Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live

အစိုးရထံ တောင်သူတွေ ကြွေးကျန် ၅၅ ဘီလီယံကျော် ပေးဖို့ကျန်ရှိ

$
0
0

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော် မတ်လ ၈ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ပြောကြားစဉ်။ Photo: Win Naung Toe/ RFA
၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေထဲက တောင်သူတွေဆီ ကနေ ကြွေးကျန် ၅၅ ဘီလီယံကျော်ရရှိဖို့ ကျန်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော် က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ပြောကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက နှစ်စဉ်အစိုးရကချေးပေးတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေ ကို ပြန်မဆပ်သူတွေကြောင့် ချေးငွေထုတ်မပေးတာတွေ ရှိနေတဲ့အတွက် ငွေကျေပြီးတဲ့ တောင်သူများကို ဆက်လက်ထုတ်ပေးဖို့ ရှိ မရှိ မေးခွန်းကို ဒုတိယ၀န်ကြီး ဦးလှကျော် က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအောက်မှာရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကို စီမံကိန်းနဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာန လက်အောက်ကို လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး လွှဲပြောင်းသွားဖို့ ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ တောင်သူလယ်သမားတွေကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး ရာမှာ တောင်သူပိုင်ပစ္စည်းတွေ၊ အိုးအိမ်ခြံမြေတွေကို အာမခံရယူထားတာမဟုတ်ဘဲ အုပ်စုလိုက်ဖွဲ့ပြီး အစုအဖွဲ့နဲ့ ချေးငွေထုတ်ပေးတာဖြစ်ပါတယ်။ အစုအဖွဲ့ဝင်အားလုံးက ချေးငွေကို ပြန်ဆပ်မှသာ နောက်နှစ်တွေမှာ ထပ်မံချေးယူလို့ရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ထောင်ပေါင်းများစွာသော ဘင်္ဂလီများ မြန်မာနိုင်ငံကို ပြန်သွားခဲ့ကြ

$
0
0

နိရဉ္စရာ၊ မတ်လ ၈

ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးလာခဲ့ကြသည့် ထောင်ပေါင်းများစွာသော ဘင်္ဂလီများသည် ယခုအခါ မြန်မာနိုင်ငံသို့ ပြန်သွားလျက် ရှိနေကြသည်ဟု AFP သတင်းတွင် ဖော်ပြသည်။

ထိုသို့ ပြန်သွားကြခြင်းမှာ ဘင်္ဂလာဒေ့ရှ်တွင် မြန်မာနိုင်ငံက ရောက်ရှိခိုလုံနေကြသော ဒုက္ခသည် ဘင်္ဂလီများကို လူသူမရှိသည့် မကြာခဏ ရေမြုပ်လေ့ရှိသော ဘင်္ဂလာပင်လယ်ထဲမှ ကျွန်းတစ်ကျွန်းတွင် ဘင်္ဂလာဒေ့ရှ် အစိုးရမှ နေရာချပေးရန် စီစဉ်သောကြောင့် ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

အနည်းဆုံး ဘင်္ဂလီ လူပေါင်း ၇၃၀၀၀ ခန့်သည် အောက်တိုဘာ နောက်ပိုင်းကတည်းက မြန်မာ စစ်တပ်က လူနည်းစု မွတ်ဆလင်များ အပေါ် ပြုလုပ်သော စစ်ဆင်ရေးများအတွင်း ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးလာခဲ့ကြသည်ဟု သတင်းတွင် ရေးသားသည်။ စစ်ဆင်ရေးအတွင်း အိမ်များကို မီးရှို့ခြင်း၊ ဘင်္ဂလီအမျိုးသမီးများအား အုပ်စုလိုက် မုဒိမ်းကျင့်ကြောင်း စသည့် အဖြစ်အပျက်များကို လူအများအပြားက ပြောကြားကြသည်ဟု သတင်းတွင် ဖော်ပြသည်။

မြန်မာမှ ထွက်ပြေးလာကြသူ အများစုသည် မြန်မာနယ်စပ်အနီးရှိ နိုင်ငံခြား ခရီးသွားများ အဓိက လည်ပတ်ရာ (ကောစ်ဘဇား) ခရိုင်အတွင်း တည်ရှိသော ဒုက္ခသည် စခန်းများသို့ ဦးတည်ထွက်ခွာ ခိုလှုံလာခဲ့ကြသည်ဟု ဆိုသည်။

ဗုဒ္ဓဘာသာ လူများစုရှိရာ မြန်မာနိုင်ငံတွင် ခွဲခြားဆက်ဆံမှုများ မြင့်တက်နေသော်လည်း အနည်းဆုံး ဘင်္ဂလီ ၅၀၀၀ ခန့်သည် ယခုအခါ မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ကြပြီ ဖြစ်သည်ဟု ဒေသအတွင်းမှ လူမျိုးစုခေါင်းဆောင် တစ်ဦးက ပြောသည်ဟု သတင်းတွင် ဖော်ပြထားသည်။

သူတို့သည် သဘာဝ ဘေးအန္တရာယ် ထက် ကျည်ဆံထိမှန်သေရမည်ကို ရွေးချယ်သွားကြပြီဟု ဒေသလူမျိုးစု ခေါင်းဆောင် Noor Hafiz က ပြောသည်ဟု သတင်းတွင် ရေးသားထားသည်။

Ref: Thousands of Rohingya refugees return to Myanmar over island plan
Narinjara
https://www.facebook.com/Narinjara

ကိုဆွေဝင်း ကို ဦးဝီရသူရဲ့ မိန့်ကြားမှုနဲ့ ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြား

$
0
0


Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ Photo: Thant Zin Oo/ RFA
အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆရာတော် ဦးဝီရသူရဲ့ မိန့်ကြားမှုနဲ့ တပည့်ဒကာဖြစ်သူ ဦးကျော်မျိုးရွှေက Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ်(၇) နယ်မြေရဲစခန်းမှာ မနေ့ညက အမှုဖွင့်လိုက်ပါတယ်။

အမှုကို လက်ခံထားတဲ့ အမှတ် ၇ နယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်ကျော်သူ က အမှုနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

"Ba Kaung အကောင့်သုံးစွဲသူ Myanmar Now သတင်းထောက် ဦးဆွေဝင်းက လူမှုကွန်ရက်မှာ ဆရာတော် ဦးဝီရသူ ကို ဂုဏ်သိက္ခာကျဆင်းမယ့် စာသားအသုံးအနှုန်းမျိုးရေးလို့ပေါ့၊ ဒါနဲ့ပတ်သတ်လို့ ဆရာတော်ဦးဝီရသူ က သူ့ကိုဂုဏ်သိက္ခာကျဆင်းအောင်ရေးသားနေတယ်၊ ၇ ရက်အတွင်း လာတောင်းပန်ပါလို့ ဦးဆွေဝင်းဆီကို လူမှုကွန်ရက်ကနေ ပြန်တင်တယ်။ မနေ့က ၇ ရက်ပြည့်တဲ့နေ့ထိ ဦးဆွေဝင်းကလာပြီး မတောင်းပန်ဘူး၊ အဲ့ဒါကြောင့်အမှုဖွင့်တာပေါ့"

အမှုဖွင့်ခံထားရတဲ့ ကိုဆွေဝင်းက သူ့အနေနဲ့ ဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာဖြစ်သလို သာသနာရေးကို အသုံးချပြီး ရာဇ၀တ်မှုမြောက်စေတဲ့ လှုံ့ဆော်မှုတွေ လုပ်နေတာကို လက်မခံကြောင်း ပြောပါတယ်။

Ba Kaung အကောင့်အသုံးပြုသူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းဟာ ဖေဖော်ဝါရီလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ "ရွေးကောက်ပွဲပြီးကတည်းက အသံတိတ်သွားတဲ့ (မဘသ) ပြန်လာပြီ၊ ၀ီရသူပါရာဇိက ကျပြီး ရဟန်းဘ၀ နိဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်၊ ပါရာဇိက ခုမှကျတာတော့ မဟုတ်လောက်ဘူး " လို့ ရေးသားခဲ့ပါတယ်။

အဲဒီလိုရေးသားတာတွေနဲ့ ပတ်သတ်ပြီး ဆရာတော်ဦးဝီရသူက ကိုဆွေဝင်း ကို ၇ ရက်အတွင်း လာရောက်တောင်း ပန်ဖို့ မတောင်းပန်ပါက အမှုဖွင့်အရေးယူသွားမယ်လို့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြန်လည်ရေးသားခဲ့ ပါတယ်။

ဒါ့အပြင် သတင်းစာသမားတစ်ယောက်အနေနဲ့ အဓမ္မကို အဓမ္မအဖြစ် ထောက်ပြခဲ့တာနဲ ပတ်သက်ပြီး မည်သည့်နည်းနဲ့မှ တောင်းပန်စရာ၊ ညှိနှိုင်းစရာ မရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

လောက်ကိုင် စစ်ပြေးဒုက္ခသည်များ အစိုးရ အကူအညီပေး

$
0
0

လောက်ကိုင် စစ်ပြေးဒုက္ခသည်များ
လောက်ကိုင် စစ်ပြေးဒုက္ခသည်များ
လောက်ကိုင်စစ်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို အစိုးရနဲ့ ပုဂ္ဂလိက ပရဟိတအဖွဲ့အစည်းတွေ ပေါင်းပြီး အကူအညီပေးနေပြီး ၊ ပြန်လည် တည်ငြိမ်လာတဲ့အခါမှာ သူတို့ဆန္ဒနဲ့နေရပ်ကို ပြန်ပို့ပေးမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလို လက်နက်ကိုပဋိပက္ခတွေ မြို့ပေါ် အထိ ရောက်လာတဲ့အတွက် ဒေသခံအရပ်သားပြည်သူတွေကိုပဲ ထိခိုက် မှုဖြစ်စေ တယ်လို့ အစိုးရဘက်ကပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မအိသန့်စင်က ပြောပြမှာပါ။

လောက်ကိုင်စစ်ပွဲကြောင့် လောက်ကိုင်ဒေသခံတွေအပြင် လောက်ကိုင်ဒေသမှာ သွားရောက်အလုပ်လုပ်နေကြသူတွေဟာလည်း မတည်ငြိမ်မှုတွေကြောင့် ရှမ်းပြည်နယ်အတွင်း နီးစပ်ရာမြို့တွေကို ထွက်ပြေးတိမ်းရှောင်လာကြရပါတယ်။ ဒီ ဒုက္ခသည်တွေကိုတော့ မြန်မာအစိုးရရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး (လူကယ်ပြန်ဌာန) နဲ့ အခြားပုဂ္ဂလိက ပရဟိတအဖွဲ့တွေက အကူအညီပေးနေရပါတယ်။

လက်ရှိအကူအညီပေးနေတဲ့အခြေအနေနဲ့ပတ်သက်လို့ လူကယ်ပြန်ဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“လောက်ကိုင်မှာ သွားပြီးတော့ အလုပ်လုပ်ကိုင်နေတဲ့အဖွဲ့တွေရှိတယ်လေ။ ကျနော်တို့ အောက်ပြည်အောက်ရွာက၊ တချို့က လူဦးရေ ၁၀၀၀ ကျော်လောက်က လားရှိုးကိုရောက်လာတာပေါ့ မန်ဆူဘုန်းကြီးကျောင်းမှာလေ။ ကျနော်တို့တွေရယ် လူကယ်ပြန်အဖွဲ့တွေရယ် ၊ နောက်ကျန်တဲ့ ပရဟိတတွေ ဒေသခံအဖွဲ့တွေနဲ့ ကျနော်တို့ ချက်ပြုတ်ကျွေးမွေး အဲဒီမှာ စောင့်ရှောက်ထားတယ်ပေါ့။ ကျနော်တို့ ဆန်ရိက္ခာတွေပေး တာတို့ ငါးသတ္တာတွေပေးတာတို့ အဲဒါတွေပေးပြီး လူ ၁၀၀၀ ကျော်လောက်ကတော့ မန္တလေးဘက်ကို ပြန်ဆင်းသွားမိတာပေါ့။ အဲဒီတော့ လားရှိုးမှာတော့ ၃၀၀ လောက်တော့ ကျန်သေးတာပေါ့။”

ပဋိပက္ခတွေ ငြိမ်းသွားတဲ့အခါ နေရပ်ရင်းကို ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့ ရှိတဲ့အစီအစဉ်ကိုလည်း သူက ဆက်ပြောပါတယ်

“သူတို့ဆွေမျိုးသားချင်းတွေမှာနေတယ်။ တချို့တွေက အောက်ပြည်ကိုပြန်ချင်တယ်ဆိုရင် ကျနော်တို့ အောက်ပြည်ကို ပြန်သွားတယ်။ အားလုံးအေးချမ်းသွားပြီ ငြိမ်းချမ်းသွားပြီဆိုရင် ကျနော်တို့က လောက်ကိုင်ကို ပြန်ပြီးတော့ ပို့ပေးတာပေါ့။ အဲဒီလို ပို့တဲ့အခါမှာလည်း ကျနော်တို့က အဲဒီလို ဦးဆောင်ပြီး ပို့ပေးသလို ဟိုမှာ နေတဲ့ထိုင်တဲ့အခါမှာလည်း စားဖို့ရိက္ခာ၊ နေစရာ တဲ ကအစပေါ့ ။ အလုပ်ကိုင်က ဟိုမှာ ကောင်းတော့ ပြီးခဲ့တဲ့အခေါက်မှာလည်း ပြန်လာကြတာပဲ၊ ပြန်လာတာဖြစ်တဲ့အတွက် အဲဒီပြန်လာတဲ့အခါဆိုရင်လည်း ပြန်ပို့တာတို့ ဟိုဘက်မှာလိုအပ်တာတွေ ရိက္ခာတွေထောက်ပံ့တာတို့ ဆက်လုပ်ပေးပါတယ်။”

လောက်ကိုင်ဒေသတစ်ခုတည်းမှာသာမက ပဋိပက္ခတွေ ရှိနေတဲ့တခြား ရှမ်း၊ ကချင်၊ တိုင်းရင်းဒေသတွေမှာ လက်တလော အထောက်အပံ့တွေပေးတာသာမက သူတို့ စခန်း မှာနေပြီး နေရပ်ရင်းကို ပြန်တဲ့အခါ အဆင်ပြေအောင် ဖွံ့ ဖြိုးရေးသင်တန်းတွေကိုလည်း သင်ကြားပေးတဲ့အစီအစဉ်တွေအကြောင်းကို ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပြပါတယ်။

“ထောက်ပံ့ရေးပစ္စည်းပေးတာနဲ့အတူတူကျနော်တို့က Development ကို ဦးတည် သွားတာပေါ့နော် ဒီမှာ camp ထဲမှာနေတုန်းမှာ အသက်မွေးဝမ်းကျောင်း တတ်သွားအောင်လို့ ကျနော်တို့ အခုလုပ်နေတယ်။ ရှမ်းတွေမှာရော၊ ကချင်မှာရော၊ ရခိုင်မှာရော အသက်မွေးဝမ်းကျောင်း ပညာတွေအဓိကပေါ့နော် ၊ သူတို့ဒီမှာနေရင်းနဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေရသွားမယ် ။ သူတို့က တောက်လျောက်ဒီမှာနေမှာမဟုတ်ဘူး ပြန်ကြမယ်လေ။ ပြန်တာကတော့ ကိုယ့်အိမ်ကို ကိုယ်ပြန်တာပေါ့၊ ကိုယ့်အိမ်ကိုပြန်လို့မရရင် ကျနော်တို့ နေရာ ပြန်ချထားတဲ့နေရာကို သူတို့သွားရမှာပေါ့နော် ၊ ဒီလိုရေရှည်ကျတော့ မဖြစ်နိုင်ဘူးဆိုတော့ အဲဒီတော့ ကျနော်က ဒီမှာနေတုန်း အချိန်မကုန် သွားအောင် ဆိုပြီးတော့ အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ပေးဖို့လုပ်တယ်။ နောက်ပြီးတော့ သူတို့ စိတ်ပါသလိုပေါ့နော်၊ တချို့အမျိုးသမီးတွေက စက်ချုပ်သင်ချင်တယ်ပြောတယ်၊ တချို့အမျိုးသားတွေတော့ ကားမောင်းသင်ချင်တယ်လို့ပြောတယ် အဲဒါမျိုးတွေမေးပြီးတော့ ကျနော်တို့ လုပ်လေ့ရှိတယ်။”

လောက်ကိုင်ဒေသမှာ တပ်မတော်တပ်ဖွဲ့ တွေက လက်ရှိမှာ လုံခြုံရေး တည်ငြိမ်ရေး အတွက် ဆက်လက်ဆောင်ရွက်နေ ပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်စခန်း စုစုပေါင်း ၁၁ နေရာ ရှိပါတယ်။ လားရှိုး၊ သီပေါ၊ နမ်ပတူမှာ ၆နေရာ၊ မူဆယ် ၂ နေရာ၊ ကွတ်ခိုင်မှာ ၁ နေရာ ရှိပြီးတော့ ဒီညနေအထိ စာရင်းအရ အိမ်ထောင်စုပေါင်း ၅၉၃ စု လူပေါင်း ၂၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာပါတယ်။ ဒီလိုပဋိပက္ခတွေ ဖြစ်တဲ့အခါ တကယ်စစ်ဘေးဒဏ် တိုက်ခိုက်ဒဏ်တွေကို ခံစားရတာက ပြည်သူတွေဖြစ်တဲ့အတွက် အမြန်ဆုံးငြိမ်းချမ်းစေချင်တယ်လို့ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါ တယ်။

“ဒီမှာ ဖြစ်တဲ့အခါမှာ အကြောင်းပြချက်တွေ အမျိုးမျိုးပြောကြတယ်ပေါ့နော် ၊ တကယ့် မြို့ပေါ်တွေမှာ ၀င်ရောက်တိုက်ခိုက်တဲ့အခါမှာ တကယ်စစ်ဘေးဒဏ်ခံစားရတာကတော့ ဌာနေ မျိုးနွယ်စုတွေ။ ဌာနေဆိုတာက အဲဒီဒေသမှာရှိတဲ့ ကိုးကန့်တွေ နေတဲ့ဒေသ အဲလိုမျိုး ဒုက္ခရောက်ကြတာဖြစ်တယ်။ အဲဒါအပြင် အဲဒီဒေသမှာရောက်နေတဲ့ ကျန်တဲ့တိုင်းရင်းသား ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေ ဒုက္ခရောက်ကြတယ်ပေါ့နော် ၊ အဲဒီတော့ ဟိုဘက်မှာ တချို့အဖွဲ့တွေပြောနေတဲ့ စကားတွေရှိပါတယ်။ တောထဲမှာ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ အတွက် ဒီမြို့ပေါ်မှာလာတိုက်တယ်ဆိုတဲ့ အကြောင်းပြချက်။ ဒါက ကျနော်တို့ ‘ကြွက်မနိုင် ကျီမီးနဲ့ရှို့’ဆိုတဲ့သဘောမျိုး။”

လောက်ကိုင်စစ်ပွဲကြောင့် ဒေသခံတွေနဲ့ အလုပ်သမားတွေဟာ မြန်မာနိုင်ငံပြည်တွင်းကို ၀င်ရောက်ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို၊ တရုတ်နိုင်ငံထဲကို ၀င်ရောက် ခိုလှုံသူတွေရှိတယ်လို့ သိရပါတယ်။ လောက်ကိုင်မြို့ပေါ်မှာတော့ တိုက်ပွဲတွေ မရှိတော့ပဲ၊ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက မြို့ကို ထိန်းချုပ်ထားတာမို့ ပုံမှန်နီးပါး အခြေအနေပြန်ရောက်နေပြီ လို့ ဆိုရမှာပါ။ ဒါပေမယ့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေ ကို မြန်မာစစ်တပ်က အနီးအနားတ၀ိုက် လိုက်လံ ရှင်းလင်းနေတာကြောင့် လောက်ကိုင်မြို့အနီး တရုတ်နယ်စပ်တ၀ိုက်မှာတော့ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
VOA Burmese News

နိုင်ငံတကာအမျိုးသမီးများနေ့ မြန်မာနိုင်ငံမြို့ကြီးတွေမှာ ကျင်းပ

$
0
0

မြန်မာအမျိုးသမီးတွေအနေနဲ့ အဓမ္မပြုကျင့်ခံရမှုနဲ့ အကြမ်းဖက်တွေ ပုံစံအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရဆဲ ဖြစ်ပြီး ထိရောက်တဲ့ ဥပဒေရဲ့ အကာကွယ်ပေးမှု မရတာကြဟာ အမျိုးသမီးရေးဆောင်ရွက်မှုတွေမှာ အဓိကစိန်ခေါ်မှုဖြစ်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ ဒီကနေ့ မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့ကို နိုင်ငံတကာမှာလိုပဲ မြန်မာအမျိုးသမီးတွေလည်း တက်တက်ကြွကြွ ပါဝင် လှုပ်ရှားနေကြတာပါ။ ဒီ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

"Be hold for Change- ပြောင်းလဲဖို့အတွက် ရဲရင့်စို့" ဆိုတဲ့ ဆောင်ပုဒ်နဲ့ မတ်လ ၈ရက်နေ့မှာ ကျ ရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ လှုပ်ရှားမှုတွေကို နေပြည်တော်၊ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီး တွေအပါအဝင် အခြားမြို့တွေမှာလည်း ကျင်းပကြပါတယ်။

အစိုးရသစ်လက်ထက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့မှာ နိုင်ငံတော်အဆင့် အခမ်းအနားတွေ အပါ အဝင် အမျိုးသမီးအရေး လှုပ်ရှားမှု ရက်သတ္တပတ်တွေ ပြုလုပ်လာတဲ့အပေါ် အားရပေမယ့် မြန်မာ အမျိုးသမီး တွေအနေနဲ့ လက်ရှိမှာ အဓမ္မပြုကျင့်ခံရမှုအပါအဝင် အကြမ်းဖက်မှုတွေကို ပုံစံအမျိုးမျိုးနဲ့ ကြုံတွေ့နေကြရဆဲ ဖြစ်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

အမျိုးသမီးတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံကြရသလို ထိရောက်တဲ့ ဥပဒေရဲ့ အကာအကွယ်ပေးမှုလည်း မရတာကြောင့် အစိုးရတာဝန်ရှိသူတွေရဲ့ ဆောင်ရွက်မှုတွေအပေါ် အားမ ရတာမျိုးတွေလည်းရှိတယ်လို့ Triangle Women အဖွဲ့က မခင်လေးက ပြောပါတယ်။

“ကျမတို့ အမျိုးသမီးတွေကို ပတ်ဝန်းကျင်ကနေပြီးတော့ အကြမ်းဖက်မှုတွေလုပ်တဲ့ကိစ္စတွေကို ဥပဒေပိုင်းကပဲဖြစ်စေပေါ့ ပိုပြီးတော့ ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်မှုမှာလည်း အားနည်းနေတာလည်း စိန်ခေါ်မှုလို့ ပြောလို့ရပါတယ်။ ကျမတို့အရပ်ဘက်အဖွဲ့အစည်းတွေ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မူကိစ္စတွေကို တာဝန်ရှိတဲ့သူတွေက ထိထိရောက်ရောက်ဆောင်ရွက်ပေးဖို့ကို ကျမတို့ တိုက်တိုက်တွန်းတွန်းဆွေးနွေးတယ်။ ကျမတို့ ဥပဒေတွေ ဒီထက်ပိုကောင်းတဲ့ ဥပဒေတွေပြဌာန်းပေးဖို့ ဆွေးနွေးနေပေမယ့် သိပ်ပြီးတော့ တာဝန်ရှိတဲ့သူတွေဘက်က ဆောင်ရွက်ပေးတာ ကျမတို့ အားမရနိုင်သလိုဖြစ်ရပါတယ်။”

NLD အစိုးရလက်ထက်မှာ မြန်မာအမျိုးသမီးတွေရဲ့ နိုင်ငံရေးကဏ္ဍမှာ ပါဝင်မှုဟာ ပြီးခဲ့တဲ့ အစိုးရလက် ထက်ကနဲ့ ယှဉ်ရင် များလာပေမယ့် အမျိုးသမီးတွေအနေနဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍတွေမှာ ပါဝင်မှုကတော့ နည်းနေဆဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဆရာမ ဒေါ်သန်းမြင့်အောင်ကတော့ အမျိုးသမီးတွေအနေနဲ့ ကိုယ့် စွမ်းရည်အပေါ် ယုံကြည်မှုရှိဖို့လိုတယ်လို့ ဆိုပါတယ်။

“အမျိုးသမီးနဲ့ အမျိုးသားဆိုတာဟာ သူက ဇီဝဗေဒအရပဲ ၊ ခွဲခြားမှုရှိတာလေ။ အဓိကအရေးကြီးတာကတော့ စိတ်ဓါတ်တွေပါပဲ၊ အဲဒီမှာ ငါတို့ကတော့ အမျိုးသမီးဖြစ်လို့ အမျိုးသားများလောက် မစွမ်းဆောင်နိုင်ဘူးဆိုတဲ့စိတ်မျိုး၊ နောက်တခါကျတော့ မိန်းမသားမို့ အားငယ်တယ်ဆိုတာမျိုးပေါ့ အဲဒါမျိုးတွေ အမျိုးသမီးတွေလုံးဝမထားသင့်တဲ့ ကိစ္စပါ၊ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်စွမ်းအားရှိတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမျိုးသမီးတွေ အ နေနဲ့ အခွင့်အရေးတောင်းဆိုရုံတင်မကဘဲ တာဝန်ယူမှုကိုပါ အခွင့်အရေးတရပ်အဖြစ်ရှုမြင်ကြဖို့ တိုက်တွန်းခဲ့ တာလည်းရှိပါတယ်။

မြန်မာအမျိုးသမီးတွေဟာ မိသားစုတွင်းမှာရော၊ လုပ်ငန်းခွင်တွေမှာပါ တာဝန်ယူမှုရှိကြပေမယ့် အမျိုး သမီးတွေအပေါ် ခွဲခြား ဆက်ဆံခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေကို ထိထိရောက်ရောက် အရေးယူဖို့ အတွက်တော့ အာဏာရ အစိုးရမှာ တာဝန်အပြည့်ရှိတယ်လို့ အမျိုးသမီးအဖွဲ့ချုပ်- မြန်မာနိုင်ငံ (WLB) ရဲ့ အကြံပေးအဖွဲ့ဝင် မသင်းသင်းအောင်က ပြောပါတယ်။

“ကိုယ့်မိသားစုမှာ တာဝန်ယူမှုအပြည့်ရှိတဲ့ အမျိုးသမီးတွေဟာ ဒါပေမယ့် အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ အလုပ်ခွင်မှာ အကြမ်းဖက်ခံရတာတွေ ၊ စော်ကားခံရတာတွေ၊ သူတို့မလုံခြုံမှု တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက်ကြောင့်လည်း လမ်းပေါ်မှာလည်း မလုံခြုံမှုတွေဖြစ်နေတယ်။ ဆိုတော့ အဲလိုမျိုးတွေကျတော့ အမျိုးသမီးတွေက ကိုယ့်ဟာကို တာဝန်ယူပြီးတော့လုပ်လို့မရဘူး။ ဆိုတော့ တာဝန်ယူမှုက ဘယ်ကလာသလဲဆိုတော့ ပြည်သူလူထုက အမျိုးသမီးတွေကိုယ်တိုင်က မဲပေးရွေးချယ်ထားတဲ့ အစိုးရတရပ်မှာ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ အစိုးရတရပ်က သင့်တော်တဲ့ ဥပဒေတွေကိုပြဌာန်းပြီးတော့မှ ဒီအမျိုးသမီးတွေကို အခွင့်အရေးပိုပြီးတော့ မြှင့်တင်ပေးဖို့ ၊ဒီအမျိုးသမီးတွေ အကြမ်းဖက်မှုခံရတဲ့ ဥပဒေတွေကိုလည်း ပြဌာန်းပေးပြီးတော့မှ တရားဥပဒေစိုးမိုးမှုရှိအောင် တကယ်အပြစ်ရှိတဲ့လူတွေကို ပြစ်ဒဏ်ကို ထိထိရောက်ရောက်ပေးအောင် ဒါတွေက အစိုးရတွေမှာ တာဝန်ရှိပါတယ်။”

အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ သူတို့ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့အတွက် အခုသီတင်းပတ်ထဲမှာ အမျိုးသမီးများ ရက်သတ္တပတ်အနေနဲ့ အစိုးရက သတ်မှတ်ပြီး အမျိုးသမီးအရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေသလို ၂၀၁၇ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ လှုပ်ရှားမှုတွေမှာ အမျိုးသားတချို့လည်း အမျိုးသမီးတွေကို စာနာ နားလည်တဲ့အနေနဲ့ ပါဝင်လှုပ်ရှားကြတာလည်း တွေ့ရပါတယ်။
VOA Burmese News

ကိုဆွေဝင်း အမှု ၆၆ ဃ မြောက်သလား ရဲစခန်း ဆန်းစစ်နေ

$
0
0


 တောင်းပန်တာမျိုး လုပ်မှာ မဟုတ်ဘူး ဆိုပြီး ကိုဆွေဝင်း ပြော
Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့ အမှု ဖွင့်ရတာဟာ အမျိုးသားရေး ဆရာတော် ဦးဝီရသူ ဟာ ရဟန်းသံဃာ အဖြစ် ပြန် မရောက် နိုင်တော့တဲ့ ပါရာဇိကကံ ကျပြီး ဖြစ်သူလို့ စွပ်စွဲ ရေးသား ခဲ့တဲ့ အတွက် ဖြစ်တယ်လို့ အမှုဖွင့် တိုင်ကြားသူက ဘီဘီစီကို ပြောပါတယ်။

ဆရာတော်ကို လာပြီး တောင်းပန်ရင် ကျေအေး ပေးမယ်လို့ ရည်ရွယ် ထားပေမယ့် ကိုဆွေဝင်း ဘက်ကလည်း သူ ရေးသား ထားတာတွေ အပေါ် ဆက်လက် ရပ်တည်ပြီး ဥပဒေကြောင်း အရ ဆက်လက် ရင်ဆိုင် သွားမယ် ဆိုတဲ့ သဘောထားမျိုး တွေ ရေးသား နေတဲ့ အတွက် အမှု ဖွင့်ရတဲ့ အထိ ဖြစ်လာစေတာလို့ အထက် မြန်မာပြည် ဝံသာနု အားမာန်အဖွဲ့ ဦးဆောင်သူ ဦးကျော်မျိုးရွှေက ဆိုပါတယ်။

အမှု တိုင်ကြားထားတဲ့ မန္တလေး ရဲစခန်း ကတော့ ၆၆(ဃ) ပုဒ်မြောက် သလားဆိုတာ ဆုံးဖြတ်နိုင်ဖို့ ဥပဒေကြောင်း အရ ဆန်းစစ်တာတွေ ပြုလုပ် နေဆဲ ဖြစ်ပြီး အမှုကို လက်ခံမလား၊ လက်မခံ ဘူးလားဆိုတာ မဆုံးဖြတ် သေးပါဘူး။

ကိုဆွေဝင်းကလည်း သူ့ကို ဘယ်ရဲစခန်းကမှ အကြောင်း ကြားလာတာ မရှိသေး သလို၊ သူ့အနေနဲ့ ဘာသာ သာသနာ အတွက် အဖြစ်မှန်ကို ရေးတာ ဖြစ်လို့ တောင်းပန်တာမျိုး လုပ်မှာ မဟုတ်ဘူး ဆိုပြီး ဘီဘီစီကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

လိပ်ကျွန်းအမှုမှ ဝင်းနှင့်ဇော် အတွက် အမှန်တရားပေါ်ပေါက်ရန် သုံးနှစ်လုံးလုံး တစ်ရက်မပြတ် နှိုးဆော်နေခဲ့သည့် အင်္ဂလန်နိုင်ငံသူ

$
0
0

ထိုင်းနိုင်ငံ ခိုတောင်ကျွန်း(လိပ်ကျွန်း) တွင် ၂၀၁၄ ခုနှစ်က ကမ္ဘာလှည့်ခရီးသွား အင်္ဂလန်နိုင်ငံသား စုံတွဲနှစ်ဦးကို သတ်ဖြတ်ခဲ့မှုအတွက် သံသယရှိသူများအဖြစ် စွပ်စွဲခံခဲ့ရသော မြန်မာနိုင်ငံမှ ရွေ့ပြောင်း အလုပ်သမားနှစ်ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့ပြီးနောက် အကြိမ်ကြိမ်အယူခံဝင်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ ယခုနောက်ဆုံး အယူခံဝင်မှုကိုလည်း ၂၀၁၇ မတ်လ ၁ ရက်နေ့က ပယ်ချခဲ့ကြောင်း စိတ်မကောင်းစွာ ကြားသိခဲ့ရသည်။

အဆိုပါ လိပ်ကျွန်းလူသတ်မှုမှာ မတရားသဖြင့် စွပ်စွဲဖမ်းဆီးခံခဲ့ရသော မြန်မာနိင်ငံသားနှစ်ဦးအတွက် အားလုံးမှ စိတ်မကောင်းဖြစ်ကာ အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အခြေအနေမှာ ထူးခြားပြောင်းလဲမှု မရှိပဲ သုံးနှစ်ဝန်းကျင်ကာလမျှပင် ရှည်ကြာလာခဲ့ပါပြီ။
သုံးနှစ်ကာလအတွင်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲများ၊ ပြည်တွင်း ပြဿနာပေါင်းစုံများနှင့် ထိတွေ့လာပြီးတဲ့နောက် လိပ်ကျွန်းလူသတ်မှုမှာ ပရိသတ်စိတ်ဝင်စားမှု အတန်ငယ်လျော့ကျလာခဲ့ပါတယ် (စိတ်ဝင်စားစရာ ပြည်တွင်းအရေး များစွာဖြစ်ပျက်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်)။
ထိုင်းနိုင်ငံ ဘုရင်အသစ်တက်သည့် ၂၀၁၇ နှစ်ဦးပိုင်း အချိန်က အကျဉ်းကျနေသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင်လည်း သူတို့နှစ်ဦးအား ပြည်လည်လွှတ်ပေးရန် ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း လွတ်ငြိမ်းချမ်းသာခွင့်တွင် သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီခြင်းမရှိသဖြင့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ထပ်မံလွဲချော်ခဲ့ရပြန်သည်။

ထိုကဲ့သို့ ပြန်လည် လွတ်မြောက်ရန် အခွင့်အလမ်းအလွန်နည်းပါးနေသည့်တိုင် ဝင်းနဲ့ဇော် မတရားစွပ်စွဲခံနေရမှုမှ ပြန်လည်လွတ်မြောက်ရန် သုံးနှစ်ဝန်းကျင်ကာလအတွင်း လူမှုကွန်ယက် ဖေ့စ်ဘွခ်စာမျက်နှာထက်မှ ယနေ့ထိ တစ်ရက်မပျက် လှုပ်ရှားနေသူတစ်ဦး ရှိနေခဲ့သည်။
ထိုသူမှာ အင်္ဂလန်နိုင်ငံသူ “ဟင်ဒီ အန်နာ” ဆိုသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် ဝင်းနဲ့ဇော် မတရားဖြင့် စတင်ဖမ်းဆီးခံခဲ့ရသည့် ၂၀၁၄ ခုနှစ်အတွင်းမှ ယနေ့ထိ သူတို့နှင့် ပက်သက်သော သတင်းများ အကြောင်းအရာများနှင့် သူမ၏ ထင်မြင်ယူဆချက်များကို လူမှုကွန်ယက်စာမျက်နှာထက်မှ နေ့စဉ်ရေးသားဖော်ပြနေခဲ့သူ တစ်ဦးလည်းဖြစ်သည်။

“အန်နာ” က သူမ၏ ဖေ့စ်ဘွခ်စာမျက်နှာ ကာဗာပုံတွင် ထိုင်းနိုင်ငံတရားရေး မျက်ကွယ်ပြုမှုအသွင်ဆောင်သည့် ပုံကိုတင်ထားခဲ့ပြီး ပရိုဖိုင်းပုံတွင်မူ ဇော်လင်း၏ ပုံကိုတင်ထားသူ တစ်ဦးဖြစ်သည်။
လိပ်ကျွန်းလူသတ်မှုတွင် အမှုမှန်ပေါ်ပေါက်စေရန် အားတက်သရောပါဝင်လှုပ်ရှားနေကြသော ထိုင်းနိုင်ငံရောက် လူငယ်အသိုင်းအဝိုင်း၏ ဖော်ပြချက်အရ “အန်နာ” မှာ လိပ်ကျွန်းအနီးရှိ ကောဖငန်ကျွန်းတွင် နေထိုင်နေသူဖြစ်ပြီး ထိုင်းမာဖီးယားများ၏ ရက်စက်ယုတ်မာမှုများကို အတွင်းကျကျ သိရှိထားသူတစ်ဦးဖြစ်ပြီး ဝင်းနှင့်ဇော်တို့မှာ အပြစ်မရှိကြောင်းလည်း သိထားသူတစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

“အန်နာ”၏ ဖေ့စ်ဘွခ် ကိုယ်ရေးအချက်အလက်အရ ဆေးပညာဆိုင်ရာ တက္ကသိုဠ်တစ်ခုတွင် ပညာသင်ကြားခဲ့သော ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်မည်ဟု ခန့်မှန်းနိုင်သည်။ ဝင်းနဲ့ဇော်၏ အယူခံကို ပယ်ချခံခဲ့ရအပြီး မတ်လ ၄ ရက်နေ့တွင် ဝင်းနဲ့ဇော်တို့၏ ရုပ်ပုံနှင့်အတူ “No Justice No Peace” စာတန်းပါ တီရှပ်ကို ဝတ်ဆင်လျှက် ထိုင်းရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် တွဲလျှက် ဓါတ်ပုံရိုက်ကူးခဲ့ပြီး သူမ၏ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရဲဝံ့စွာ ဗြောင်ကျကျ တင်ထားဖော်ပြခဲ့သူ တစ်ဦးဖြစ်သည်။

မိမိ၏ နိုင်ငံသား(အင်္ဂလန်)နှစ်ဦး ရက်စက်စွာ အသတ်ခံခဲ့ရသော်လည်း လူမျိုးစွဲ၊ ဝါဒစွဲ မထားပဲ အမှန်တရားဘက်က ရပ်တည်ကာ သုံးနှစ်တာဝန်းကျင်ကာလ ပတ်လုံး လူသတ်တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးဘက်က မားမားမတ်မတ်ရပ်တည်နေသူ အမျိုးသမီး “အန်နာ” ၏ စိတ်ဓါတ်မှာ ချီးကျူးလေးစားစရာ ကောင်းလှပါသည်။

Photo: Heidi Anna(FB)

===========

Search Myanmar

မြန်မာနိုင်ငံ မြောက်ပိုင်းက တိုက်ပွဲတွေ ရပ်ဖို့ တရုတ်တောင်းဆို

$
0
0


 လောက်ကိုင်မှာ အလုပ်သွား လုပ်သူတွေ ပြန်ပြေး လာနေ။
မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ဆုံး ရပ်တန့်ပါ ဆိုပြီး တရုတ်က တောင်းဆို လိုက်ပါတယ်။

အဲဒီ မတည်ငြိမ်မှုတွေကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် အေးချမ်းသာယာမှုကို ထိခိုက် စေတယ်လို့ တရုတ် နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့်ရ Geng Shaung ဂန်ရွှမ် က ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစား လုပ်ဆောင်တာ မှန်သမျှ တရုတ် နိုင်ငံ အနေနဲ့ ထောက်ခံ အားပေးတယ်လို့လည်း ဆိုပါတယ်။

ဒီအချိန်မှာပဲ၊ တရုတ်-မြန်မာ နယ်စပ်၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့နဲ့ ပတ်ဝန်းကျင် ဒေသမှာ ဖြစ်ပေါ် လာခဲ့တဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ်ပြည်ထဲ ဝင်ရောက် ထွက်ပြေး ကြရတဲ့ စစ်ဘေး ဒုက္ခသည် ထောင်ဂဏန်း တချို့ ရှိနေပါတယ်။

ဒါ့အပြင် မြေပြန့်ကနေ အဲဒီ ဒေသမှာ အလုပ်သွား လုပ်သူတွေ ပြန်ပြေး လာတဲ့ အရေ အတွက်လည်း တစ်ထောင်ကျော် ရှိသွားပြီလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လားရှိုးကို ရောက်လာ သူတွေကို လားရှိုး မြို့ခံတွေကို အကူအညီ ပေးနေပြီး မန္တလေးကို ဆက်လက် ပို့ဆောင် ပေးနေပါတယ်။

မတ်လ ၈ ရက်၊ ဗုဒ္ဓဟူး ညပိုင်း မှာလည်း အယောက် ၅ဝဝ ဝန်းကျင် လားရှိုးက အောက်မန်ဆူ ဘုန်းကြီးကျောင်းကို ထပ်ရောက် လာပါတယ်။

အဲဒီအသုတ် ထဲမှာတော့ လောက်ကိုင် ဒေသခံတွေပါ ပါလာနေပြီလို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကိုဆွေဝင်းရဲ့ လင်းရှင်းချက်နဲ့ အဖွဲ့အစည်းအသီးသီး၏ အမြင်များ (ရုပ်/သံ)

$
0
0

ဧရာဝတီ ၊ ၉ မတ်လ၊ ၂၀၁၇

ရိုက်ကူး/ တည်းဖြတ်- အဲမလီ

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူ ၏ တပည့် ဦးကျော်မျိုးရွှေ ဆိုသူက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းတွင် မတ်လ ၇ ရက်နေ့က အမှုဖွင့် ထားတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။
The Irrawaddy - Burmese Edition

ကိုဆွေဝင်းကို နောက်တစ်ဦးက အမှုဖွင့်ဖို့ပြင်ဆင်နေကြောင်း ပြော

$
0
0


(Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို မတ်လ ၈ ရက်နေ့က တွေ့ရစဉ်) Photo : Thant Zin Oo/RFA
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားထားသူ ဦးကျော်မျိုးရွှေက သူ့မိခင်ဖြစ်သူက အမှုကိုပိတ်ပေးဖို့ တိုက်တွန်းနေတာကြောင့် ပိတ်မှာဖြစ်ပေမယ့် နောက်တစ်ဦးက ကိုဆွေဝင်းကို ပုဒ်မ ၆၆ (ဃ) အပြင် သာသနာညှိုးနွမ်းစေမှုနဲ့ပါ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

မ.ဘ.သ ဒါမှမဟုတ် အမျိုးသားရေး အင်အားစုထဲက တစ်စုံတစ်ယောက်က ကိုဆွေဝင်းကို အမှုတစ်ခု ထပ်တိုးပြီး အမှုဖွင့်တိုင်ကြားမှာဖြစ်တယ်လို့ ဦးကျော်မျိုးရွှေက ပြောပါတယ်။

"ကျနော့် အမေက ခွင့်မပြုခဲ့ဘူး၊ သူ့ဆန္ဒကို လိုက်လျောပေးပါဆိုရင် ကျနော်က အမှုပိတ်သိမ်းပေးမယ်၊ ကျနော့်နေရာမှာ တစ်ခြားတစ်ယောက်က အမှုပြန်ဖွင့်သွားမယ်၊ မဘသထဲကဖြစ်မလား အပြင်က အမျိုးသားရေးအင်အားစုထဲကဖြစ်မလား ပြောလို့မရသေးဘူး၊ ကျနော်တို့ တိုင်ပင်နေတုန်းပဲ၊ ဦးကိုနီ အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း ပြည်ထဲရေးကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ သူမေးနေတာတွေ သူလုပ်နေတာတွေက ဒီကိုနီကို အကြမ်းဖက်သတ်ဖြတ်မှုမှာ မဘသ အဖွဲ့အစည်းကြီးရဲ့ ပယောဂမကင်းသယောင် မဘသ အဖွဲ့အစည်းကြီးရဲ့ ဂုဏ်သိက္ခာထိခိုက်အောင် မြန်မာနိုင်ငံမှာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကြီး လုံးဝမရှိအောင် တိုက်မယ်ဆိုပြီး ပြောဆိုရေးသားတာတွေ တွေ့တဲ့အတွက် ကျနော်တို့ သူ့ကို တရားထပ်စွဲမယ်၊ သူ့ကို ၂၉၅ (သာသနာညှိုးနွမ်းစေမှု) နဲ့ စွဲဖို့ပြင်ဆင်ထားတယ်"

Ba Kaung အကောင့်အသုံးပြုသူ Myanmar Now သတင်းထောက် ကိုဆွေဝင်းဟာ မဘသ ဆရာတော် ဦးဝီရသူကို ပါရဇိက ကျသွားပြီလို့ ရဟန်းတော်တစ်ပါးက မိန့်ကြားထားတဲ့စာသားပါတဲ့ "အခြေခံဥပဒေပြင်လိုသူတွေကို မဘသ သတိပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၈ ရက်နေ့တွေက သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့ပါတယ်။

ဒီလိုရေးသားတာတွေနဲ့ပတ်သတ်ပြီး ဆရာတော် ဦးဝီရသူက ကိုဆွေဝင်းကို (၇) ရက်အတွင်း လာရောက်တောင်းပန်ဖို့ မတောင်းပန်ပါက အမှုဖွင့်အရေးယူသွားမယ်လို့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြန်လည်ရေးသားခဲ့ပါတယ်။

၇ ရက်ပြည့်ပေမယ့် ကိုဆွေဝင်းက တောင်းပန်တာမျိုး မရှိခဲ့တဲ့အတွက် ဆရာတော်ဦးဝီရက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ဖို့ တပည့်ဖြစ်သူ ဦးကျော်မျိုးရွှေကို စေခိုင်းခဲ့တာဖြစ်ပြီး ကိုကျော်မျိုးရွှေက မတ်လ ၇ ရက်နေ့က အမှုဖွင့်လိုက်တာဖြစ်တယ်လို့ မန္တလေးမြို့ အမှတ်(၇) ရဲစခန်းက စခန်းမှူး ရဲအုပ်ကျော်သူက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


သိမ်းပိုက်ထားသည့် တပ်စခန်းတခုအား ဝ တပ်ဖွဲ့ ခေါင်းဆောင် ပေါက်ယူချမ်း ကိုယ်တိုင် ပြန်လည်အပ်နှံသော်လည်း မိုင်းလားနယ်မြေမှ ၀ တပ်ဖွဲ့များ မထွက်ခွါသေး

$
0
0


ဓါတ်ပုံ- ၀ တပ်ဖွဲ့ကသိမ်းပိုက်ခဲ့သည့် ကျိုင်းတုံဘက်ကအဝင် အထူးဒေသ ၄ ၏ ပန်မတ်ဖိုင်းဂိတ်
မတ် ၉ ရက် ၂၀၁၇

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့ ပိုင်တပ်စခန်းတခု အား UWSA ၀ ဥက္ကဌ ပေါက်ယူချမ်းကိုယ်တိုင် က မိုင်းလားတပ်ဖွဲ့ထံ ပြန်လည်အပ်နှံပေးသော်လည်း ဝ တပ်ဖွဲ့ဝင်များ အထူးဒေသ ၄ မိုင်းလား နယ်မြေ မှ ထွက်ခွါခြင်းမရှိသေးကြောင်း ကြားသိရသည်။

ကျိုင်းတုံ - မိုင်းလား လမ်းမ ပေါ် အထူးဒေသ ၄ မိုင်းလားနယ်မြေ အဝင်ဝ အနီး ရှိ လွယ်ကျူဆိုင်း တပ်စခန်းအား မိုင်းလားတပ်ဖွဲ့ထံ မတ် ၈ ရက်နေ့ (၂၀၁၇ ) က ပြန်အပ်လိုက်ကြောင်း၊ အဆိုပါ တပ်စခန်းမှ အင်အား ၁၀၀ ကျော်ရှိ ၀ တပ်ဖွဲ့များက တပ်ဆုတ်သော်လည်း ၎င်းတို့ထိန်းချုပ်ရာ ဒေသသို့ တပ်ဆုတ်ပြန် ခြင်းမရှိသေးဘဲ လွယ်ကျူဆိုင်းမှ ဝမ့်လမ်း တပ်စခန်းကြီးဆီသို့ သာ တပ်ဆုတ် စုစည်းခြင်းဖြစ်ကြောင်း၊ ထို့အပြင် လွယ်ဆမ်ဆုံ တပ်စခန်းလည်း ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ကြားသိရသည်။

“ကျနော်တို့ ခေါင်းဆောင် ပေါက်ယူချမ်းက မိုင်းလားလာတယ် မနေ့က ။ ဒီနေ့ ပြန်သွားတယ်။ လွယ်ကျူ ဆိုင်း တပ်စခန်းကို ပြန်အပ်ဖို့ အမိန့်ပေးတယ်။ ကျနော်တို့လဲ အခု လွယ်ကျူဆိုင်းကနေ ကျနော်တို့ တပ်မှူးရှိတဲ့ ဝမ်နမ့်လမ်း တပ်စခန်းကို ပြောင်းနေတဲ့သဘောပါ။ ပြန်ခွင့်တော့မရသေးဘူး” - ဟု အမည် မဖေါ်လိုသည့် ဝ တပ်မှူး တဦးက ပြောသည်။

လွယ်ကျူဆိုင်းတပ်စခန်းအား မိုင်းလားတပ်ဖွဲ့ ထံပြန်အပ်ပြီးကြောင်း နှစ်ဘက်တပ် ပြောရေးဆိုခွင့် များက အတည်ပြုသော်လည်း မိုင်းလားနယ်မြေမှ ဝ ထွက်ခွါသည် မထွက်ခွါသည် ဆိုသည့် ကိစ္စများ မေးမြန်းမှု အား ဖြေဆိုခြင်း မရှိပေ။
ဝမ့်နမ့်လမ်း တပ်စခန်းသည် ၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးခံရ စဉ်က မိုင်းလားနယ်မြေသို့ ၀ ဝပ်ဖွဲ့များ ရောက်ရှိ အခြေချနေထိုင်ထားသည့်စခန်းဖြစ်သည်။

လွယ်ကျူဆိုင်း၊ လွယ်ဆမ်ဆုံ၊ ပန်မတ်ဖိုင်း၊ ဝမ့်နောင်ဟုတ်၊ လန်ခိုဆုံ စသည့် မိုင်းလားတပ်ဖွဲ့၏ တပ်စခန်းများမှာမူ ၎င်းတို့မဟာမိတ်ဖြစ်သည့် ဝ တပ်ဖွဲ့က ၂၀၁၆ စက်တင်ဘာ ၂၈ ရပ်က အလှစ်ငိုက် ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ နှစ်ဘက်ညှိနှိုင်းမှုဖြင့် ပန်မတ်ဖိုင်း၊ ဝမ့်နောင်ဟုတ်၊ လန်ခိုဆုံ ဂိတ်စခန်း များ မိုင်းလားတပ်ဖွဲ့ထံ ပြန်လည်အပ်နှံသော်လည်း စစ်ရေးမဟာဗျူအရ အရေးပါသည့် လွယ်ကျူဆိုင်း နှင့် လွယ်ဆမ်ဆုံတပ်စခန်း နှစ်ခု အား ပြန်လည်အပ်နှံခြင်းမရှိပေ။

သို့သော် ဖေဖေါ်ဝါရီ ၂၂ - ၂၄ ရက်နေ့ အထိ ကျင်းပသည့် တတိယ အကြိမ် လက်နက်ကိုင်တော်လှန် ရေးတပ်ဖွဲ့ ထိပ်သီးအစည်းအဝေး မှ ဝ နှင့် မိုင်းလားကြား ပြဿနာအား မိုင်းလား ဒုတိယ ဉက္ကဌ ဦးဆန်းပေ က ဝ ခေါင်းဆောင်နှင့် သီးသန့် တွေ့ဆုံဆွေးနွေး ရာမှ ဝ ဉက္ကဌ ပေါက်ယူချမ်းကိုယ် တိုင် မိုင်းလားသို့ ရောက်ရှိလာပြီး လွယ်ကျူဆိုင်း တပ်စခန်းအား မိုင်းလားတပ်ဖွဲ့ထံ ပြန်လည်အပ်နှံခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese

လောက်ကိုင်ဒုက္ခသည် နှစ်သောင်းကျော် တရုတ်ထဲ ရောက်ရှိ

$
0
0


လောက်ကိုင်ဒုက္ခသည်များ (ဖေဖော်ဝါရီလ ၂၀၁၅)
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အခု သီတင်းပတ်အတွင်း တကျော့ပြန်ဖြစ်တဲ့ တိုက်ပွဲကြောင့် ဒေသခံ ၂သောင်းကျော် တရုတ်နိုင်ငံထဲကို ၀င်ရောက်ထွက်ပြေးရောက်ရှိလာတယ်လို့ တရုတ်နိုင်ငံဘက်က ပြောလိုက်ပါတယ်။ တိုက်ပွဲကာလအတွင်း တရုတ်နိုင်ငံထဲ လက်နက်ကြီးကျည်ထိမှန်မှုတွေလည်းရှိခဲ့တယ်လို့ တရုတ်ဘက်က ပြောပါတယ်။ အခြေအနေတွေကို စုံစမ်းမေးမြန်းထားတဲ့ ရှားဖောင်က အသေးစိတ် ပြောပြပေးမှာပါ။

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တကျော့်ပြန်လည်ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒေသခံတွေနဲ့ နယ်စပ်ဒေသမှာ သွားရောက်အလုပ်အလုပ်ကိုင်ကြတဲ့သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံထဲကိုလည်း ထွက်ပြေးဝင်ရောက်သွားတဲ့ ဒုက္ခသည် အများအပြားရှိနေပြီလို့လည်း တရုတ်နိုင်ငံခြားရေးဌာနကပြောပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းထားတဲ့ ရှားဖောင် က အသေးစိတ်ပြောပြပေးပါမယ်။

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက လောက်ကိုင်မြို့နဲ့အနီးအနားတ၀ိုက်မှာ ပြန်လည် စတင်ဖြစ်ပွားတဲ့ တိုက်တွေပွဲကြောင့် တရုတ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးဝင်ရောက်သွားတဲ့ ဒုက္ခသည် ၂ သောင်းကျော်ရှိနေပြီးဆိုတာကို တရုတ်အစိုးရက ဒီကနေ့ ကြာသပတေးနေ့မှာပြောပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang က တရုတ်ဘာသာနဲ့ အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံအခြေအနေဟာ တရုတ် မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဆက်စပ်နေပါတယ်။ ဒီအဖြစ်အပျက်ကို တရုတ်နိုင်ငံက စိုးရိမ်တကြီး ရှိနေပါတယ်။ နယ်စပ်ဒေသတည်ငြိမ်ရေး အမြန်ဆုံးပြန်ဖြစ်လာစေဖို့အတွက် ဒီအဖြစ်အပျက်မှာ ပတ်သက်နေသူအားလုံးအနေနဲ့ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့၊ နောက်တကြိမ် ဒီလို ထိပ်တိုက်တွေ့မှုတွေ မဖြစ်အောင်ရှောင်ဖို့၊ ချက်ခြင်းပဲ အပစ်အခတ်ရပ်စဲရပ်စဲကြဖို့ တရုတ်နိုင်ငံအနေနဲ့ တိုက်တွန်းတောင်းဆိုပါတယ် ။မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တရုတ်နိုင်ငံက ထောက်ခံပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိန်းထားနိုင်ဖို့ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ညှိနိုင်းဆောင်ရွက်သွားနိုင်ကြမယ်လို့ မျှော်လင့်ထားပါတယ်။”

ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ ပြောတဲ့အထဲမှာတော့ - မြန်မာနိုင်ငံက မြောက်ပိုင်းမှာ မကြာခင်က ဖြစ်တဲ့ စစ်ရေးပဋိပက္ခတွေအတွင်း အကြီးအကျယ်ထိခိုက်မှုတွေရှိခဲ့တယ်၊ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်စေတဲ့ ဒီ ပဋိပက္ခအပေါ်မှာ တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချပါတယ်။ ဒီပဋိပက္ခကြောင့် နယ်စပ်နေ လူဦးရေ နှစ်သောင်းကျော်ဟာ တရုတ်နိုင်ငံထဲကို ပြေးဝင်လာပါတယ်။ တရုတ်နိုင်ငံဘက်က သူတို့ကို လူသားချင်းစာနာသောအားဖြင့် အကူအညီအထောက်အပံ့နဲ့ နေစရာတွေ ပေးထားပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ ပြင်ဆင်လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

မတ်လ ၆ ရက်နေ့က MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြားပြန်လည်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံနယ်နမိတ်ထဲကို လက်နက်ကြီးကျည်နဲ့ တခြားကျည်ဆံတွေ ကျရောက် ထိမှန်တာတွေရှိခဲ့ပြီး၊ တရုတ်နယ်စပ်နေသူတဦး ထိခိုက်ဒဏ်ရာရခဲ့သလို ပိုင်ဆိုင်မှုတချို့လည်း ထိခိုက်ပျက်ဆီးတာတွေရှိခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရက ပြောပါတယ်။

တရုတ်နိုင်ငံဘက်ခြမ်းကို ဒုက္ခသည် ၂ သောင်းကျော်ရောက်ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနဘက်ကပြောပေမယ့်လို့ လားရှိုးဘက်ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေကိုရဲ့ အပြောအရ တရုတ်ဘက်ခြမ်းထွက်ပြေးကြတဲ့လူတွေဟာ တရုတ်ဘာသာစကား ပြောတတ်တဲ့လူတွေသာဖြစ်တယ်လို့ လာရှိုးမြို့ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ လားရှိုး-မန်ဆူကျောင်းက ကယ်ဆယ်ရေးအဖွဲ့ ဦးမောင်မောင်သန်းက အခုလိုပြောပါတယ်။

“ဒီကိုရောက်လာတဲ့ ဒုက္ခသည်တွေဆီကနေ ကျနော်တို့ မေးမြန်းလို့ သိရတာကတော့ ဒီစစ်ဖြစ်တာနဲ့ တရုတ်ဘက်က တံတားအကုန်ပိတ်လိုက်ပြီ၊ အဲဒီမှာ ပေးဝင်တာက တရုတ်တွေကိုပဲ ပေးဝင်တယ် ကျန်တဲ့ မြန်မာပြည်ဘက်က ရွှေ့ပြောင်းအလုပ်သမားတွေကိုတော့ ပေးမ၀င်ဘူး၊ လောက်ကိုင်မှာနေတယ်၊ တရုတ်စကားတတ်တယ် အမြဲတမ်းဝင်ထွက်လုပ်နေတဲ့သူကိုတော့ ပေးဝင်တယ်။ ကျန်တာကတော့ မြန်မာတွေကို လက်မခံဘူး တရုတ်တွေပဲ လက်ခံတယ်ဆိုတာ သိရတယ်။ ဒီကိုရောက်လာတဲ့ ဒုက္ခသည်တွေဆီကနေသိရတာပါ။”

လောက်ကိုင်မြို့နဲ့ ပတ်ဝန်းကျင်တ၀ိုက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေနဲ့ အဲဒီဒေသမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့သူတွေ ထောင်နဲ့ချီ လားရှိုးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး၊ အခုချိန်ထိ လောက်ကိုင်မြို့တွင်း ပိတ်မိနေတဲ့ ဒုက္ခသည်တွေကိုလည်း ကူညီကယ်ဆယ်ဖို့ ဆက်လက်လုပ်ဆောင်နေကြတယ်လို့ ဦးမောင်မောင်သန်းက ပြောပါတယ်။

“လောလောဆယ်အထိဆိုရင်တော့ အားလုံး ကျနော်တို့ မန္တလေးကို ပို့ပေးတာ ၂၀၀၀ ကျော်ပြီ၊ ၂၀၀၀ ကျော်ပြီဆိုတာက အခုလည်းဝင်နေသေးတယ် ဒီဟာက ၀င်လာတာနဲ့ ကျနော်တို့ ထမင်ကျွေးတယ်၊ ရေတွေပေးတယ်၊ ပြီးရင် ကားပေါ်ပြန်တင်တယ်။ သူတို့နားချင်ရင်နားပေါ့နော် နားပြီးရင် ကားပေါ်ပြန်တင်တယ်၊ ပြီးရင် လွှတ်ပေးလိုက်တယ်။ ဒီနေ့မနက် ကား ၁၀ စီး လူ ၆၈၀ ကို မန္တလေးကို ပို့ပြီးသွားပြီ မန္တလေးမှာ ကျွဲဆည်ကန် ကားကွင်းကြီးရှိတယ်။ အဲဒီမှာ ကျနော်တို့ ပရဟိတတွေရှိတယ်၊ အစိုးရ လူကယ်ပြန်တွေရှိတယ် သူတို့နဲ့ ကျနော်တို့ ချိတ်ဆက်ထားတယ် ကျနော်တို့ ဒီကနေ ဘယ် နှစ်ယောက်လွှတ်လိုက်ပြီဆိုတာ ကျနော်တို့က သတင်းပေးလိုက်တယ်။သူတို့က သွားမယ့်ဒေသတွေ အတွက် ကားတွေပြန်စီစဉ်ပြီး ကားတွေခွဲလုပ်ပေးတယ်။ ဝေဠုကျော် အသင်းကတော့ ဒီနေ့ ၁ နာရီခွဲမှာ လားရှိုးကနေ လောက်ကိုင်ကိုတတ်သွားပြီ အဲဒီမှာ ကျန်နေတယ် ပိတ်မိနေတယ်ဆိုတဲ့လူတွေကို သူက သွားရှာမှာ ရှာပြီးအားလုံးတင်ပေးမယ် ၊ မနက်ဖြန်ကျနော်တို့က ဒီကနေ ကားလွှတ်ပေးမယ်။ သူဆက်သွယ်လာရင်ကျနော်တို့ ကားစီစဉ်ထားတယ်။ အဲလိုလေးတွေ စီစဉ်ထားတယ်ခင်ဗျ။”

လောက်ကိုင်မြို့တွင်းထဲကို ကိုးကန့် တပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ မတ်လ ၆ ရက်နေ့ တရက်ထဲမှာပဲ လောက်ကိုင်မြို့တိုက်ပွဲကြောင့် သေဆုံးသူ ၃၀ ထက်မနည်းရှိတယ်လို့ မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။

လောက်ကိုင်မြို့အနီး တရုတ်နယ်စပ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး တနေ့လုံးနီးပါး အပြန်အလှန်တိုက်ပွဲတွေဖြစ်နေတယ်လို့ တရုတ်နယ်စပ်က မျက်မြင်တွေက ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲကြောင့် တရုတ်နိုင်ငံတွင်း လက်နက်ကြီးအချို့ကျရောက်မှုတွေလည်း ထပ်ရှိခဲ့တယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေဟာ အခု ညအချိန်ပိုင်းမှာတော့ ပြန်လည်ငြိမ်သက်နေပါတယ်။

ရှားဖောင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

တာချီလိတ်၌ ငွေကျပ်သိန်းပေါင်း ၁၅၆၅၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

$
0
0

တာချီလိတ် မတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၌ မတ် ၈ ရက် ၊ ညနေပိုင်းက ငွေကျပ်သိန်း ပေါင်း ၁၅၆၅၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်းသိရသည်။

 ဖြစ်စဉ်မှာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲမှူး စိုးနိုင် နှင့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်း အရ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ အောင်မင်္ဂလာတိုက်တန်း(၈)ခန်းတွဲ၊ တတိယ အထပ်ရှိ အခန်းအမှတ်(၈) တွင် နေထိုင်သော ဒေါ်နန်းအွေ့ အခန်းအား ၀င်ရောက်ရှာဖွေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းသိရသည်။


 ထိုသို့ ဖမ်းဆီးရာတွင် WY စာတမ်းပါ နီညိုရောင်စိတ်ကြွဆေးပြား (၄၈၆၀၀၀)ပြား၊ အလေးချိန်(၄၈.၆)ကီလို၊ ဒေသတန်ဖိုးငွေကျပ်သိန်း(၇၂၉၀)သိန်းခန့်၊ စိတ်ကြွ ဆေးပြား ရိုက်နှိပ်ရန် အသင့်ရောစပ်ထားသည့် နီညိုရောင်အမှုန့် အလေးချိန်(၄၀)ကီလိုခန့်၊ ဒေသတန်ဖိုး ငွေကျပ်သိန်း(၆၀၀၀)ခန့်၊ စိတ်ကြွဆေးပြား ရိုက်နှိပ်ရန် အသင့်ရောစပ်ထားသည့် နီညိုရောင်အမှုန့်(အစို) အလေးချိန်(၁၁)ကီလိုခန့်၊ ဒေသတန်ဖိုးငွေကျပ်သိန်း (၁၆၅၀)ခန့်၊ မက်သာအက်ဖီတမင်း(အိုက်စ်) အဖြူရောင်ပုံဆောင်ခဲ အလေးချိန် (၂.၂၂)ကီလိုခန့်၊ ဒေသတန်ဖိုးငွေ ကျပ်(၅၅၅)သိန်းခန့်၊ ဆူဒိုအက်ဖီဒရင်းဆေးပြား အလေးချိန်(၃၁)ကီလိုခန့်၊ ဒေသတန်ဖိုးငွေကျပ်(၁၅၅)သိန်းခန့်၊ စိတ်ကြွ ဆေးပြားရိုက်နှိပ်သည့် မှို(၅၆)ချောင်း၊ ပုံစံသံကွင်း(၂၈)ခု တို့နှင့်အတူ SHN/……. နံပါတ်ပါ Mark II အမျိုးအစား မော်တော်ယာဉ်အဖြူရောင် တစ်စီးအား သိမ်းဆည်း ရမိကြောင်း သိရသည်။

 အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဒေါ်နန်းအွေ့ အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

သတင်း - ဓါတ်ပုံ ။ ။ တာချီလိတ် ခရိုင်ပြန်/ဆက်

WFP က မလေးရှားနှစ်ဦး မြောက်ကိုရီးယားထွက်ခွာခွင့်ပေး

$
0
0

မလေးရှားရှိ မြောက်ကိုရီးယားသံရုံး
မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်မယ့် အလားအလာကို မလေးရှားဝန်ကြီးချုပ် Najib Razak က ဗုဒ္ဓဟူးနေ့ မှာပယ်ချပြီး သံတမန်ရေးတင်းမာမှု အရှိန်မြင့်လာနေတာကို ဖြေရှင်းရေး စေ့စပ်ညှိနှိုင်းဖို့ သူ့အစိုးရအနေနဲ့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖေတူအမေကွဲအကို ကွာလာလမ်ပူလေဆိပ်မှာ လုပ်ကြံခံရပြီး သေဆုံးသွားတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြားဆက်ဆံရေး ပိုပိုတင်းမာလာနေတာပါ။ သူတို့နိုင်ငံတွေထဲမှာရှိနေကြတဲ့ တဘက်နိုင်ငံသားတွေကို ထွက်ခွာခွင့်မပေးဘဲ အသီးသီး ပိတ်ပင်ထားပြီး မလေးရှားကတော့ သူတို့နိုင်ငံသားတွေဟာ ပြန်ပေးဆွဲခံထားရတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားမှာ မလေးရှားနိုင်ငံသား ၁၁ ယောက်ရှိနေတယ်လို့ မလေးရှားနိုင်ငံခြားရေးဌာနက ပြောပါတယ်။ အဲဒီထဲမှာ သံရုံးဝန်ထမ်းသုံးဦး၊ မိသားစုဝင်ခြောက်ဦးနဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP မှာ လုပ်ကိုင်နေသူနှစ်ဦးတို့ ပါဝင်ပါတယ်။

ဆက်သွယ်ရေးလမ်းကြောင်း ရနေတဲ့အတွက် လက်ရှိမှာ သံတမန်ဆက်ဆံရေး ဆက်ရှိနေတယ်လို့ ၀န်ကြီးချုပ် Razak ကပြော ပါတယ်။ စေ့စပ်ညှိနှိုင်းဖို့ နည်းလမ်းတွေရှိတာကြောင့် ဆက်ဆံရေးကို ဆက်ထိန်းထားရမှာဖြစ်ကြောင်း၊ အခုတော့ မြောက်ကိုရီး ယားအစိုးရက ဘာတွေလိုချင်တယ်ဆိုတာကို ဆန်းစစ်ရတော့မှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က ဆိုပါတယ်။

မြောက်ကိုရီးယားနဲ့ မလေးရှားတို့ကြားမှာ ထူးထူးခြားခြား ခိုင်မာတဲ့ဆက်ဆံရေး နှစ်ပေါင်းများစွာရှိထားတာပါ။ ဒါပေမဲ့ Kim Jong Nam ကို အမျိုးသမီးနှစ်ဦးက အဆိပ်နဲ့သုတ်ပြီး လုပ်ကြံခဲ့ပြီးကတည်းက ဆက်ဆံရေး တင်းမာနေတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရုပ်ရှင်ထဲကလို သေနတ်တွေ ပစ်ခတ်နေကြတဲ့ ရီယိုမြို့တော်

$
0
0

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) အတွက် သုတေသန လုပ်ပေးနေတဲ့ စီစီလျာ အိုလီဗီယာ ဟာ ဘရာဇီးနိုင်ငံ မြို့တော် ရီယိုဒီဂျနဲရိုးမှာ သေနတ်ပစ်မှု တွေ အတွက် စိတ်ချရတဲ့ အချက်အလက် ရှာဖွေ ခဲ့ပေမယ့် အစိုးရရဲ့ တရားဝင် စာရင်းဇယားမရှိလို့ အရေအတွက်အတိအကျ မသိနိုင်ခဲ့ပါဘူး။

ဒါကြောင့် သူဟာ ဖိုဂိုခရူဇာဒို လို့ ပေါ်တူဂီလို ပစ်မှတ်လွဲ သေနတ်ပစ်ခတ်မှု အမည်ရတဲ့ မိုဘိုးလ် App တခုကို ဖန်တီးနိုင်ဖို့ ကူညီခဲ့ပါတယ်။ ရီယို မြို့သူ မြို့သားတွေ အနေနဲ့ ဒီ App ကို အသုံးပြုပြီး မိမိဝန်းကျင်က သေနတ်ပစ်ခတ်မှုတွေကို လက်ကိုင် မိုဘိုလ်း ဖုန်းကတဆင့် မှတ်တမ်းတင် သတင်းပေးပို့နိုင်ပါတယ်။


လူသန်းချီ နေတဲ့ မြို့တော်မှာ မနှစ် ဇူလိုင်လ စတင် ချိန်ကနေ ဒီနှစ် ဇန်နဝါရီလ အတွင်း ဒီ App ကတဆင့် သတင်းပို့တဲ့ သေနတ်ပစ်ခတ်မှု အရေအတွက်က ကြောက်စရာ ကောင်းလှပါတယ်။

စုစုပေါင်း ၂,၅၁၇ မှု မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒါဟာ ပျမ်းမျှ ၁ ရက်ကို ပစ်ခတ်မှု ၁၄ ကြိမ် နီးပါး ဖြစ်ပွားနေတဲ့ သဘောပါ။ ဒီ ပစ်ခတ်မှုတွေမှာ လူ ၅၃၉ ယောက် သေဆုံးပြီး ၅၇၀ ယောက် ထိခိုက်ဒဏ်ရာ ရကြောင်းလည်း တွေ့ရှိရပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/

မန္တလေးတိုင်း ၆ မြို့နယ်မှာ လေပြင်းဒဏ် ကြိုတင်ကာကွယ်

$
0
0


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကင်းကျေးရွာ ပေါင်လောင်ကြီးကျေးရွာ ခတက္ကကုန်းကျေးရွာနဲ့ ကျားကာကျေးရွာ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်နေကြစဉ်။ Photo: Rrd Mandalay
မတ်၊ ဧပြီနဲ့ မေလတွေမှာ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားရင် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေဖို့အတွက်  မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၆ မြို့နယ်မှာ ကြိုတင်ပြင်ဆင်မှုတွေ စတင်ဆောင်ရွက်နေပြီလို့ မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနတာဝန်ရှိသူကပြောပါတယ်။

မိုးသီးဒဏ် လေပြင်းဒဏ်ခံနိုင်တာမျိုးရှိမရှိ စစ်တမ်းကောက်ယူပြီး ဆင်းရဲနွမ်းပါးတဲ့ အိမ်တွေမှာ အမိုးမလုံတာတွေကို အမိုးမိုးပေးတာ၊ ပြုပြင်ပေးတာတွေကို မန္တလေးတိုင်းဒေသကြီးတွင်းက မြင်းခြံ၊ မြစ်သား၊ကျောက်ဆည်၊ ရမည်းသင်း၊ ၀မ်းတွင်း၊ စဥ့်ကိုင် စတဲ့ ၆ မြို့နယ်မှာ ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းထွဋ်ဆွေ ကပြောပါတယ်။

"မန္တလေးတိုင်းအတွင်းမှာ  ပြီးခဲ့တဲ့ ၅ နှစ်က အဖြစ်များတဲ့ မြို့နယ် ၆ မြို့နယ်ကို ရွေးထုတ်လိုက်တယ်၊ လေပြင်း တိုက်လာပြီ အမိုးတွေလန် မိုးသီးတွေကြွေလို့ လူတွေ တိရိစ္ဆာန်တွေ သေကြေမှုက လျော့ပါးအောင် ကြိုတင်ပြင် ဆင်မှုတွေ စလုပ်နေပြီ၊ မြင်းခြံမှာ အမိုးမိုးတာပြီးသွားပြီ၊ မြစ်သားမှာမနက်ဖြန်စပါမယ်"

ဒီလကုန်မှာအပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ပြည်ထောင်စုက ချပေးထားတဲ့ ဘတ်ဂျတ် ကျပ်သိန်းပေါင်း ၃၈၀ အသုံးပြုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လေပြင်းဒဏ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ လိုက်လံဆောင်ရွက်နေတယ်လို့ ဦးသန်းထွဋ်ဆွေ ကပြောပါတယ်။

မတ်၊ ဧပြီနဲ့ မေလတွေမှာ  လေပြင်းတိုက်ခတ်မှု ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ နေအိမ်အဆောက်အဦး ကြံ့ခိုင်မှုကို စစ်ဆေးဖို့၊ အိမ်အနီးကျိုးကျနိုင်တဲ့ သစ်ပင်သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းထားဖို့၊ လေပြင်းတိုက် ခတ်တာ မိုးကြိုးပစ်တာ မိုးသီးကြွေတာတွေ ဖြစ်လာရင် လယ်ကွင်း၊ ကွင်းပြင်ထဲနေထိုင်တာတွေကို အတတ်နိုင် ဆုံးရှောင်ရှားဖို့အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လကုန်က စပြီး အသိပေးကြေညာထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

မြောက်ပိုင်းမဟာမိတ်ပြောခွင့်ရနဲ့ ဗွီအိုအေ အင်တာဗျူး

$
0
0


မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA တပ်များ (TNLA News & Information Department)
မြန်မာတပ်မတော်နဲ့ လက်ရှိတိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ MNDAA ကိုးကန့်တပ်အပါအ၀င် TNLA၊ AA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ကြောင်း ကြေညာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာရေး အစိုးရနဲ့ တပ်မတော်က စိတ်ရှည်သည်းခံပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သဘောထားကြေညာချက်ထုတ်ပြန်ထားပါတယ်။

လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ မတ်လ (၆)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ တပ်မတော်ရဲ့ ကြေညာချက်အပေါ်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ တုံ့ပြန်ချက်သိရအောင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ပြောခွင့်ရသူလည်းဖြစ် TNLA တအာင်းပလောင်တပ် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စပြောပါတယ်။

“ ကျနော်တို့ကိုပဲ ခွဲခြားပြီးတော့မှ လက်နက်စွန့်ရမယ်၊ လက်နက်အပ်ရမယ်ဆိုတဲ့ကတိပေးမှ အခုပြောနေတဲ့ ဘာမှသေချာမှုမရှိသေးတဲ့ သူတို့ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါလို့ရမယ်လို့ ပြောနေတာက ဒါက မြန်မာတပ်မတော်ရဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားတဲ့ ဆန္ဒ၊ တန်းတူညီမျှမှုမရှိဘူးလို့ ကျနော်တို့ မြင်တယ်။

မေး။ ။အဲဒီထုတ်ပြန်ချက်ထဲမှာပါတဲ့ တပ်မတော်က သူတို့ ကိုင်စွဲထားတဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ကရော တကယ်ပဲ အလုပ်ဖြစ်မယ်လို့ ထင်ပါသလား။

ဖြေ။ ။ မြန်မာ့တပ်မတော်က သူတို့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်နဲ့ပဲလုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ကိုမရပ်နိုင်ဘူး။ ဘယ်လိုမှ ပြည်ထောင်စု တိုင်းရင်းသားညီညွှတ်ရေးတွေလုပ်ပြီးတော့မှ ဆောင်ရွက်နိုင်မယ့် ခြေလှမ်းမဟုတ်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ပြည်တွင်းစစ်ကို ရပ်ပြီးတော့ တကယ်ငြိမ်းချမ်းရေး ရဖို့ဆိုရင်တော့ မြန်မာ့တပ်မတော်အနေနဲ့ လက်ရှိအစိုးရရဲ့ မူဝါဒ၊ လက်ရှိအစိုးရအောက်မှာနေပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေဆောင်ရွက်ဖို့ ကျနော်တို့ မြင်ပါတယ်။

မေး။ ။တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ မတ်လ (၆)ရက်နေ့ကMNDAA ကိုးကန့်တပ် တွေကနေ နေရာပေါင်း ၇ နေရာကို တပြိုင်နက်ထဲ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်၊ ဒါက တကယ်ပဲ အနိုင်တိုက်နိုင်မယ်လို့ ထင်လို့ ၀င်တိုက်တာပါလား။

ဖြေ။ ။ ကျနော်တို့ကို မြန်မာ့တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာလည်းပြထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကိုးကန့်ရဲ့ တပ်မဟာ ၂၁၁ ဒီလောက်ကိုင်ရဲ့ အပေါ်ဘက် မိုင်၂၀ လောက်ကွာတဲ့နေရာမှာ ကျနော်တို့ကို အပြင်းအထန်ထိုးစစ်ဆင်နေတယ်၊ အဲဒီမှာ ရွာသားတွေအကုန်လုံးပြေးနေရပြီ လက်နက်ကြီးတွေ ၁၁၀၊ ၁၀၅ ပြီးတော့ လေကြောင်စစ်ဆင်ရေးတွေလည်းတောက်လျှောက် ၁ လကျော်ကျော် အပြင်းအထန်ချနေတာ၊ ဘယ်သူမှ ဘာမှ မသိကြဘူး ကျနော်တို့က စစ်ဒဏ်ကို အလူးအလှိမ့်ခံနေရတယ်။ ဒါကြောင့် ကျနော်တို့က အခုစစ်ဆင်ရေးကို ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

မေး။ ။အဲဒီတော့ ဒီတိုင်းရင်းသားပြည်သူတွေပါ စစ်ဘေးဒုက္ခခံနေရတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေပေါ့နော် ဗိုလ်မှူးတို့ဘက်မှာရော တာဝန်ရှိတယ်လို့ မထင်ဘူးလားရှင့်။

ဖြေ။ ။ တိုက်ပွဲဖြစ်ကြပြီဆိုတော့ ၂ ဘက်စလုံးမှာ တာဝန်ရှိပါတယ်။ ကျနော်တို့လည်း ဒေသခံပြည်သူလူထုတွေကို အတတ်နိုင်ဆုံးတော့ ဘေးကင်းဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားကြတယ်။ ကျနော်တို့လည်း လူထုအတွက်အများကြီး စိတ်မကောင်းဖြစ်တယ်။ ဒါပေမယ့် အခုက အတတ်နိုင်ဆုံး အငြိမ်းချမ်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းလို့မရတဲ့အနေအထားမှာ ဖြစ်နေပါတယ်။

မေး။ ။ အခုအခြေအနေက တော်တော်လေးဆိုးနေတယ်ပေါ့နော် မြန်မာစစ်တပ်ကလည်း ထိုးစစ်တွေနဲ့ အပြင်းအထန်ပြန်တိုက်နေတယ်။ အခု ဗိုလ်မှူးတို့ ရည်ရွယ်ထားတဲ့ ၂ဘက် တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံရေးအရ ဆွေးနွေးရေးကလည်း ဖြစ်မလာသေးဘူး ဒီလိုတိုက်ပွဲတွေလိုမဟုတ်ပဲနဲ့ တခြားလမ်းကြောင်းရောမရှိဘူးလား ။

ဖြေ။ ။ နံပတ်၁ ပြောချင်တာက NCA ကျနော်တို့ နဂိုက ဆွေးနွေးတဲ့ NCA က တကယ့်အပစ်အခတ်ရပ်စဲဖို့ ။ ဒါပေမယ့် ဒီ NCA ကို မြန်မာ့တပ်မတော်က ပြုပြင်ပြောင်းလဲလိုက်တဲ့ NCA အရ NCA ထိုးခဲ့တဲ့ အဖွဲ့တွေတောင်မှ မြန်မာ့တပ်မတော်က တိုက်ပွဲတွေဖြစ်နေတာ။ NCA က တကယ့်လက်တွေ့ စစ်ပွဲတွေ ရပ်အောင် လုပ်နိုင်တဲ့ NCAမဟုတ်ဘူး ဒါကြောင့် ကျနော်တို့မြင်တာက တကယ့်တိုက်ပွဲ့ ဖြစ်နေတဲ့အဖွဲ့အစည်းတွေနဲ့ လက်ရှိအစိုးရနဲ့ မြန်မာ့တပ်မတော်ကလည်း လက်ရှိအစိုးရစကားကို နားထောင်ပြီးတော့ လက်ရှိအခြေအနေကို ဆွေးနွေးပြီးမှ အပစ်ရပ်ဖို့လိုပါတယ်။ ဒါက ကျနော်တို့ပြောနေတဲ့ ပန်ခမ်းထိပ်သီးညီလာခံကနေ ကျနော်တို့ပြောနေတဲ့ လမ်းကြောင်းအသစ်ကို ရှာဖို့လိုတယ်။ အခု NCAက အလုပ်မဖြစ်တော့ဘူး။ ဒီလိုအလုပ်မဖြစ်တာကလည်း မြန်မာ့တပ်မတော်ရဲ့ မူ သဘောထားတွေကြောင့်ဖြစ်ပါတယ်။ နောက်တချက်ကျတော့ ကျနော်တို့က တွေ့ဆုံချင်တယ် ၊ ဆွေးနွေးချင်တယ်။ အရင်တုန်းကဆိုကျနော်တို့ ဒီ NCAထိုးနိုင်တယ်လို့ ကျနော်တို့ပြောပေမယ့်လည်း မြန်မာ့တပ်မတော်က ကျနော်တို့ကို လက်နက်ချမှ လက်နက်အပ်မယ်လို့ ကတိပေးမှသာလျှင် ပါလို့ရမယ်လို့ပြောတယ်။ ဟိုတနေ့တုန်းက ဗိုလ်ချုပ်မြတ်ထွန်းဦးပြောတာအရဆိုရင် ကျနော်တို့ကို ဘယ်အဆင့်မှ ပေးမပါနိုင်ဘူး ဆွေးနွေးပွဲမှာတောင်မှ မပါနိုင်ဘူး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာမပါနိုင်ဘူးလို့ ယတိပြတ်ပြောလိုက်ပြီးသား။ အဲဒါပြောလိုက်တဲ့ တပြိုက်နက်တည်းမှာလည်း ကျနော်တို့ ထိုးစစ်တွေဆင်နေတယ်၊ ကျနော်တို့က ဘာမှ လုပ်လို့မရတော့ ကျနော်တို့က ဒီလိုပဲ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ကို ကျနော်တို့က အလူးအလှိမ့်ခံနေရတာပါ။ ကျနော်တို့လည်း မတတ်နိုင်ဆုံး ကျနော်တို့က အခုလို စစ်ရေးလှုပ်ရှားမှုတွေပြန်လုပ်ရတာ ဖြစ်ပါတယ်။

မေး။ ။ တရုတ်အစိုးရက မကြာသေးခင်ရက်ပိုင်းက သူတို့ သတင်းစာရှင်းလင်းပွဲမှာ အခု တရုတ်မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေကိုပြောသွားတယ်။ အဲဒါကို ချက်ချင်းရပ်ပြီးတော့ အပစ်ရပ်စဲရေးအတွက် ဆွေးနွေးကြပါလို့ သူတို့ဘက်က တိုက်တွန်းထားပါတယ်။ ဒီအပေါ်မှာရော ဒီမြောက်ပိုင်းမဟာမိတ်သဘောထားကရော ဘယ်လိုရှိပါသလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ပါ ကျနော်တို့မြင်တာကတော့ တရုတ်အစိုးရအနေနဲ့ ဒီထက်ပိုပြီးတော့မှ ထိထိရောက်ရောက်ပြောဖို့လိုတယ်လို့ ၊ လုပ်လည်းလုပ်ဖို့လိုတယ်လို့ ကျနော်တို့အနေနဲ့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုတိုက်ပွဲတွေက တောက်လျှောက်ပစ်နေတဲ့ လက်နက်ကြီးတွေဆိုရင် တရုတ်ဘက်ကို ကျပါတယ်။ မနေ့ကလည်း တော်တော်များများကျပါတယ်၊ ဒါတရုတ်လူထုအတွက်လည်း တော်တော်အန္တရာယ်များပါတယ်။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ပြောခွင့်ရသူလည်းဖြစ် TNLA တအာင်းပလောင်တပ် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

 အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြောက်ကိုရီးယားနဲ့ သံအဆက်မဖြတ်ဘူးလို့ မလေးရှားပြော

$
0
0


ကွာလာလမ်ပူက မြောက်ကိုရီးယားသံရုံးကို ရဲတွေက စောင့်ကြည့်
မလေးရှားဟာ မြောက်ကိုရီးယားနဲ့ သံတမန်အဆက်အသွယ်ဖြတ်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် နာဂျစ်ရာဇက်က ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အစ်ကို မလေးရှားလေဆိပ်မှာ အသတ်ခံခဲ့ရပြီးတဲ့နောက် ဖြစ်လာခဲ့တဲ့ တင်းမာမှုတွေကို ဖြေရှင်းဖို့ မြောက်ကိုရီးယားနဲ့ ဆက်ပြီး ဆက်ဆံနေရမယ်လို့ နာဂျစ်ရာဇက်က ဆိုပါတယ်။

မြောက်ကိုရီးယားက သူ့နိုင်ငံထဲမှာ ရှိနေတဲ့ မလေးရှားနိုင်ငံသား ၉ ယောက်လောက်ကို နိုင်ငံထဲက ထွက်ခွာခွင့် ပိတ်ထားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂစားနယ်ရိက္ခာအစီအစဉ်မှာ လုပ်နေတဲ့ မလေးရှားလူမျိုး နှစ်ယောက်ကိုတော့ ထွက်ခွာခွင့် ပြုခဲ့ပါတယ်။

မလေးရှားကလည်း ကွာလာလမ်ပူမှာရှိတဲ့ မြောက်ကိုရီးယားသံရုံးကို အပြင်က ဝိုင်းရံပိတ်ဆို့ ထားပြီး အထဲမှာ လူသတ်မှုနဲ့ သံသယရှိခံနေရသူ သုံးဦး ခိုလှုံနေတယ်လို့ ယူဆရပါတယ်။ အဲဒီလူတွေကို လွှဲပြောင်းပေးဖို့ မလေးရှားကတောင်းဆိုထားပြီး ဘယ်လောက်စောင့်ရစောင့်ရ အပြင်ထွက်လာရင် ဖမ်းမယ်လို့ မလေးရှားရဲတွေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

Good Morning ပေါင်မုန့်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ

$
0
0


လှိုင်သာယာ စက်မှုဇုန် (၄) Myanmar Mayson Industry Co.ltd စက်ရုံအလုပ်သမားတွေ ဆန္ဒပြနေကြစဉ်။ Photo : Zaw Lin Khine
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် (၄) မှာရှိတဲ့ Good Morning အမှတ်တံဆိပ် ပေါင်မုန့်နဲ့ ကိတ်မုန့်ထုတ်လုပ်တဲ့ Myanmar Mayson Industry Co.ltd က စက်ရုံလုပ်သား ၂၀၀ နီးပါးကို မနေ့က အလုပ်ရှင်က အလုပ်ရပ်နားတဲ့အပေါ် မကျေနပ်တာကြောင့် အလုပ်သမား ၄၀၀ ခန့်က ဒီနေ့ စက်ရုံရှေ့မှာ ဆန္ဒထုတ်ဖော်နေကြပါတယ်။

ကုန်ပစ္စည်းထုတ်လုပ်ဖို့အတွက် Auto Machine တွေအသုံးပြုတော့မှာ ဖြစ်တာကြောင့် အလုပ်သမားတွေကို အလုပ်ရပ်နားတာ ဖြစ်တယ်လို့သိရကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ Myanmar Mayson အခြေခံအလုပ်သမား အဖွဲ့အစည်း ဥက္ကဌ ကိုဇော်လင်းခိုင်က ပြောပါတယ်။

"စက်ရုံအခြေအနေအရ လောလောဆယ်က စက်ရုံက ၃ ရုံဆိုတော့ ကျန်တဲ့ ၂ ရုံမှာက auto machine တွေ တပ်ပြီးလည်တာကိုး။ လည်တော့ ကျနော်တို့ဆီက manual နဲ့သွားနေတဲ့ လက်နဲ့လုပ်တဲ့ လူအကုန်လုံးကို auto machine ပြောင်းတယ်ဆိုတဲ့ အကြောင်းပြချက်ပြပြီးတော့ ဖြုတ်တာပဲ။ ချက်ခြင်းပြောပြီး ချက်ခြင်း ထုတ်တာပဲဗျ။ ကျန်တာဘာမှ အစီစဉ်မရှိပါဘူး။ ဥပဒေပါအတိုင်း ကျနော်တို့ ညှိနှိုင်းဖို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ အလုပ်ရှင်က လုံးဝလက်မခံဘဲ ကျနော်တို့ကို ဥပဒေဘောင်ကျော်ပြီး သူတို့ဘက်က စလုပ်ခဲ့တာပဲ"

အလုပ်ရှင်ဘက်က နစ်နာကြေးပေးမယ်လို့ ပြောပေမယ့် အလုပ်သမားတွေက နစ်နာကြေးရယူလိုတာ မဟုတ်ဘဲ လုပ်ငန်းခွင်တည်မြဲရေးအတွက်ကိုသာ အဓိကထား တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

စက်ပစ္စည်းတွေတိုးလိုက်တာကြောင့် အလုပ်သမားတွေလျော့လိုက်တာဖြစ်ပြီး ဥပဒေအတိုင်း ဆောင်ရွက်ပေးသွား မှာ ဖြစ်တယ်လို့ Myanmar Mayson Industry Co.ltd ရဲ့ လက်ထောက်အထွေထွေမန်နေဂျာ ဦးဆန်းလင်း က ပြောပါတယ်။

"ကျနော်တို့ အော်ပရေးရှင်းနဲ့ပဲဆိုင်တယ်။ ကျနော်တို့က မုန့်လုပ်ငန်းဖြစ်တော့ စက်နဲ့လုပ်တာ။ စက်တွေ တိုး လိုက်တဲ့အတွက် ကျနော်တို့က လူအင်အားလျော့သွားတာ။ အများကြီး မလျော့ပါဘူး။ ၁၈၄ ယောက်ပါ အမှန်တော့ ကျနော်တို့က အဲစက်ရုံက ၉၀၀ ကျော်ရှိတဲ့အနက်မှ ၁၈၉ ယောက်ပဲ လျော့တာပါ။ ဥပဒေပါတဲ့ အတိုင်း ကျနော်တို့ အားလုံးဆောင်ရွက်ပေးမှာပါ"

အလုပ်သမားတွေအနေနဲ့ အခြေခံလစာ တစ်သိန်းရှစ်ထောင်ဝန်းကျင် ရရှိကြတာဖြစ်တဲ့အတွက် နစ်နာကြေး ယူမယ်ဆိုရင် လုပ်သက် ၃ နှစ်ခန့် အလုပ်သမားတွေအနေနဲ့ ၃သိန်းခန့် ရရှိမှာဖြစ်ပြီး လုပ်သက် ၁၉ နှစ်ခန့် အလုပ်သမားတွေအနေနဲ့  ၁၅ သိန်းဝန်းကျင် ရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။

အလုပ်ရပ်နားခံရတဲ့ အလုပ်သမားတွေထဲမှာ ၁ နှစ်ကနေ ၁၉ နှစ်အထိ လုပ်သက်ရှိတဲ့ အလုပ်သမားတွေပါဝင်ပြီး အစိုးရဘက်က ညှိနှိုင်းပေးတဲ့အထိ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်တယ်လို့ ပြော ပါတယ်။

ဒီနေ့မှာ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေ တွေ့ဆုံညှိနှိုင်းပေမယ့် မပြေလည်ခဲ့ ဘူးလို့လည်း အလုပ်သမားတွေကပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

အဝဆုံး အမျိုးသမီးကို အလေးချိန်လျော့အောင် ခွဲစိတ်ပေး

$
0
0

အီမန်အာမက် လောလောဆယ် ပေါင် ၂၀၀ ကျော် လျော့သွားခဲ့ပြီ။
ကမ္ဘာ ပေါ်မှာ ကိုယ် အလေးချိန် အများဆုံး ရှိသူလို့ ယူဆ ထားကြတဲ့ အီဂျစ် နိုင်ငံသူ အမျိုးသမီးကို၊ အိန္ဒိယ နိုင်ငံမှာ ဝိတ်ကျသွားအောင် ဆရာဝန်တွေက ခွဲစိတ်ခန်းထဲ ပြုလုပ် ပေးခဲ့ကြပါတယ်။

အသက် ၃၆ နှစ် အရွယ်၊ Eman Ahmed Abd El Aty လို့ ခေါ်တဲ့ အီဂျစ် နိုင်ငံသူ အမျိုးသမီးဟာ ဝိတ်ကျသွားအောင် ခွဲစိတ်တာ ခံယူဖို့ အိန္ဒိယ နိုင်ငံကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက ရောက်လာခဲ့တာပါ။

အခုတော့ မွန်ဘိုင်းမြို့တော်က Saifee ဆိုတဲ့ ဆေးရုံမှာ Bariatric ဘယ်ရီယားထရစ် ခွဲစိတ် ကုထုံးလို့ခေါ်တဲ့ ဝိတ်လျှော့ ခွဲစိတ်နည်းနဲ့ ခွဲစိတ် ပေးခဲ့လို့၊ ပေါင် တစ်ထောင့်တစ်ရာကျော် ကိုယ် အလေးချိန် ရှိတဲ့ အခြေအနေကနေ လောလောဆယ် မှာတော့ ပေါင် ၂၂ဝ ကျသွား ခဲ့တယ်လို့ ဆေးရုံ တာဝန် ရှိသူက ပြောပါတယ်။

Eman Ahmed ကို ကုသ ပေးခဲ့တဲ့ ဘယ်ရီယားထရစ် ခွဲစိတ်ကုထုံးဟာ အသက်အန္တရာယ် ထိခိုက်လောက်အောင် အဝလွန် ရောဂါ ဖြစ်နေသူတွေကို ကုသတဲ့ အခါ၊ မလွှဲသာတဲ့ အဆုံး နောက်ဆုံး ရွေးချယ်ရတဲ့ နည်းပါ။

ဘယ်ရီယားထရစ် ကုထုံးကတော့ အစာအိမ်ရဲ့ အစိတ်အပိုင်း တော်တော်များများကို ဖယ်ရှား ပစ်လိုက် တာပါ။ လူတစ်ယောက် စားသောက်နိုင်မယ့် ပမာဏကို ကန့်သတ် ပစ်လိုက်တာ ဖြစ်ပါတယ်။

ခုလို အစာအိမ်ကို သေးသွားအောင် လုပ်လိုက်တဲ့ အခါ၊ Eman Ahmed အနေနဲ့ အစာကို နည်းနည်း စားရုံနဲ့ ဗိုက်ပြည့်ပြီး တင်းတိမ် သွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ် အလေးချိန် ဆက်ပြီး ကျဆင်းလာဖို့ မျှော်လင့်ပြီး ခွဲစိတ် ခဲ့ကြတာပါ။

အခုလို ခွဲစိတ် ခဲ့ပြီး နောက်မှာလည်း Eman Ahmed တစ်ယောက် အီဂျစ်ကို ချက်ခြင်း ပြန်နိုင်လောက်အောင် အထိ နလံ မထသေးပါဘူး။ အဝလွန် ရောဂါရဲ့ နောက်ဆက်တွဲ ဖြစ်လာတဲ့ တခြား ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေကို ဆရာဝန်တွေက ကုသ ပေးနေရ ပါတယ်။

Eman Ahmed ဟာ မွေးစက ၁၁ ပေါင် ရှိပြီး သူလိုငါလို ကလေးငယ် တစ်ယောက်ပါပဲ။

ဒါပေမယ့် ၁၁ နှစ် သမီးက စလို့ ကိုယ် အလေးချိန် တရှိန်ထိုး မြင့်တက် လာတာမှာ၊ ပြီးခဲ့တဲ့ ၂၅ နှစ်လုံးလုံး အိပ်ရာပေါ်မှာပဲ နေခဲ့ ရပြီး၊ ကိုယ် အလေးချိန်နဲ့ ဆက်စပ်ပြီး သိုင်းရိုက် ပြဿနာ၊ နှလုံး ပြဿနာတွေ ပါ ခံစား ခဲ့ရပါတယ်။

ဘယ်ရီယားထရစ် ခွဲစိတ်ကုထုံးမှာ နာမည်ရတဲ့ အိန္ဒိယ ဆရာဝန် ဒေါက်တာ Muffazal Lakdawala က ဦးဆောင်ပြီး သူ့ကို ကုသပေးမယ် ဆိုတော့၊ ပထမတော့ ကိုင်ရိုမှာ ရှိတဲ့ အိန္ဒိယ သံရုံးက ဗီဇာ ထုတ်မပေးပဲ ငြင်းခဲ့ပါတယ်။

ဒီလောက် ကိုယ် အလေးချိန်နဲ့ Eman Ahmed တစ်ယောက် ခရီးသွား နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ပြချက်နဲ့ပါ။

နောက်တော့ ဒေါက်တာ Lakdawala ကပဲ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆီ ဆက်သွယ် အကူအညီ တောင်းခဲ့ရပါတယ်။

ခုတော့ ရည်မှန်း ထားသလိုတော့ ခွဲစိတ် ခဲ့ပြီးပါပြီ။

Eman Ahmed တစ်ယောက် ကိုယ့်အိမ်ကိုယ် ပြန်နိုင်ဖို့ အမြန်ဆုံး ကြံ့ခိုင်လာပြီး၊ နောက် လာမယ့် လတွေ ထဲမှာလည်း ကိုယ် အလေးချိန် ဆက်လက် ကျဆင်းလာမယ်လို့ ကုသ ပေးခဲ့တဲ့ ဆရာဝန်ကြီးတွေက မျှော်လင့် နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>