Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နောက်ကြောင်းပြန်ခြင်းလား၊ ဟန်ပြလွတ်လပ်မှုလား – ထက်မြက်

$
0
0


အုပ်စိုးသူများသည် သူတို့၏ အရပ်ဝတ် မျက်နှာဖုံးနှင့် ဟန်ဆောင်မှုများမှာ ယာယီသာဖြစ်ကြောင်း၊ ကျွန်တော်တို့ ထောက်ပြ ခဲ့ပြီးပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်သရွေ့၊ ပြင်ဆင်ဖို့ကို တားဆီးနေသရွေ့ ဒီမိုကရေစီနိုင်ငံ ဆိုသည်ကို စိတ်ကူးထဲပင် ထည့်သွင်းမစဉ်းစားသင့် . . .

လွန်ခဲ့သော အနှစ် ၅၀ ကျော် ကာလက ဆိုလျှင် စာနယ်ဇင်းများ၏ လွတ်လပ်မှုမှာ မူးလို့ ရှူစရာပင် မရှိခဲ့ပေ။ စစ်အာဏာရှင် နိုင်ငံများ၊ အာဏာရှင်တစ်ပိုင်း နိုင်ငံများအဖို့ စာနယ်ဇင်း လွတ်လပ်မှု ပိတ်ပင်ရသည်ကို ဂုဏ်ယူစရာဟုပင် ထင်မှတ်နေကြသည်။ ထိုသို့ စာနယ်ဇင်း လွတ်လပ်ခွင့် ပိတ်ပင်ထားသည်မှာ နောင်အခါတွင် အာဏာရှင်များ ကိုယ်တိုင် ရိပ်စားမိလာပါသည်။ အခြေအနေ အပြောင်းအလဲ တစ်ခု ဖြစ်လာသည့် အခါတွင် တချို့ အတိုင်းအတာ တစ်ခုအထိ၊ တချို့ စံချိန်မီသည်အထိ ဖြစ်လာသည်ကို တွေ့ရသည်။

စစ်အစိုးရ ခေတ်လွန် ယနေ့ကာလ၌မူ ယခင်ထက် စာပေလွတ်လပ်မှု၊ စာနယ်ဇင်း လွတ်လပ်မှု ရှိလာပါသည်။ အပြောင်းအလဲ လုပ်မည်ဟူသော ကတိက၀တ်နှင့် ပြည်သူ၏ တောင်းဆိုမှုကြောင့် ထိုသို့ လွတ်လပ်ခွင့် ပေးခဲ့ရခြင်းဖြစ်ကာ မိမိတို့က စေတနာ ကောင်းလွန်း၍ စာပေနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်များ ပေးခဲ့သယောင် ပြောနေစရာ မလိုသလို မိမိတို့ ကိုယ်ကိုယ် စာပေနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်၏ ကယ်တင်ရှင်များသဖွယ် သဘောထား မနေသင့်ပေ။ စာပေနှင့်စာနယ်ဇင်း လွတ်လပ်ခွင့်သည် မိမိတို့အတွက်လည်း အကျိုးပြုသလို ပြည်သူများ အတွက်လည်း အကျိုးရှိသည်ကို နားလည်ဖို့ လိုအပ်သည်။ စာပေစိစစ်ရေး ဖျက်သိမ်းလိုက်ခြင်းမှာ စေတနာရေစီး ကမ်းပြိုလိုက်၍ ဖျက်သိမ်းပေးခဲ့ခြင်း မဟုတ်ဘဲ ဒီမိုကရေစီနိုင်ငံ ထူထောင်မည်ဆိုလျှင် ယခင် စစ်အစိုးရ ခေတ်က အတားအဆီး အဟန့်အတား မှန်သမျှကို ဖယ်ရှားသည့် မူအရ လက်ခံ ကျင့်သုံးသည့် အနေဖြင့် ဖျက်သိမ်း လိုက်ခြင်းသာ ဖြစ်သည်။ တက်လာသော အစိုးရသစ်က ပြည်သူလူထုကို ထောက်ထား ညှာတာသည့် အနေဖြင့် ပြည်သူကို လွတ်လပ်ခွင့် ပေးခြင်းမဟုတ်။ ဒီမိုကရေစီ စံညွှန်းများအတိုင်း လွတ်လပ်မှု မပေးလျှင် မဖြစ်သောကြောင့် စာပေလွတ်လပ်ခွင့် ပေးလာခြင်းဖြစ်ပါသည်။ ပေးလာသည့် လွတ်လပ်ခွင့်ကို ပြန်ရုပ်သိမ်းလျှင် ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်ခြင်း ဆိုသည်ကို စာနယ်ဇင်း သမားများရော၊ ပြည်သူပါ နားလည် သဘောပေါက်ဖို့ လိုသည်။ ယခုကဲ့သို့ တိုင်းပြည်တွင်း လွတ်လပ်မှုနှင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေသည့် အချိန်တွင် အစိုးရရော ပြည်သူများကပါ တစ်ဖက်နှင့်တစ်ဖက် နားလည်သဘော ပေါက်ဖို့ လိုသည်။ ဖေးမကူညီနိုင်ဖို့ လိုပါသည်။ အရပ်သားအစိုးရ ၃ နှစ်တာ ကာလအတွင်း စစ်အစိုးရခေတ်က စရိုက် သဘာဝများ ပျောက်ကွယ်သွားဖို့ လိုသလို ပြည်သူကလည်း မျက်မှန်စိမ်းတပ်ကာ ယခင် စစ်အာဏာရှင်များ အဖြစ် လုံးဝ မသတ်မှတ်ဖို့ လိုပါသည်။ သို့သော်ယနေ့ အခြေအနေများအရ ယခု အစိုးရသစ်မှာ ပြည်သူကို ချစ်၍ စေတနာ ရေစီးကမ်းပြိုလိုက်ခြင်း မဟုတ်ဆိုသည်ကို အားလုံးသဘောပေါက် ကြပါသည်။ မိမိတို့က လွတ်လပ်မှုပေး၍၊ ဒီမိုကရေစီပေး၍ ယခုလိုဖြစ်လာရသည်ဟု မိမိကိုယ်ကိုယ် ကယ်တင်ရှင်အဖြစ် သတ်မှတ်ထား၍မရပေ။ မိမိကိုယ်ကိုယ် ကယ်တင်ရှင်အဖြစ် ပြောဆိုသုံးနှုန်းကျင့်ကြံအား ထုတ်နေသည်မှာ ကောင်းသောအရာမဟုတ်။ ပြည်သူမှာ စစ်အာဏာရှင်စနစ်ကို နှစ်ပေါင်းများစွာ တိုက်ခိုက် ခဲ့သလို ယခုလည်း မပြီးဆုံးသေးသော စစ်အာဏာရှင် စနစ်ကို တိုက်ခိုက်နေဆဲ ဖြစ်ပါသည်။

ယခုအချိန်၌ စာပေလွတ်လပ်ခွင့် နေ၀င်ချိန် ရောက်လာပြီလားဟု သံသယဖြစ်စရာများ ရှိလာလေသည်။ နောက်ဆုံး သိရှိရသော သတင်းအရ Bi မွန်းတည့်နေ ဂျာနယ်မှ အယ်ဒီတာ ၂ ဦးနှင့် တာဝန်ခံ အယ်ဒီတာတို့ကို ခေါ်ယူ စစ်ဆေးနေခြင်း ဖြစ်၏။ ထို့ပြင် ထိုဂျာနယ်မှ အယ်ဒီတာများကို ပုဒ်မ ၅(ဃ)၊ ၅(ည)တို့နှင့် အမှုဖွင့် ထားသည်ဟုလည်း ကြားသိရပါသည်။ ဂျာနယ်မှာလည်း လုံးဝ ပိတ်ပစ်လိုက်သည်ဟု မကြားသော်လည်း တစ်ပတ် ထုတ်ဝေခြင်း မပြုနိုင်ခဲ့ပေ။ ဖြစ်ပုံမှာ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MDCF) အဖွဲ့၏ သတင်း ထုတ်ပြန်ချက်ဖြစ်သော ““ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစု များအား ကြားဖြတ် အစိုးရအဖွဲ့အဖြစ် ပြည်သူများက တင်မြှောက်ကြောင်း”” ကြေညာချက်ကို Bi မွန်းတည့်နေ ဂျာနယ်က ဂျာနယ်မျက်နှာဖုံးတွင် ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုလေသည်။ ဆိုလိုသည်မှာ ထိုကြေညာ ချက်ကို သတင်းတစ်ခုအဖြစ် ဂျာနယ်က ထည့်သွင်းဖော်ပြခဲ့ခြင်း အား အရေးယူတရားစွဲသည့်သဘောသက် ရောက်ပါသည်။ ထိုအတိုင်းမှန်လျှင် ထိုသတင်းဖော်ပြသော ဂျာနယ်တိုင်း၊ သတင်းစာတိုင်းအား ဖမ်းဆီး အရေးယူ ရတော့မလို ဖြစ်နေလေသည်။ ထိုကြေညာချက် ထုတ်ဝေသော ပါတီကိုလည်း အရေးယူထား သည်ဟု သိရ၏။ MDCF အဖွဲ့သည် ထိုကြေညာချက်များ ကိုင်ဆောင်ကာ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခဲ့၏။ လူသိရှင်ကြား တောင်းဆိုခဲ့သည့် အဖွဲ့ခေါင်းဆောင်မှာ ယခင်က တစ်ကိုယ်တော် ဆန္ဒပြသမား ကိုထင်ကျော် ဖြစ်သည်။ ကိုထင်ကျော်မှာ စစ်အစိုးရခေတ် ကတည်းက တစ်ကိုယ်တော်ဆန္ဒပြပြီး ထောင်အကြိမ်ကြိမ် ကျခဲ့သူ ဖြစ်သည်။

ယခုပြဿနာမှာ စာနယ်ဇင်းသမားများကို ဖမ်းဆီး အရေးယူလာခြင်း ဖြစ်ပါသည်။ စာပေ လွတ်လပ်ခွင့် မှာလည်း ယခုအခါ ကြိုးပြတ်စ ပြုပြီလားဟု သံသယ၀င်လာကြသည်။ သက်တမ်း ၂ နှစ်ပင် ပြည့်ပြည့်၀၀ မခံစားရသေးပေ။ စာပေစိစစ်ရေး ဖယ်ရှားပြီးသည့်နောက် မဂ္ဂဇင်း၊ ဂျာနယ်များအပေါ်တွင် စာရေးသူများ၊ အယ်ဒီတာများက ဆင်ဆင်ခြင်ခြင်ဖြင့် သတိထားရေးသားခဲ့၏။ ရရှိသည့် လွတ်လပ်မှုကိုလည်း လက်လွတ်စပယ် မလုပ်ခဲ့ကြပေ။ အစိုးရကိုလည်း ကျေးဇူးတင်ပါသည်။ သို့သော်စာပေ လွတ်လပ်ခွင့်၏ ကယ်တင်ရှင်များ အဖြစ်ကား သဘော မထားနိုင်ပေ။ ဒီမိုကရေစီ အစိုးရဆိုလျှင် ထိုသို့ စာပေလွတ်လပ်ခွင့် ပေးရသည်က သဘာဝဖြစ်သည်။ ထိုအတွက် လက်မထောင်နေစရာ အကြောင်းမရှိပေ။

ထိုကဲ့သို့ လွတ်လပ်စွာ ရေးသား ဖော်ပြမှုများသည် အစိုးရအဖို့ ပြုပြင် ပြောင်းလဲရေးအတွက် အားပေး ကူညီရာလည်း ရောက်ပါသည်။ မရှိသေးသည့် အချက်အလက်များ၊ မသိသေးသည့် အကြောင်းအရာများ ကိုလည်း ဖော်ပြပေးသဖြင့် အစိုးရအဖို့ အကျိုးလည်း ရှိပါသည်။ သို့သော် မီဒီယာများ၏ ရေးသားမှုကို အစိုးရ သည် လက်ခံနိုင်စွမ်း ရှိပုံမရတော့ပေ။ မိမိတို့အတွက် အကျိုးရှိသည် ဆိုသည်ထက် အပြစ်ရှိသည်၊ အခွင့် ကောင်းယူလွန်းသည်ဟု ယူဆလာပုံရသည်။ တစ်စထက်တစ်စ နှိပ်ကွပ်လာတော့၏။ ပထမဆုံး Eleven Media Group မှ သတင်းထောက် မခိုင်ကို လွိုင်ကော်တွင် ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ပေးလိုက်ခြင်းမှ အရေးယူမှု စပါတော့သည်။ ထို့နောက် DVB သတင်းဌာနမှ သတင်းထောက်ကို ထောင်ဒဏ် ၁ နှစ်ချ လိုက်ခြင်းမှာ ပို၍ပင် ပြင်းထန် လာပါတော့သည်။ ““လွတ်လပ်မှုပေးလို့ ယောင်ငမ်း မတက်လာနဲ့။ မင်းတို့ကို အရေးယူ ပြစ်ဒဏ် ပေးလို့ရတယ်””ဆိုသည့် သဘောဖြစ်၏။ တစ်ချိန်တည်းတွင် ယူနတီဂျာနယ်မှ CEO ရော၊ တာဝန်ခံ အယ်ဒီတာ များကိုပါ ဖမ်းဆီး၍ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သော နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် အာမခံမပေးဘဲ တရားရုံးတင် စစ်ဆေးလာလေသည်။ နိုင်ငံတော် ကာကွယ်ရေးနှင့် ပတ်သက်သည့် သဘောပင် ဖြစ်ပါသည်။ ထိုအမှုကို ဇူလိုင် ၁၀ ရက်က အမိန့်ချမှတ်လိုက်ပါသည်။ ဖမ်းဆီးထားသော ယူနတီဂျာနယ်မှ တရားခံများကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။ စာပေနှင့် စာနယ်ဇင်း လောကအတွက် သတိပေး ခေါင်းလောင်းသံ ဟုလည်း ဆိုရပေမည်။

ယခုရက်ပိုင်း၊ လပိုင်းအတွင်း ဂျာနယ်များကို ရဲသတင်းတပ်ဖွဲ့က ခေါ်ယူ မေးမြန်းခြင်း စိပ်လာ၏။ နိုင်ငံရေး ပြစ်မှုများကို တရားစွဲရာတွင် SB က တရားစွဲရသည်။ ဖမ်းလျှင်လည်း သူတို့၊ စစ်လျှင်လည်း သူတို့သာ ဖြစ်သည်။ ယခုမူ စစ်ဘက်လုံခြုံရေးအဖွဲ့ ဆိုပြီး အစားထိုး ထားသော်လည်း SB က သာ နိုင်ငံရေးဆိုင်ရာ ပြစ်မှုကိုသာ ကိုင်တွယ်လေသည်။ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဖမ်းဆီးပြီးနောက် မြန်မာသံတော်ဆင့် ဂျာနယ်၊ မြန်မာပို့စ်ဂျာနယ်၊ ယူနတီဂျာနယ် စသည့် ဂျာနယ်များကို တစ်စောင်ပြီး တစ်စောင် ခေါ်ယူမေးမြန်းခဲ့ သည်။ တချို့ဂျာနယ်များဆိုလျှင် ဂျာနယ်တွင် ရေးသော ဆောင်းပါးရှင်များကိုပင် နာမည်ရင်း ဘယ်သူ၊ ဘယ်မှာ နေသည်ကအစ မေးမြန်းလာ၏။ စာပေလောကမှ စာရေးဆရာများကိုပင် ထိပါးလာသည့်သဘော ဖြစ်သည်။ စာပေစိစစ်ရေး ဖျက်သိမ်းပြီး နောက် စာပေလွတ်လပ်မှု ပေးသော ကာလတိုလေး အလွန်တွင် ထိုကဲ့သို့ ဂျာနယ်များကို မေးမြန်းလာခြင်းဖြစ်သည်။ ဂျာနယ် အယ်ဒီတာများ၊ ထုတ်ဝေသူများကို ထိုအချိန်က ဘာတွေမေးသည်ကို မသိရသော်လည်း နောင်အခါတွင် ဘယ်က ပိုက်ဆံနဲ့ ထုတ်ဝေသလဲ။ အစိုးရကို ဘာကြောင့် ဆန့်ကျင်သလဲ ဆိုသည်များ မေးလာနိုင်သည်။ ထိုမှတစ်ဆင့် ဂျာနယ်တွင် ရေးသားသော ဆောင်းပါးရှင် များကိုလည်း ဘာကြောင့် ထိုဂျာနယ်တွင် ရေးသလဲ။ အစိုးရကို ဘာကြောင့် ဆန့်ကျင်ရေးသလဲ။ ဆောင်းပါးမှာ ဘာကို ရည်ရွယ်ရေးသလဲ စသည်များကို ခေါ်ယူမေးမြန်းရုံမက စစ်အစိုးရ လက်ထက်ကလို ဒါမရေးရ၊ ဟိုဟာ မရေးရဟု ကန့်သတ်ရုံမက ရေးလျှင် ထောင်ဒဏ်ပင် ပေးနိုင်လေသည်။ ထိုသို့အခြေအနေ မရောက်ဟု ပြော၍မရပေ။

ယခင်က စစ်ယူနီဖောင်းဝတ်ပြီး ယခုသာမန်အ၀တ်ဖြင့် အုပ်ချုပ်သော သူများ ဖြစ်သောကြောင့် ဖိနှိပ်သော ဥပဒေ အားလုံးကို တည်ဆဲဥပဒေဟု သတ်မှတ်ထားကြ၏။ ပုဒ်မ ၅ ည၊ ပုဒ်မ ၁၈၊ ပုဒ်မ ၁၀(က)(ခ) စသည့် ပုဒ်မများမှာ ဒီမိုကရေစီ ခေတ်တွင် ရှိရမည့် ဥပဒေများ မဟုတ်ပေ။ ယခုအခါ လိုအပ် လာပြီဖြစ်၍ ထိုဖိနှိပ်ရေး ပုဒ်မများကို ချသုံးလာပြီ ဖြစ်လေသည်။ ကျွန်တော် မကြာခဏ ရေးသလို စာပေ လွတ်လပ်ခွင့်မှာ ယာယီသာ ဖြစ်သည်ဟု ဆိုသည့်အတိုင်း ယခုအခါ ခေါင်းထောင်ထလာပြီး စာရေးသူများကို ဦးလှည့် လာပါတော့သည်။ အုပ်စိုးသူများသည် သူတို့၏ အရပ်ဝတ် မျက်နှာဖုံးနှင့် ဟန်ဆောင်မှုများမှာ ယာယီသာ ဖြစ်ကြောင်း၊ ကျွန်တော်တို့ ထောက်ပြခဲ့ပြီးပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်သရွေ့၊ ပြင်ဆင်ဖို့ကို တားဆီးနေသရွေ့ ဒီမိုကရေစီ နိုင်ငံဆိုသည်ကို စိတ်ကူးထဲပင် ထည့်သွင်း မစဉ်းစားသင့်ပေ။ နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများမှ လွတ်ကင်းအောင် စကားပြောကြမ်းသူများ နေရာတွင် စကားပြောချိုသာ သူများကို ထားရှိပြီး လက်တွေ့မှာမူ ယခင်စစ်အစိုးရနှင့် ကွာခြားသည် ဘာမှမရှိ။ မြန်မာအမျိုးသားများနှင့် မြန်မာ အုပ်စိုးသူများကြား မြန်မာတို့၏အစဉ်အလာဖြစ်သော “ဆိုခဲစေ၊ မြဲစေ” ဆိုသည့် စကားမှာလည်း ပျောက်ကွယ် လာပြီလားမသိ။

အဘယ်ကြောင့် ဆိုသော် ၁၉၈၈ က စစ်တန်းလျား ပြန်ပါမည်ဆိုပြီး၊ ရွေးကောက်ပွဲ အနိုင်ရသူ ကို အာဏာ အပ်ပါမည်ဆိုပြီး နိုင်ငံ၏ အကြီးဆုံး စစ်ဗိုလ်ချုပ်ကြီးလည်းဖြစ်၊ ယောက်ျား ရင့်မာကြီးလည်းဖြစ်၊ စစ်သားကြီး တစ်ဦးလည်း ဖြစ်သော စစ်ဗိုလ်ချုပ်ကြီး ပြောခဲ့သော စကားမှာ လေမှာ ပျောက်သွားလေသည်။ “မင်းမှာသစ္စာ လူမှာကတိ” ဆိုသော စကားကို ရှေးခေတ် မြန်မာမင်းများသာ စောင့်ထိန်းခဲ့ပုံရ၏။ ယခု အစိုးရသစ် တက်လာစဉ်က အပြောင်းအလဲများကို ကျင့်သုံးမည်။ နောက်ကြောင်း ပြန်မလှည့်။ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ရှိရမည်။ ပွင့်လင်း မြင်သာရမည်။ စာပေလွတ်လပ်ခွင့် ရှိရမည်။ စတုတ္ထ မဏ္ဍိုင် ခိုင်မာစေရမည် စသောကတိစကားများကို ကျွန်တော်တို့ မည်သို့ သဘောပေါက် နားလည်ရမည်နည်း။

မြန်မာသံတော်ဆင့်သတင်းဌာန

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>