ကော်မရှင်ဥက္ကဋ္ဌကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စစ်ကောင်စီအဖွဲ့ဝင် ကြံ့ခိုင်ရေးအဖွဲ့ကြီး၌ ဗဟိုအလုပ် အမှုဆောင် လူကြီးဖြစ်ခဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အသစ်ပြောင်းလဲပေး ရန်၊ တောင်းဆိုဝေဖန် မှု ပြုကြ သည် ဝေဖန်ပြော ဆိုကြ၊ တောင်းဆိုကြသည့် အထဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ကြီးက လက်ရှောင်နေ . . .
ပြည်သူအများ စိတ်ဝင်စားနေကြသည်မှာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲကြီးပင် ဖြစ်သည်။ ရွေးကောက်ပွဲ ဟူသည် ဒီမိုကရေစီ အသွင်ဆောင်သည့် လူများစုကြိုက် နှစ်သက်သည့် ပြည်သူ့ကိုယ်စားလှယ်ရွေး ချယ်မှု ပင်ဖြစ်သည်။ ကျွန်တော်တို့၏ သက်တမ်းအတွေ့ အကြုံအရ ဖဆပလခေတ် ရွေးကောက်ပွဲများ၊ မဆလခေတ် ရွေးကောက်ပွဲ များကို ဖြတ်သန်းခဲ့ကြရသည်။ လိမ်လည်မှု၊ ကောက်ကျစ်မှု၊ မမှန်မကန်မှုများဖြင့် ပွန်းတီးနေသော ရွေးကောက် ပွဲ ဓလေ့စရိုက်များ ကို တွေ့ကြုံခဲ့ရသည်။
ရွေးကောက်ပွဲများ တရားမျှတမှု၊ ရိုးသားမှုများရှိလျှင် အများပြည်သူတို့ စိတ်ချမ်းသာမှုရရှိကြမည် သာဖြစ် သည်။ ၂၀၁၅ ရွေးကောက်ပွဲ ကို မျှော်တွေးကြည့် လျှင်တော့ ရင်ထဲမှာ မအေးစရာတွေများနေပါသည်။ ဤသို့ဖြစ်ရသည်မှာလည်း အကြောင်း ရှိပါသည်။ ရွေးကောက်ပွဲ တစ်ခုတွင် အရေး ကြီးဆုံးမှာ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်သာဖြစ်ပါသည်။ ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်ချက်များသည် တိုင်းပြည်နှင့် ပြည်သူလူထု အပေါ် ထင်ဟပ်ပါသည်။…
ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်သည် လွန်စွာအရေးကြီးသည်။ လွန်စွာအရေးပါ အရာရောက်သည်။ ဖဆပလခေတ်က ရွေးကောက်ပွဲများ ကျင်းပရာ၌ ပင် ရွေး ကောက်ပွဲကော်မရှင်ကို အငြိမ်းစားအစိုးရ အရာရှိကြီး များ၊ နိုင်ငံရေး အဖွဲ့များကလေးစားသော ပုဂ်္ဂိုလ်များနှင့် ဖွဲ့စည်းကြပါသည်။ ကျွန်တော်တို့ ကောင်းစွာ သိမီသည့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ပင် ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှာ အများပြည် သူလေးစားရသည့် အငြိမ်းစားတိုင်းမင်းကြီး ဦးဘဌေးဖြစ်ပါသည်။ အဖွဲ့ဝင်များမှာ ပါတီ သံယောဇဉ် ကင်းသော ဗိုလ်မှူးချုပ်ဟောင်း စောကြာဒိုး၊ ဆရာခြယ် စသည့်ပုဂ်္ဂိုလ်များ ပါဝင်သည်ဟု မှတ်သားမိပါသည်။
ထိုရွေးကောက်ပွဲကော်မရှင်သည် မလို အပ်သောစကားများမပြောဘဲ ရွေးကောက် ပွဲကို စနစ်တကျ ကျင်းပ ပေးခဲ့ပါ၏။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နေရာ တိုင်းတွင်အနိုင်ရရှိခဲ့သော်လည်း လွှတ်တော် ခေါ်၍ အစိုးရဖွဲ့ စည်းရေး တွင် စစ်တပ်က တားဆီး နှောင့်ယှက်လိုက်သဖြင့် ပျက်စီးသွားရပါသည်။ ဒါက အခြေအနေအရသာ ဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်ကား တာဝန်ကျေစွာ လုပ်ဆောင်ပေးခဲ့သည်မှာ ထင်ရှားပါသည်။
ယခုအခါ ဦးသိန်းစိန်၏ ဒီမိုကရေစီ ရှေးရှုပါသည်ဆိုသောအစိုးရက ရွေးကောက် ပွဲကော်မရှင်ကို အသစ်တစ်ဖန် ဖွဲ့စည်း မပေးပါ။ လက်ရှိဖွဲ့စည်းပြီးဖြစ်သော ဦးတင်အေး ခေါင်းဆောင်သည့် ရွေးကောက်ပွဲကော် မရှင်လက်ထဲ ထိုးအပ်ထား သည့် သဘော ရှိပါသည်။ အများပြည်သူနှင့် နိုင်ငံရေးအဖွဲ့ အစည်းတော်တော်များ များက လက်ရှိရွေး ကောက် ပွဲကော်မရှင်ကို မနှစ်မြို့ကြ၊ မလိုလားကြပါ။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌသည် စကားများစွာပြော၍ မပါ သင့်သော ကိစ္စမှာပါပြီး မပြောသင့်သော စကားများ ဖြင့် အနိုင်ယူနေသည်ဟူသော ဝေဖန်သံများ ကြားနေရ သည်။
လွန်ခဲ့သော တစ်နှစ်ကျော်လောက်က ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသည် ကျောင်း ဆောင်ဖွင့် ပွဲကလေး တစ်ခုသို့ တက်ရောက်ပြီး ပြောကြားသော မိန့်ခွန်းမှာ ပညာရေးနှင့် မဆိုင်ပါ။ ဒီမိုကရေစီ ဆိုတာဘာလဲဟုရှင်း ပြရင်း “အနောက်မျှော် ဒီမိုကရေစီ မလိုချင်”ဟုပြောကြားသွားသည်။ သူ၏ ပွဲဦးထွက် နှုတ်ထွက် စကားပင်ဖြစ်၍ ကျွန်တော်က သံတော်ဆင့်သတင်းဂျာနယ် မှာ ဆောင်းပါး ရေးခဲ့ဖူး သည်။ ဒေါ်အောင်ဆန်းစုကြည်ကို စောင်း ပြောသောစကားဖြစ်သည်မှာ ထင် ရှားသည်။
ယခုလည်း ကော်မရှင်ဥက္ကဋ္ဌသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မျက်မှန် စိမ်းတပ်ကြည့်နေသည်။ မလိုအပ် သော ပါဝင်စွက်ဖက်မှုများ ပြုနေသည် ဟု ဝေဖန်သံများ ကြားနေရသည်။ တစ်ဖန် ကော်မရှင်ဥက္ကဋ္ဌကြီးသည် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်၍ စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ခဲ့သည်။ လက်ရှိကြံ့ ခိုင်ရေးအဖွဲ့ကြီး၌ ဗဟိုအလုပ် အမှုဆောင် လူကြီးဖြစ်ခဲ့သည်ဆိုသော နောက်ခံပုံရိပ် များကလည်း ရောင်ပြန်ဟပ်နေသည်။ နိုင်ငံရေး အဖွဲ့အစည်း များ၊ နိုင်ငံရေး ဝေဖန်လေ့လာသူများက ကော်မရှင်ဥက္ကဋ္ဌကြီး၏ ရပ်တည်ချက်ကို အံ့သြစွာကြည့်ရှု နေကြပုံရသည်။
သည်အထဲမှ စာနယ်ဇင်းများကတစ်ဆင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအသစ် ပြောင်းလဲပေးရန် တောင်းဆို ဝေဖန်မှုပြုကြ သည်ကိုလည်း တွေ့နေရလေသည်။ သည်လို ဝေဖန်ပြောဆိုကြ၊ တောင်းဆိုကြသည့် အထဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ကြီးက လက်ရှောင်နေသည်။ သူတို့အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိ ရေးမှာ ရွေးကောက်ပွဲ ကော်မရှင်ကြီး၏ ဘက်လိုက်ဆောင်ရွက်မှု ရှိမှသာဖြစ်ပေမည်။
သို့ဖြစ်ရာ လာမည့် ၂၀၁၅ ရွေး ကောက်ပွဲကြီး တရားမျှတစေလိုလျှင် လက်ရှိရွေးကောက်ပွဲ ကော်မရှင်ကို ဖျက် သိမ်းပါ၊ တရားမျှတသော ကြားနေပုဂ်္ဂိုလ်များဖြင့်သာ အသစ်တစ်ဖန်ပြန်လည်ဖွဲ့စည်းပေးပါဆိုသော အသံများ ကျယ်လောင်လာခြင်း ဖြစ်သည်။ ကျွန်တော်တို့ သတင်းသမားများအနေ ဖြင့်ကား လာမည့် ရွေးကောက်ပွဲ မတိုင်မီ၌ပင် ပြည်သူလူထုဘက်က ဘယ်လိုဂယက် ရိုက်ခတ်လာမည်ကို စောင့်ကြည့်ကြပါဟု သာ တင်ပြလို ပါ၏။
မြန်မာသံတော်ဆင့်သတင်းဌာန