အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် ထောင်ဒဏ် ထည့်သွင်းခြင်း မရှိပါက အလုပ်သမား အဖွဲ့ချုပ် အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ Parisn ကော်ဖီဆိုင်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောသည်။
အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ အတည်ပြုမည် ဖြစ်သောကြောင့် ထိုကဲ့သို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားခဲ့ခြင်း ဖြစ်သည်။
““ဥပဒေကို တင်းကြပ် လိုက်လို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လာမှာ မဟုတ်ဘူး ဆိုတာ မဖြစ်နိုင်ဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေကို လုံးဝ မထိခိုက် နိုင်ဘူး။ တကယ်လို့ များသာ ငွေဒဏ် တွေကိုပဲ အတည်ပြုမယ်။ ထောင်ဒဏ်တွေ ကိုပဲ အတည်ပြုမယ် ဆိုရင် နောက်ဆက်တွဲ ဖြစ်လာမယ့် အကျိုးဆက် တွေက သိပ်ကောင်းတဲ့ လက္ခဏာတော့ မရှိဘူး””ဟု ဦးအောင်လင်းက ပြောသည်။
အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ၂၀၁၂ခုနှစ် မတ်လ(၂၈) ရက်နေ့က အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ သို့သော် အဆိုပါ ဥပဒေတွင် လိုအပ်ချက်များ ရှိနေသောကြောင့် အလုပ်သမားများက ကန့်ကွက် ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဥပဒေ ပြင်ဆင်ချက်ကို မတ်လ(၁၀) ရက်နေ့တွင် ထပ်မံ တင်သွင်းခဲ့ပြီး ဖြစ်သည်။ ယင်းဥပဒေအား ပြည်ထောင်စု လွှတ်တော်က အတည်ပြုကာ သမ္မတထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်က သမ္မတ ထံသို့ ပေးပို့လိုက်သည့် ဥပဒေတွင် ထောင်ဒဏ် မပါဘဲ ငွေဒဏ်သာ ထည့်သွင်း ထားပြီး သမ္မတက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ပါ ထည့်သွင်းရန် သဘောထား မှတ်ချက်နှင့် ပြန်လည် ပေးပို့ထားကြောင်း ဦးအောင်လင်းက ပြောသည်။
““အလုပ်ရှင်ကို ထောင်ချရမယ် ဆိုတာကို တောင်းဆိုနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ ပြောချင်တာက နှစ်ဖက်လုံးကို မျှတတဲ့ စည်းနှောင်မှုရှိတဲ့ ဥပဒေကို လိုချင်ပါတယ်။ မမျှတဘူး ဆိုတာ အလုပ်ရှင်က ငါးသိန်းပေးဖို့ ၀န်မလေးဘူး။ အလုပ်သမားက ငါးသိန်း မပေးနိုင်ဘူး”” ဟု အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြန်ဖြေရေး အလုပ်သမား ကိုယ်စားလှယ် ကိုနော်အောင်က ပြောသည်။
မကြာသေးခင် ကလည်း ကိုရီးယား နိုင်ငံသားတစ်ဦး ပိုင်ဆိုင်သော Master Sport ဖိနပ်စက်ရုံတွင် အလုပ်သမားများကို လုပ်ခမပေးဘဲ ထွက်ပြေးသွား သောကြောင့် အလုပ်သမားများက ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး ယခု သတင်းဖော်ပြသည့် အချိန်အထိ ပြေလည်မှု မရသေးပေ။
messengernewsjournal