“ ရွှေပိန်းကွပ် မစင်တုံး (သို့ )၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ 
စည်းကမ်းပြည့်ဝသော လက်ပတ်နီ ဒီမိုကရေစီ ”
၁၉၆၂ ခုနှစ်တုံးကတခါ စစ်အာဏာရှင်စနစ်ဆိုတဲ့ မစင်တုံးကို အများသည်းခြေကြိုက် ဘုံဝါဒ ရွှေပြားကွပ်ပြီး မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်နာမည်တပ် ကျွေးခဲ့တုံးက ရွှေတုံးမှတ်လို့ လူရိုးလူအတွေ အဟုတ်မှတ် စားခဲ့ကြတယ် ။ အကြောင်းမသိခင် ပထမဆုံးအလိမ်ခံရတာက ဖြေသာနိုင်ပေမဲ့ ခံခဲ့ရတာကတော့ နှစ်ပေါင်း (၂၆) နှစ်ပါ ။
စစ်ဖိနပ်သံခွာအောက် ပင်ပမ်းဆင်းရဲကြီးလွန်းလို့ လူထုတရပ်လုံး အုံကြွလို့ ၁၉၈၈ ခုနှစ်မှာတခါ အာဏာ သိမ်းပြန်တော့လည်း စစ်အာဏာရှင်စနစ်ဆိုတဲ့ မစင်ဟောင်းတုံးကြီးကိုဘဲ တိုင်းပြည်ချောက်ကမ္ဘားထဲကျဖို့  လက်တလုံးအလိုမှာ ကယ်တင်ဖို့ ဆိုတဲ့ရွှေပြားကပ်၊ တပ်မတော်ဟာ ၁၉၉၀ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျှား ပြန်မှာပါဆိုတဲ့ ရွှေပြားဖုံးပြီး ကျွေးခဲ့တုံးကတော့ တပြည်လုံးနီးပါးငြင်းဆန် အော့အန်ထုတ်ခဲ့ပေမဲ့ လက်နက်ပြ ဗြောင်ကျကျ နိုင်ငံ့အချုပ်အခြာအာဏာသုံးရပ်လုံးကို ခွေးစားခဲ့တာ ပြည်သူတွေဒူးနဲ့ မျက်ရေသုတ်ခဲ့ရတာ နောက်ထပ်နှစ်ပေါင်း (၂၆) နှစ်ပါဘဲ ။
လာပြန်ပါပြီ နောက်တချီ … မူလပထမ စစ်အာဏာရှင်စနစ် မစင်ဟောင်းတုံးကြီးကိုဘဲ လူလဲ ဆေးကြောသန့်  စင်ပြီး လူအများသည်းခြေကြိုက်မဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ရိုဟင်ဂျာ ဆန့် ကျင်ရေးရွှေပြား တွေကပ် ပြည်ပကျူးကျော်မှု့ရန်ကာကွယ်ဖို့ ရွှေပြားဖုံးတာတောင် မသပ်မရပ်နဲ့ မို့  မစင်စ မစင်နတွေ ဖုံးမရ ဖိမရ ပေကျံယိုကျနေတာတောင် စည်းကမ်းပြည့်ဝသောဒီမိုကရေစီနာမည်တပ်ပြီး ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ ထပ်ကျွေးဖို့ စိုင်းပြင်းနေကြပြန်ပြီ ။
လွန်ခဲ့တဲ့ ၂၆ နှစ်ကျော်လောက်က ရှစ်လေးလုံးလူထုအရေးတော်ပုန်ကြီးကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ (န၀တ/နအဖ) စစ်အစိုးရ အာဏာသိမ်းစဉ်က အမြို့ မြို့အနယ်နယ်မှာ ဆန္ဒပြ ပြည်သူတွေကို နည်းမျိုးစုံသုံး ထင်တိုင်းကြဲ ဖမ်းဆီးနှိမ်နှင်းပြီး ရာထူးတက် အခွင့်ထူးခံခွင့် ရလာခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်တွေ တိုင်းမှူးဟောင်းတွေဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲရလာဒ်ကို ဗြောင်ငြင်းပယ်ခဲ့ကြတယ်လေ ။ ဒီကြားထဲမှာ ပြည်သူလူထုဆန္ဒကို မထင်ဟပ်တဲ့ “၂၀၀၈ အခြေခံဥပဒေ”ကို အနှစ်(၂၀) နီးပါးအချိန်ဆွဲ ရေးရင်း တိုင်းပြည်ဘဏ္ဍာတွေ သယံဇာတတွေ ထင်တိုင်းကြဲခိုးယူပြီး သန်းကြွယ်သူဌေးတွေဖြစ်လာတယ် မဟုတ်လား ။ တိုင်းပြည်ကို ထာဝရစစ်ကျွန်ပြုမဲ့ “၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ”ဆိုတာကြီး ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်းနဲ့ အတူ အတည်ဖြစ်လာတဲ့အခါ ၂၀၁၀ ရွေးကောက်ပွဲအလိမ်ကြီးနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ တချို့က နိုင်ငံတော်သမ္မတ၊ တချို့ကလွှတ်တော်ဥက္ကဋ္ဌ ၊ ကာကွယ်ရေးဦးစီးချုပ် ရွှေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ ဝန်ကြီးချုပ်များ စသဖြင့် ဖြစ်လာခဲ့ကြတယ် လေ ။
ကာလုံလို့ အတိုကောက် အမည်သမုဒ်ကြတဲ့ စစ်ဗိုလ်ကြီးစိုးတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ မှာ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး နယ်စပ်ရေးရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးတွေပါဝင်ပါတယ်။
တကယ်တော့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်အားကိုးနဲ့ အကြမ်းဖက်ပြီး တိုင်းပြည် အာဏာကို အကြိမ်ကြိမ်သိမ်းယူခဲ့တဲ့ ခေါင်းမာဂိုဏ်းသား စစ်ဗိုလ်ချုပ်အုပ်စုကြီးတွေရဲ့ သမိုင်းကို အရှိကို အရှိအတိုင်း မညှာမတာ သုံးသပ်ရရင် အောက်ပါအတိုင်း တွေ့ ရမှာပါ။
တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာသုံးရပ်ကို ပြည်သူအများစုအလိုမတူဘဲ မတရားလုယက်သိမ်းပိုက် ထားတာပါ ။
ရဟန်းရှင်လူမိဘပြည်သူတွေကို … ဆင်းရဲတွင်းထဲတွန်းချ မျက်ရေကြီးငယ်ကျ သောကပင်လယ်ဝေ စေခဲ့သူတွေပါ ။
သမိုင်းအဆက်ဆက်မှာ ကျောင်းသားတွေ သွေးမြေအခါခါကျခဲ့ရတဲ့ အကျည်းတန် အဖြစ်အပျက်တွေ အားလုံးမှာ တာဝန်ရှိသူတွေပါ ။
နိုင်ငံ့ဘဏ္ဍာ ကိုယ်ပိုင်ဟာမှတ်ပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခိုးယူကြီးပွားနေကြတဲ့ ၀ိသမလောဘသား စစ်ခရိုနီတွေပါ ။
ကန့် လကာနောက်ကွယ်က မြန်မာနိုင်ငံရဲ့ လူမျိုးရေးမုန်းတီးမှု့ ဘာသာရေးမုန်းတီးမှု့တွေကို အားပေးအားမြှောက်ပြုပြီး အနိဌာရုံ ဖန်တီးရှင်အဖွဲ့ ပါ ။
လူသတ်မဒိမ်း မြေသိမ်းလိုင်စင်ရသလို ရာဇ၀ါတ်မှု့တွေကျူးလွန်နေတဲ့ စစ်ဂျပိုး လူ့ ဗာလ လူ့ အန္ဓ တွေကို မြှောက်စားအသုံးချ အကာအကွယ်ပေးနေသူတွေပါ ။
ပုဒ်မ ၄၄၅ နောက်မှာ ပုန်းအောင်းနေတဲ့ မိမိကျူးလွန်ခဲ့တဲ့ ရာဇ၀ါတ်မှု့အမှားကုဋေကုဋာတွေကို တာဝန်မခံရဲ တာဝန်မယူရဲတဲ့ သတ္တိနည်း သရဲဘောကြောင်တဲ့ စစ်နဲ့ လုပ်စားနေသူတွေပါ ။
တိုင်းပြည်အနာဂါတ်ကို ပုဒ်မ (၄၃၆) သော့ခလောက်နဲ့ ချုပ်နှောင်ထားတဲ့ သမိုင်းတရာခံတွေပါ။
နိုင်ငံတော်အဆင့် အကြမ်းဖက်မှု့အားလုံးကို စပွန်ဆာပေးနေတဲ့အဖွဲ့ ပါ ။
နိုင်ငံကို စစ်ငရဲတွင်းနက်ထဲက ပြန်မတက်နိုင်အောင် တွန်းချနေကြတွေပါ ။
သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ “၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ”အရ ကာလုံအဖွဲ့ ထဲက ကာချုပ်ဟာ စစ်သားအမတ်အားလုံး ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးဝန်ကြီးဌာန ဝန်ကြီးတွေကို စိတ်ကြိုက်ခန့်အပ် နိုင်တယ်၊ ရုပ်သိမ်းနိုင်တယ်။ အချိန်မရွေးလဲ လှယ်နိုင်ခွင့်ရှိပါသည်။ ပြီးတော့ ပုဒ်မ ၄၀(ခ) မှာ ကာချုပ်ကို နိုင်ငံ့ အာဏာကို သိမ်းယူခွင့်ပေးထားပါသေးတယ် ။
ဒါ့အပြင် ပုဒ်မ ၂၀(ခ) မှာ ကာချုပ်ကို တပ်မတော်ကို လွတ်လွတ်လပ်လပ် အုပ်ချုပ်ခွင့် ပေးအပ်ထားတယ် မဟုတ်လား ။ ဆိုလိုတာက ကာချုပ်ဟာ သူတို့ ရဲ့ ခါးပိုက်ဆောင်စစ်တပ်ကြီးရဲ့ တပ်ရေးတပ်ရာကိစ္စတွေမှာ ဘယ်သူ့ အမိန့် ကိုမှနာခံစရာမလိုအောင် စည်းခြားထားတါပါ။ တပ်မတော်သားတွေ လူသတ်မှု့ မဒိမ်းမှု့ ရာဇ၀ါတ်မှု့တွေ ကျူးလွန်ရင် အရပ်ဖက်တရားရုံးတွေက အပြစ်ပေးပိုင်ခွင့်မရှိဘူး ။ ကာချုပ်ကအရေးမယူသမျှ စစ်ရာဇ၀ါတ်သားတွေ လုပ်ခြင်တာလုပ်ပြီး လွတ်မြောက်နေကြအုံးမှာဖြစ်တယ် ။ ဒါကြောင့်လည်း စစ်အာဏာ ရှင်ခေတ်လျှောက်လုံး လူသတ်မှု့ မဒိမ်းမှု့တွေ ဘယ်လောက်တိုင်တိုင် ဘယ်သောအခါမှ တရားဝင် အရေးယူ အပြစ်ပေးတာမရှိခဲ့ဘူးမဟုတ်လား ။
ဒါဟာ တပ်မတော်ကို အခွင့်ထူးခံခွင့်ပေးပြီး ပြည်သူနဲ့ သွေးခွဲထားခြင်းဖြစ်တယ် ။ တပ်မတော်ကို ဥပဒေအထက် မှာလုပ်ခြင်တာလုပ်ခွင့်ပေး ပြည်သူကိုအနိုင်ကျင့်ခွင့်ပေးပြီး အာဏာရှင်ခါးပိုက် ဆောင်တပ်အနေနဲ့  အသုံးချနေ တာအလွန်ထင်ရှားပါတယ် ။
မတရားအနိုင်ကျင့်ခံရတဲ့ လယ်သမား အလုပ်သမား ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြမှုတိုင်းကို ဥပဒေနဲ့မညီကြောင်း ပြောဆို ရိုက်နှက် ဖမ်းဆီးထောင်ချတယ်။ အစိုးရရဲ့အကြမ်း ဖက်နှိမ်နင်း ဆောင်ရွက်မှုတိုင်းကို ဥပဒေနဲ့ အညီဆိုပြီး ပြောဆို အကြောင်းပြကြတယ်။ ဥပဒေဆိုတာ ပြည်သူ အတွက် မဟုတ်တော့ဘဲ အုပ်စိုးသူရဲ့ဖိနှိပ်ချုပ်ချယ်ရေး လက်နက်ကိရိယာ တခုလို အသုံးချနေကြတာမဟုတ် လား ။
နောက်ဆုံးအဆင့် ကမ်းကုန်အောင် မိုက်ရိုင်းမှု့တမျိုးကတော့ လက်ပတ်နီစွမ်းအားရှင်လူဆိုးလူမိုက်တွေရဲ့ လက်ထဲကို နိုင်ငံရဲ့ အုပ်ချုပ်မှု့အာဏာကို အပ်နှင်းပေးလိုက်တာပါဘဲ ။ ထောင်ထွက် ကလေကချေ ရာဇ၀င် လူမိုက်တွေက တိုင်းပြည်ရဲ့အညွှန့်အဖူး ကျောင်းသူကျောင်းသားလေးတွေကို မီဒီယာတွေရှေ့မှောက်မှာ ရန်ကုန်မြို့လယ် ကောင်မှာ လက်လိမ်ချိုးလည်ပင်းညှစ် ရိုက်နှက်အကြမ်းဖက်ဖမ်းဆီးခဲ့ကြတယ်။ လက်ပံတန်းမှာရှိတဲ့ ပင်မ ကျောင်းသားသပိတ်စစ်ကြောင်းက ကျောင်းသူကျောင်းသားလေးတွေကို တာဝန်ထက်လွန်ကဲစွာ အညိုးတကြီး ရိုက်နှက်ဖြိုခွဲခံရပြန်တယ်။
ဒါကြောင့် ဒီကာလုံအဖွဲ့ နဲ ၂၀၀၈ အခြေခံဥပဒေကို မဖျက်သိမ်းနိုင်သ၍ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ဒီမိုကရေစီ နဲ့ အခြေခံလူ့ အခွင့်အရေးတွေ ဘယ်သောအခါမှ မရနိုင်ပါဘူး ။ ပြည်သူတွေရဲ့ မျက်ရေဟာလည်း ဘယ်သော အခါမှာ့ ခြောက်ခမ်းမှာ မဟုတ်သလို ၊ ရဟန်းရှင်လူကျောင်းသားသွေးတွေ စွန်းထင်းမြေကျ အမှောင်ညတွေ အမြဲရှိနေအုံးမှာပါ ။
စစ်အာဏာရှင်စနစ်ဆိုးကြီးကို မြန်မာမြေပေါ်က အပြီးတိုင်ကွယ်ပျောက်သွားရေးအတွက် (၂၀၀၈) ဖွဲ့ စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ကာလုံအဖွဲ့ ကိုဖျက်သိမ်းပစ်ဖို့ စစ်တပ်ကို ဘားတိုက်ထဲပြန်ပို့ ဖို့ တောင်းဆိုတိုက်ပွဲ ၀င်ရမဲ့တာဝန်ဟာ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ သမိုင်းပေးတာဝန်တရပ်ဖြစ်တယ်ဆိုတာ မဟုတ်ဘူးလို့  ဘယ် သူများငြင်းပယ်နိုင်ပါသလဲ ။
လေးစားစွာဖြင့်
(မင်းကောင်းချစ်)
မတ်လ (၂၃) ရက် ၂၀၁၅ ခုနှစ်