တရားသဘောအရ ကြည့်မည်ဆိုပါက လူ့ဘဝကြီးမှ ထွက်ခွာသွားသူနှင့် ကိုယ်အင်္ဂါပျက်စီး၊ ချို့ ယွင်းသွားသူတို့အား "ဖြစ်ပျက်" ဟူ၍ ပြောဆို၊ ဖျောင်းဖျ၊ နှစ်သိမ့်ကြစမြဲပင်။ သက်မဲ့ရုပ်ဝတ္တုတစ်ခု ပျက်စီး သွားလျှင်လည်း "ဖြစ်ပျက်" ပါဘဲ။ တရားနဲ့သာဖြေပါ ဟူ၍ နှစ်သိမ့်ကြစမြဲပင်။ ယခု ကျွန်တော်တို့ နာရေး ကူညီမှုအသင်း (ရန်ကုန်)မှ ကိုယ်အင်္ဂါပျက်စီး ယိုယွင်းနေသော သက်ရှိလူသားများ တို့အား တတ်စွမ်း သ၍ ပြုပြင်မှုပေးကာ သာမာန်လူသားတစ်ယောက်ကဲ့သို့ လောကကြီး အလယ်တွင် ဝင့်ကြွားစွာ နေထိုင်နိုင်ရန် ကူညီဖေးမမှုများ လုပ်ဆောင်ပေးလျှက်ရှိသည်။
ယခင် ၂ဝဝ၇ ခုနှစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လူသားတို့၏ ကျန်းမာရေး ဝန်ဆောင်မှု အဖြစ် သုခကုသိုလ်ဖြစ်ဆေးခန်း ဟူ၍ ဖွင့်လှစ်ကာ အခမဲ့ကုသပေးစဉ် ကာလများ၌ ကိုယ်အင်္ဂါချို့ယွင်း နေသော လူနာများမှ ခြေ၊ လက်မသန်စွမ်းသော လူနာများအတွက် ဝှီးချဲ၊ ဂျိုင်းထောက်များအား ကူညီ ထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ ရာ ဝှီးချဲ (၆၆) ခု၊ ချိုင်းထောက် (၁၁၂ ) ခု ရှိခဲ့ပြီဖြစ်သည်။ ထို့နောက် အမြင်အာရုံချို့ယွင်း နေသော လူနာများအတွက် အမြင်အာရုံ ကြည်လင်ပြတ်သားစွာ တွေ့မြင်နိုင်ရန် မျက်စိ ခွဲစိတ်ပေးမှုများသည် လူဦးရေ (၈၇၇ဝ) ဦး ရှိခဲ့ပြီဖြစ်သည်။ ယခု လူ့လောကကြီးထဲသို့ ရောက်ရှိလာသော ကလေးငယ်များ၏ မွေးရာပါ နှုတ်ခမ်းကွဲ၊ လည်ချောင်းကွဲ ဝေဒနာရှင် များအပြင် ငယ်စဉ်ကလေးဘဝ၌ အုပ်ထိန်းသူတို့၏ အားနည်းချက်ကြောင့် မီးလောင် ကျွမ်းခြင်း၊ ရေနွေးပူလောင်ခြင်း စသည့် ကလေးငယ် များအားလည်း သာမန်ကလေး ငယ်များကဲ့သို့ နေထိုင်သွားလာနိုင်ရန်အတွက် တတ်ကျွမ်းသော ဆေးပညာရှင်၊ ခွဲစိတ် ဆရာဝန်ကြီးများ၏ အကူအညီဖြင့် ခွဲစိတ်ပြုပြင်မှုများအား ကုသိုလ်ဖြစ် လုပ်ဆောင်ပေး လျှက်ရှိသည်။
မိဘတို့၏ အားနည်းချက်ကြောင့်၎င်း၊ မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းမှုကြောင့်၎င်း၊ ထိုကဲ့သို့သော ရုပ် ဝေဒနာခံစားနေရသော ကလေးငယ်များသည် အချိန်တန်အရွယ် ရောက်၍ ကျောင်းပညာသင်ကြားချိန်၌ စာသင်ဖော်/ဖက်၊ ကစားဖော်/ဖက် သူငယ်ချင်း များနှင့် ထိတွေ့ဆက်ဆံမှုများတွင် ထိုကလေးငယ်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှု များ ပေါ်ပေါက်ခံစားလာတော့သည်။ ထို့ကြောင့် ထိုကလေးငယ်များသည် ပညာရေး ဘက်တွင် စိတ်ဝင်စားမှုနည်းပါးလာခြင်း၊ အပေါင်းအဖော်များဖြင့် ထိတွေ့ဆက်ဆံ ဆော့ ကစားရမည်ကို စိတ်ကုန်လာခြင်း စသည်တို့ ဖြစ်ပေါ်လာကာ တစ်ကိုယ်တည်း တစ် ယောက်တည်း နေထိုင်ကြီးပြင်း လာခဲ့ကာ စိတ်ဝေဒနာသည်တစ်ဦးလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုး ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် အနာဂတ်ခေါင်းဆောင်ဖြစ်ကြမည့် ပစ္စုပ္ပန် ကလေးငယ်များအား ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံး အထူးချွန် အထက်မြက် ဆုံး ဖြစ်လာရန်အတွက် ကျွန်တော်တို့တွင် တာဝန်ရှိပေသည်။
၂ဝ၁၄ ခုနှစ်၊ မေလ (၁၁) ရက်နေ့က ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဖခင်ဖြစ် သူ ဦးအောင်ထွန်း၏ သမီးငယ် ချူးချူး အသက် (၆) နှစ်အရွယ် ကလေးငယ် သည် ကချင်ပြည်နယ် ဖား ကန့်မြို့၊ ဆယ်ဇင်းရွာမှ ရောက်ရှိလာခဲ့သည်။ သမီးငယ်လေး သည် မွေးရာပါနှုတ်ခမ်းကွဲ ဝေဒနာခံစားနေ သည့်အတွက် အားငယ်စိတ်ကလေး ဖြစ်ပေါ်နေသည်ကို ကျွန်တော်တို့ မြင်တွေ့လိုက်ရသည်။ ကလေး၏ မိခင်ဖခင်တို့မှလည်း ကျွန်တော်တို့အသင်းအဖွဲ့အား အားကိုးတကြီးဖြင့် မိမိတို့၏ ရင်သွေးသမီးလေးအား လူကြီးဖြစ်လာသောအခါ ကြုံတွေ့ရမည့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာများအတွက် စိုးရိမ်စွာ ဖြင့် ကုသပေးရန် လာရောက်မေတ္တာရပ်ခံခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အလုပ်အမှု ဆောင်အဖွဲ့ ဆုံးဖြတ်ထားချက်အရ ပင်လုံဆေးရုံမှ ဒေါက်တာ ကိုကိုမောင် ထံသို့ လွှဲပြောင်း၍ ခွဲစိတ်ကုသပေးရန် စီစဉ်ဆောင်ရွက်ပေးခဲ့ သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းမှ သမီျးလး ခွဲစိတ်ခန်း မဝင်မှီ ဆေးစစ်ခြင်းနှင့် လိုအပ်သည့်ကုသမှုများ ပြုလုပ်ပေးခဲ့ကာ ၅.၆.၂ဝ၁၄ ရက်နေ့ တွင် ဒေါက်တာ ကိုကိုမောင်မှ အခမဲ့ ခွဲစိတ်ပေးခြင်းကို ပြုလုပ်ခဲ့သည်။ ၁ဝ.၆.၂ဝ၁၄ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် မိခင်ဖခင်၊ အမဖြစ်သူတို့နှင့်အတူ သမီးလေး ချူးချူး ကျွန်တော်တို့ အသင်းသို့ လာရောက်ခဲ့သည်။ မျိုးဆက်သစ် လူမှုရေးသင်တန်း အား သင်ကြားပေးနေသော ကျွန်တော်သည် မထင်မှတ်ဘဲ သမီးငယ်လေး စာသင်ခန်း ထဲသို့ ရောက်ရှိလာသောအခါ ကျွန်တော်သည် နှုတ်ခမ်းကွဲ ဝေဒနာရှင် သမီးငယ် ချူးချူး ဖြစ်သည်ကို သတိမထားမိ။ သာမန်အသင်းသို့ လာရောက် ငွေလှူဒါန်းကြ သော အလှူရှင်မိသားစုတစ်စုမှ စာသင်ခန်းထဲသို့ လာရောက်လေ့လာခြင်းဟု ထင်မှတ်မိသည်။ ထို့နောက် အသင်းမှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်မှ သမီးငယ် ချူးချူး ဖြစ်ကြောင်း ကျွန်တော့်အား ပြောကြား မှ ကျွန်တော်အလွန် အံ့အားသင့်မိတော့သည်။ ထို့ကြောင့် ဝမ်းသာအားရဖြင့် "သမီးလေး အရမ်းချော၊ အရမ်းလှသွားပြီ" ဟူ၍ နှုတ်မှ ထွက်ပေါ်သွားမိ တော့သည်။ သမီးငယ်လေးမှ သူတို့၏နေရပ်ဖြစ်သော ဖားကန့်မြို့၊ ဆယ်ဇင်းကျေးရွာသို့ ပြန်တော့မည်ဖြစ်ပါ၍ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ကာ ဝမ်းသာအားရစွာုဖြင့် နှုတ်ဆက်ကန်တော့ခဲ့သည်။ ကျွန်တော်၏စိတ်တွင် သမီးလေး နည်းတူ ဝမ်းသာ ကြည်နူးစွာဖြင့် ကျောင်းနေဖက် သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံ ကာ ပျော်ရွှင်စွာဖြင့် ပညာသင်ကြား ဆော့ကစားရတော့မည်ဟူ၍ ပီတိအပျော်များ ကူးစက်လာတော့သည်။ ထို့ကြောင့် ပစ္စုပ္ပန်တွင်ညိုးငယ်နေ သော ပန်းပွင့်လေးတစ်ပွင့် အနာဂတ်တွင် လန်းဆန်း လှပ ပွင့်ဖူးမွှေးကြိုင် လာတော့မည်ဟု မြင်တွေ့လိုက်ရပါတော့သည်။
ကျော်သူ