ကမ္ဘာပေါ်မှာဗုဒ္ဓဘုရားပုထိုးစေတီတွေ တစုတဝေးတည်း အများအပြားတည်ရှိနေတဲ့ နေရာတွေထဲကတခုဖြစ်တဲ့ ပုဂံကိုခံစားမှုမျိုးစုံ သယ်ပိုးပြီး ကျွန်တော်လာခဲ့ပါတယ်။ အဲဒီလိုလာခဲ့ရခြင်းအကြောင်းအရင်းတွေထဲမှာ တောက်ပလင်းလက်ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဓာတ်ပုံတွေထဲကတဆင့် ခံစားဖို့ထက် ဘုရားပုထိုးတွေကိုအနီးကပ် အကုန်အစင်တွေ့မြင်လိုတဲ့ ပြင်းပြတဲ့ ဆန္ဒတခုလည်း ပါဝင်ပါတယ်။ ကျွန်တော့်အဖို့ ညီညာ ပြန့်ပြူးတဲ့ မြေပြန့်လွင်ပြင်ပေါ်မှာ ဖြန့်ကြက်တည်ရှိနေတဲ့ အသက်ရှူမှား လောက်ဖွယ် ဘုရားပုထိုး မြင်ကွင်းကျယ်ကြီးကို မြင်လိုက်ရတယ်ဆိုရင်ပဲ ကမ္ဘောဒီးယားမှာ ရဟတ်ယာဉ်စီးတုန်းက အပေါ်စီးက မြင်ခဲ့ရတဲ့ “အန်ကောဝပ်”ဘုရားပုထိုး အစုအဝေးကြီးနဲ့ နှိုင်းယှဉ်ခံစားလိုက်မိတယ်။ ဒါပေမဲ့ စိတ်ပျက်စိတ်ထိခိုက်စရာမြေပြင်ပေါ်က မြင်ကွင်းတွေကိုကြည့်ပြီး ကျွန်တော် စိုးရိမ်သောကဖြစ်ခဲ့ရတယ်။
လေယာဉ်ဆိုက်လုဆိုက်ခင်မှာတော့ မင်္ဂလာစေတီပုထိုးတော်ရဲ့ ထိပ်ဖူးနားမှာ မှိန်ဖျော့ဖျော့ညနေခင်းနေလုံးကြီးဖြည်းဖြည်းချင်းဆင်းနေပြီး အနီရင့်နဲ့ ပုစွန်ဆီရောင်အသွေးတွေ ဖြာကျနေတဲ့အောက်မှာ ဘုရားပုထိုး စေတီရာပေါင်းများစွာကို ပန်းချီကားသဖွယ်တွေ့ရတဲ့ နေ၀င်ခါနီး မြင်ကွင်း ကို ခပ်မြန်မြန် ခံစားလိုက်ရတယ်။
“သိပ်ကိုကြီးကျယ်၊ သိပ်ကိုလှပတာပဲ”လို့ ရည်မွန်ကြော့ရှင်းတဲ့ ပြင်သစ်အမျိုးသမီးတဦးက စတီးလက်ရန်းကို တင်းတင်းဆုပ်ကိုင်ရင်း ပြင်သစ်လို တီးတိုးပြောလိုက်တယ်။
ပုဂံရဲ့သိမ်မွေ့တဲ့ ရှေးဟောင်းအနုလက်ရာအလှအပတွေဟာ တစုံတရာ ချို့တဲ့အားနည်းမှုကြောင့် စိုးရိမ်ဖွယ် အခြေအနေတွေအောက်ကို ၀မ်းနည်းဖွယ် ရောက်ရှိနေတာတွေ့ရတယ်။ ဥပမာအားဖြင့် အန်ကောဝပ်ကိုဆိုရင် ယူနက်စကိုကကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် တည်ရှိရာနေရာတခုအဖြစ် ရွေးချယ်သတ်မှတ်ပြီး ရှေးမူမပျက် ထိန်းသိမ်းစောင့်ရှောက်ပေး နေတာတွေ ရှိတယ်။
ပုဂံမှာတော့ ယူနက်စကိုရဲ့ ဆယ်စုနှစ်များစွာ ကြိုးပမ်းအားထုတ်ခဲ့မှုတွေဟာ မကြာသေးမီနှစ်များအတွင်းက ရပ်စဲဖို့ အကြောင်းဖန်လာခဲ့တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေထဲက တခုဖြစ်တဲ့ ပုဂံဘုရားပုထိုးစေတီတွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ယူနက်စကိုအနေနဲ့ အသေးစိတ် အစီအစဉ်တခုကို ရေးဆွဲခဲ့ပြီးလည်း ဖြစ်တယ်။ ပျက်စီးယိုယွင်းမှုမရှိဘဲ နဂိုအတိုင်း မွမ်းမံပြုပြင်ထိန်းသိမ်းတဲ့ အလုပ်ကို ယူနက်စကိုလို နိုင်ငံတကာအဖွဲ့အစည်းလက်ထဲ လွှဲအပ်ဖို့ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်တွေအနေနဲ့ စိတ်မပါလက်မပါဖြစ်နေခြင်းဟာ ကျော်လွှားဖို့အလွန်ခက်ခဲတဲ့ ဧရာမအတားအဆီးတခုဖြစ်ခဲ့တယ်။
အခုအခါမှာ အာရှကရှေးဟောင်းအနုပညာချစ်မြတ်နိုးသူတွေနဲ့ ကမ္ဘာတ၀န်းက ရှေးဟောင်းအနုပညာချစ်မြတ်နိုးသူအများအပြားဟာ ပုဂံရဲ့ အနာဂတ်အတွက် အထူးပဲစိုးရိမ်သောကရောက်နေကြပါတယ်။ မြန်မာစစ် ဗိုလ်ချုပ်တွေဆီမှာ ကျယ်ပြောတဲ့ ပြင်ပကမ္ဘာနဲ့ သူတို့အကြား ကူးလူး ဆက်ဆံမှုတွေကို ဖွင့်လှစ်ဖို့စီစဉ်နေတဲ့ အရိပ်လက္ခဏာတွေ မတွေ့ရဘူး။ အမှန်စင်စစ် ပုဂံရှေးဟောင်းသုတေသနနယ်မြေမှာ ကျွမ်းကျင်မှုမရှိဘဲ လုပ်ဆောင်နေတာတွေဟာ ရှေးလက်ရာတွေ တည်တံ့ခိုင်မြဲမှုနဲ့ ဈေးကွက်စီးပွားရေးတံခါးဖွင့်လှစ်မှုကို ထိခိုက်စေတဲ့အပြင် ဒီထက်ပိုပြီး ပုဂံရဲ့ အနာဂတ်အရေးကိုပါ ခြိမ်းခြောက်နိုင်တဲ့ အရိပ်လက္ခဏာတွေ ထင်ထင် ရှားရှား တွေ့ ခဲ့ရပါတယ်။
ပျက်စီးယိုယွင်းမှုမရှိဘဲ နဂိုအတိုင်းမွမ်းမံပြင်ဆင်တဲ့ လုပ်ငန်းတွေကို ကျွမ်းကျွမ်းကျင်ကျင် တာဝန်ယူဆောင်ရွက်နိုင်တဲ့ အသိအမြင် ဗဟုသုတနဲ့ ကျွမ်းကျင်ပညာရှင်တွေမရှိဘဲ အလွဲလွဲအမှားမှား ညွှန်ကြားဆောင်ရွက်နေတဲ့ မြန်မာအာဏာပိုင်တွေရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေအပေါ် မကြာသေးမီနှစ်များအတွင်း မွမ်းမံထိန်းသိမ်းမှု ကျွမ်းကျင်ပညာရှင်များက စိတ်ပျက်ညည်းညူခဲ့ကြပါတယ်။
မကြာသေးမီဆယ်စုနှစ်များအတွင်း မွမ်းမံပြင်ဆင်ခဲ့တဲ့ ကြိုးပမ်းအား ထုတ်မှုတွေကတော့ ရှေးဟောင်းအုတ်ပုံအပြိုအပျက်တွေရဲ့ထိပ်မှာ ဘီစကွတ်ချပ်တွေ ငယ်စဉ်ကြီးလိုက် ဆင့်ထပ်ထားသလို ဒီဇိုင်းသစ်တွေ ပြုလုပ်ခြင်း၊ ရှေးဟောင်းနံရံဆေးရေးပန်းချီပုံတွေပေါ် ထုံးဖြူသုတ်ခြင်း၊ ပြုပြင်မွမ်းမံဖို့အတွက် ရေချိုးခန်းသုံးကြွေပြားတွေနဲ့ တခြားဆောက်လုပ် ရေးပစ္စည်းအတုတွေကို အသုံးပြုခြင်း၊ ဘုရားစေတီတော်တော်များများရဲ့ ထိပ်မှာဆီလျော်မှုမရှိတဲ့ ခေတ်သစ်အထွတ်တွေ၊ အဆင့်တွေ တပ်ဆင်ခြင်း စတာတွေကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အလှူရှင်တွေကို ဘုရားအို ဘုရားပျက်တခုချင်းစီအလိုက် တာဝန်ယူစေပြီး မွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်ခိုင်းတာဟာလည်း စစ်မှန်မှုကို ယုတ်လျော့ပျက်စီးစေခဲ့ပါတယ်။
ဒါပေမဲ့ လွှမ်းခြုံပြီးမြင်ရတဲ့ ပုဂံဘုရားပုထိုးတွေရဲ့ လှပမှုကတော့ အခုအထိ မျက်စိပသာဒဖြစ်စရာကောင်းတုန်းပါပဲ။ နောက်ပြီး ဧည့်သည် အများစုက ဘုရားပုထိုးတွေရဲ့ အပြစ်အနာအဆာတွေနဲ့ စိုးရိမ်ဖွယ် အခြေအနေတွေကို လုံးဝသတိမပြုမိကြပါဘူး။
ရန်ကုန်ကနေပျံသန်းလာတဲ့ ပုဂံလေကြောင်းလိုင်းလေယာဉ် အနောက်ဘက်ကိုစောင်းကွေ့လိုက်တယ်ဆိုရင်ပဲ ကျွန်တော့်အနေနဲ့ ပုဂံကို ပထမဆုံးအကြိမ် ဖျတ်ခနဲမြင်လိုက်ရပြီး ချောကလက်ရောင်ထနေတဲ့ ဧရာဝတီမြစ်ကြီးက မြင်ကွင်းထဲကိုရောက်လာခဲ့ပါတယ်။
ရှေးအကျဆုံးဘုရားစေတီတွေဟာ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း နဲ့ အနီးဆုံးမှာတည်ရှိနေကြတယ်။ တခါက ကျုံးပတ်ပတ်လည်ဝိုင်းပြီး အခုအခါမှာ တစစီကျိုးပဲ့နေတဲ့ အုတ်မြို့ရိုးကြီးသာရှိတော့တဲ့ ပုဂံမြို့ဟောင်း ဟာ ကမ္ဘာလှည့်ခရီးသည် ပို့ဆောင်တဲ့ ကူးတို့သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေ ဆိုက်ကပ်ရာဆိပ်ကမ်းတခုအဖြစ် အသုံးတော်ခံနေတယ်။ ပုဂံမြို့ဟောင်းမှာတည်းခိုးခဈေးကြီးတဲ့ အဆင့်မြင့်ဟိုတယ်တချို့နဲ့ အလယ်အလတ်နဲ့ အဆင့်နိမ့် တည်းခိုခန်းတွေ ကွက်တိကွက်ကျား တွေ့ရတယ်။ အဆင့်မြင့်ဟိုတယ်ကြီးတွေရဲ့ အနီးနားတ၀ိုက်မှာသာ စားသောက်ဆိုင် အချို့ ရှိတယ်။ ဧည့်သည်အလာနည်းတဲ့ နွေရာသီမို့လို့ပဲလားမသိ၊ ကမ္ဘာလှည့်ခရီးသည်အုပ်စုတွေ အနည်းငယ်လောက်ပဲ တွေ့ရတယ်။
လေဆိပ်မှာ ကျွန်တော်ငှားစီးတဲ့ တက္ကစီကားဒရိုင်ဘာမောင်စံလှ ဆီကနေ တော်တော်များများ သင်ယူလိုက်ရတယ်။ လေဆိပ်ကနေမြို့ထဲကို ကားငှားမယ်ဆိုရင် (၁၄) ဒေါ်လာတဲ့။ ပုဂံရှေးဟောင်းသုတေသန နယ်မြေကို လှည့်လည်ကြည့်ရှုဖို့အတွက် သူ့ရဲ့တက္ကစီကိုငှားမယ်ဆိုရင် တနေ့လုံးစာဒေါ်လာ (၂၀) နဲ့ ကြိုတင်ငှားလို့ရတယ်တဲ့။ အခြားရွေးချယ်စရာအနေနဲ့ စက်ဘီးငှားမယ်ဆိုရင် တရက် (၅) ဒေါ်လာဒါမှမဟုတ် မြင်းလှည်း ငှားစီးမယ်ဆိုရင် တရက် (၇) ဒေါ်လာတဲ့။ အောင်မင်္ဂလာဟိုတယ်မှာ ရေနွေးနဲ့ ရေချိုးလို့ရပြီး လေအေးပေးစက်နဲ့ ရေခဲသေတ္တာပါတဲ့ ဈေးသက်သာတဲ့ အခန်းဆိုရင် တရက် (၁၅) ဒေါ်လာတဲ့။
မွန်းမလွဲခင် အချိန်လေးမှာတော့ ကျွန်တော်တို့ဟာ ဖုန်တထောင်း ထောင်းထနေတဲ့ လှည်းလမ်းကြောင်းတလျှောက် မြောက်ကြွမြောက်ကြွ ဖြစ်နေကြပြီး လမ်းဟိုဘက်ဒီဘက်ကိုလွန်းထိုးနေတယ်။ လမ်းတလျှောက်မှာ ဒေသခံတောင်သူ (အမျိုးသမီးအများစု) စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း နေတဲ့ ၀ါခင်း၊ နှမ်းခင်း၊ ပြောင်းဖူးခင်းစိမ်းစိမ်းတွေကို ဖြတ်လာခဲ့ရတယ်။
ဂူဘုရားငယ်လေးတွေ ရာပေါင်းများစွာ ၀န်းရံနေတဲ့ ဂူဘုရားကြီး အတော်များများဟာ မြေပြန့်လွင်ပြင်ပေါ်မှာတရိပ်ရိပ်နဲ့ ဘွားကနဲဘွားကနဲ ပေါ်ပေါ်လာတယ်။ ၇၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေမှာ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး စစ်တမ်းကောက်ယူမှုအရ မတူးဖော်ရသေးတဲ့နေရာပေါင်း (၂၂၃၀) ကို ရှင်းလင်းလိုက်တဲ့အခါ အဲဒီနေရာတွေမှာ ဂူဘုရား (၉၁၁) ဆူ တွေ့ရ တယ်။ အဲဒီဂူဘုရားတွေထဲက (၃၄၇) ဆူမှာနံရံဆေးရေးပန်းချီ ကားချပ်တွေကို အခြေအနေအမျိုးမျိုးနဲ့ တွေ့ရတယ်။ ပုထိုးဘုရား (၅၂၄) ဆူ၊ ဘုန်းကြီးကျောင်း (၄၁၅) ကျောင်းနဲ့ အိမ်ပုံစံတွေ၊ စာကြည့်တိုက်တွေ၊ သိမ်တွေ၊ ပြိုလဲပြီး မြေတွေဖုံးလွှမ်းနေတဲ့ အဆောက်အဦတွေ အပါအ၀င် အခြားအဆောက်အဦ (၃၁) ခုကိုလည်း တွေ့ရတယ်။
ပိုကြီးတဲ့ ဂူဘုရားအစုအဝေးတွေအားလုံးမှာ ကမ္ဘာလှည့်ခရီးသည်တွေ လျှောက်ကြည့်ဖို့ပန်းချီကားတွေ၊ ယွန်းထည်တွေ၊ ဘုရားဆင်းတုတွေ၊ ပုဂံရဲ့နေရာစုံက စေတီပုထိုးဂူဘုရားတွေရဲ့ ဓာတ်ပုံပို့စကတ်တွေကိုရောင်းတဲ့ ပျံကျဈေးတန်းတခုစီရှိတယ်။ မြန်မာပြည်မှာအလုပ်အကိုင်အလွန်ရှားပါးပြီး ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေ၊ လက်ပွေ့ရောင်းတဲ့ ကလေးဈေးသည် တွေဟာ ခက်ခက်ခဲခဲအသက်မွေးနေကြတာ တွေ့ရတယ်။
ပုဂံရဲ့စေတီပုထိုးဂူဘုရားတွေအနှံ့ ကမ္ဘာလှည့်ခရီးသည်တွေကို လမ်းပြပို့ဆောင်ပေးတဲ့ တက္ကစီဒရိုင်ဘာတွေနဲ့ မြင်းလှည်းမောင်းသူတွေဟာ ကမ္ဘာလှည့်ခရီးသည်တွေဆီက ၀င်ငွေတွေရကြလို့ အလွန်အမင်း ကျေးဇူးတင်တဲ့ အကြောင်းပြောပြကြတယ်။ ဒါပေမဲ့ သူတို့ဟာ ဘုရားစေတီတွေနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အကြောင်းအရာတွေကိုတော့ သတိထားပြီး ပြောကြဆိုကြတယ်။
ပုဂံကိုလှည့်လည်ကြည့်ရှုတာ နှစ်ရက်ပြည့်တဲ့အဆုံးမှာ ကျွန်တော်တို့နဲ့ အကျွမ်းတ၀င်ဖြစ်လာတဲ့ ကားဒါရိုက်ဘာစံလှက “စီးပွားရေး လုပ်ငန်းတွေနဲ့ ဟိုတယ်တွေအားလုံးကိုစစ်တပ်ကထိန်းချုပ်ထားတာပဲ”လို့ ပြောတယ်။ ရတဲ့ ပိုက်ဆံအများစုက ပြန်ကုန်တာပါပဲ။ စုမိတယ်လို့ မရှိပါဘူး။ နောက်ပြီး ကျွန်တော်တို့အနေနဲ့ စစ်တပ်မကောင်းတဲ့အကြောင်း တစုံတရာပြောဆိုမိရင် အင်မတန်အန္တရာယ်ကြီးပါတယ်။ အရာရာဆုံးရှုံး သွားနိုင်ပါတယ်လို့ သူကဆက်ပြောတယ်။
မြန်မာပြည်က ဆင်းရဲသားအများစုလိုပဲ စံလှဟာ တနေကုန် ကွမ်းသွေးတွေ တပျစ်ပျစ်ထွေးနေတာတွေ့ရတယ်။ သူကားမောင်းနေချိန်မှာ အိပ်မငိုက်အောင်လို့ ပါးစပ်ထဲကိုကွမ်းတရာပြီး တရာထည့်ပြီး ၀ါးနေတော့ သူပြောတဲ့ အင်္ဂလိပ်စကားကို နားလည်ဖို့ပိုခက်လာတယ်။
နောက်ဆုံးနေ့ကျတော့ သူက “ခင်ဗျား ကွန်ပျူတာတွေအကြောင်း နားလည်လား”လို့ မေးတယ်။ ကျွန်တော် ပြဿနာအကြီးအကျယ် တက်နေလို့တဲ့။
စံလှက ကျွန်တော့်ကိုသူ့အိမ်လိုက်လည်ဖို့ဖိတ်တယ်။ အဲဒီအိမ်မှာ သူဟာ သူ့အဖေနဲ့ အမေ၊ ညီနှစ်ယောက်၊ ညီမတယောက်အပြင် ကလေး (၆) ယောက် (၇) ယောက်လောက်နဲ့အတူနေတာတွေ့ရတယ်။ သူက သူဂုဏ်အယူဆုံးပစ္စည်းဖြစ်တဲ့ လက်ပ်တော့ကွန်ပျူတာတလုံးကိုတချက် လောက်ကြည့်ပေးဖို့ပြောတယ်။ သူ့ကိုကျိကျိတက်ချမ်းသာပုံပေါ်တဲ့ ဂျာမန်ဧည့်သည်တဦးက မကြာသေးခင်ကဘဲ ပေးခဲ့တာလို့ ပြောတယ်။
ဒါပေမဲ့ ကံဆိုးချင်တော့ အဲဒီဂျာမန်က စံလှကို ကွန်ပျူတာဖွင့်ဖို့လိုအပ်တဲ့ စကား ၀ှက် (password) ပေးဖို့မေ့ခဲ့တယ်။ စကားဝှက်မသိတော့ ကွန်ပျူတာက ကနဦးစ၀င်ဖို့ကို တချိန်လုံး ငြင်းဆန်နေတော့တာပေါ့။
သူ့အိမ်က (၅) ပေလောက်မြင့်တဲ့ ခြေတံတိုသစ်သားအိမ်ကလေးပါ။ အလယ်မှာအခန်းကျယ်ကြီးတခန်းနဲ့ အခန်းငယ်လေးနှစ်ခန်းရှိတယ်။ ဒါပေမဲ့ တံခါးတွေ၊ ပြတင်းပေါက်တွေမှာခန်းဆီးတွေ လိုက်ကာတွေ မရှိဘူး။ လျှပ်စစ်မီးကို အိမ်နီးနားချင်းအိမ်တအိမ်ကနေ ၀ိုင်ယာကြိုးတချောင်းနဲ့ သွယ်ထားတယ်။ အိမ်နံရံမှာသံမှိုတွေ ဗရပွတွေ့ရပြီး နံရံမှာချိတ်ထားတဲ့ ကုတ်အင်္ကျီတွေဟာ တအိမ်သားလုံးပိုင်ဆိုင်တဲ့ အ၀တ်အစားတွေကို ခင်းကျင်းပြသထားသလိုပါပဲ။
စံလှရဲ့အိပ်မက်က တနည်းနည်းနဲ့အင်တာနက်ချိတ်ပြီး ထူးထွေ ဆန်းပြားတဲ့ ပြင်ပကမ္ဘာအကြောင်းကို ပိုသိချင်တာပါ။ သူ့မှာကိုယ်ပိုင် ကားမရှိဘူး။ သူကလူကြီးတယောက်ရဲ့ကားကို မောင်းပေးတဲ့ ဒရိုင်ဘာသာ ဖြစ်တယ်။ နက်မှောင်နေတဲ့ ရေနွေးကြမ်းတခွက်သောက်ပြီး ဘေးဘီကိုကြည့်လိုက်တော့ ကျွန်တော့်ဆီကလက်ဆောင်ရနိုင်တဲ့ ပစ္စည်းတွေအပေါ် ကလေးတွေ အာရုံရောက်နေတာ တွေ့ရတယ်။ အထူးသဖြင့် ကျွန်တော့် ရှပ်အင်္ကျီအိတ်ကပ်ထဲက ဈေးပေါတဲ့ ဘောပင်နှစ်ချောင်းဆီကို ပေါ့။ မြန်မာပြည်မှာ နိုင်ငံခြားသားတယောက်ကိုဘယ်တော့ တွေ့တွေ့ မကြာခဏထပ်ထပ်ပြီး သံပြိုင်အော်ဟစ်ကြတာဟာ လူကြီးတွေနဲ့ ကလေး ငယ်တွေ အတော်များများအတွက် ဂါထာမန္တန်တခု ရွတ်နေကြသလိုပါပဲ။ ကံမကောင်းအကြောင်းမလှကြလို့သာ သူတို့ ဒီလိုအော်ဟစ်တောင်းရမ်းနေ ကြတာပါ။ သူတို့မှာစောင့်ထိန်းရမယ့် ကျင့်ဝတ်တချို့ရှိတယ်ဆိုတာ သူတို့ သိကြပါတယ်။
လူဦးရေရဲ့ အများရာစုကြီးဟာ အလုပ်အကိုင်နည်းနည်းပဲရှိကြပြီး နပ်မှန် ရုံလောက်သာစားကြရတယ်။ တနေ့တဒေါ်လာဆိုတာ မသေထမင်းမသေ ဟင်းနီးနီးစားနေရတဲ့ လူအများစုရဲ့ဘ၀တွေကို သက်တောင့်သက်သာဖြစ်စေတဲ့အထိ အကြီးအကျယ်ပြောင်းလဲစေနိုင်တယ်။ သူတို့နဲ့ ပေါ့ပေါ့ပါးပါး တွေ့ဆုံပြီးတဲ့နောက် ကျွန်တော်က စံလှရဲ့မိသားစုကိုအချိန်တိုအတွင်းမှာ ပိုမိုကောင်းမွန်တဲ့ ဘ၀တခုနဲ့ အလျှံအပယ် စားသောက်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း၊ တနေ့နေ့မှာ စံလှဟာ အင်တာနက်ကိုတောင် ချိတ်ဆက်နိုင်ပြီး ခြားနားတဲ့ဘ၀တခုကို ဖန်တီးနိုင်ပါစေကြောင်း စကားလက်ဆောင်တွေပါးခဲ့တယ်။
ကားကို ပြန်မောင်းလာတဲ့အခါ ပေ (၂၀၀) အမြင့်ရှိပြီးဖန်ထည်တွေ၊ ကွန်ကရစ်တွေနဲ့ ဆောက်လုပ်ထားတဲ့ နန်းမြင့်မျှော်စင်ကို ဘုရားတွေ ကြားမှာ တွေ့ရတယ်။ နန်းမြင့်မျှော်စင်ဟာ ၂၀၀၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ တာဖြစ်ပြီး ဆောက်လုပ်ဆဲ အပန်းဖြေဟိုတယ် အစုအဝေးတွေနားမှာ ကပ်လျက်ရှိနေတယ်။ စစ်အုပ်စုရဲ့ စီမံကိန်းတခုဖြစ်တဲ့ အဲဒီမျှော်စင်ဟာ ထူးဆန်းပြီး သီးခြားကမ္ဘာဆန်တဲ့ မြင်ကွင်းတခုအဖြစ် သိသာပေါ်လွင် နေတယ်။ မြို့ပြလေဆိပ်ကြီးတခုက လေကြောင်းထိန်းသိမ်းရေး မျှော်စင်တခုနဲ့ တူနေတယ်။ ကျွန်တော်တို့ဟာ လမ်းကနေကွေ့ပြီး ဆင်းသွားရတဲ့ မနီးမဝေးက (၁၈) ကျင်းရှိတဲ့ ပုဂံအပန်းဖြေဂေါက်ကွင်းကို ဖြတ်ကျော် ခဲ့တယ်။ အဲဒီဂေါက်ကွင်းကို ၁၉၉၉ ခုနှစ်က ကမ္ဘာ့လှည့်ခရီးသည်တွေအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်။ အစောပိုင်း နှစ်တချို့မှာ ရှေးဟောင်းသုတေသန နယ်မြေကိုဖြတ်ပြီး အဝေးပြေးလမ်းမတခု ဖောက် လုပ်ခဲ့တယ်။
ကျွန်တော် ပုဂံကနေ ပြန်လာတဲ့အခါ ပုဂံရဲ့အနာဂတ်ဟာလမ်းဆုံ လမ်းခွတခုမှာ ရောက်နေတယ်ဆိုတဲ့ ခံစားမှုတခုပါလာခဲ့တယ်။ အံ့ဘနန်း ကြိုးပမ်းဆောင်ရွက်မှုတခု ပေါ်ပေါက်မလာခဲ့ရင် သို့တည်းမဟုတ် ယူနက် စကိုအရာရှိတွေအနေနဲ့ စစ်အာဏာပိုင်တွေနဲ့အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု တစုံတရာမရရှိခဲ့ရင် ပုဂံရဲ့အနာဂတ်ဟာ အကြီးအကျယ် စိုးရိမ်ရတဲ့ အနေအထားတွေ ဖြစ်လာနိုင်တယ်။
ပြီးခဲ့တဲ့နှစ်ကယူနက်စကိုရဲ့ ဒေသဆိုင်ရာယဉ်ကျေးမှုအကြံပေး အရာရှိတဦးဖြစ်တဲ့ ဘန်ကောက်ရုံးခွဲက ရစ်ချတ်အိန်ဂျယ်ဟတ်ကတော့ ဘီဘီစီကို အခုလိုပြောကြားခဲ့ပါတယ်။ ပုဂံဟာသူ့ရဲ့အတိတ်က ခမ်းနား ထည်ဝါတဲ့ အနုလက်ရာမှတ်တမ်းစစ်စစ်တွေ နည်းသထက် နည်းနည်း လာပြီး ပေါက်တတ်ကရတွေ ရေးထားတဲ့ နားမလည်နိုင်ဖွယ်ရာ စာအုပ်ကြီးတအုပ် ဖတ်ရသလိုအနေအထားမျိုးကို ပိုမိုဆိုက်ရောက်လာမယ့် အန္တရာယ် ရှိနေတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒေါက်တာလွဏ်းဆွေ
(Roy Hamric - Future of Myanmar temples worries Asian art conservationists ကိုဆီလျော်အောင် မြန်မာပြန်ဆိုပါသည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)