Myanmar Press Council (Interim) met with The President U Thein Sein on 1st, August 2014 in Naypyidaw.( Photo..Kyaw min swe)
သမ္မတဦးသိန်းစိန်က ပြစ်ဒဏ်ကျခံနေရသော သတင်းထောက်များနှင့် တရားစွဲဆိုခံနေရသော
သတင်းထောက်များကို နစ်နာမှု မရှိစေရန် တရားစီရင်ရေးကဏ္ဍ၏ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှု
အား မထိခိုက်စေဘဲ ၎င်း၏ လုပ်ပိုင်ခွင့်အတွင်းမှ ဥပဒေကြောင်းအရ ဆောင်ရွက်ပေးသွားမည်ဟု
ပြောသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် လယ်တောအိမ်၌ ဩဂုတ် ၁ ရက်က တွေ့ဆုံစဉ်
ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး စာနယ်ဇင်းကောင်စီကိုလည်း မီဒီယာကြားခံ အဖွဲ့အစည်းအဖြစ်
အသိအမှတ်ပြုသည်ဟု ပြောခဲ့ကြောင်း ကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောသည်။
"လတ်တလောဖြစ်နေတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဆွေးနွေးခဲ့တယ်။
သတင်းထောက်တွေ တရားစွဲခံနေရတာတွေ၊ ဖမ်းဆီထောင်ချခံနေရတာတွေ အတွက်ကတော့
သမ္မတက သ၀ဏ်လွှာမှာ ပါတဲ့အတိုင်းပဲ ပြောခဲ့တယ်"ဟု ၎င်းက ပြောသည်။
သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့သော သ၀ဏ်လွှာတွင်
'မြန်မာနိုင်ငံအစိုးရ လှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ခြင်းကြောင့် သက်ဆိုင်သည့်
အဖွဲ့အစည်းမှ တရားစွဲဆိုခြင်း၊ တရားရေးမဏ္ဍိုင်မှ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခွင့်
ရှိသည့် တရားစီရင်ရေးမူနှင့်အညီ စီရင်ဆုံးဖြတ်ခြင်းတို့သည် အုပ်ချုပ်ရေးအဖွဲ့ အစိုးရနှင့်
တိုက်ရိုက်ပတ်သက်ခြင်း မရှိသည်ကို ဥပဒေများဖြင့် ပြဌာန်းသတ်မှတ်ပြီးဖြစ်ကြောင်းနှင့်
သမ္မတအနေဖြင့် အခြေခံဥပဒေ ပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိကြောင်း
ဖော်ပြထားသည်။
ထို့ပြင် နောက်နောင် သတင်းမီဒီယာနှင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပါက စာနယ်ဇင်းကောင်စီက
သမ္မတရုံးနှင့် တိုက်ရိုက်ဖြစ်စေ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့်ဖြစ်စေ ဖြေရှင်းရန်ကိုလည်း
သဘောတူခဲ့ကြကြောင်း ဦးကျော်မင်းဆွေက ပြောသည်။
အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့်
သတင်းမီဒီယာအကြား နားလည်မှုများ မလွဲချော်စေရန်အတွက်လည်း အလုပ်ရုံဆွေးနွေးပွဲများ
ပြုလုပ်ပေးသွားရန်ကိုလည်း သမ္မတက သဘောတူညီခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က
ပြောသည်။
"အစိုးရ၀န်ကြီးဌာနတွေရဲ့ သတင်းထုတ်ပြန်ချက်စနစ်တွေ ပိုကောင်းအောင်နဲ့ သတင်းမီဒီယာ
သမားတွေက စာနယ်ဇင်းကျင့်ဝတ် မလိုက်နာတဲ့အတွက် အစိုးရဌာနဘက်က အခက်အခဲတွေ
ရှိတာတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့တယ်"ဟု ၎င်းက ပြောသည်။
စာနယ်ဇင်းကောင်စီ(ယာယီ)၏ သတင်းထုတ်ပြန်ချက်တွင် သတင်းမီဒီယာများ၏ သတင်းရယူခွင့်
နှင့်ပတ်သက်၍ ၀န်ကြီးဌာန အသီးသီးက အချိန်နှင့် တပြေးညီ ထိရောက်မှုရှိသော တုံ့ပြန်
ပြောကြားမှုများ ရှိလာစေမည့် အစီအစဉ်သစ် တစ်ရပ်ကို အကောင်အထည်ဖော်မည်ဟု
သမ္မတက ပြောခဲ့ကြောင်း ဖော်ပြထားသည်။
သမ္မတဦးသိန်းစိန်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)တို့၏ ယခုတွေ့ဆုံမှုသည်
ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် တာဝန်ယူပြီး ပထမဦးဆုံးဖြစ်သည်
မြန်မာတိုင်းစ်