သီချင်းလေးလည်း ဆို ပြည်သူကိုလည်း နှုတ်ဆက် ပြည်သူ့ဘက်တော်သား အတွက် ဒီတရက်ဟာ အလွန်ကို ကြည်နူးချမ်းမြေ့ ပျော်ရွှင်ခဲ့ရပါတယ်။ မိုးရွာလိုက် နေပူလိုက် ခေါင်းရော ခါး ပါ တဆစ်ဆစ် ကိုက်နေ ပေမယ့် ခြေ ကျင် လမ်းလျောက်နေသူတွေ တောင် လျောက်နိုင်သေးတာပဲ။ ကားပေါ် မတ်တပ် ရပ် လိုက်ရတဲ့ ကျနော် ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ လို့ အားတင်းပြီး လေးနာရီလောက် နေပူမိုးရွာ အောက်မှာ လမ်းလျောက်သူများအတွက် ဖျော်ဖြေရေး ဆောင်ရွက်ခဲ့တယ်။
တိုင်းပြည် အတွက် အရေးကြီးတဲ့ ဒီတရက်ကို အကောင်းဆုံးဖြစ်အောင်ငြိမ်းချမ်းရေး နေ့ အမှာစကား ခပ်ဘွင်းဘွင်းတွေကို တလမ်းလုံး ပြောသွားခဲ့တယ်။ ကျနော်ပြောခဲ့တဲ့ စေတနာ စကား မကြောက်တရားတွေကို ဒီကနေ့ည တင်ပြပေးပါမယ်။
ဒီကနေ့ ချီတက်လမ်းလျောက်ကြတဲ့ ငြိမ်းချမ်းရေးနေ့ အခမ်းနားမှာ လမ်းဆုံတခု မီးပွိုင့်ဘေးကနေ အရပ်ဝတ် လူတယောက်က ပါဝင်ချီတက်ကြတဲ့ ယာဉ်တန်းက ကားနံပတ်တွေကို လိုက်ရေးမှတ်နေတယ်။ ဒါနဲ့ ကျနော်က အသံချဲ့စက် ဆောင်းဘောက်စ် ကနေ ပြောခဲ့တယ်။ ကား နံပတ် ချည်းပဲ မှတ်မနေနဲ့၊ ဟောဒီ ဖျော်ဖြေရေးအလှပြကားကို စီစဉ်လာတဲ့ သူက နေမျိုးဇင်။ တပ်မတော်ထဲကို ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ ၀င်ခဲ့ဖူးတဲ့ ပြည်သူ့တပ်မတော်သားဟောင်း တယောက် ကိုယ်ပိုင် အမှတ်က ဘီစီကြည်း၂၉၄၄၄၊ အဲဒီနံမည်ပါ ကားနဲ့ တွဲမှတ်ပါ လို့ ပြောခဲ့တယ်။
အခုချိန်ထိ အရပ်ဝတ်နဲ့ ဟိုခြိမ်းဒီခြောက် စနစ်ကောက်က ရှိနေတုန်းပါပဲ။
ပြည်သူ့ဘက်တော်သား
နေမျိုးဇင်