ပါတီထဲကလူတွေ ရွေးတာချယ်တာတွေ၊ စီမံတာတွေ အုပ်ချုပ်တာတွေ အကောင်အထည် ဖော်တာတွေ အားလုံးဟာ မိမိပါတီအတွက် အသာစီးရနိုင်ဖို့ အခွင့်အလမ်းတွေ ဖော်ထုတ်တာ။ ပါတီကပြောပြီး အစိုးရကလုပ်ပေးတာ
နေပြည်တော်၊ ပြည်ထောင်စု လွှတ်တော်၌ ဇူလိုင် (၃)ရက် ညနေတွင် အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၊ တစ်ချိန်က တပ်မတော် အစိုးရ လက်ထက် အဖွဲ့ဝင် ၀န်ကြီးများ၏ ရိုသေလေးစားခြင်း ခံရပြီး နိုင်ငံရေးအရ ဆရာကြီးဟူ၍ ခေါ်ဆိုခြင်းခံရသော ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းနှင့် ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ (၃) ဦးဌေးဦးတို့ အတူတကွ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲသည် မြန်မာ့နိုင်ငံရေး လောက၌ သို့လောသို့လော စဉ်းစားဖွယ်ရာများ ဖြစ်ပေါ်ခဲ့ရာ ယင်းနေ့ ဇူလိုင် (၃)ရက်နေ့သည် နေပြည်တော်၌ပင် ပြည်ထောင်စု ၀န်ကြီးဟောင်း ဦးဆန်းဆင့် ကို ရုံးထုတ်သည့် နေ့တစ်နေ့တည်း ဖြစ်နေခြင်း၊ သတင်းထောက် အများစုမှာ လွှတ်တော်မှ ဖိတ်ကြားထားသည့် သတင်းစာ ရှင်းလင်းပွဲထက် ဦးဆန်းဆင့် ရုံးထုတ်ရာသို့သာ စိတ်ပါဝင်စားစွာ သွားရောက်နေကြခြင်း၊ ကြံ့ခိုင်ရေးပါတီအတွင်း လက်ရှိပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကို အမြင်မတူသည့်ဘက်မှ ရပ်တည်၍ ဝေဖန် ပြောဆိုခဲ့ပြီး ပါတီဥက္ကဋ္ဌများကပင် နိုင်ငံရေး လမ်းစဉ်များ၌ ယုံကြည် အားထားနေရသော၊ နိုင်ငံရေး လေ့လာ သူများက အာဏာရပါတီ၏ အဓိက ကြိုးကိုင်သူတစ်ဦးအဖြစ် ရှုမြင်နေကြသောတပ်မတော် အစိုးရ လက်ထက် စက်မှု(၁) ၀န်ကြီးဟောင်း ဦးအောင်သောင်းသည် မီဒီယာမြင်ကွင်း၌ ဥက္ကဋ္ဌသူရ ဦးရွှေမန်းနှင့်အတူ ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းတို့မှာ အာဏာရ ကြံ့ခိုင်ရေးပါတီ ရှေ့ခရီးအတွက် စဉ်းစားဖွယ်ရာများပင် ဖြစ်ပါသည်။
၎င်းသတင်းစာ ရှင်းလင်းပွဲတွင် ပါတီဥက္ကဋ္ဌအနေဖြင့် ပါတီတွင်း သဘောထား ကွဲလွဲမှုများ ရှိနေကြောင်း၊ ပါတီအတွင်း၌ စိတ်ဓာတ်နှင့်လုပ်ရပ် ညံ့ဖျင်းသူများကို ဆိုလို၍ ““ပဲ့သောသူများရှိကြောင်း””… ထည့်သွင်း ပြောကြားခဲ့ရာ အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌတစ်ဦး အနေဖြင့် ပါတီတွင် ယိုယွင်း ပျက်စီးနေသော အခြေအနေ တစ်စိတ်တစ်ဒေသကို ပထမဆုံး အတိအလင်း ဝေဖန် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြောကြားစဉ်တွင် အစိုးရအဖွဲ့အတွင်း၌ ရောက်ရှိနေသော ကြံ့ခိုင်ရေး ဗဟိုကော်မတီဝင် ပြည်ထောင်စု ၀န်ကြီးတစ်ဦးက မိမိတို့ကို ဝေဖန်တိုက်ခိုက်နေသူများသည် ဟက်လိုင်နာများ ဖြစ်ကြောင်း ပြောဆိုမှု အပေါ် ထိုသို့ပြောဆိုသူများ အနေဖြင့်ကော မည်သည့် လိုင်နာများ ဖြစ်သနည်းဟု မြန်မာသံတော်ဆင့်မှ တစ်ဆင့် ပြန်လည် မေးခွန်းထုတ်ခဲ့ သူ ပြည်သူ့ လွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌ ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းလည်း ရှိနေခဲ့ရာ ပါတီတွင်း နိုင်ငံရေးအရ မရှိသင့်သော သူများရှိနေကြောင်း ယူဆချက်မှာ အတည်ပြု၍ ရနိုင်ပေသည်။ ထို့အတူ ကြံ့ခိုင်ရေး ပါတီ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သော ဒုဥက္ကဋ္ဌ(၃) ဦးဌေးဦး ပါဝင် တက်ရောက် နေခဲ့ခြင်းသည်လည်း ပါတီတွင်း သဘောထား ကွဲလွဲမှုများ ရှိနေသည့် ဖြစ်ရပ်များကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ အတည်ပြု ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကို ပါတီညီလာခံ အစည်းအဝေး ကျင်းပရာ နေပြည်တော် ပါတီဌာနချုပ်၌ တွေ့ရစဉ်
အာဏာရ ကြံ့ခိုင်ရေးပါတီတွင် သဘောထား တင်းမာသူများ အနေဖြင့် ဝေဖန်ခံနေရပြီး ၂၀၁၃ အောက်တို ဘာလအတွင်း ပါတီဗဟိုကော်မတီမှ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောကြားချက်နှင့် စပ်လျဉ်း၍ ““ဦးစိုးသိန်းက ကျွန်တော်ရယ်၊ ကိုအောင်မင်း (ပြည်ထောင်စုဝန်ကြီး)ရယ်၊ ဦးခင်ရီ(ပြည်ထောင်စုဝန်ကြီး)ရယ် ကို ပြောရင်တဲ့ ပြောတဲ့လူတွေဟာ ဟတ်လိုင်နာတွေပဲ ဆိုတော့ သူတို့က ဘာတွေလဲမသိဘူး။ ဟတ်လိုင်နာ (အမာဂိုဏ်း) ဆိုတဲ့ လူတွေကို ထောက်ပြစမ်းပါ ဘယ်နားမှာလဲ။ ဘာလို့ ဟတ်လိုင်နာလို့ခေါ်လဲ။ ဘယ်သူ တွေက ဟတ်လိုင်နာတွေလဲ နည်းနည်းလေး ဖော်ပြစမ်းပါလို့။ ကျွန်တော် နားလည်တာကတော့ မြတ်စွာဘုရားရဲ့ တရားတော် မှန်သမျှ မှားတယ်လို့ဆိုတာ ထောက်ပြ နိုင်တဲ့သူ၊ အကယ်၍ မှားတယ်လို့ ဇွတ်အတင်းဆိုခဲ့ရင်လည်းပဲ အယူအဆလွဲသူ မိစ္ဆာဒိဋ္ဌိပဲ ဖြစ်ရမယ်လို့ ဆိုတယ်ဗျ။
ခင်ဗျားတို့ကိုမေးတာတောင်မှ အထောက်အထား ရှိရင်ရှိ မရှိရင် သူကလည်း ဘာလုပ်မယ်၊ ညာလုပ်မယ်လို့ ကြိမ်းဝါးနေတာ မဟုတ်လား။ အဲတော့ ကိုယ်ကလည်း ပြန်မေးရမယ်လေ အထောက်အထားပြပါ။ ဘယ်အထောက်အထားရှိလဲ။ ဘယ်လိုနောက်ကြောင်း ပြန်သွားလဲ။ မည်သည့် အကြောင်းကို မည်သည့် ကိစ္စပြောလို့ နောက်ကြောင်း ပြန်သွားတယ် ဆိုတာကို ပြောနိုင်သလဲဆိုတာ ဟတ်လိုင်နာ မဟုတ်ဘူးလို့ မည်သည့် အထောက်အထားအရ ဘယ်ဟာ ဘယ်ဟာတွေလဲ။ အဲတော့သူများအကြိုက် ပြောလို့မို့ အလံပြာ၊ အလံနီလိုပေါ့ဗျာ အိမ်က မှာလိုက်လို့အလံပြာအောက် ၀င်တာလား။ အလံနီအောက် ၀င်တာလား။ အများကြိုက်လို့ အထင်ကြီးလို့ လုပ်တာလား။ တကယ်သိလို့လား၊ သဘောတရား တကယ်လည်း နားလည် လို့လား ဒါတော့ စဉ်းစားစရာပေါ့””ဟု ဦးအောင်သောင်းက မြန်မာသံတော်ဆင့် သို့ ပြောကြားခဲ့သည်။
ယခင်အစိုးရနှင့် လွှတ်တော် သ၀ဏ်လွှာများ အပြန်အလှန် ပေးပို့၍ သဘောထား မတူညီဘဲ ဖြစ်ခဲ့ကြသည့် နိုင်ငံရေး လုပ်ငန်းများတွင် အစိုးရဘက်မှ ကြံ့ခိုင်ရေး ဗဟိုကော်မတီဝင်များနှင့် လွှတ်တော်ဘက်မှ ကြံ့ခိုင်ရေး ဗဟိုကော် မတီဝင်များ သဘောထား ကွဲလွဲမှုကို ရည်ညွှန်း၍ ကြံ့ခိုင်ရေးပါတီတွင်း နိုင်ငံရေး အယူအဆ ကွဲလွဲမှု ပြင်းထန်လာကြောင်း သုံးသပ်ရမည် ဖြစ်ပေသည်။
အစိုးရအနေဖြင့် ပါတီဦးဆောင်မှုကို ခံယူရမည်ဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့သော အာဏာရ ကြံ့ခိုင်ရေး ပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းသည် ၎င်း၏ နိုင်ငံရေး အယူအဆများစွာကို ၂၀၁၃ နှင့် ၂၀၁၄ နှစ်ဆန်းပိုင်းတို့တွင် မြန်မာသံတော်ဆင့်သို့ ရှင်းလင်း ပြောကြားခဲ့ပြီး ပါတီအနေဖြင့်လည်း နိုင်ငံရေး ပိုင်းဆိုင်ရာ၊ မူဝါဒရေးပိုင်းဆိုင်ရာတို့၌ ၎င်းဆွေးနွေးသည့်အပေါ် လက်ခံကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
သာဓက တစ်ခုအနေဖြင့် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအပေါ် ဦးအောင်သောင်းက ပြင်းပြင်း ထန်ထန် ဝေဖန် ပြောကြား ခဲ့သည်များကို မြန်မာသံတော်ဆင့် ၌ ဖော်ပြခဲ့ရာတွင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြန်လည် တုံ့ပြန်ခြင်း မရှိဘဲ လက်ခံသည့် သဘောဆောင် ခဲ့ကြောင်း တွေ့ရသည်။ထို့နောက်တွင်၂၀၁၅ သမ္မတ လောင်းအဖြစ် ပါတီမှ သူရဦးရွှေမန်းကိုပင် တင်မြှောက်မည် ဖြစ်ကြောင်း ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ထုတ်ဖော် ပြောကြား လာခဲ့သည်။
ပါတီဦးဆောင်မှုကို ကြံ့ခိုင်ရေးပါတီမှ ဖွဲ့စည်းထားသည့် အစိုးရအပေါ် မည်သည့် အတိုင်းအတာအထိ ပေးနေရခြင်းနှင့် စပ်လျဉ်း၍““ပါတီဦးဆောင်မှုကို ခံယူရမယ် ဆိုတာက တကယ့်ကို Generally ပြောတာ။ ဦးဆောင်မှုကို ခံယူတယ် ဆိုတာကတော့ သဘောထား ယူတာပြောတာ။ ဦးဆောင်မှုခံယူ တယ်ဆိုတာက ပါတီက ဒါလုပ်ခိုင်းတာလုပ် ဆိုတဲ့သဘောမျိုး မဟုတ်ဘူး။ အစိုးရ လုပ်ချင်တာတွေ ပါတီက ဘယ်အသေးစိတ် သိမလဲ။ ပါတီဦးဆောင်မှုဆိုတာက လမ်းစဉ် ပါတီပဲဖြစ်ဖြစ်၊ ကွန်မြူနစ်ပါတီပဲဖြစ်ဖြစ် ရုရှားပါတီပဲဖြစ်ဖြစ် ဒီနေ့မှာ ဗီယက်နမ်တို့၊ လာအိုတို့ဆိုလည်း ဒီအတိုင်းပဲ ပါတီက သဘောထားပေးတာ။ တကယ့်ပါတီက ခေါင်းဆောင်တွေ သဘောတရားရေးအရ ညီညွတ်မှု အများကြီးလိုတယ်။
လူငယ်အစည်းအဝေးမှာ ကိုရွှေမန်းလည်း ပြောပါတယ်။ နောက်ပိုင်းမှာ။ တခြားနေရာတွေလည်း ပြောပါတယ် သတင်းတွေက မထွက်ဘူး။ ကျွန်တော်ကတော့ စပြောတာဆိုတော့၊ အမှန်ကတော့ ဒါရိုးရိုးပါပဲ။ ဘယ်နိုင်ငံ ဘယ်အစိုးရပဲ ဖြစ်ဖြစ် ပါတီကပဲ။ ပါတီဥက္ကဋ္ဌကပဲ ၀န်ကြီးချုပ်ဖြစ်တာပဲ။ ဘာကြောင့်လဲဆိုတော့ လက်မခံဘူး ဆိုရင် ပါတီကသူ့ကို ဖယ်လိုက်မှာပဲ။ ဒါဘယ်မှာဖြစ်ဖြစ် နိုင်ငံရေးပါတီက ဦးဆောင်တာ။ စင်ကာပူ၊ အမေ ရိကန်၊ အင်္ဂလန်လည်း ဒီတိုင်းပါပဲ ပါတီက ဦးဆောင်တာပဲ။ ဒီပါတီထဲက လူတွေ ရွေးတာချယ်တာတွေ၊ စီမံတာတွေ အုပ်ချုပ်တာတွေ အကောင်အထည်ဖော်တာတွေ အားလုံးဟာ မိမိပါတီအတွက် အသာစီးရနိုင်ဖို့ အခွင့်အလမ်းတွေ ဖော်ထုတ်တာ။ ပါတီကပြောပြီး အစိုးရကလုပ်ပေးတာ””ဟုဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့
၂၀၁၃ နှစ်ကုန်ပိုင်း၌ နိုင်ငံရေး ဆွေးနွေးခဲ့စဉ်တွင် ထည့်သွင်း ပြောကြား သွားခဲ့သည်။
ဦးအောင်သောင်းသည် တပ်မတော် အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အယုံကြည်ရဆုံး အစိုးရ အဖွဲ့ဝင် တစ်ဦးအဖြစ် ရပ်တည်ခဲ့ကာ တပ်မတော်အစိုးရ သက်တမ်းအစအဆုံး နှစ်ပေါင်း ၂၀ ကျော် ဦးအောင်သောင်း အနေဖြင့် အာဏာရခဲ့သည်။ တပ်မတော် အစိုးရအဖွဲ့ဝင်များက ၀န်ကြီးချုပ်ကဲ့သို့ပင် ဦးအောင်သောင်းအပေါ် ရိုသေလေးစားခဲ့ပြီး ဦးအောင်သောင်း အနေဖြင့်လည်း ၀န်ကြီးများအပေါ် သြဇာ ညောင်းခဲ့သည်ကို တွေ့ရသည်။
ဦးအောင်သောင်း အနေဖြင့် တပ်မတော်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယုံကြည် ကိုးစားမှု ရရှိခဲ့ပြီး တပ်မတော်အစိုးရ ၀န်ကြီးများ (ယခု အစိုးရသစ်လက်ထက် ၀န်ကြီးများနှင့် လွှတ်တော် တာဝန်ရှိသူများ အပါအ၀င်) အပေါ် မည်သည့် အတိုင်းအတာအထိ သြဇာသက်ရောက်ခဲ့ပုံကို မြန်မာ သံတော်ဆင့်နှင့် ၂၀၁၃ ခုနှစ်အတွင်း တွေ့ဆုံစဉ်က ဆွေးနွေးခဲ့ရာတွင် ““ဗိုလ်ချုပ်မှူးကြီး လက်ထက်မှာလည်း ကျွန်တော်လည်း ဒီလောက် အရေးပါတဲ့ အခန်းကဏ္ဍမှာ မရှိပါဘူး။ သို့သော်လည်းပဲ ကျွန်တော် ပြီးအောင်လုပ်တယ်။ နိုင်အောင် လုပ်တယ်။ ခိုင်းတာပြီးအောင် လုပ်တယ်။ ပြဿနာ တစ်စုံတစ်ရာ မရှိအောင်ပေါ့။ လူတွေထင်ကြေးပေးနေ တာတွေကတော့ သူ့ဟာသူ ထင်ရာလျှောက်ပြော နေကြတာပါ။ တကယ့် လက်တွေ့မှာ ဒါတွေက မဟုတ် ပါဘူး။ ဒီမိုကရေစီကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က အစပျိုးပေးခဲ့တယ်ဆိုတာ မှန်ပါတယ်။ ပြောလို့လည်း ရပါတယ်။ ပြောလို့ရတာက ပြည်သူလူထု အခြေအနေ၊ နိုင်ငံတကာ အခြေအနေကြောင့်ပါ။ အဲဒီ အခြေအနေ အရပ်ရပ်အရ နှစ်ကာလကလည်း အထိုက်အလျောက် ကြာလာတော့ ပြောင်းဖို့သင့်တယ်ပေါ့။ လျှို့ဝှက်ချက် ကတော့ရှိတယ်။ အဲဒါဒီနေ့ထိ ဘယ်သူမှ မသိသေးတဲ့ ကိစ္စ။ ပေါ်လည်း မပေါ်ဘူး။
ပြည်ခိုင်ဖြိုးအသင်းသည် တပ်မတော်က မွေးထုတ်တာ။ ဟုတ်တယ်မလား။ သူဖွဲ့ပေးတဲ့ အသင်းလေးကို ပါတီဖွဲ့တာ။ ဒါ ဘယ်သူမှ ငြင်းလို့လည်း မရဘူး။ ကွယ်စရာလည်း အကြောင်းမရှိဘူး။ လျှို့ဝှက်စရာလည်း မရှိဘူး။ အဲဒီအထဲမှာ ဘယ်လောက်ထိအောင် အတိမ်၊ အနက် ချည်နှောင်မှုရှိလည်း ဆိုတာတော့ ဒါကတော့ နည်းနည်းပြောဖို့ ခက်တယ်။ ကျွန်တော့် အဆင့်နဲ့ ပြောစရာ မလိုဘူး။ ကျွန်တော်တို့ အထဲထဲမှာ ဘာလုပ်နေတယ်ဆိုတာ သူတို့မသိဘူး။
ဟုတ်တယ်လေ။ အခုလည်း ဒီအတိုင်းပဲလေ။ ဒီလိုဆိုရင် လိုက်နာမလားလို့ ဆက်မေးလိုက်ပေါ့။ ပြည်ခိုင်ဖြိုး ပါတီက အာဏာရပဲ။ နိုင်ငံတော်အလံကို ပါတီကို ပေးထားတာပဲ။ အစိုးရကို ပေးတာမှ မဟုတ်ဘဲ။ အစိုးရကို ရော့ဒါလုပ်ဆိုပြီးတော့ ပါတီကလွှဲထားတာ။ နောက်ဆုံးနယက အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော် အာဏာကို ပါတီကို လွှဲခဲ့တာ။ အဲဒါ မထုတ်ပြန်ဘူး။ အဲဒီတုန်းက ဘယ်သူတွေ၊ ဘယ်သူတွေ ၀န်ကြီးတွေ ဖြစ်ပြီ။ ဒီဘက်က ပါတီတွေ၊ ဒီဘက်က ၀န်ကြီးတွေ၊ အဟောင်းတွေ၊ အသစ်တွေ၊ ပါတီက စီအီးစီတွေ အဲဒီ အစည်းအဝေး ဒါကတော့ မထုတ်ပြန်ပါဘူး””ဟု ဦးအောင်သောင်းက ပြောကြားခဲ့သည်။
နာမည်ကျော် ဒီပဲယင်း အရေးအခင်းကြီးသည် တပ်မတော် အစိုးရ လက်ထက် အမည်းစက်သဖွယ် ဖြစ်ခဲ့ရာ ထိုစဉ်က မန္တလေးတိုင်း ဒေသကြီး ကြံ့ခိုင်ရေး တာဝန်ခံ ၀န်ကြီး ဦးအောင်သောင်းအပေါ် အဓိကလုပ်ဆောင်သူ အဖြစ် နိုင်ငံရေးသုံးသပ်မှုများ ရှိလာခြင်းအပေါ် မဖြစ်နိုင်ကြောင်း ထိုစဉ်က စစ်ကိုင်းတိုင်းဒေသကြီး ကြံ့ခိုင်ရေး တာဝန်ခံ သူရဦးအေးမြင့်နှင့် စစ်တိုင်းမှူး ဗိုလ်ချုပ်စိုးနိုင် (ယခု ကြံ့ခိုင်ရေး ဗဟိုကော်မတီဝင်)တို့လည်း ဖြစ်နိုင် ကြောင်း အမျိုးမျိုး သုံးသပ်ပြောဆိုခဲ့ရာ ဒီပဲယင်းနှင့် ပတ်သက်၍ လုံးဝ မသိရှိကြောင်း ဦးအောင်သောင်းက မြန်မာသံတော်ဆင့်နှင့် တွေ့ဆုံစဉ် အတိအလင်း ငြင်းဆိုခဲ့သည်။
ပြည်တွင်းပြည်ပ မီဒီယာများမှ ရေးသားချက်များတွင် မြန်မာ့နိုင်ငံရေး လောက၏ ဗီလိန်အာဏာရှင် တစ်ဦးသဖွယ် ဝေဖန်ရေးသားခြင်း ခံရသော အာဏာရကြံ့ခိုင်ရေး ပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းသည် နောက်ကွယ်မှ ကြိုးကိုင်သူ တစ်ဦးအဖြစ် လူသိများလာခဲ့ပြီး ယခင်ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မတီတွင် ဦးဆောင် ပါဝင်နေရာမှ ဖယ်ရှားခြင်း ခံရ ပြီးနောက် အာဏာရကြံ့ခိုင်ရေး ပါတီ၏ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်ပေးနိုင်သူ တစ်ဦးအဖြစ်လည်း ပါတီဥက္ကဋ္ဌများနှင့် ဗဟိုကော်မတီဝင်များက လေးလေးစားစား ဆက်ဆံ နေမှုအပေါ် ကြည့်၍ ရှုမြင်နိုင်မည် ဖြစ်ပေသည်။
၂၀၁၅ မတိုင်မီ ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးပါတီ အနေဖြင့် အတိုက်အခံ ပါတီကြီးနှင့် အပေးအယူ အလျှော့အတင်းလုပ်၍ မဲဆန္ဒနယ်မြေများ ရယူနိုင်ရန် ကြိုးပမ်းခြင်းရှိ၊ မရှိကိုလည်း မြန်မာသံတော်ဆင့်နှင့် တွေ့ဆုံခဲ့စဉ်က ဆွေးနွေး ပြောကြားပေးခဲ့ရာ ဦးအောင်သောင်း ပြောကြားချက်သည် ယနေ့ အချိန်ကာလ ကြံ့ခိုင်ရေးပါတီ အစိုးရ၏ ရပ်တည်မှုကို ထင်ဟပ်စေခဲ့သည်။ ဦးအောင်သောင်းက ““ဘယ်သူက အလျှော့ ပေးမလဲ။ သေသေကျေကျေ အသက်ပေးပြီးတော့တောင် တိုက်လာသေးတာ။ မြေကြီးကို ၂၃ ရက်လောက်၊ ရက်သုံးဆယ် တစ်လလောက် မှောက်ပြီးတော့ တောင်နေသေးတာ အခုလိုဇိမ်နဲ့ နေပြီးတော့ နိုင်ငံရေး လုပ်ရတာ ဘာကြောက်စရာ ရှိတာမှတ်လို့။ ဘယ်လျှော့မလဲ။ သို့သော်လည်းပဲ ငါသာငါ ဖြစ်ရမယ်ဆိုတာ ကတော့ မဟုတ်ဘူးကွ။
တပ်မတော်သည် ဒီနေ့ပါတီကြီး ရှင်သန်ဖို့အတွက် ရည်မှန်းချက်ရှိတယ်။ ဘာကြောင့်ရှိလဲ။ ဒီတာဝန်လည်း သူ့ပေးတာ။ သင့်တာဝန်ဘာလဲ။ ဒီပါတီကြီးကို အမြဲတမ်း ရှင်သန် တည်တံ့နေဖို့ အဲဒါ နင့်တာဝန်ပဲ။ ဘာလို့ ဖြစ်သင့်သလဲ။ ဖြစ်သင့်တဲ့ အချက်တွေကိုတော့ ပြောဖို့လိုတယ်။ အဲဒါတွေ သိရက်သားနဲ့ မလုပ်ရင်တော့ သူ့တာဝန်ပဲ””ဟု ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်၌ အစိုးရအာဏာပိုင်ဖြစ်သော သမ္မတဦးသိန်းစိန်နှင့်အတူ အထက်မြန်မာပြည် ခရီးစဉ်တွင် ဦးအောင်သောင်းကို လိုက်ပါစေ၍ သွားရောက်ခဲ့ခြင်း၊ ဇူလိုင် (၃) ရက်နေ့တွင် အာဏာရပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဦးအောင်သောင်း အတူပါဝင်၍ သတင်းမီဒီယာများကို ဖိတ်ကြား၍ လွှတ်တော်နှင့် ပါတီ၏ နိုင်ငံရေး အယူအဆများကို အတိအလင်း ရှင်းလင်းပြောကြားခြင်းတို့မှာ မကြာမီလပိုင်း အလို၌ ကျင်းပ တော့မည့် ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ယခင်တပ်မတော် အစိုးရ လက်ထက် တန်ခိုးထွားခဲ့သော အာဏာရှင် ၀န်ကြီးဟောင်း ဦးအောင်သောင်း မြန်မာ့နိုင်ငံရေး လောကသို့ အာဏာရ ကြံ့ခိုင်ရေးပါတီ မျက်နှာစာမှ ပြန်လည် ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်ပေသည်။
အာဏာရ ကြံ့ခိုင်ရေးပါတီတွင် ထိပ်ပိုင်းနေရာမှ ရပ်တည်လျက်ရှိသော သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့သည် ဗိုလ်ချုပ်ကြီးများ ဖြစ်ခဲ့သော်လည်း သဘောထား ပျော့ပျောင်း သူများအဖြစ် လူသိများခဲ့သည်။ ကြံ့ခိုင်ရေးပါတီဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့် (ကြံ့ခိုင်ရေးပါတီ ဗဟိုအတွင်းရေးမှူး) တို့သည် နိုင်ငံရေး အယူအဆ ရေးရာ၌ ခိုင်မာသူများအဖြစ် အာဏာရ ကြံ့ခိုင်ရေးပါတီကို ထူထောင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယုံကြည် အားထားမှု အခံရဆုံး သူများအဖြစ် နိုင်ငံရေး လေ့လာသူများက သတ်မှတ်ထားခဲ့ရာ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန် အာဏာရကြံ့ခိုင်ရေးပါတီ အလှည့်အပြောင်း ဖြစ်လာနိုင်မည်ကို လူထုက စောင့်ကြည့်နေချိန် အတွင်း အဆိုပါ ဦးအောင်သောင်းအနေဖြင့် လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ပြန်လည်ထွက်ပေါ် လာခြင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည်လည်း သူရဦးရွှေမန်း၏ လွှတ်တော်ဆိုင်ရာ အဖွဲ့၌ ဦးဆောင် ပါဝင်နေခြင်းတို့သည် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ သဘောထား ကွဲလွဲနေမှုများအပေါ် ဆန့်ကျင် ပြတ်သားလိုသည့် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း အင်အားတစ်ရပ် ထုတ်ပြခြင်းပင် ရှုမြင်နိုင်ပေသည်။
တပ်မတော်အစိုးရ တစ်ခေတ်လုံးနှင့် လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီ ခေတ်တို့တွင် ဦးအောင်သောင်းကို ကြံ့ခိုင်ရေး၏ နောက်ကွယ်မှ ကြိုးကိုင်နေသော ဆရာကြီးဟူ၍ ပါတီဗဟိုအတိုင်ပင်ခံ ကြံ့ခိုင်ရေး၏ ၀ါရင့် နိုင်ငံရေးသမားကြီး ဦးတင်ထွတ်က မြန်မာသံတော်ဆင့်သို့ ဖွင့်ဟပြောကြားခဲ့သော အခြေအနေနှင့် ဦးအောင်သောင်းကို တွေ့ဆုံခဲ့စဉ်က ““ကျွန်တော်ချစ်သော ပါတီရှင်သန်စေဖို့၊ … ကျွန်တော်တို့မှာ အစီအမံ တွေ အများကြီးရှိပြီးသားပါ …””ဟူ၍ ပြောကြားချက်များအရ အသက် ၇၄ နှစ်ရှိသော ကြံ့ခိုင်ရေးပါတီ၏ ကိုယ်ပျောက် ဥက္ကဋ္ဌကြီးများသဖွယ် နေရာယူထားသော ပါတီဗဟို အတိုင်ပင်ခံ နေရာတွင်ရှိသည့် တပ်မတော် အစိုးရလက်ထက် အာဏာရှင်ဝန်ကြီးဟောင်း ဦးအောင်သောင်း မြန်မာ့နိုင်ငံရေး လောကသို့ ပြန်လာပြီ လောဟူ၍ …။
ရန်ကုန်ကိုကိုကြီး
(ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း၏ တပ်မတော် အစိုးရလက်ထက် လုပ်ဆောင်မှုများ ပြောကြားချက်များနှင့် စပ်လျဉ်း၍ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုများအား စုစည်းကာ နိုင်ငံရေး သုံးသပ်ချက် အဖြစ် အလျဉ်းသင့် သလို ရေးသားဖော်ပြ ပေး သွားမည် ဖြစ်ပါသည်။ အယ်ဒီတာ)