတည်းက ပြည်သူ့ဟစ်တိုင် ထားရှိပေးပါဆိုပြီး တောင်းဆိုမှုတွေ ရှိတယ်။ ပြည်သူ့ဟစ်တိုင် ထားပေးပါဆိုတဲ့ နောက်ဆက်တွဲမှာ အဲဒီဟစ်တိုင်မှာ တကယ်ကော လွတ်လွတ် လပ်လပ် ပြောလို့ဆိုလို့ ရမှာလား။ မရဘူးလား ဆိုတာကို ကျွန်တော်တို့က ပြန်ပြီးသုံးသပ်ဖို့ လိုတယ်ဗျ။ အဲဒီတော့ နေရာကလည်း ဝေးလံခေါင်ဖျားတဲ့ နေရာမှာ ဖြစ်နေမယ်။ မြို့လယ်ခေါင်မှာ မဟုတ်ဘူး။ ဒါမှမဟုတ် မြို့နယ်အလိုက် သီးခြားပြောခွင့် ရှိတယ်။ အားလုံး တပေါင်းတည်း ပြောလို့ မရဘူး။ အစရှိသည်ဖြင့် ဒီလို ပြဿနာတွေ ရှိလာမယ်ဆိုရင် ဒီဟစ်တိုင် ထားပေးတာလည်း ကျွန်တော်တို့ လိုချင်တဲ့ မျှော်မှန်းချက် အတိုင်း ဖြစ်မလာဘဲ အကျိုးမဲ့ဖြစ်နိုင်ဖို့ ယူဆရလိမ့်မယ်။ အကျိုးမဲ့ ဖြစ်သွားမှာကို စိုးရိမ်တယ်။ ပြည်သူတွေ လွတ်လွတ် လပ်လပ် ပြောခွင့်ရှိတယ်။ ဘာမှ ကန့်သတ်စရာ မလိုဘူး။ ဘယ်နေရာမှာ ပြောပြော သူတို့အတွက် အဆင်ပြေဆုံး နေရာမှာ ပြောဖို့လိုအပ်တယ်လို့ ကျွန်တော်ထင်တယ်။ သူတို့သတ်မှတ်ထားတဲ့ နေရာမှာပဲ ပြောရမယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့အတိုင်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးလို့ဘဲ ပြောချင်တယ်။
ဦးစည်သူမောင် (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်)
ပြည်သူ့ဟစ်တိုင်ဆိုတာက လွှတ်တော်ရုံး အဆောက်အအုံရှေ့တွေမှာ ရှိရတယ်။ မြို့တော်ခန်းမလို ထင်ရှားတဲ့နေရာ၊ မြို့ရဲ့အချက်အချာကျတဲ့ နေရာတွေမှာပဲ ရှိရမယ်။ ဝေးလံခေါင်ဖျားတဲ့ နေရာမျိုးတွေမှာ ရှိရင်တော့ ပြည်သူ့ဟစ်တိုင် မဟုတ်ဘူး။ ဒီလိုပဲ မှတ်ချက်ပေးချင်တယ်။ တကယ်လို့ ဝေးလံခေါင်ဖျားတဲ့ နေရာမှာ ထားမယ်ဆိုရင်တော့ ပုံစံမကျဘူးလို့ ပြောချင်ပါတယ်။ ပြည်သူ့ဟစ်တိုင်၊ ပြည်သူ့ရင်ပြင်ဆိုတာက မြို့လယ်ကောင် လူစည်ကားရာ အစိုးရ အဆောက်အအုံရှေ့၊ လွှတ်တော်ရုံးတွေမှာ ရှိသင့်တယ်။ အမေရိကန် သမ္မတရဲ့ အိမ်ဖြူတော်ရှေ့မှာဆိုရင် ပြည်သူတွေက သူတို့ရဲ့ အခွင့်အရေး အတွက်ကို ဆန္ဒဖော်ထုတ် တောင်းဆိုနေကြတာတွေ ရှိတယ်။ နိုင်ငံတကာရဲ့ လွှတ်တော် အဆောက်အအုံတွေနဲ့ အစိုးရရုံးတွေရဲ့ ရှေ့မှာတွေပဲ ပြည်သူ့ ဟစ်တိုင်ကို ထားတာတွေ့ဖူးတယ်။ ဝေးလံခေါင်ဖျားတဲ့ နေရာမှာထားတာတော့ တစ်ခါမှ မတွေ့ဖူးဘူး။
ဦးနေဘုန်းလတ် (Blogger)
အမှန်တော့ မြို့တော်ခန်းမလိုရှေ့မျိုး၊ မဟာဗန္ဓုလ ပန်းခြံလို ရှေ့မျိုးမှာ ထားသင့်တယ်။ အရင်တုန်းကလည်း ဒါမျိုးတွေ ရှိခဲ့ဖူးတယ်။ လုပ်လည်း လုပ်သင့်တယ်။ တစ်ခုတော့ ရှိတယ် တချို့ဟာလေးတွေ စည်းမျဉ်း စည်းကမ်းလေး တွေကို လူတွေ နားလည်အောင် လုပ်ဖို့လိုတာပေါ့။ စည်းမျဉ်း စည်းကမ်းတွေကို လူတွေ နားလည်အောင် လုပ်မထားဘဲနဲ့ ဟစ်တိုင်တစ်ခု ထားလိုက်မယ်ဆိုရင် တက်တက်ပြီးတော့ လူသားချင်း ပုတ်ခတ်တာတွေ လုပ်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ အဲဒါတွေကို တစ်ချက် ပြန်စဉ်းစားသင့်တယ်။ နေရာက တော့ အစိုးရဌာနနဲ့ နီးစပ်တဲ့ နေပြည်တော်လို နေရာမျိုး၊ ဒါမှမဟုတ် မြို့တော်ခန်းမရှေ့ အဲဒီလို နေရာမျိုးမှာ ထားရင်တော့ ပိုကောင်းပါတယ်။
ဦးရက္ခ၀ံသ
အစောကြီးကတည်းက ဟစ်တိုင်မရှိတဲ့အတွက်ကြောင့် ဦးဇင်းတို့ကိုယ်တိုင်လည်း ပြည်သူတွေရဲ့ ပြောစကား တွေကို လွတ်လွတ်လပ်လပ် ပြောလို့မရဘူးဖြစ်နေတယ်။ ဦးဇင်းတို့ကတော့ နိုင်ငံတော်ကို ဟစ်တိုင်ထားပေးဖို့ အမြဲတိုက်တွန်း ထားပါတယ်။ ဟစ်တိုင်ကို အမြန်ဆုံး လုပ်ပေးဖို့အတွက် တိုက်တွန်းလိုပါတယ်။
ဦးဘမြင့် (ဒီမိုကရေစီအင်အားစု အဖွဲ့ဝင်)
ဟစ်တိုင် ထားပေးတယ်ဆိုတော့ ကျွန်တော်တို့က ကြိုဆိုရမှာပေါ့။ ဒါပေမဲ့ စဉ်းစားစရာက ကျွန်တော်တို့ တစ်ချိန်တုန်းက ထားခဲ့တာဟာ မဟာဗန္ဓုလပန်းခြံမှာ ထားခဲ့တယ်။ လူအများကြားနိုင်တဲ့၊ လူအများ သွားလို့ လာလို့ရတဲ့ နေရာမှာဖြစ်သင့်တာပေါ့။ ဆန္ဒပြတဲ့ နေရာမှာလည်း အများသူငါ ရှိတဲ့ နေရာမှာပဲ ဆန္ဒပြချင်တာပေါ့ နော်။ ဆန္ဒပြတယ်ဆိုတာ နှစ်ပိုင်း ရှိပါတယ်။ အစိုးရကိုလည်း သိစေချင်တဲ့ အပိုင်း၊ ပြည်သူကိုလည်း မျှမျှတတ မြင်တတ်အောင် တင်ပြရမယ့်အပိုင်းမျိုး ရှိပါတယ်။ ဥပမာ မီတာခ ကိစ္စမျိုး ဆန္ဒပြတယ်။ အဲဒီ လိုတင်ပြတဲ့ အခါမှာလည်း ကျွန်တော်တို့နောက်မှာ ပြည်သူတွေ မပါဘူးဆိုရင် ကျွန်တော်တို့ တင်ပြတဲ့အားက ရမှာ မဟုတ်ဘူး။ ကျွန်တော်တို့က အစိုးရနဲ့ ပြည်သူတွေ ကြားမှာ တင်ပြရတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေကြားတဲ့ နေရာမျိုးမှာ ကျွန်တော်တို့က ပြောချင်ဆိုချင်ပါတယ်။ မီဒီယာတွေ သွားလို့လာလို့ရမယ့် နေရာမျိုးတွေမှာ ထားရှိစေချင်ပါတယ်။ မဟာဗန္ဓုလပန်းခြံလို နေရာမျိုးမှာ ဖြစ်စေချင်ပါတယ်။ ပြည်သူ့ရင်ပြင် လိုနေရာမျိုးတော့ မဖြစ်စေချင်ပါဘူး။
ဦးထင်ကျော် (မြန်မာနိုင်ငံ ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် ဒီမိုကရေစီအရေး အဆက်မပြတ် လှုပ်ရှားမှုများအဖွဲ့ MDCF)
ကျွန်တော့်အထင်တော့ ဆန္ဒပြဖို့အတွက် မြေနေရာ သတ်မှတ်ပေးဖို့မလိုပါဘူး။ အခုဆန္ဒပြ နေကြတာက တကယ် ခံစားနေရတဲ့ ပြည်သူတွေရဲ့ ခံစားချက်ကို တင်ပြနေတာပါ။ အစိုးရကကော လွှတ်တော်က ဖွဲ့စည်း ထားတဲ့ ကော်မတီတွေကကော ပြည်သူတွေ နစ်နာနေမှုတွေကို ဖြေရှင်းပေးသင့်ပါတယ်။ ဆန္ဒပြဖို့နေရာ သတ်မှတ်ဖို့ မလိုပါဘူး။ မြန်မာနိုင်ငံမှာ ရှိတဲ့ မည်သည့်နေရာမှာမဆို ပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခွင့် ရှိပါတယ်လို့ သုံးသပ်ချင်ပါတယ်။
ဒေါ်နော်အုန်းလှ (လက်ပံတောင်းတောင်အရေးလှုပ်ရှားသူ)
ဘာပဲလုပ်လုပ် တိတိကျကျ လုပ်တာမရှိဘူး။ မဟုတ်တဲ့အတိုင်း လုပ်တာပေါ့နော်။ ဒါမျိုးတွေလုပ်မယ်ဆိုရင် ဘယ်အချိန် ဘယ်နေရာ တိတိကျကျ လုပ်ပေးသင့်တယ်လေ။ ၀န်ထမ်းတွေ လစာတိုးမြှင့်ဖို့ကျတော့ တရားဝင် ထုတ်ပြန်တယ်လေ။ ဒီလိုမျိုးကျတော့ တိတိကျကျ ပြောကြားခြင်းမရှိဘူး။ အစိုးရက ပြည်သူတွေအပေါ်ထားတဲ့ စေတနာပဲလေ။ လူထုအပေါ်မှာ လက်ရှိ တာဝန်ယူနေတဲ့ အစိုးရအဖွဲ့က စေတနာမမှန်ဘူးလို့ ပြောလို့ ရတာပေါ့။ ဟစ်တိုင်ထားတယ် ဆိုတော့ ဥပမာရန်ကုန်မှာ ဟစ်တိုင်ထားရင် နယ်က လူတွေက ဘယ်လာ နိုင်မလဲ။ နိုင်ငံတကာမှာ သီးသန့်ထားတာတော့ သိပ်မရှိပါဘူး။ ပြည်သူ့ဟစ်တိုင်က အရင်တုန်းက ဘုရင်ခေတ်မှာ ရှိခဲ့တာပေါ့။ ဒါပေမဲ့ ဒီဘက်ခေတ် ဒီမိုကရေစီနိုင်ငံတွေမှာ ကိုယ်ပြချင်တဲ့ နေရာမှာ ဆန္ဒပြကြတာပဲ။ ဘာမှရှုပ်ထွေးတဲ့ ကိစ္စ မဟုတ်ပါဘူး။
မြန်မာသံတော်ဆင့်