“ ပြည်သူတွေသိရှိကြဖို့ အသိပေးပါရစေ ”
---------------------------------------------------------------
PR စနစ်ကို အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ
ဒါဟာ ပြည်သူများ ၊ အဓိကအားဖြင့် တိုင်းရင်းသားများကို လက်ရှိအာဏာရပါတီနဲ့ အလိုတော်ရိပါတီများပူးပေါင်းပြီး အနိုင်ကျင့်လိုက်တာဖြစ်ပါတယ် ။
ဒီ PR စနစ်ရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို သိနားလည်သူတွေက စာနယ်ဇင်းတွေပေါ်မှာ ဝေဖန်ထောက်ပြနေကြတယ်
ုယခင်တစ်ခါကလည်းဝေဖန်ခဲ့ကြဘူးသလို ခုလည်း ထပ်မံဝေဖန်ခဲ့ကြပါတယ် ။
ဒါပေမဲ့ ဒီစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ဖုတ်ပူမီးတိုက်
နေသူတွေက ပြည်သူတွေကို အသက်မဲ့အရုပ်များလို သဘောထားပြီး ထင်ရာစိုင်းလိုက်ကြပါပြီ ။
သတင်းဆောင်းပါးများကို ဖတ်ရှုရတဲ့ ပြည်သူတွေ အများစုက PR စနစ်ကိုလက်မခံဘူးဆိုတဲ့ အသံတွေ ထွက်လာတာတောင် ဂရုမစိုက်တာဘယ်သူတွေလဲ ဆိုတာ လက်ညှိုးထိုးပြစရာမလိုတော့ပါဘူး
ဒီလွှတ်တော် နှစ်ရပ်လုံးဟာ FPTP (လက်ရှိ ကျင့်သုံးနေတဲ့ )စနစ်အတိုင်း ရွေးကောက်ခံလာရတဲ့ လွှတ်တော်တွေပါ ၊ ဒီနည်းနဲ့အနိုင်ယူလာပြီးမှ အတင်းအဓမ္မ စနစ်တစ်ခုပြောင်းလဲ ကျင့်သုံးဖို့ လုပ်ဆောင်ခဲ့ပါတယ် ။ ဒါဟာ သွေးရိုးသားရိုးမဟုတ်တဲ့ ယုတ်မာကောက်ကျစ်မှုပါ
အကယ်၍ ယခင်ပါလီမန်ခေတ်က တစ်ပါတီတည်းရဲ့ ကြီးစိုးမှုကြောင့် သခင်သန်းထွန်းတို့ကွန်မြူနစ် ပါတီ
တောခိုခဲ့တယ် ၊
တိုင်းရင်းသားတွေ လက်နက်ကိုင်ခဲ့တယ် ဆိုတဲ့ သင်ခန်းစာကို ယူခဲ့ရိုးမှန်ရင် ကြံ့ခိုင်ရေး တစ်ပါတီတည်း ဦးဆောင်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဘာကြောင့် PR စနစ်နဲ့အသုံးမပြုခဲ့ပါသလဲ ၊ ဘာကြောင့် ဒီလောက် ဦးနောက်နည်းခဲ့ပါသလဲ
ခု သူတို့အလွန်ကြောက်လန့်စိုရိမ်တဲ့ NLD ပါတီ ၊ သူတို့ တစ်ကြိမ်ပြိုင် တစ်ကြိမ်အပြတ်ရှုံး ၊ နှစ်ကြိမ်ပြိုင် နှစ်ကြိမ် အကွဲအလဲ ရှုံးခဲ့တဲ့ NLD ပါတီ ရွေးကောက်ပွဲဝင် လာတဲ့ အချိန်ကျကာမှ အတွင်းကောက် တွေ ပေါ်ထွက် လာတာ ဖြစ်ပါတယ် ။ကိုယ့်နိုင်ငံမှာ အိမ်ရှင်လုပ်တဲ့ sea game မှာ ကိုယ်နိုင်မဲ့ ကစားပွဲတွေ ဇွတ်အတင်း ထည့်သွင်း ကစားတဲ့ အကျင့်ဆိုးတွေပေါ်ထွက် လာပါတယ် ။
အခု PR စနစ်ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ ။ ပြည်သူတွေကို ဘာတစ်ခုမှ အသိမပေးဘဲ အတည်ပြုလိုက်ပါပြီ ။
အမျိးသားလွှတ်တော်ဆိုတာ လူမျိုးစုလွှတ်တော်ပဲ
အဲဒီလူမျိုးစုလွှတ်တော်မှာပါဝင်နေတဲ့ တိုင်းရင်းသား ပါတီစစ်စစ်များကို ကိုယ်စားပြုကြတဲ့ ကိုယ်စား လှယ်အားလုံးက ဒီ PR စနစ်ကို ကန့်ကွက်ခဲ့ကြပါတယ်
ဒါပေမဲ့ အဲဒါကို လျစ်လျူရှုပြီး အတည်ပြုခဲ့တယ်ဆိုတာ တိုင်းရင်းသားတွေ အကျိုးအတွက်ဆိုတာ ဟုတ်မှန် ပါရဲ့လား ။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ခိုးယူထားတာ ဘယ်သူတွေပါလဲ ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်အားလုံးက အနည်းစုဖြစ်ပေမဲ့ အားလုံးတစ်ခဲနက်ကန့်ကွက်ခဲ့ပါတယ် ၊ ဒါပေမဲ့ အတည်ပြုခဲ့ပါတယ် ။ အနည်းစုရဲ့ဆန္ဒကို အလေးထားခဲ့ပါသလား ။ တစ်ထိုင်တည်းမှာတောင် အပြောနဲ့အလုပ် မညီတာဘယ်သူတွေပါလဲ
ဒီကနေ့အမျိုးသားလွှတ်တော်မှာ တက်ရောက်ခွင့်ရှိသူ ၂၁၈ ဦးအနက် တက်ရောက်သူ ၂၀၄ ဦး ကန့်ကွက်သူ ၈၅ ဦး ၊ ကြားနေ ၂ ဦးရှိတာကို ထောက်ခံသူ ၁၁၇ နဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ် ။
တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စကို ဆုံးဖြတ်ရာမှာ အာဏာရပြည်ခိုင်ဖြိုးပါတီနဲ့ အခြားပါတီ များက ထောက်ခံအတည်ပြုခဲ့တာဖြစ်ပါတယ် ။
ပါတီကြီးတစ်ပါတီထဲက လက်ဝါးကြီးအုပ်ကြီးစိုးမှာ စိုးရိမ်တာကြောင့် ပြောင်းလဲကျင့်သုံးဖို့ အဆိုတင်ရတာပါဆိုတဲ့ PR စနစ်ကို လက်ရှိ လွှတ်တော်မှာအင်အားအကြီးဆုံးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီက အင်အားသုံးအနိုင်ယူလိုက်တာမဟုတ်ဘူးလား ။
ဒါဟာ တိုင်းရင်းသားတွေကို ထိပါးစော်ကားအနိုင်ကျင့်လိုက်တာဖြစ်သလို ၊ ပြည်သူတွေကို အရုပ်လိုသဘောထားပြီး မထီမဲ့မြင်ပြု လိုက်တဲ့ကိစ္စလည်းဖြစ်ပါတယ် ။
တိုင်းရင်းသားများအပါအ၀င် ပြည်သူတွေကိုလည်း
သတိပေးလိုက်ချင်ပါတယ်
ကျနော်တို့တွေဟာ ကံတူအကျိုးပေးတွေပါ
ကျနော်တို့တွေဟာ အင်အားကြီးမားတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင် ယှဉ်ပြိုင်နေရတာမဟုတ်ပါဘူး ၊ အင်မတန်ကောက်ကျစ်တဲ့ ပြိုင်ဘက်များနဲ့ ရင်ဆိုင်နေရတာပါ
ကျနော်တို့ ကံကို ကျနော်တို့ဖန်တီးနိုင်ဖို့ အမြဲသတ္တိရှိကြပါ
စည်းလုံးညီညွတ်စွာ မဆုတ်မနစ်တိုက်ပွဲဝင်ကြပါလို့
အလေးအနက် တိုက်တွန်းပါရစေ
မတရားလုပ်သူတွေဟာ ထိုက်သင့်တဲ့ ပြစ်တင်ရှုံ့ချ မှုတွေကို ရင်ဆိုင်ရမှာပါပဲ ၊ အဲဒီလူတွေ လွှတ်တော်ကပြန်လာတဲ့အခါ ကိုယ့်မဲဆန္ဒရှင် ပြည်သူတွေနဲ့ ရင်ဆိုင်တွေ့ရဲဖို့သာ သတ္တိမွေးထားကြဖို့ သတိပေးလိုက်ပါရစေ
ထင် လင်း ဦး