ကျွန်တော်တို့က အဖွဲ့အစည်း တည်ဆောက်ခြင်းပဲရှိတယ်။ လူပုဂ္ဂိုလ်ကို ကွဲတယ်လို့ မထင်ဘူး။ မူအရ ကွဲတယ်လို့ပဲ ထင်တယ်။ တချို့မူတွေ ကျွန်တော်တို့နဲ့ မတူလို့ ပြီးခဲ့တဲ့နှစ်က အဲ့လိုတွေ ခွဲလုပ်ခဲ့တာ မှန်ပေမယ့် … သမဂ္ဂ လုပ်ငန်းဆောင်တာတွေကို ကျောင်းထဲမှာ တရားဝင် လုပ်ခွင့်မရတဲ့အတွက် အများကြီး မျိုးဆက် ကွာဟမှုဖြစ် …

လက်ရှိတွင် ယခင်က ဗကသ ကျောင်းသား လူငယ်ခေါင်းဆောင်များဟု လူသိများသည့် ကိုကျော်ကိုကို၊ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်တို့အကြား ကွဲနေသည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိရာ လူကွဲခြင်း မဟုတ်ဘဲ မူကွဲနေကြသည့်အတွက် ကျောင်းသား လှုပ်ရှားမှု လုပ်ငန်းများအား ခွဲခြား လုပ်ကိုင် နေခြင်းဖြစ်ေ ကြာင်း ကိုကျော်ကိုကိုက ပြောသည်။
ကိုကျော်ကိုကိုနှင့် တွေ့ဆုံခဲ့စဉ် ဗကသအဖွဲ့ချုပ်၏ 7 July လှုပ်ရှားမှုအကြောင်း၊ ဗကသနှင့် လှုပ်ရှားမှု၊ လူငယ် မျိုးဆက် ကွာဟလာမှု၊ ကျောင်းသား သမဂ္ဂများအပေါ် အစိုးရ၏ ဖိနှိပ်မှုများနှင့် ဆက်စပ်၍ မေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
Q- 7 July လို အခမ်းအနားမျိုးကို အရင်တုန်းက လှုပ်ရှားခဲ့ရတဲ့ ပုံစံနဲ့ အခုလှုပ်ရှားခွင့်ရလာတဲ့ ပုံစံ ဘယ်လို ကွာခြားမှုတွေ ရှိလာလဲ။
A – အရင်တုန်းက သမဂ္ဂနာမည်နဲ့လုပ်တဲ့ ကျောင်းသား ရဲဘော်တွေဟာ ထောင်ကျဖို့ ပိုသေချာတယ်။ အဲ့တော့ Under Ground(UG) နည်းနဲ့ ကျွန်တော်တို့ သွားရတယ်။ စာဝေတာ၊ စာကြဲတာ တို့ဆိုရင် လျှို့ဝှက်ပြီး ကျွန်တော်တို့ လုပ်ရတယ်။ ပြီးရင် လူသစ်စု ဆောင်းတာတို့ ဆိုရင်လည်း လက်သိပ်ထိုးပေါ့။ အဲ့လို အခြေအနေ မျိုးမှာ လူစုလူဝေးနဲ့ ဆန္ဒပြပြီး စက်တင်ဘာလို ဟာမျိုးမှာ ဆန္ဒပြတယ်။ အလံထောင်ပြီး ထွက်တယ်။ မတိုင်ခင်မှာ ရှောင်တိမ်းနေရတယ်။ မိတာနဲ့ ထောင်ထဲပို့တယ်။ တကယ်လည်း အဲ့လို အခြေအနေမျိုးကို ဖြတ်ခဲ့ရတယ်။ ၂၀၁၂ ကျတော့ ထောင်က လွတ်ပြီးတဲ့ ကာလမှာ ကျွန်တော်တို့မှာ သူတို့ Policy အနေအထား အရ ပွင့်လင်း တော့မယ်လို့ သူတို့က ကြွေးကြော်တယ်။ ဟန်ဆောင်သည်ဖြစ်စေ၊ ဟန်မဆောင်သည် ဖြစ်စေ ကျွန်တော်တို့ ရတဲ့အခွင့်အရေးကို ရအောင်ယူမယ်။ သမဂ္ဂလုပ်မယ်။ အဲ့တိုင်းကို ဗဟိုစည်းရုံးရေး ကော်မတီ ဖွဲ့ပြီးတော့ ကျန်တဲ့ ကျောင်းတိုင်း ကျောင်းတိုင်းမှာ ကျွန်တော်တို့ သမဂ္ဂတွေ ဖြစ်ပေါ်လာဖို့အတွက် အားပေး တယ်။ ပူးပေါင်း ဆောင်ရွက်တယ်။ အဲ့တော့ သမဂ္ဂတွေ အများကြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပေါ်လာ တယ်။ ဒီနေ့ဒီကာလမှာ သူတို့ အစိုးရကတော့ တရားဝင် အသိအမှတ် ပြုထားတာမရှိဘူး။ ဒါနဲ့ Informal အနေနဲ့ ကျွန်တော်တို့ ရပ်တည်နိုင်တယ်။ လုပ်စရာ ရှိတာတွေကို အနေနဲ့ပဲ ပြတ်ပြတ်သားသား လုပ်တယ်။ မီဒီယာတွေကို တင်တယ်။ လူသိရှင်ကြား ဖြစ်အောင်လုပ်တယ်။ လျှို့ဝှက်တာ ဘာမှမရှိဘူး။ ကျွန်တော်တို့ အားလုံး ဗြောင်လုပ်ငန်းတွေကို လုပ်ကြတယ်။
Q – ဒီဘက်ခေတ်ရောက်တော့ ပွင့်လင်းလာပြီလို့ရော ပြောလို့ရနိုင်မလား။
A – ဒီကိစ္စက(၂)ပိုင်း ရှိတယ်။ တစ်ပိုင်းက အရင်တုန်းက အခြေအနေတွေထက် ကျွန်တော်တို့ လုပ်သာ ကိုင်သာရတဲ့ အပိုင်း။ ဒါပေမဲ့ နောက်တစ်ပိုင်းကတော့ စောင့်ကြည့်ပြီးတော့ အမြဲတမ်း အပြစ်ရှာဖို့သာ ကြံစည်နေတဲ့ အပိုင်း။ ကျွန်တော်တို့ လုပ်စရာ ကိုင်စရာ ရှိတာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်မရအောင် ပိတ်ဆို့တဲ့အပိုင်း။ ကျွန်တော်တို့ အင်အား တိုးချဲ့ချင်တယ်။ ကျောင်းထဲမှာ စည်းရုံးခွင့် မရှိဘူး။ ကျောင်းပြင်မှာ စည်းရုံးရတယ်။ ကျောင်းထဲမှာ စည်းရုံးတာနဲ့ မိဘခေါ်တယ်။ ခြိမ်းခြောက်ခံရတယ်။ ဒီလိုမျိုး အခက်အခဲတွေ ကတော့ရှိတယ်။
Q – အခုလုပ်တဲ့ပွဲနဲ့ ပတ်သက်ပြီးကော ဘာများ ထူးခြားတာ ရှိသလဲ။
A – ကျွန်တော်တို့ ခု 7 July ကျင်းပတဲ့အခါမှာ အစအလယ်အဆုံး အန္တရာယ်ကင်းကင်း အကျအဆုံး အထိအခိုက် မရှိဘဲနဲ့ လုပ်နိုင်ခဲ့တာ ကျောင်းသားထုရဲ့ စည်းရုံး ညီညွတ်မှုကြောင့်လို့ပဲ ပြောချင်တယ်။ ကျောင်းသားထုရဲ့ စည်းရုံးညီညွတ်မှုကို ကျွန်တော် အရမ်းလေးစားတယ်။ ယုံကြည်တယ်။ အားကိုးတယ်။ ဒီစည်းလုံးမှု အချိန်တစ်ခု၊ နောက်ထပ် စည်းရုံးဖို့ လိုအပ်သေးတယ်။ နောက်ထပ် ကျောင်းသားသမဂ္ဂတွေ အများကြီး ထွက်ပေါ် လာနိုင်တယ်လို့လည်း မြင်တယ်။ ကျွန်တော်တို့လူထုရဲ့ တောင်းဆိုမှု မပါဘဲနဲ့ အလို အလျောက် ဖြစ်ပေါ်သွားတဲ့ ဒီမိုကရေစီ နိုင်ငံဆိုတာ မရှိဘူး။ ကျောင်းသားတွေရဲ့အခန်းကဏ္ဍက အရေးကြီးလို့ ကျောင်းသားတွေအနေနဲ့ လူထုနဲ့ ပေါင်းပြီးတော့ ဒီမိုကရေစီပန်းတိုင်ကို အမြန်ဆုံး သွားနိုင်ပါစေလို့ ဆုတောင်းတယ်။
Q – ကျောင်းသားသမဂ္ဂ လှုပ်ရှားနေတာမှာ အဓိကအခက်အခဲ ဖြစ်နေတာတွေက ဘာတွေဖြစ်မလဲ။
A – အဓိက အခက်အခဲဆုံး အပိုင်းဖြစ်နေတာကတော့ အာဏာပိုင်တွေက ဖိအားပေးတဲ့ အပိုင်းပေါ့။ ကျန်တဲ့ အပိုင်းက ငွေရေးကြေးရေး ခက်ခဲတာ မှန်ပေမယ့် စုပေါင်းပြီး ၀ိုင်းဝန်း အလှူခံ ဖြေရှင်းလို့ရတယ်။ အဲ့လောက်လည်း ကျွန်တော်တို့ ငွေမလိုဘူး။ ကျွန်တော်တို့ အကြီးကြီးတွေ လုပ်တာ မဟုတ်ဘူး။ ကိုယ့်အားနဲ့ နိုင်သလောက်။ အာဏာပိုင်တွေရဲ့ဖိအားပေးမှု အပိုင်းကတော့ ရှိနေဆဲပဲဆိုတာ။ အဲ့အပိုင်းက အခက်အခဲ ရှိတယ်။ လူသစ်တွေ စုဆောင်းဖို့ အခက်အခဲရှိတယ်။ အဲ့အပိုင်းက အခက်အခဲရှိတယ်။ ကျောင်းသား သမဂ္ဂဆိုတာ ဒီနှစ် ဒီကာလမှာ မလိုအပ်တော့ဘူးလို့ ပြောနေတဲ့ သူတွေလည်း ရှိတယ်။ ကျောင်းသားသမဂ္ဂ နိုင်ငံရေးတွေကြီးပဲ လုပ်နေတဲ့အတွက် ကျောင်းသားတွေ ခုတုံးလုပ်ခံရမယ်။ အသုံးချခံရမယ်။ မ၀င်နဲ့ဆိုပြီး တားနေတာတွေလည်း ရှိတယ်။ အဲဒါတွေ မရှိတော့ဘူးဆို ကျောင်းသားသမဂ္ဂက လုပ်ရတာ ပိုလွယ်သွားပြီ။ အဲ့လို အယူအဆတွေနဲ့ ကလေးတွေကို အဆိပ်ခတ်တာမျိုးတော့ မဖြစ်စေချင်ဘူး။
Q – အခုပေါ့နော်။၂၀၀၇ နောက်ပိုင်းမှာဆိုရင် ကျောင်းသားတွေ မျိုးဆက်ကွာဟမှု ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိတယ်။ ဒီအပေါ်မှာကော အစ်ကို့အမြင်လေး သိပါရစေ။
A – ၂၀၀၇ ကျွန်တော်တို့ နောက်ပိုင်းမှာ မျိုးဆက် ကွာဟမှု ဖြစ်တယ်ဆိုတာ အဟုတ်ပဲ။ ဒါပေမဲ့ ကျောင်းသား ခေါင်းဆောင် ထွက်မလာဘူးလို့တော့ ပြောမရဘူး။ တိုက်ပွဲကြားထဲမှာ ပေါ်လာတဲ့ ကျောင်းသား ခေါင်းဆောင် တွေဆိုရင်လည်း ဥပမာ ဦးလှရွှေတို့ ဘာတို့ကအစ ကျွန်တော်တို့ အဆုံးအထိပေါ့နော်။ တိုက်ပွဲရှိတဲ့အခါ ခေါင်းဆောင် ထွက်ပေါ်လာတယ်။ ကျောင်းသားထု ကြားထဲက ထွက်လာတာ။ ဒါမွေးထုတ်လို့ မရဘူးဗျ။ နဂိုစိတ်အခံနဲ့လည်း ဆိုင်တယ်။ သူ့ရဲ့အားထုတ်မှုနဲ့လည်း ဆိုင်တယ်။ အခု တကယ်လည်း လာမယ့်ကျောင်း သားသမဂ္ဂ ခေါင်းဆောင်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ ထင်တယ်။
Q – မျိုးဆက်ကွာဟမှု ဖြစ်တယ်လို့ယူဆနိုင်ရင် ဘာကြောင့် အဲလိုဖြစ်သွားတာလဲ။
A – အဓိကကတော့ စနစ်တကျ လေ့လာခွင့်မရအောင် ပိတ်ပင်တားမြစ်ထားလို့။ ကျောင်းသားသမဂ္ဂ စာအုပ် တွေကို လေ့လာခွင်မရအောင် ပိတ်ပင် တားမြစ်ခံရတဲ့ ခေတ်တစ်ခေတ် ရှိတယ်။ အဲ့ခေတ်ကာလမှာ ကျောင်းသားတွေ လေ့လာခွင့်မရဘူး။ သမဂ္ဂလုပ်ငန်း ဆောင်တာတွေကို ကျောင်းထဲမှာ တရားဝင် လုပ်ခွင့် မရတဲ့အတွက် အများကြီး မျိုးဆက်ကွာဟမှု ဖြစ်တယ်။ ခုချိန်မှာ ကျွန်တော်တို့လည်း တတ်နိုင်သမျှ စာအုပ် စာတမ်းတွေကို ဖြန့်ချိနေတယ်။ ရှင်းလင်းပွဲတွေလည်း လုပ်နေတယ်။ ခုသမဂ္ဂ လုပ်ငန်းစဉ်တွေကို Online တွေမှာရော၊ Facebook တွေမှာရော တင်တဲ့အခါကျတော့ ကျောင်းသားတွေလည်း သမဂ္ဂဘာတွေ လုပ်နေတယ် ဆိုတာ သိလာကြပါပြီ။
Q – အပြင်မှာ ဝေဖန်နေကြတာ ၂၀၀၇ မှာ တက်ခဲ့တဲ့ အစ်ကိုရယ်၊ ကိုဒီငြိမ်းလင်းရယ်၊ ကိုစည်သူမောင်ရယ် ၃ ယောက်က ခုချိန်မှာ တခြားမျိုးဆက်တွေလို တပေါင်းတစည်းတည်း ရှိမနေဘူး။ တွဲနေကြတယ်ပေါ့။ မနှစ်က 7 July ဆိုရင်လည်း သဘောထားကွဲပြီး တစ်ယောက် တစ်နေရာစီ လုပ်ကြတယ်ပေါ့။ အဲ့ဒါဘာကြောင့်လဲ အစ်ကို။
A – ကျောင်းသား ၃ ယောက်တည်း ၂၀၀၇ မှာ လုပ်ခဲ့တာ မဟုတ်ဘူး။ ၂၀၀၇ မှာ လုပ်ခဲ့တဲ့ ရဲဘော်တွေ အများကြီးပဲ ရှိတယ်။ ဒီလိုပဲ အကျဉ်းထောင်ထဲမှာ ဖြတ်သန်းခဲ့တဲ့သူတွေလည်း အများကြီးရှိတယ်။ ဒါကြောင့် ၂၀၀၇ မတိုင်ခင်မှာလည်း လှုပ်ရှားခဲ့တဲ့ သူတွေလည်းရှိတယ်။ ကျွန်တော်တို့ ဗ.က.သ ဖွဲ့စည်းတဲ့ နေရာမှာ မျိုးဆက်အစုံက ကျောင်းသားတွေပါတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်တာမျိုး မရှိဘူး။ ကျွန်တော့် နာမည်ထွက်နေတယ်။ Figure ဖြစ်နေတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ဒါကို ကျွန်တော်လိုချင်တာ မဟုတ်ဘူး။ ကျွန်တော်လိုချင်တာ မျိုးဆက်ပေါင်းစုံက ကျောင်းသားတွေ ပါဝင်ပြီး ကျောင်းသား သမဂ္ဂဆိုတာ မားမားမတ်မတ်ရပ် နိုင်ဖို့ပဲ။ ကျောင်းသား သမဂ္ဂဆိုတာမှာ ဗ.က.သ များ အဖွဲ့ချုပ်ကို စံနမူနာ ထားပြီးတော့ အဲ့အဖွဲ့ကို တည်ဆောက်တာ။ လူပုဂ္ဂိုလ်ကို တည်ဆောက်ခြင်း မရှိဘူး။ ကျွန်တော်တို့က အဖွဲ့အစည်း တည်ဆောက်ခြင်းပဲ ရှိတယ်။ လူပုဂ္ဂိုလ်ကို ကွဲတယ်လို့ မထင်ဘူး။ မူအရ ကွဲတယ်လို့ပဲ ထင်တယ်။ တချို့မူတွေ ကျွန်တော်တို့နဲ့ မတူလို့ ပြီးခဲ့တဲ့နှစ်က အဲ့လိုတွေ ခွဲလုပ်ခဲ့တာ မှန်ပေမယ့် ဒီနှစ်မှာတော့ အခုလို ဒီငြိမ်းလင်းတို့ အဖွဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်တာ ရှိတယ်။ အဲ့တော့ ဒါအရမ်းပဲ အားရကျေနပ်ပါတယ်။
Q – မူအရကွဲတာဆိုတော့ ဘယ်လိုမူဝါဒတွေမှာ ကွဲကြတာလဲ။
A – ဗ.က.သ မူဝါဒ ၅ ချက်မှာ တချို့မူဝါဒတွေဖြစ်တဲ့ နိုင်ငံရေး ဆောင်ရွက်မှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်မယ့် ကိစ္စတွေ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မယ့် ကိစ္စတွေမှာ အယူအဆ မတူကြဘူးပေါ့။ တချို့ကျတော့လည်း ဒီအချိန်က လွတ်လပ် ပွင့်လင်းတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတစ်ခု ရောက်ပြီလို့ သုံးသပ်တယ်။ အဲ့အချက်ကို ကျွန်တော်တို့က လက်မခံဘူး။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို မရောက်သေးဘူး။ အသွင် ကူးပြောင်းရေးနဲ့ တူတာတောင်မှ မဖြစ်သေးဘူး။ အဲ့တော့ ကျွန်တော်တို့က ဆက်ပြီး ဒီမိုကရေစီရအောင် တိုက်ပွဲ ၀င်ရမယ်ဆိုတဲ့ အယူအဆနဲ့ သွားတယ်။ အဲ့အယူအဆက ထပ်တူထပ်မျှ မဖြစ်ဘူးပေါ့။
Q – တချို့ ကျောင်းသားတွေမှာတော့ ကျောင်းသားက သမဂ္ဂမှာပါရင် ကျောင်းသားကိုတော့ ဘာမှ မပြောဘူး။ မိဘကို ခေါ်ပြီး ဖိအားပေးတာမျိုးတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်လဲ။
A – ကျွန်တော်တို့ လားရှိုးခရိုင် ကျောင်းသားသမဂ္ဂဆိုရင် မိဘတွေရဲ့ စီးပွားရေး လုပ်ငန်းကို အကျပ်ကိုင် တာတွေ ရှိတဲ့အတွက် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေအားလုံး နုတ်ထွက် သွားတာလည်း ကြုံခဲ့ဖူးတယ်။ တချို့ နေရာတွေမှာလည်း မိဘတွေကိုခေါ်ပြီး ကိုယ့်သားသမီးကို ကိုယ်ပြန်ထိန်းဖို့ ကျောင်းပိတ်ရက်ဆို မြို့မှာ မထားနဲ့ ရွာပြန်ခေါ် အဲ့လိုတွေ ဖိအားပေးတာတွေ ရှိတယ်။ မိဘတွေဆိုတာကလည်း ကိုယ့်ထမင်းကိုယ်စား ကိုယ်စီးပွားရေး ကိုယ်လုပ်ရတော့ သူတို့သားသမီး ထိခိုက်မှာကို၊ သူတို့စီးပွားရေး ထိခိုက်မှာကို ကြောက်တယ်။ ဒါတွေကို ကျွန်တော်တို့ ရှင်းပြတယ်။ မဖြစ်သင့်ဘူး။ လုပ်စရာရှိတာ ရဲရဲတင်းတင်းလုပ်။ ကျွန်တော်တို့ ဒါ ဒီမိုကရေစီ နည်းလမ်းနဲ့ လှုပ်ရှားနေတာလို့ပဲ။ မိဘတွေကို ရှင်းပြတယ်။ ကျောင်းသားတွေ ကလည်း တကယ် မှန်ကန်တဲ့ အလုပ်ကို လုပ်တဲ့အတွက်ကြောင့် ခွင့်ပြုချက် တောင်းတာ မဟုတ်ဘဲနဲ့ နားလည်အောင် ရှင်းပြပြီး ဆက်လုပ်ကြတယ်။အဲ့လိုနည်းနဲ့တော့ ကျွန်တော်တို့ဖြေရှင်းမှု ရှိတယ်။
Q – အခုနောက်ပိုင်း တက္ကသိုလ်ကျောင်းတွေမှာ ကျောင်းသားတွေကို နိုင်ငံရေး မလုပ်ရဆိုပြီး တားမြစ်တာတွေ ရှိလာတယ်။ ခေတ်အဆက်ဆက်မှာလည်း ဒီလိုတားမြစ်တာမျိုးကို ဘယ်ကျောင်းသားထုကမှ ခံခဲ့တာ မဟုတ်ဘူး။ ဒါကိုဝန်ကြီးဌာနကလည်း သိရဲ့သားနဲ့ ဘာလို့ လုပ်တယ်လို့ထင်လဲ။
A – အစိုးရက ကျောင်းသားတွေကို လျှော့ပေးလိုက်၊ ပြန်တင်းလိုက် လုပ်နေတာလို့ မြင်တယ်။ ကျောင်းသား တွေကို အစိုးရက သွေးတိုးစမ်းနေတယ်လို့ မြင်တယ်။