Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live
↧

တနိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း သမ္မတရှေ့မှောက် သဘောတူလက်မှတ်ထိုး

$
0
0

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (အန်စီအေ) စာချုပ်မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(ယူပီဒဗလျူစီ)နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(အန်စီစီတီ)တို့ အကြား ဒီကနေ့  ပဏာမ သဘောတူ လက်မှတ်ထိုး လိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေစင်တာမှာ ကျင်းပတဲ့  အန်စီအေ သဘောတူစာချပ်ဆိုင်ရာ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ ၈ ရက်မြောက်နေ့မှာ နှစ်ဖက်ကိုယ်စားလှယ်တွေက သမ္မတ ဦးသိန်းစိန်ရှေ့မှောက်မှာ  သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်ကို အပြန်အလှန် လဲလှယ်ခဲ့ ကြတာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ အခုလို နှစ်ဖက်သဘောတူညီမှု ရရှိတဲ့အတွက် ၀မ်းသာ ကြောင်းလည်း ဒီလက်မှတ်ရေးထိုးပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ ပဏာမ သဘောတူညီချက်ရထားတဲ့ စာချုပ်မူကြမ်းကို  သက်ဆိုင်ရာ ခေါင်းဆောင်တွေထံ  နှစ်ဖက်စလုံးက  ပြန်လည်တင်ပြပြီး   တပြည်လုံးအပစ်ရပ်စာချုပ် ချုပ်ဆို နိုင်ရေး လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်ကြရဦးမှာဖြစ်ပါတယ်။

အဆိုပါ စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ၇ ကြိမ်မြောက်ဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့  ယူပီဒဗလျူစီအဖွဲ့နဲ့  တိုင်းရင်းသားတွေဘက်က နိုင်ဟံသာ ဦးဆောင်တဲ့ အန်စီစီတီအဖွဲ့တို့အကြား    မတ် ၁၇ ရက်နေ့ ကတည်းက ရန်ကုန်မှာ  စတင် ဆွေးနွေးခဲ့ကြတာပါ။

သီတင်းတပတ်ကြာရပ်နားပြီး မနေ့က ပြန်ကျင်းပတဲ့ ဆွေးနွေးပွဲမှာတော့ အန်စီအေ အပစ်ရပ်စာချုပ်မူကြမ်းပါ အခန်းပေါင်း ၇ ခန်း၊ အပိုဒ်ပေါင်း ၃၃ ပိုဒ်နဲ့ အပိုဒ်ငယ်ပေါင်း ၈၆ ပိုဒ်ပါအချက် အားလုံးကို နှစ်ဖက်ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
↧

တစ်နိုင်ငံလုံး အပစ်ရပ်ဖို့အတွက် လက်မှတ်ထိုးချိန် မသိသေး

$
0
0
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆွေးနွေးမှု တစ်ခုအတွင်း ဦးနိုင်ဟံသာကို တွေ့ရစဉ် (Credit: ABC) 
တစ်နိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲနိုင်ဖို့ ​ရေးဆွဲထားတဲ့ ​မူကြမ်းကို ​မူအားဖြင့် ​သဘောတူခဲ့ကြပေမယ့် ​ဘယ်အချိန်မှာ ​လက်မှတ် ​ထိုးမလဲ ​ဆိုတာ ​မသိရသေးပါဘူး။

ဒီသဘောတူညီချက်က ​အပစ်အခတ်ရပ်စဲရေး ​ဆွေးနွေးမှုအတွက် ​မူဘောင်တွေ ​ချမှတ်ပေးတာ ​ဖြစ်ပြီး ​နိုင်ငံရေးဆွေးနွေးမှု ​ဖြစ်လာစေမယ့် ​ခြေလှမ်းတစ်လှမ်း ​ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေး ​ကိုယ်စားလှယ် ​ဦးလှမောင်ရွှေကတော့ ​မြန်မာအစိုးရအနေနဲ့ ​ဘာမှ ​ဆွေးနွေးစရာမလိုတော့ပဲ ​လက်မှတ်ထိုးဖို့ ​အသင့်ဖြစ်ပြီလို့ ​အေအက်ဖ်ပီကို ​ပြောပါတယ်။

တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ​ဘယ်အချိန်မှာ ​ဆွေးနွေးမှုတွေ ​လုပ်မလဲ ​ဆိုတာ ​ပြောဆိုထားခြင်း ​မရှိသေးပါဘူး။

အခုလောလောဆယ် ​တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့ ​၁၄ ​ဖွဲ့နဲ့ ​အပစ်အခတ် ​ရပ်စဲရေးယူထားတာဖြစ်ပြီး ​တအောင်းပလောင်အဖွဲ့နဲ့ ​ကချင် ​ကေအိုင်အေ ​အဖွဲ့နဲ့တော့ ​အပစ်အခတ် ​ရပ်စဲရေး ​လက်မှတ် ​မထိုးနိုင်သေးပါဘူး။

မြန်မာစစ်တပ်က ​၂၀၀၉ ​ခုနှစ်က ​ကိုးကန့်တပ်ကို ​တိုက်ထုတ်ထားတာကြောင့် ​ဒီကိစ္စမှာ ​ကိုးကန့်ကို ​ထည့်မပြောထားပေမယ့် ​တိုင်းရင်းသား ​လက်နက်ကိုင်တွေကတော့ ​အနာဂတ်မှာ ​ပြုလုပ်မယ့် ​ဆွေးနွေးပွဲအတွင်း ​ကိုးကန့်ကိစ္စကိုပါ ​ထည့်သွင်းဖို့ ​ဆန္ဒရှိနေတယ်လို့ ​တိုင်းရင်းသားဘက်က ​ဦးနိုင်ဟံသာက ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
↧
↧

ပညာရေးဆန္ဒပြမှုမှာပါသူ အမှုပေါင်း ၃၈ မှုစွဲချက်တင်

$
0
0
အမှုပေါင်း (၃၈) မှုခန့်နဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့ ဗကသအဖွဲ့က ကိုနန္ဒစစ်အောင်။ (ဓာတ်ပုံ- ကိုကျော်နိုင်ဦး)
ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင်လည်းဖြစ်၊ ဗကသများ အဖွဲ့ချုပ် ခေါင်းဆောင်တဦး လည်းဖြစ်တဲ့ ကိုနန္ဒစစ်အောင်ကို အာဏာပိုင်တွေက ဆူပူအောင်လှုံ့ဆော်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည်လည်မှု ပုဒ်မတွေ အပါအ၀င် အမှုပေါင်း (၃၈) မှုနဲ့ တရားစွဲ ဆိုထားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန္ဒစစ်အောင်ကို အာဏာပိုင်တွေက ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်မှုနဲ့ မြို့နယ်တိုင်းကနေ တရားစွဲဆိုခဲ့သလို လက်ပံတန်းမြို့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက်လည်း ၀ရမ်းထုတ်ထားခဲ့ပါတယ်။ မတ်လ (၂၇) ရက်နေ့ကတော့ ရန်ကုန်မြို့မှာ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးဖို့အပါအ၀င် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုတွေကို ဆက်လက် ဆောင်ရွက်ခဲ့တဲ့အတွက် သူ့ကို ဖမ်းဆီးပြီး အမှုပေါင်း (၃၈) မှုလောက်နဲ့ စွဲချက်တင်ထားကြောင်း ဖခင်ဖြစ်သူရှေ့နေ ဦးဌေးက ပြောပါတယ်။

“၃၈ မှုလောက်ရှိတယ်လို့ ကျနော်တို့ကို ပြောပါတယ်။ မနေ့က ဆယ်မိနစ် ကျနော်တို့ တွေ့ခွင့်ရပါတယ်။ အဓိက-ကတော့ ဆန္ဒထုတ်ဖော်တဲ့အမှုတွေမှာ မြို့နယ်အလိုက် စွဲတာတွေလည်းပါတယ်ပေါ့နော်၊ ကျန်တဲ့ဟာကတော့ လက်ပံတန်းမှာ အခု ကျန်တဲ့ကျောင်းသားများနည်းတူ စွဲထားတဲ့ပုဒ်မတွေနဲ့ နောက်ဆုံး သူတို့ လှည်းတန်းမှာ ဆန္ဒထုတ်ဖော်တာပေါ့နော်၊ ၁၀ ရက်နေ့က အဲဒီကိစ္စရယ်၊ နောက် ၂၇ ရက်နေ့က ပန်းပဲတန်းမှာ နောက်ဆုံး ဆန္ဒ ထုတ်ဖော်တဲ့ကိစ္စတွေပေါ့နော်၊ ကျန်တဲ့ဟာတွေကတော့ ၂ ပိုင်းအတွင်းက လူငယ်တွေ ဆန္ဒထုတ်ဖော်တာတွေမှာ သူလည်းပါတဲ့အခါကျတော့- ဒါပေမယ့် သူ့ခေါင်းစဉ်နဲ့ အဲဒါတွေက အမှုဖွင့်ထားတယ်လို့ သူကပြောပါတယ်။ ကျန်တဲ့ဟာတွေက မြို့နယ်တွေ ဖြတ်ကျော်တဲ့အလိုက်လည်း ဖွင့်တယ်လို့ ပြောပါတယ်။ အမှုတွေကတော့ သူ့အသက်ထက်တောင် များနေပါတယ်။”

တွေ့ဆုံဆွေးနွေးရေးယဉ်ကျေးမှုကို ဖော်ဆောင်နေတဲ့ အစိုးရသစ်လက်ထက်မှာ ကျောင်းသားတွေအေါ် အခုလို စွဲချက်တင်တာက မဖြစ်သင့်ဘူးလို့လည်း ဆိုပါတယ်။

“တည်ဆဲအစိုးရကနေ အဲလိုပေါ့- ပြင်းထန်စွာပေါ့နော်၊ အမှုပေါင်း မြောက်များစွာနဲ့အရေးယူတာကတော့ ဒါ ကျောင်းသားတွေအပေါ်မှာ စိန်ခေါ်လိုက်သလို အာဃာတပြင်းပြင်းနဲ့ ဆောင်ရွက်လိုက်ပုံက အားလုံး ဒီနှစ် ၂၀၁၅ ခုနှစ်အတွက် အံ့အားသင့်စရာ ဖြစ်ရပ်ဖြစ်သွားပါတယ်။ ပညာရေးဥပဒေပြင်ဆင်မှု အပေါ်မှာ ဒီလို ပြင်းထန်စွာ ရိုက်နှက်ဖြိုခွင်းတယ်၊ အမှုများစွာနဲ့ အရေးယူတာတွေဟာ ဒါဟာ တည်ဆဲအစိုးရရဲ့အနှစ်သာရကို သူက ပုံဖော်စေတယ် ပေါ့နော်၊ ဘယ်လိုမှ ဟန်ဆောင်လို့မရတဲ့ပုံပေါ်တာ။ တဘက်ကလည်း ကျနော်တို့ တွေ့ဆုံဆွေးနွေးရေး ယဉ်ကျေးမှုဆိုတာ တဖွဖွပြောပေမယ့် နည်းဗျူဟာအရဆိုရင်… မဟာဗျူဟာအရဆိုရင် ချေမှုန်းရေးဖြစ်နေပါတယ်။ အဲဒါသည်ပင်လျှင် စဉ်းစားစရာပေါ့နော်။ ကျောင်းသားတွေက ငြိမ်းချမ်းစွာ ဥပဒေဘောင်အတွင်းက ဆွေးနွေးဖို့ ကြိုးစားရင်းနဲ့ ချေမှုန်းခံရတဲ့အခါမှာ ဘာပဲဖြစ်ဖြစ် လွှတ်တော်ထဲမှာ ဥပဒေပြင်ဖို့ ဆက်ပြီးတော့ သူတို့ကိုယ်တိုင် လိုက်လျောလိုက်ရတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် …..power တခုတည်းနဲ့ မရဘူး၊ smart power ပါ ရတယ်ဆိုပါတော့။ အားလုံးကို ကျောင်းသားတွေက သင်ခန်းစာပေးလိုက်ပြီပေါ့။”

ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင်လည်း အမိန့်တွေချတဲ့အခါ တပေါင်းတည်းချနိုင်တယ်လို့ ဥပဒေပြဌာန်းချက်မှာ ပါပေမယ့် နိုင်ငံရေး၊ လယ်သမား အရေး၊ အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူတိုင်းကို ပြစ်ဒဏ်တွေ ချတဲ့အခါမှာ အမြင့်ဆုံးပြစ်ဒဏ်တွေချသလို အမှုတမှုချင်းအလိုက် ပြစ်ဒဏ်ချမှတ်တာတွေ ရှိနေကြောင်းလည်း ရှေ့နေ ဦးဌေးက ပြောပါတယ်။

“အမိန့်တွေချရင် တပေါင်းတည်းခံစားခွင့်တွေ ဥပဒေအရရှိပါတယ်။ ဒါပေမယ့် အခုထိကတော့ အဲဒီလို တပေါင်းတည်း ခံစားခွင့်ပေးတာတွေကလည်း မတွေ့ရဘူးပေါ့နော်။ ဒီလို ဥပဒေအရေးယူပြန်တော့လည်း သူက ပြစ်ဒဏ်က အမြင့်ဆုံးချတယ်။ ဆိုလိုတာက ကျန်တဲ့ ခိုး၊ ဆိုး၊ လုယက်၊ လူသတ်မှုတွေက အဲဒီလောက် အပြစ်မကြီးပါဘူး။ မြန်မာနိုင်ငံမှာက နိုင်ငံရေးနဲ့ဆက်စပ်တဲ့ ပုဒ်မတွေက ပြစ်ဒဏ်က ကြီးနေတာ။ ဒါကြောင့်မို့လည်း ရာဇ၀တ်မှုတွေ များနေတာပေါ့။ ”

မြန်မာအစိုးရပြန်ကြားရေးဝန်ကြီးဌာနက လက်ပံတန်းကျောင်းသားလှုပ်ရှားမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ ဥပဒေနဲ့အညီ ဖမ်းဆီးစစ်ဆေးကြောင်းနဲ့ ကျောင်းတက်ဆဲ ကျောင်းသားတွေနဲ့ အမျိုးသမီး၊ အမျိုးသား (၅၀) ကို ပြန်လွှတ်ပေးခဲ့ပြီးကြောင်း ပြောပါတယ်။ မတ်လ (၂၅) ရက်နေ့တုန်းကတော့ ကျောင်းသားနဲ့ ၀န်းရံအင်အားစုတွေထဲက (၆၉) ဦးကို ပုဒ်မ (၅) ခုနဲ့ လက်ပံတန်းတရားရုံးကနေ စွဲချက်တင်ခဲ့ပြီး နောက်ထပ် (၁၁) ဦးကို ပုဒ်မ (၃) ခုနဲ့ စွဲချက်တင်ထားပြီး အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ ကျောင်းတက်ဆဲ ကျောင်းသားတချို့ ရှိပေမယ့် ပြန်လည်လွတ်မြောက်လာတာတော့ မရှိသေးပါဘူး။

ဒီမိုကရေစီလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေနဲ့ ဗကသများအဖွဲ့ချုပ်က ခေါင်းဆောင်တွေဟာ ကျောင်းတက်နေဆဲ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ကြပါတယ်။ သူတို့ အကျဉ်းထောင်က လွတ်မြောက်လာချိန်ကစလို့ ကျောင်းပြန်တက်ခွင့် မရကြတော့ပါဘူး။ အခု ကိုနန္ဒစစ်အောင်ကလည်း ရန်ကင်း ပညာရေးကောလိပ်မှာ ဒီပလိုမာတက်နေတဲ့ ကျောင်းသားဖြစ်ပြီး စာမေးပွဲဖြေပြီးချိန် ၂၀၀၃ ခုနှစ်၊ ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းစဉ်မှာပါဝင်ခဲ့တာကြောင့် ထောင်ဒဏ် နှစ် ၂၀ ကျခံခဲ့ရသူဖြစ်ပါတယ်။ သူပြန်လွတ်လာချိန်ကစပြီး အခုချိန်ထိ ကျောင်းပြန်တက်ခွင့်မရတော့ကြောင်း မိသားစုက ပြောပါတယ်။

 လက်ရှိမှာတော့ ဗကသများအဖွဲ့ချုပ်မှာ ဦးဆောင်ကျောင်းသားတဦးဖြစ်ပြီး ပညာရေး ဥပဒေ ပြင်ဆင်ပြောင်းလဲနိုင်ရေး လှုပ်ရှားဆောင်ရွက်နေသူ တဦးလည်းဖြစ်ပါတယ်ရှင်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
↧

စစ်တပ် ချမှတ်တဲ့ မူ ၆ ချက်ကို လိုက်နာမှ ထာဝရငြိမ်းချမ်းမယ်လို့ ပြော (ရုပ်/သံ)

$
0
0

တပ်မတော်ကချမှတ်ထားတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ၆ ချက်ကို လိုက်နာနိုင်မှ ထာဝရ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောဆို လိုက်ပါတယ်။ ဒီသတင်းကို မေသင်္ကြန်ပေးပို့ထားပါတယ်။ DVB TV - 31.03.2015
https://www.facebook.com/DVBTVNews
↧

ဖမ်းဆီးခံကျောင်းသားများလွတ်မြောက်ရေး-မုံရွာ (ရုပ်-သံ)

≫ Next: တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရတဲ့အထိမ်းအမှတ် အနေနဲ့ အကြမ်းဖက်ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက် ကျောင်းသားပြည်သူတွေ ကို ခြွင်းချက်မရှိချက်ချင်း လွှတ်ပေးဖို့တောင်းဆို
$
0
0

ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေ ပြန်လွှတ်ပေးဖို့အတွက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မတ်လ ၂၉ ရက် မနေ့က ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ မဝေမာထွန်းက တင်ပြထားပါတယ်။
RFA
↧
↧

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရတဲ့အထိမ်းအမှတ် အနေနဲ့ အကြမ်းဖက်ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက် ကျောင်းသားပြည်သူတွေ ကို ခြွင်းချက်မရှိချက်ချင်း လွှတ်ပေးဖို့တောင်းဆို

$
0
0
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းသဘောတူညီမှုရတဲ့အထိမ်းအမှတ်အနေနဲ့ အောင်ပွဲခံညစာစားပွဲကျင်းပနေတဲ့ MPC မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ
အကြမ်းဖက်ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက်ကျောင်းသားပြည်သူတွေကို ခြွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့တောင်းဆိုပြီးအိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။

အစိုးရအနေနဲ့တကယ်ငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုရင် လွတ်လပ်စွာထုတ်ဖော်
ပြောဆိုခွင့်နဲ့ နိုင်ငံရေးအခွင့်အရေးတွေကို လေးစားရမှာဖြစ်တဲ့အကြောင်းလည်း မီဒီယာတွေကိုပြောဖြစ်ခဲ့ပါတယ် လို. သတင်းရရှိပါသည်။


တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကိုသဘောတူတဲ့အထိမ်းအမှတ်အနေနဲ့ ဖမ်းဆီးခံသပိတ်မှောက်ကျောင်းသားပြည်သူအားလုံးကိုခြွင်းချက်မရှိလွှတ်ပေးပါ...

ဒီလိုလွှတ်ပေးခြင်းအားဖြင့် အစိုးရဟာ တိုင်းရင်းသားတွေအပေါ်ကိုရော ကျောင်းသားပြည်သူတွေအပေါ်ကိုပါ တန်းတူရည်တူရိုးသားတဲ့စိတ်ထားရှိကြောင်းပြသပါ...

စာချုပ်ကိုလက်မှတ်ထိုးတဲ့အခါကျရင် နိုင်ငံရေးအကျဉ်းသားအားလုံးခြွင်ချက်မရှိလွှတ်ပေးပါ...

အဲ့ဒီလိုလက်တွေ့သက်သေပြနိုင်တဲ့လုပ်ရပ်တွေနဲ့
ယုံကြည်မှုကိုတည်ဆောက်ပါ
အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအမှန်တကယ်ဆန္ဒရှိကြောင်းသက်သေအခိုင်အမာပြပါ...

တဖက်ကကတိတွေပေး စာချုပ်တွေချုပ် တဖက်မှာတော့ လက်နက်မဲ့ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးထားမယ်ဆိုရင် သိကြားမင်းဆင်းပြီးလက်မှတ်ထိုးလည်း ပြည်သူလူထုက အယုံအကြည်လုံးဝရှိမည်မဟုတ်ပါ...

မိုဃ်းသွေး
↧

ပုဒ်မ ၁၈နဲ့ အရေးယူနေတာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလား (ရုပ်-သံ)

≪ Previous: တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရတဲ့အထိမ်းအမှတ် အနေနဲ့ အကြမ်းဖက်ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက် ကျောင်းသားပြည်သူတွေ ကို ခြွင်းချက်မရှိချက်ချင်း လွှတ်ပေးဖို့တောင်းဆို
$
0
0

လက်ပံတောင်းက ဒေါ်ခင်ဝင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အပေါ် တရုတ်သံရုံးရှေ့ ဆန္ဒပြခဲ့ဖို့ အကြည်ညိုပျက်စေမှုအပါအဝင် ပုဒ်မ ၄ခုနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုနေမျိုးဇင်၊ နော်အုန်းလှအပါအဝင် ၆ယောက်ကို မတ်လ ၃၁မှာ ဒဂုံတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ပုဒ်မ ၁၈နဲ့ ဖမ်းဆီးနေတာကို ဘယ်သူက မေးခွန်းထုတ်ခဲ့သလဲ။

ပုဒ်မ ၁၈ဖြစ်တဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြမှုမှာ ခွင့်ပြုချက် ယူဖို့ သိ၊ မသိကို ခေါ်မေးတာဖြစ်ပြီး ဆန္ဒပြရာမှာ ဘယ်သူကမှခေါင်းဆောင်မဟုတ်ဘဲ အားလုံးပါဝင်ဆန္ဒပြတာမို့ ပုဒ်မ ၁၈နဲ့ အရေးယူမယ်ဆိုရင် ဆန္ဒပြသူအားလုံးကို အရေးယူသင့်တယ်လို့ ကိုနေမျိုးဇင်က ပြောပါတယ်။ တရားရုံးကလည်း တိကျပြတ်သားတဲ့ စီရင်ထုံးတစ်ခု ပေါ်ပေါက်စေချင်တယ်လို့ သူကဆိုပါတယ်။

ဆန္ဒပြဖို့ အာဏာပိုင်ကို ခွင့်ပြုချက်တင်ရင် မပေးသလို၊ မတင်ဘဲ ဆန္ဒပြရင်လည်း ဖမ်းဆီးအရေးယူ ထောင်ချနေတာကြောင့် ဖွဲ့စည်းပုံမှာပါတဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေနဲ့ နည်းဥပဒေတွေ ဝိရောဓိဖြစ်နေတဲ့အကြောင်း၊ ဘာသာရေးကိုအသုံးချပြီး နိုင်ငံရေးလုပ်နေသူတွေကိုတော့ ဆန္ဒပြခွင့်ပေးနေတာဟာ အုပ်ချုပ်ရေးကိုထိခိုက်စေမယ့်သူတွေကို ပုဒ်မ ၁၈နဲ့ တားမြစ်ထားတာလို့ ပြောပါတယ်။

ကိုနေမျိုးဇင်၊ နော်အုန်းလှအပါအဝင် လှုပ်ရှားတက်ကြွသူ ၆ယောက်ကို လာမယ့် ဧပြီ ၇ရက်နေ့မှာ ဒဂုံတရားရုံးက ထပ်မံစစ်ဆေးဖို့ ရုံးချိန်ပေးလိုက်ပါတယ်။ ဒီမိုကရေစီလို့ပြောပြီး အပြောနဲ့မညီအောင် ကြားကနေ ခလောက်ဆန်နေတာ ပုဒ်မ ၁၈ဖြစ်လို့ ဒီနည်းဥပဒေနဲ့ အရေးယူနေတာဟာ ပြည်သူတွေ ဒီမိုကရေစီကျင့်စဉ်ကို ပြန့်ပွားခိုင်မာမှုမရှိအောင် အာဏာပိုင်တွေက ကန့်သတ်ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

Kamayut media
↧

လီကွမ်ယူးကို ဝေဖန်လို့ အဖမ်းခံရတဲ့ စင်္ကာပူ ဆယ်ကျော်သက် လူငယ်လေး -ဘာသာပြန် (ရုပ်-သံ)

$
0
0

(ရုပ်-သံ)ဘာသာပြန်ကြည့်ရန် ပုံကိုနှိပ်ပါ....
လီကွမ်ယူး သေသွားပြီးတဲ့နောက်မှာ Amos Yee ဆိုတဲ့ ၁၇ နှစ်အရွယ်လူငယ်လေးဟာ လီကွမ်ယူးရဲ့ အာဏာရှင်ဘဝကို ဝေဖန်ခဲ့ပါတယ် ဒါကြောင့် သူဟာ အဖမ်းခံခဲ့ရပြီး ၊ သူ့ရဲ့ Youtube ၊ Facebook ၊ Wordpress အကောင့်တွေကို စင်္ကာပူအစိုးရက ဖျက်ဆီးပစ်ခဲ့ပါတယ် ။
သူ့ရဲ့ ဝေဖန်ချက်တွေကို အောက်မှာ ဘာသာပြန်ပေးထားပါတယ် ။
....................................................
နောက်ဆုံးတော့ လီကွမ်ယူး လည်း သေသွားရပါပြီ ။ “F*ck yeah, ဒီငတိတော့သေပြီ” လို့ ဘယ်သူကများ ပြောရဲပါသလဲ ။ လီကွမ်ယူးဆိုတာ အလွန်ဆုံးရွားသူတဦးပါ ။
လူတိုင်းကသူ့ကို ထိတ်လန့်တယ် ၊ ကြောက်ကြရတယ် ။
တကယ်လို့များ ဒီလိုပြောလိုက်ရင် ဒုက္ခရောက်မှာကို ကြောက်ကြတယ် ။
ဒီလို မပြာရဲကြတာကပဲ လီကွမ်ယူးအတွက် ဂုဏ်ယူစရာဖြစ်ရတယ် ။
ဒါဟာ သူ့ရဲ့ အရေးကြီးတဲ့ အမွေအနှစ်ဖြစ်သွားခဲ့ရတယ် ။
ဒါပေမဲ့ ကျွန်တော်ကတော့ မကြောက်ဘူး ။
တကယ်လို့ လီဆင်လောင်း (လီကွမ်ယူးရဲ့သား) က ကျွန်တော့ကို တရားစွဲဖို့တာဝန်ရှိတယ် ဆိုရင် ၊
ကျွန်တော်ဟာ သူနဲ့တွဲပြီး ကပလိုက်မယ် ။
လာစမ်းပါ ၊ motherf*cker

လီကွမ်ယူးဟာ လူတွေ ယုံကြည်နေတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဆိုးရွားပြီး ၊ မကောင်းတဲ့ ခေါင်းဆောင်သာဖြစ်ခဲ့တယ် ။
သူဟာ အာဏာရှင် တဦးသာ ဖြစ်ခဲ့ပြီး ကမ္ဘာကြီးက သူဟာ ဒီမိုကရေစီ ကျင့်သုံးသူလို့ မြင်လာအောင် စီစဉ်ခဲ့တယ် ။

ဒီလိုဆောင်ရွက်ခဲ့လို့လည်း လူတွေက သူ့ကို ထောက်ခံလာအောင် လွတ်လပ်စွာရွေးချယ်ခွင့်တွေ ရှိတယ်လို့ထင်လာအောင် လုပ်ခဲ့တယ် ၊
ဘယ်လိုပဲဖြစ်ဖြစ် သင်ရဲ့လက်ထက်မှာ သင်ဟာ မီဒီယာလောကတခုလုံး ၊ ပညာရေး ၊ မျိုးချစ်စိတ်ဓာတ်တွေ တိုးပွားလာမဲ့ ဝါဒဖြန့်မှုတွေကို နေ့စဉ် ထိမ်းချုပ်ထားခဲ့တယ် ။
အခုပဲကြည့်ပါအုန်း လီကွမ်ယူး သေပြီးကတည်းက တနေ့လုံး ၂၄ နာရီ သတင်းထုတ်လွင့်မှုတွေဟာ လီကွမ်ယူးရဲ့ မွေးရာပါကို စုပ်နေသလို ထုတ်လွင့်နေကြတယ် ။

ထင်ရှားတဲ့ စာအုပ်တအုပ်ဖြစ်ဖို့ သင့်စာအုပ်ထဲမှာလည်း အလွန်အကျူးတွေ ရေးထားခဲ့တယ် ။
စာအုပ်ထဲက အပိုင်းတော်တော်များများကို သူဘယ်လို ရေးထားသလဲဆိုတာ ကြည့်လိုက်ပါအုန်း
သူ့ရဲ့ အတွေ.အကြုံတွေကို စာအုပ်ထူအောင် လွန်တာထက်ပိုပြီး ထည့်ထားတယ်
ကြည့်ပါအုန်း ငါဟာမင်းထက် ဘယ်လောက်တော်တယ်ဆိုတာ လို့ပြောနေသလိုပါပဲ ။

မှန်တာပေါ့ သူ့ကိုဝေဖန်တဲ့သူတွေကို တရားစွဲခြင်းအတွက် နာမည်ဆိုးနဲ့ကျော်ကြားသူ တယောက်ဖြစ်နေတာကိုး ။
ထောင်အတင်းချခဲ့တယ် ။ စီးပွားရေးတွေ ပျက်အောင်လုပ်ခဲ့တယ် ။
သူ့ရဲ့ မတရား ဖမ်းဆီး တရားစွဲတဲ့ အကျင့်ကို သူ့သားကိုပါ အမွေပေးခဲ့တယ် ။
သူဟာ ပြစ်မျိုးမှဲ့မထင်တဲ့ ခေါင်းဆောင်တယေက်အဖြစ် သူ့ပတ်ဝန်းကျင်ကို ဖန်တီးခဲ့တယ် ။

မတရားမှုတွေကို ဖုံးကွယ်ထားခဲ့တယ် ။
ဘာကြောင့်လဲဆိုတော့ လူတွေက သူ့ကိုဝေဖန်ရမှာကြောက်တယ် ၊
သူထိန်းချုပ်ထားတဲ့ တရားစီရင်ရေးအောက်မှာ အပြစ်ရှိမှာကြောက်ကြတယ် ။
ဒီအကြောင်းတွေကြောင့်ပဲ လူတွေက လီကွမ်ယူးကို ကြီးကျယ်ခန်းနားသူအဖြစ် မြင်လာကြတယ် ။
ဒီလိုနဲ့ လူတွေက လွတ်လပ်စွာမဲပေးခွင့်ရှိပေမဲ့လည်း သူ့ကိုမဲပေးထောက်ခံလာအောင် လှည့်ဖြားနိုင်ခဲ့တယ် ။
သူဟာလုံးဝ အာဏာရှင်တယောက်ပဲ ။

ဒီကမ္ဘာမှာ လီကွမ်ယူးလုပ်ခဲ့သလို တယောက်တမျိုးစီလုပ်ခဲ့ကြတာတွေကို သတိရလာစေတယ် ။
ဒါပေမဲ့ လီကွမ်ယူးကို တစုံတယောက်နဲ့ နှိုင်းယှဉ်ပြပါမယ် ။
ထိုသူဟာ အရင်က လူတွေမပြောခဲ့ဘူးတဲ့သူတယောက်ပါ ။ ယေရှုခရစ် ပါ
ခရစ်ယာန်ဘာသာဝင်တွေဟာ သူ့နောက်လိုက်ဖြစ်ရတာကို ပျော်ရွှင်နေအောင် စီမံခဲ့တယ် ။

သူတို့နှစ်ဦးစလုံးဟာ အာဏာမက်မောသူတွေဖြစ်ကြပြီး အငြိုးထားတတ်သူတွေ ဖြစ်ပေမဲ့
သူတို့ကို လူတွေက မေတ္တာကြီးသူတွေ ၊ ကြင်နာတတ်သူတွေလို့ ထင်လာအောင် လှည့်ဖြားခဲ့ကြတယ်
သူတို့ရဲ့ သက်ရောက်မှုတွေ ၊ အမွေအနှစ်တွေဟာ ၊
လူတွေက သူတို့အကြောင်း ပိုပိုပြီး သိရှိသွားကြပြီးတဲ့နောက်မှာ လုံးဝရှည်ကြာမှာ မဟုတ်တော့ပါဘူး ။

သူတို့ရဲ့ နောက်လိုက်တွေဟာ လုံးဝ လက်တွေ.မကျတဲ့ လူထုံလူအတွေ ဖြစ်ကြပြီး လှည့်ဖြားခံရသူတွေသာ ဖြစ်ကြတယ် ။
သူ့အကြောင်း အမှန်တရားတွေကို လက်တွေ.ကျကျပြောဆိုတာ ၊ အသိဥာဏ်ဆိုတာ မရှိကြဘူး ။
ဒါကြောင့်ပဲ လွယ်လွယ်ကူကူပဲ သူတို့ကို ကြိုးကိုင်နိုင်ခဲ့ကြတယ် ။
ဒါဟာ ခရစ်ယာန်ဘာသာမှာ သမ္မာကျမ်းစာ နဲ့  များပြားတဲ့ ဘုန်းကြီးတွေလိုပါပဲ ။

အပေါ်ယံအနေနဲ့တော့ သူဟာ အတော်အောင်မြင်တယ်လို့ ထင်ရတယ်
သူဟာ သေးငယ်တဲ့ ပင်လယ်ဆိပ်ကမ်းမြို.ကလေးကို စည်ကားတဲ့ နေပြည်တော်ကြီး ဖြစ်အောင် ပြောင်းလဲခဲ့တယ်
မိုးမျှော်တိုက်ကြီးတွေနဲ့ ကိုယ်ပိုင် လောင်းကစားရုံကြီးကို ဖန်တီးနိုင်ခဲ့တယ်
ကမ္ဘာ့ခေါင်းဆောင်တွေက သူ့ကိုကြိုက်ခဲ့ကြတယ်လို့ထင်ရတယ်
အထင်ရှားဆုံးကတော့ မာဂရက်သက်ချာပဲ ဖြစ်တယ်

နိုင်ငံခြားသားများနဲ့ သူဌေးတွေဟာ စင်္ကာပူမှာ ရင်းနှီးမြုပ်နှံလိုကြတယ်
ဒါပေမဲ့ သင်ဟာ လီကွမ်ယူး စင်္ကာပူရဲ့ အခြေအနေမှန်ကို နက်နက်နဲနဲ နဲ့ သေသေချာချာ ကြည့် ၊ လေ့လာပါ ။
သေချာပါတယ် သင်တို့ရဲ့ မိဘတွေက စင်္ကာပူဟာ ဘယ်လောက် စည်းစိမ်နဲ့ ပြည့်ဝသလဲဆိုတာ ပြောပါလိမ့်မယ်
တခြားနိုင်ငံတွေကို သွားတဲ့အခါ ဘယ်လိုခက်ခဲကြောင်း ဘယ်လောက်ဈေးကြီးကြောင်းတွေ ပြောပါလိမ့်မယ် ။

ဒါပေမဲ့ သင်လုပ်ရမှာက Google မှာ ကျွန်တော်တို့ နိုင်ငံရဲ့ ကိန်းဂဏန်း အချက်အလက် ရှာကြည့်ပါ ။
တွေ.ရှိချက်တွေက သင့်မိဘတွေ ဘယ်လောက်ထိ လှည့်ဖြားခံထားရသလဲ ၊ ထုံအသလဲ ၊ မိုက်မဲသလိုဆိုတာ သိရလိမ့်မယ် ။
စင်္ကာပူ လူမျိုးအများစုဟာ နွားနို.နဲ့ အသားအတွက် လောက်ကို ရုန်းကန်နေကြရတယ်

အလုပ်ချိန် နာရီ အများဆုံးနိုင်ငံလည်း ဖြစ်တယ်
ကျွန်တော်တို့ဟာ ကမ္ဘာ.ချမ်းသာတဲ့ နိုင်ငံတွေထဲက တခုပါ
ကျွန်တော်တို့မှာ အမြင့်ဆုံးဝင်ငွေနဲ့ စွမ်းရည်တွေလည်းရှိပါတယ်
ဆင်းရဲမွဲတွေမှုနှုန်းလည်း အမြင့်ဆုံးဖြစ်ပါတယ် (လူဦးရေ ၂၆% ဟာ အလွန်ဆင်းရဲကြပါတယ်)

ကျမ်းမာရေး နဲ့ လူမှုဘဝ လုံခြုံရေးအတွက် အနိမ့်ဆုံး ဘတ်ဂျက်ကို သုံးစွဲပါတယ်
ပြည်သူတွေအတွက် သုံးတဲ့ ငွေကြေးဟာ အလွန်ကို နည်းပါးတာဟာ ဆင်းရဲတဲ့ နိုင်ငံတွေနဲ့တောင် နှိုင်းယှဉ်လို့ရပါတယ်
အခွန်ကောက်ခံမှု အမြင့်ဆုံးနိုင်ငံလည်းဖြစ်နေပါတယ်

နိုင်ငံရေးခေါင်းဆောင်တွေရဲ့ လခဟာ အမေရိကန်က ခေါင်းဆောင်တွေထက် လေးဆခန့် ပိုများတဲ့ ငွေကို ရကြပါတယ်
သူတို့ဟာ ထိုပမာဏ ငွေကြေးအမြောက်အများ လိုအပ်ကြတယ်
ပြည်သူတွေ အတွက်တော့ ဘာကြောင့် မသုံးကြတာလဲ
သူတို့ ဒီငွေတွေကို ဘယ်လို အသုံးပြုကြသလဲ

အခါတုန်းက STP အဖွဲ.ဝင်တယောက်က ကျွန်တော့ကို ပြောဘူးတယ်
သူတို့ အာဏာရရင် အစိုးရအဖွဲ.ရဲ့ ငွေကြေးသုံးစွဲခဲ့ပုံတွေကို ဖွင့်ချမယ်
တကယ်လို့များ တယောက်ယောက်က အွန်လိုင်းမှာ သူတို့ နိုင်ငံပိုင်ငွေ ခိုးနေပါတယ်လို့ ရေးရင် သူတို့ချက်ခြင်း ဖမ်းလိမ့်မယ်
အတော်ကို မယုံသင်္ကာ ဖြစ်စရာပါပဲ

လီကွမ်ယူးဟာ တိုင်းတာတွက်ချက်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ရလဒ်တွေပြပြီး အောင်မြင်တဲ့ တိုင်းပြည်အဖြစ် ထင်မြင်စေတယ်
အာဏာကို မက်မောတယ်
ပြည်သူတွေကို အကောင်းမြင်စေတယ်
လူတွေကို အိမ်တွေ ၊ ပရိဘောဂ အပေါ်မှာ သာယာနေအောင် လုပ်ထားတယ်

တစုံတယောက်မှာ ပိုကောင်းတဲ့အိမ် ၊ ပိုကောင်းတဲ့ စာမေးပွဲ ရမှတ် ၊ ပိုကောင်းတဲ့ဘွဲ.လက်မှတ်ရှိရင် ၊ တခြားလူတွေထက် ပြည့်စုံတဲ့ဘဝလို့ ထင်လာအောင် လုပ်ထားတယ်
ရုပ်ဝါဒကို အာရုံစိုက်စေခြင်းဟာ ပျော်ရွှင်ခြင်းကို
စတေးလိုက်ရခြင်းသာဖြစ်တယ်
လူတယောက်ဟာ ငွေကြေးတွေ ဂုဏ်ဒြဗ်တွေ နောက်ကိုပဲ
လိုက်နေတာဟာ စိတ်ဖိစီးမှုများတဲ့ ဘဝကိုသာ ဦးတည်စေတယ်

ကျွန်တော်ထင်တာကတော့ လီကွမ်ယူးရဲ့ ခေါင်းဆောင်မှု သဘောတရားက
ငွေကြေး နဲ့ ဂုဏ်ဒြဗ်ဟာ ပျော်ရွှင်ခြင်းနဲ့ ညီမျှတယ်လို့ ထင်မှတ်ခဲ့ပုံပါပဲ
ဒါဟာ မှားယွင်းကြောင်းကို ပြတဲ့အချက်က
ကျွန်တော်တို့ နိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံတွေထဲက တခုဖြစ်ပေမဲ့ ကမ္ဘာမှာ စိတ်ကျရောဂါ အများဆုံး နိုင်ငံလည်း ဖြစ်နေတယ်ဆိုတာပါပဲ

ခင်ဗျားအနေနဲ့ ကြီးကျယ်တဲ့ ခေါင်းဆောင်ကို ဘယ်လိုသတ်မှတ်မလဲ ဆိုတာက
ခေါင်းဆောင်ဟာ ပြည်သူတွေ ပျော်ရွှင်ချမ်းမြေ့စွာ နဲ့ အောင်မြင်ကြီးပွားစွာ နေနိုင်တဲ့ နေရာတခုဖြစ်အောင် သူတို့ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေပေါ် မူတည်ပြီး ဖန်တီးနိုင်ခြင်းပါပဲ
ဒီအရည်အချင်းတွေ လီကွမ်ယူးမှာ မရှိပါဘူး
်ချမ်းသာတဲ့ နိုင်ငံကို တည်ထောင်ခြင်းနဲ့ ကမ္ဘာခေါင်းဆောင်တွေကို သူအောက်ကြို.ခဲ့တယ်ဆိုတာ အကြောင်းတရား တခုမဟုတ်ပါ

သေသွားတာဟာ သူ့အတွက် ကောင်းသွားခဲ့ပါတယ်
သူဟာ နာမကျမ်းဖြစ်ခြင်းနဲ့ နှစ်ပေါင်းများစွာ လုံးပန်းခဲ့ရတယ် ၊
သေချင်တယ်လို့တောင် ကြေငြာခဲ့ပါသေးတယ်
ဒါဆို သူ့ဇိဝကို ဖြတ်တောက်လိုက်ဖို့ ဒါမှမဟုတ် သတ်သေနိုင်ဖို့ သူ့သားကို မေးသင့်တယ်
ဒါပေမဲ့ သူမလုပ်ခဲ့ပါဘူး
ဘာကြောင့်လဲဆိုတော့ သူဆယ်စုနှစ်များစွာ ဖန်တီးခဲ့တဲ့ ဖော်လန်ဖားအုပ်စုတွေက သူ့ကို အထင်သေးနိုင်တယ်
သူ အသည်းအသန် တည်ဆောက်ခဲ့တဲ့ မဟာကြော်ကြားမှုကြီးလည်း ပြိုပျက်သွားနိုင်လို့ပဲ

ခေါင်းဆောင်တယောက်ရဲ့ သတ်သေတဲ့ အဆုံးသတ်ခြင်းဟာ အတော့ကို အငြင်းပွားဖွယ်လည်း ဖြစ်သွားနိုင်လို့ပါပဲ
တော်တော် ဝမ်းနည်းစရာလည်းကောင်းမယ် မဟုတ်လား
လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ရုပ်ဝတ္ထုကို မက်မောတဲ့ ဆိုးကျိုးတွေနဲ့ လုံးပန်းရုံးကန်ခဲ့ရတယ်
လူမြင်ကောင်းအောင် လုပ်ခဲ့ရတယ် ဒါတွေဟာ သူလုပ်ခဲ့တဲ့ ကံတရားတွေပါပဲ
ဒီလောက်တော့လည်း အမှန်တကယ် မဖြစ်သင့်ပါဘူး


လီကွမ်ယူးဟာ သူ့ကိုယ်သူ သိဒ္ဒိတင်လွန်းခဲ့တယ်
အလွန်ဂုဏ်တင်ခဲ့သူ တယောက်
အာဏာရှင် တယောက်
မတရားမှုနဲ့ အာဏာယူခဲ့သူ
သင်ဟာ ငြိမ်းချမ်းစွာ တမလွန်မှာ နေရလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ပါဘူး

ခင်ဗျားရဲ့ သေဆုံးခြင်းနဲ့ အတူ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် နောက်နှစ်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် အထူးအခွင့်အရေး ရခဲ့ပါပြီ
နောက်ဆုံးမှာတော့ အကြောင်းတရားတွေဟာ ပိုကောင်းအောင် ပြောင်းလဲပါတော့မယ်
အားလုံးပဲ ပြောင်းလဲမယ်လို့ မျှော်လင့်ပါတယ်
ကောင်းတဲ့ ပြောင်းလဲခြင်းများ
ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံး
အားလုံးပဲ ပြောင်းလဲမယ်လို့ မျှော်လင့်ပါတယ်

ရဲသူရိန်မင်း
ဘာသာပြန်သည်
↧

အစိုးရတိုက်ခန်းကနေ ဖယ်ရှားပေးလိုက်ရတဲ့ မစုပုံချစ်ရဲ့ ဘ၀အခက်အခဲ

$
0
0

ပညာရေးဥပဒေပြင်ဆင်ရေးဆန္ဒပြ ဧရာဝတီသပိတ်စစ်ကြောင်း ကို ထောက်ခံချီတက်ခဲ့ပြီးတဲ့နောက် လူမှုဝန်ထမ်းဝန်ကြီးဌာနက နေထိုင်ခွင့်ပေးထားတဲ့ တိုက်ခန်းကနေဖယ်ရှားပေးလိုက်ရတဲ့ ထူးချွန်မသန်စွမ်းကျောင်းသူ မစုပုံချစ်ဟာ ရန်ကုန်ကြို့ကုန်း နည်းပညာတက္ကသိုလ်မှာပြုလုပ်နေတဲ့ စာမေးပွဲကို ညောင်တုန်းကနေ နေ့စဉ် အဝေးပြေးကားနဲ့ သွားရောက်ဖြေဆိုနေရပါတယ်။

မစုပုံချစ်ရဲ့ ပြောပြချက်တွေနဲ့ ပြည်သူတချို့ရဲ့အမြင်တွေကို RFA ၀ိုင်းတော်သူ မခက်မာက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
↧
↧

မြို့တော်ခန်းမရှေ့ အကြမ်းဖက်မှု စုံစမ်းရေးအစီရင်ခံစာ သမ္မတထံ တင်သွင်းမည်

$
0
0
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က လက်ပတ် အနီဝတ်ထားတဲ့သူတွေနဲ့ ကျောင်းသား၊ အရပ်သားတချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ်။ Photo: Thiha Tun, Kyaw Lwin Oo/RFA
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော် မရှင်ရဲ့ စစ်ဆေးတွေ့ရှိ ချက်တွေကို နိုင်ငံတော် သမ္မတထံ တင်ပြမှာဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ၀င်တွေက ပြောပါတယ်။

ပါဝင်ခဲ့သူ ၂၀ ကို စစ်ဆေးပြီး ရရှိလာတဲ့အချက် အလက်တွေနဲ့ အစီရင်ခံစာ တင်တာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေက ပြော ပါတယ်။

"အကြမ်းဖျင်းပြောရရင်တော့ ကျနော်တို့စစ်တာ ကတော့ စုစုပေါင်း လူ ၂ဝ ကျော်စစ်တာပေါ့၊ ဒီနေ့ အချောသတ်ပြီးပို့မှာ"

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ရန်ကန်မြို့တော်ခန်းမရှေ့ မှာ လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲတာမလုပ်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြသူတွေကို ရဲတပ်ဖွဲ့နဲ့ လက်ပတ်နီဝတ် အရပ်သားတွေက အကြမ်းဖက်ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းစစ်ဆေးဖို့အတွက် မတ်လ ၁၀ ရက်နေ့က ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း အပါအ၀င် ၅ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ ၅ ဦးနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၈ ဦးက စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ခေါ်ယူစစ်ဆေးမှုကို မတွေ့ဆုံဘဲ ငြင်းပယ်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
↧

နယ်သာလန်မိဖုရား မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အကြံပေး

$
0
0

အများပါဝင်ခွင့်ရရှိတဲ့ စီးပွားရေးစနစ် ရှေ့ရှုဆောင်ရွက် ပေးရေးဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ နယ်သာလန်မိဖုရား မက်ဆီမာဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ၃ ရက်ကြာခရီးစဉ်အဖြစ် မြန်မာပြည်ကို ရောက်နေပါတယ်။

မိဖုရားမက်ဆီမာရဲ့ မြန်မာပြည် ၃ ရက်တာခရီးစဉ်အတွင်း လူထုအခြေပြု စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အလေးပေး ပြောကြားသွားတာကို တွေ့ရပါတယ်။ အကြောင်းစုံကို မခွာညိုက တင်ပြထားပါတယ်။

မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁ ရက်နေ့အထိ ကြာမယ့် မိဖုရား မက်ဆီမာရဲ့ ပထမနေ့ခရီးစဉ်မှာပဲ ချက်ထရီယမ်ဟိုတယ်လ်မှာ ဘဏ်လုပ်ငန်း ကိုယ်စားလှယ်တွေ၊ အသေးစားစီးပွားရေးလုပ်ငန်းတွေ၊  ဆက်သွယ်ရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဘဏ်လုပ်ငန်းတွေ တွင်ကျယ်ဖို့၊ ဘဏ်တွေမှာ ငွေကြေးသိမ်းဆည်းနိုင်တဲ့ saving account တွေ ထားရှိရေး၊ အာမခံစနစ်နဲ့ ပင်စင်ခံစားခွင့်တွေက မရှိမဖြစ်လိုအပ်တယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးကလည်း ယုံကြည်ထားတာပါ။

မတ်လ ၃၁ ရက်နေ့မှာတော့  ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြောတဲ့မိန့်ခွန်းအတွင်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အားပေးတဲ့ နည်းလမ်းတရပ်အဖြစ် ငွေကြေးကဏ္ဍမှာ လူအများပါဝင်နိုင်တဲ့ ဆောင်ရွက်မှုတွေရှိလာဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းတွေရှိဖို့ အရေးကြီးကြောင်းကိုလည်း သူက အခုလို ပြောသွားပါတယ်။

“ကျမပြောလိုတဲ့အချက်ကတော့ ငွေကြေးကဏ္ဍမှာ အများပါဝင်ခွင့် ရရှိမှုဟာ ဘယ်နိုင်ငံမှာမဆို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်တွေဖန်တီးမှုနဲ့ လူမှုရေး တိုးတက်မှုတို့အတွက် အရေးကြီးတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီစနစ်ဟာ စီးပွားရေးမှာ လူအများ ပိုမိုကျယ်ပြန့်စွာ ပါဝင်ခွင့်ရရှိဖို့နဲ့ လူမှုရေးမှာ ပိုမိုပါဝင်လုပ်ဆောင်ခွင့်တို့ကို ထောက်ခံအားပေးရာရောက်တဲ့အပြင် အောင်မြင်ပြီး ရေရှည်ခံတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တည်ငြိမ်တဲ့ လူ့အဖွဲ့အစည်းတိုင်းရဲ့ အခြေခံ မရှိမဖြစ်တဲ့ လိုအပ်ချက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အများပါဝင်ခွင့်ရပြီး ထင်သာမြင်သာရှိတဲ့ စီးပွားရေးစနစ်ကို ကျင့်သုံးမယ်ဆိုရင် ရေရှည်တည်တံ့ခိုင်မြဲမယ့် ဖွံ့ဖြိုးမှုအတွက် ခိုင်မာတဲ့အုတ်မြစ်ကို ချပေးရာလည်းရောက်ပါတယ်။ ဒီလိုဖွံ့ဖြိုးမှုဟာ လူတိုင်းအတွက် အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။”

အဲဒီနေ့ နှောင်းပိုင်းမှာပဲ မိဖုရားမက်ဆီမာဟာ မှော်ဘီမြို့နယ် မြောင်းတကာကိုလည်း သွားရောက်ခဲ့ပါတယ်။ မြောင်းတကာမှာ World Vision က အတိုး ၂ ဒသမ ၅ % တိုးနဲ့ အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်နေတာကို လေ့လာခဲ့သလို ဒေသခံပြည်သူတွေနဲ့လည်း တွေ့ဆုံပြီး အသေးစား ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ဆောင်ရွက်လုပ်ကိုင်မှု အခြေအနေတွေကို သွားရောက်လေ့လာ မေးမြန်းခဲ့ပါတယ်။

ဒီကနေ့ ဧပြီလ ၁ ရက်နေ့မှာတော့ မိဖုရားမက်ဆီမာဟာ မြန်မာအစိုးရက နေပြည်တော်မှာ ကျင်းပမယ့် အများပါဝင်ခွင့်ရှိစေမယ့် စီးပွားရေး လမ်းပြမြေပုံတရပ်ရဲ့ လုပ်ငန်းစဉ်ကို ကြေညာမယ့် အခမ်းအနားကို တက်ရောက်ဖို့ ရှိပါတယ်။ အဲဒီ အစီအစဉ်ကနေ လူတွေရဲ့ဝင်ငွေတိုးလာဖို့၊ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုနိုင်ဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်စေဖို့ မြန်မာအစိုးရက မျှော်လင့်ထားပါတယ်။

နယ်သာလန် မိဖုရား မက်ဆီမာဟာ အများပါဝင်ခွင့်ရရှိတဲ့ စီးပွားရေးစနစ် ရှေ့ရှုဆောင်ရွက်ပေးရေးဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ၂၀၀၉ ခုနှစ်ကတည်းက တာဝန် ထမ်းဆောင်လာခဲ့တာပါ။

ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေက အများကလက်လှမ်းမီတဲ့ စီးပွာရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်တွေကို ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် အဓိကဦးစားပေးအဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

မခွာညို / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧

မြန်မာကို ကုလဆက်စောင့်ကြည့်ဖို့ လှုပ်ရှားသူတွေ တိုက်တွန်း

$
0
0
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွဲရာမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခဥာဏနဲ့ လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်သိန်းတို့ဟာ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၃၁ ရက် ၂၀၁၅ ခုနှစ်က ကုလအရာရှိတွေ၊ သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးနေစဉ်။ (Photo: Global Justice Center)
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတာကြောင့် ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေကို ဆက်ပြီးချမှတ်ဖို့နဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ ကုလသမဂ္ဂကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ က တိုက်တွန်းလိုက်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွဲရာမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခဥာဏနဲ့ လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်သိန်းတို့ဟာ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၃၁ ရက်နေ့က ကုလအရာရှိတွေ၊ သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြောင်းလဲတိုးတက်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုထားတယ်ဆိုပေမဲ့ လက်တွေ့မှာ မြန်မာပြည်သူတွေဟာ အာဏာပိုင်တွေရဲ့ဖိနှိပ်မှုကို ခံနေရဆဲဖြစ်တယ်ဆိုတာတွေကို မနေ့က ကုလသမဂ္ဂဌာနချုပ်ကို ရောက်ရှိလာတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက တင်ပြခဲ့ကြပါတယ်။

အထူးသဖြင့် လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေဟာ ဆက်ပြီး ထားရှိဖို့ လိုအပ်နေသေးတယ်လို့လည်း ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး နမ်ဗီးယား အပါအ၀င် နိုင်ငံတကာသံတမန်တွေနဲ့ တွေ့ဆုံခဲ့တဲ့ လူ့အခွင့်အရေးရှေ့နေ ဦးအောင်သိန်း က အခုလို ပြောပါတယ်။

“အဲဒီ UN Resolution တွေကတော့ ကျနော်တို့နိုင်ငံအတွက်တော့ မရပ်သင့်သေးဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်စဉ်တွေက ဆက်လက်ပြီးတော့ ဖြစ်နေဆဲပဲဆိုတာ နောက်ဆုံးအဆင့် ဒီရက်ပိုင်းလောက်က ဖြစ်သွားတဲ့ ကျနော်တို့ ဒီပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားတွေက ဆန္ဒထုတ်ဖော်တဲ့ကိစ္စတွေကို ဒီလို ပြည်ထဲရေးဝန်ကြီးလက်အောက်ခံ ရဲတပ်ဖွဲ့ကနေပြီးတော့ အဖမ်းခံပါမယ်ဆိုတဲ့ ကျောင်းသားတွေကိုတောင် ရိုက်နှက်ဖမ်းဆီးပြီးတော့ တရားစွဲဆိုတဲ့ အဆင့်မျိုးတွေ သူတို့လုပ်နေတယ်။ အဲတော့ သူတို့က ဒီလိုအကြမ်းဖက်တဲ့လုပ်ရပ်ကို ဒီနေ့အထိ သူတို့စွဲကိုင်ပြီးတော့ ဆောင်ရွက်နေဆဲဆိုတာ ပေါ်ပေါက်နေတဲ့အတွက် UN ရဲ့ Resolution တွေဟာ မရပ်ဆိုင်းသင့်တဲ့ အနေအထားပါပဲ။”

မေး။             ။ အဲတော့ ရှေ့နေကြီး ဦးအောင်သိန်းတို့ဘက်ကရော ကုလသမဂ္ဂကို အဓိက ဘာတွေတင်ပြခဲ့သလဲရှင့်။

ဖြေ။              ။ “ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ တခုပါတယ်ပေါ့နော်။ နောက်ပြီးတော့ ဒီ Rule of Law ဆိုတာ ချို့တဲ့နေတယ်ဆိုတဲ့ ကိစ္စတွေပါတယ်။ နောက်တခုက ကျနော်တို့အခု လွန်ခဲ့တဲ့ ၂ နှစ်လောက်ကဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင်မှာ ရဟန်းသံဃာတွေကို phosphorus ပါတဲ့ မီးလောင်ဗုံးသုံးစွဲမှုနဲ့ ပတ်သက်တဲ့ကိစ္စ၊ လွန်ခဲ့တဲ့ ဒီဇင်ဘာလောက်က ဒေါ်ခင်ဝင်း ဦးခေါင်းကို သေနတ်ပစ်ခံရပြီး သေဆုံးတဲ့ကိစ္စပေါ့နော် အဲ့ဒါတွေ ကျနော်တို့ တိုင်ချက်ဖွင့်တယ်။ တိုင်ချက်ဖွင့်တဲ့အခါမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကို အဓိကထား ပြည်ထဲရေးဝန်ကြီးတို့၊ ရဲချုပ်တို့၊ နယ်စပ်ရေးရာဝန်ကြီးတို့၊ နောက် ခရိုင်ရဲမှူးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ စသည်ဖြင့်ပေါ့လေ အဲ့ဒီလို ၀မ်ဘောင်နဲ့ ဦးပိုင် ပူးပေါင်းပြီး ဆောင်ရွက်တဲ့ကိစ္စတွေ ပတ်သက်ပြီး အဲ့ဒီထဲကနေ ဖြစ်ပေါ်လာတဲ့ ဂယက်တွေကို ကျနော်တို့ အဓိကထားပြီးတော့ ဆွေးနွေးတယ်။”

ခန္ဒာကိုယ် ၆၀ % လောက် မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော် ဦးတိက္ခဥာဏကလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲနှိမ်နင်းခဲ့ပုံ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို  ကုလသမဂ္ဂမှာ မိန့်ကြားခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ လက်ရှိ မြန်မာအစိုးရကို ဖိအားပေးဖို့ လိုတယ်လို့ မိန့်ကြားပါတယ်။

“တို့ဗမာပြည်ရဲ့ လက်ရှိအခြေအနေကို သိသွားကြတာပေါ့နော်။ သူတို့ကတော့ ဗမာပြည်ထဲမှာ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ ရှိနေတယ်လို့ ထင်နေကြတာကိုး။ ဦးဇင်းတို့ကတော့ မရှိဘူးဆိုတာကို ပြတာပေါ့နော်။ အရင်တုန်းကအတိုင်းပဲ။ အရင်တုန်းကထက်တောင် တချို့နေရာတွေမှာ ဆိုးသေးတယ်။ နိုင်ငံတကာ ဖိအားတွေကတော့ လိုတုန်းပဲ။ မြန်မာပြည်က ထင်ရာစိုင်း လုပ်နေကြတုန်းပဲ ရှိသေးတယ်။ စစ်အာဏာရှင်တွေဟာ ပြည်သူလူထုအပေါ်မှာ ညှဉ်းပန်းနှိပ်စက်တာတွေ၊ ပြုမူဆက်ဆံတာတွေ အဲ့ဒါတွေက ပရမ်းပတာ ဖြစ်နေတုန်းပဲ။ ပြည်ပနိုင်ငံတွေကနေ တတ်နိုင်သမျှ အနည်းနဲ့အများတော့ ဖိအားတော့ ပေးစေချင်သေးတာပေါ့နော်။ ဦးဇင်းတို့အမြင်မှာ အဲ့လိုပါ။”

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းအတွက် ပြဿနာ ဘာကြောင့် ဖြစ်လာတယ်ဆိုတာကို ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာ့အရေးဆွေးနွေးပွဲကို ဦးစီးကျင်းပတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ Global Justice Center ရဲ့ ဥက္ကဌ Janet Benshoof က ဗွီအိုအေကို အခုလို ပြောပါတယ်။

“Global Justice Center က မြန်မာပြည်ထဲနဲ့ ပြည်ပမှာရှိနေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ။ ကျမတို့ အဓိကထားတဲ့ အချက်တွေဟာ နိုင်ငံတကာဥပဒေတွေ မြန်မာနိုင်ငံမှာ ဘယ်လိုအသုံးချနေလဲ၊  စစ်တပ်နဲ့ မြန်မာအစိုးရက ဒီဥပဒေမှာ ဘယ်အချက်တွေကို ချိုးဖောက်နေသလဲ၊ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တော်တော်များများဟာ တရားမျှတမှု မရှိတဲ့အပြင်၊ ကုလသမဂ္ဂ ပြဌာန်းချက်တွေနဲ့ နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်နေတာပါ။ ဒါကြောင့် မြန်မာနိုင်ငံ အချုပ်အချာအာဏာ ကိစ္စသက်သက် မဟုတ်တော့ဘဲ ကမ္ဘာ့အဖွဲ့အစည်း အ၀ိုင်းအ၀ိုင်း ပြဿနာဖြစ်လာတာပါ။”

ကုလသမဂ္ဂမှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို Global Justice Center နဲ့အတူ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနဲ့ Justice Trust အဖွဲ့တို့က စီစဉ်ခဲ့တာဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧

မြေဧက ၃၀၀ ကျော်ကို ပိုင်ရှင်အား အသိမပေးဘဲ မြေသိမ်းမိန့်ဖြင့် အာဏာပိုင်များ အကွက်ရိုက်ရောင်းချ

$
0
0


မတ်ခ်ျလ ၃၁ ရက် ၂၀၁၅

တောင်ကြီးမြို့ အေးသာယာ စက်မှုဇုန်ရှိ လယ်သမား ၆၀ ကျော်ပိုင်ဆိုင်သော မြေဧက ရာနှင့်ချီအား စက်မှုဇုန် ၃ ဖော်ဆောင်ရန် အာဏာပိုင်များက မြေကွက်ရိုက် ရောင်းနေသဖြင့် လယ်ယာမြေပိုင်ရှင်များ နစ်နာမှုများစွာ ကြုံတွေ့ရနေကြောင်း ပြောဆိုနေပါသည်။

အေးသာယာစက်မှုဇုန် (၁၂) ရပ်ကွက်၌ ဒေသခံတောင်သူများပိုင် မြေယာဧက ၃၀၀ ကျော်အား အာဏာပိုင် များက ပုံစံ (၁၀၅) ၊ အနှစ်သုံးဆယ်ဂရမ်များဖြင့် ရောင်းချခြင်းဖြစ်ပါသည်။ အဆိုပါ စီမံကိန်းဖော်ဆောင်မှုမှာ လယ်သမားများ အတွက် နှစ်နာမှုများစွာရှိနေသည်ဟု လယ်ပိုင်ရှင် ၆၀ ကျော်က ပြောဆိုသည့် အပေါ် ယာယီ မြေသိမ်းမိန့်များရရှိထားပြီးဖြစ်သဖြင့် လယ်သိမ်းခြင်းဖြစ်ေ ကြာင်း အာဏာပိုင် များ က ပြောသည်ဟု ဒေသခံ တောင်သူဦးတင်ရွှေ ကပြောသည် ။

" ဒီစက်မှုဇုန်တွေမပေါ်ခင်ကတည်းက ကျနော်တို့ဘိုးဘွားစဉ်ဆက် စိုက်ပျိုးလာ တာ။ ခုကျနော်တို့ စိုက်ပျိုးမြေ တွေကို သက်ဆိုင်ရာက ဘယ်လိုပုံစံနဲ့သိမ်း သွားသလဲ ဘယ်တုန်းကသိမ်းသွားသလဲ ကျနော်တို့တောင် မသိ လိုက်ဘူး။ ကျနော်တို့ကိုလည်းအကြောင်းမကြားဘူး။ ကျနော်တို့တောင်သူ တွေအနေ နဲ့တော့ လယ်ယာမြေ တွေအသိမ်းခံရင် ဘ၀သေသွားတာပဲ။ ဘာမှအဓိပါယ်မရှိတော့ဘူး "ဟု ၄င်းကဆက်လက်ရှင်းပြသည် ။

ယင်းမြေဧက ၃၀၀ ကျော်မှာ သာယာကုန်း ၊မုံတ၀ ၊ နမ့်ကွတ်၊ စင့်ဟယ် ၊အောင်သပြေ၊ နောင်အင် ၊ ထနော့ ရွာများရှိ တောင်သူများက ပိုင်ဆိုင်ပြီး ပြောင်းဖူး၊ ပဲစင်းငုံ၊ ပန်းနှမ်း၊ ကြံတို့ကို ရာသီအလိုက် စိုက်ပျိုးကြ ကြပါသည်။
" မြေသိမ်းတာလည်းသူတို့ ပဲ ၊စုံစမ်းစစ်ဆေးရေးတွေလုပ်မှာလည်းသူတို့ပဲ၊ စီမံကိန်းတွေလာလုပ်မှာလည်း သူတို့ပဲ၊ ဆုံးဖြတ်ချက်ချမှာလည်းသူတို့ပဲ ဖြစ်နေ တော့တိုင်သမျှ အရာမထင်ဘူးဖြစ်နေ တယ် "ဟု ဦးတင်ရွှေမှ ထပ်လောင်းပြောကြား သည်။

တောင်သူများမှ ၄င်းတို့ပိုင်သောမြေယာများအား ကာလပေါက်ဈေးနှင့် အညီလျော် ကြေးပေးရန် စက်မှုဇုန်ဥက္ကဌ နှင့်ညှိနှိုင်းဖူးသော်လည်း ယနေ့အထိအကြောင်း ပြန်ခြင်းမရှိသေးကြောင်း တောင်သူများကဆိုသည်။

အလားတူသျှမ်းပြည်နယ် အစိုးရအဖွဲ့၊ နေပြည်တော်ရှိ မြေယာစီမံခန့်ခွဲရေးေ က်ာမတီ နှင့်မြေယာစုံစမ်းစစ် ဆေးရေး ကော်မရှင်အဖွဲ့သို့ထံလည်း ၂၀၁၂ ခုနှစ်မှ ၂၀၁၅ အထိ တိုင်ကြားခဲ့သော်လည်း ထူးခြားမှုမရှိသေး ကြောင်း ဒေသခံတောင်သူများကရှင်းပြသည်။

ယင်းမြေယာကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်နယ်အစိုးရအဖွဲ့အား တောင်ကြီးမြို့ပေါ်တွင် နှစ်ကြိမ်တိုင်တိုင် ဆန္ဒပြခဲ့ဖူးကြောင်း လည်းသိရှိရပါသည်။

သျှမ်းသံတော်ဆင့်/ယိင်းတိုင်း
https://www.facebook.com/Panglong.burmese

ဓါတ်ပုံ- မြေသိမ်းခံရ တောင်သူလယ်သမားများ
↧
↧

ကိုထင်ကျော်ကို ရာဇဝတ်သားတွေနဲ့ ပြန်ခွဲထုတ်ပေး

$
0
0
ဇွန်လ ၂၃ ရက်နေ့က ကိုထင်ကျော်တို့ မိသားစုကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံဒီမိုကရေစီ စဉ်ဆက်မပြတ်ထွန်းကားရေးအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို အင်းစိန်သီးသန့်ဆောင်မှာ ရာဇဝတ်သားတွေနဲ့ တိုက်ခန်းတစ်ခုထဲမှာ အတူထားရာကနေ အခြားနိုင်ငံရေးအကျဉ်းသားတွေရှိတဲ့ တိုက်နံပါတ် (၃) ကို တနင်္လာနေ့က ပြည်လည်းပြောင်းရွှေ့ပေးလိုက်တယ်လို့ သိရပါတယ်။

လူသတ်မှုတရားခံတွေ၊ သေဒဏ်ကျခံနေရသူတွေနဲ့ တစ်ခန်းတည်းထားရှိတဲ့အတွက် အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ကိုထင်ကျော်ရဲ့ဇနီး မသန်းသန်းမော်က RFA နဲ့ ဆက်သွယ်မေးမြန်းရာမှာပြောဆိုပြီးတဲ့နောက် နဂိုထားတဲ့တိုက်ကို ပြန်ပြောင်းပေးလိုက်တာဖြစ်တယ်လို့ မသန်းသန်းမော်က ပြောပါတယ်။

"သူ့ကိုနဂိုတိုက်ကိုပြန်ရွှေ့လိုက်ပြီ၊ ထောင်ဝင်စာမှာလည်း ကျမတို့က တကယ်စကားပြောခဲ့တယ်လေ၊ သက်ဆိုင်ရာတွေကိုပို့မယ်၊ ဒါမှမရရင် အင်းစိန်ရှေ့မှာ ဆန္ဒပြမယ်ဆိုပြီး ကျမတို့ထောင်ဝင်စာမှာ တစ်ခါတည်းပြောခဲ့တာကိုး၊ RFA မှာသတင်းပါပြီး မကြာပါဘူး သူတို့ရွှေ့ပေးတာပါ"

မြေသိမ်းယာသိမ်းကိစ္စတွေ၊ အစိုးရရဲ့အားနည်းချက်တွေကို ဖေါ်ထုတ်ဆန္ဒပြခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်းဟောပြောခဲ့တဲ့ ကိုထင်ကျော်ကို ဆူပူအောင်လှုံဆော်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ခွင့်ပြုချက်မရှိဘဲဆန္ဒပြမှုပေါင်းများစွာနဲ့ အစိုးရကတရားစွဲပြီး ထောင်ဒဏ် ၁၃ နှစ်ခွဲ ချမှတ်ထားတာဖြစ်ပါတယ်။

ကိုထင်ကျော်ဟာ ၂၀၀၇ ခုနှစ်ကလဲ ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြလို့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသလို၊ တယ်လီဖုန်းလိုင်းကတ်တစ်ကတ်ကို အစိုးရက ကျပ် ၂ သောင်းနဲ့ ရောင်းနေတဲ့အချိန်မှာ ၅ ထောင်ကျပ်နဲ့ရောင်းပေးဖို့ အကြိမ်ကြိမ်ဆန္ဒပြခဲ့တဲ့အတွက် အရေးယူခံခဲ့ရဖူးပါတယ်။ အဲဒီ့နောက် အစိုးရက တယ်လီဖုန်းကတ်ကို ၁၅၀၀ ကျပ်ဈေးထိလျှော့ချပေးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
↧

ကျောင်းသားသပိတ်ကူညီသူ ၅ ယောက်ကို မြင်းခြံရဲက ဝရမ်းထုတ်ထား

$
0
0
ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေလွတ်မြောက်ရေး မြင်းခြံမြို့မှာ ဆန္ဒပြကြစဉ်။ Photo: Hset Paing Toe/RFA
သာယာဝတီထောင်မှာ အဖမ်းခံထားရတဲ့ ဒီမိုကရေစီ ပညာရေး သပိတ်မှောက်ကျောင်းသားတွေပြန်လွှတ် ဖို့ မြင်းခြံမြို့မှာ မတ်လ ၂၇ ရက်နေ့က ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကူညီဝန်းရံတဲ့မြို့ခံ ၅ ဦးကို ရဲတပ်ဖွဲ့က တရားခံပြေးတွေအဖြစ် ဝရမ်းထုတ်ထားတယ်လို့ သိရှိရပါတယ်။

ကိုသန့်ဇင်၊ ကိုကိုနိုင်၊ ဦးထင်အောင်ကျော်၊ ကိုအောင်စိုးသိန်းနဲ့ ကိုဖြိုးဟန်တို့ကို ရဲတပ်ဖွဲ့က အလိုရှိနေတယ်လို့ မြင်းခြံမြို့အမှတ် (၁) ရဲစခန်းမှူးဦးမြင့်နိုင်က RFA ကို ပြောဆိုပါတယ်။

"သူတို့က ပတ်သက်နေတယ်၊ နောက်တစ်ခု မျက်မြင်သက်သေတွေ၊ ဓါတ်ပုံအထောက် အထားတွေနဲ့ သူတို့က အမှုနဲ့ငြိစွန်းသွားပြီ"

အဲဒီလူဦးမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ကိုဖြိုးဟန်ကတော့ စခန်းမှူး ဦးမြင့်နိုင်ပြောသလို ၂၇ ရက်နေ့ ဆန္ဒပြပွဲပြုလုပ်ချိန်က မြင်းခြံမြို့မှာ သူမရှိပါဘူးလို့  RFA ကိုပြောပါတယ်။

"၂၇ ရက်နေ့တုန်းက ကျနော်မပါဘူးဗျ၊ အထောက်အထားလည်းမရှိဘဲနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲအတွက်ကို တက်ကြွလှုပ်ရှားတဲ့လူတွေကို ဆွဲထည့်တာလို့ ကျနော်ကအဲ့လိုပဲထင်တာပဲ"

အဲဒီ့သူ ငါးဦးထဲက ကိုသန့်စင်ဆိုသူကို တနင်္လာနေ့မှာ ရဲကဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သူဟာ ၁၉၈၈ ခုနှစ် ဝန်းကျင်မှာဖွဲ့စည်းခဲ့တဲ့ ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) ရဲ့ ဥက္ကဌဖြစ်သလို နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်ပါတယ်။ ကျန်လေးဦးကလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်ကြပြီး ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေး သပိတ်မှောက်တောင်းဆိုမှုကို ထောက်ခံနေသူတွေဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
↧

တရားဥပဒေ နှုတ်ဆိတ်နေတဲ့ လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှု

$
0
0
ရှေ့ နေဦးအောင်သိန်း

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ လက်ပံတောင်းတောင် အရေးအခင်းမှာ အာဏာပိုင်တွေဘက်က အင်အားအလွန်အကျွံသုံး နှိမ်နင်းခဲ့တဲ့အတွက် သံဃာတော်တွေ အများအပြားနဲ့ အရပ်သားတချို့  ဒဏ်ရာရရှိခဲ့ကြပါတယ်။ တာဝန်ရှိသူတွေကို တရားဥပဒေအရ စစ်ဆေးအရေးယူမဲ့ကိစ္စကို နိုင်ငံတော်သမ္မတ ကိုယ်တိုင်က ပယ်ချခဲ့ပါတယ်။ ဒီအရေးမှာ တရားဥပဒေ နှုတ်ဆိတ်သွားလေပြီလားဆိုတာ မြန်မာနိုင်ငံ ရှေ့ နေများကွန်ရက်က ဦးအောင်သိန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်သိန်း ခင်များ အခု ဒီကို ရောက်လာတဲ့ကိစ္စဟာ လက်ပံတောင်းတောင် ဒေသခံတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့  ဆန္ဒပြပွဲကို အစိုးရက အင်အားအလွန်အကျွံသုံးပြီး နှိပ်ကွပ်တဲ့ကိစ္စကို နိုင်ငံတကာသိအောင် လာရောက်ဖော်ထုတ်တယ်လို့ ကျနော်တို့ အကြမ်းမျဉ်း သိရှိထားပါတယ်။ အဲဒီတော့ ဒီအမှုကို ဦးအောင်သိန်းတို့က မြန်မာနိုင်ငံမှာ တရားစွဲဆိုဖို့ ကြိုးပမ်းပြီး လျှောက်ထားတဲ့အခါမှာ သက်ဆိုင်ရာတွေက လက်မခံဘူး။ ပယ်ချလိုက်တယ်လို့ ပြောပါတယ်။ ဟုတ်ပါတယ်နော်။

ဦးအောင်သိန်း ။ ။ မှန်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဘာဖြစ်လို့ သူတို့ ဒီဟာကို လက်မခံဘူးလို့ သုံးသပ်သလဲ။ တကယ်တော့ ဒီအမှုက တရားစွဲဆိုနိုင်တဲ့ကိစ္စ ဟုတ်ပါတယ်နော်။

ဦးအောင်သိန်း ။ ။ တရားစွဲဆိုနိုင်တဲ့ အမှုဖြစ်လို့ ကျနော်တို့ ရှေ့ နေများက တရားစွဲဖို့ အစီအစဉ် လုပ်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဖက်က ပယ်ချနိုင်တဲ့ကိစ္စက ပြည်သူဝန်ထမ်း ဝန်ကြီး level အဆင့်ကို ကျနော်က တရားစွဲမယ်ဆိုရင် သူထက်အဆင့်မြင့်တဲ့ အစိုးရ သမ္မတရှိက ခွင့်ပြုအမိန့် တောင်းခံဖို့ လိုပါတယ်။ ကျနော်တို့ ခွင့်ပြုမိန့်လည်း တောင်းလည်းတောင်းပါတယ်။ ဒါပေမဲ့ ခွင့်ပြုမိန့်က ပေးလေ့ပေးထ မရှိဘူးပေါ့ ကျနော်တို့ အစဉ်အလာမှာ။ အဲဒီ ခွင့်ပြုချက်မရဘဲနဲ့ ရဲစခန်းမှာ အမှုသွားဖွင့်တဲ့အတွက်ကြောင့် ရဲစခန်းက အမှု လက်မခံနိုင်ဘူးလို့ ငြင်းပယ်တာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သမ္မတကိုယ်၌က ဒီအမှုကို တရားစွဲဖို့ ခွင့်မပြုဘူးဆိုတဲ့ သဘောဖြစ်နေတာပေါ့။

ဦးအောင်သိန်း ။ ။ အဲဒီ သဘော သက်ရောက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တကယ်တော့ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးယန္တရားတခုလုံး အာဏာပိုင် အဖွဲ့အစည်းကိုကြည့်ရင် သမ္မတကို တော်တော်များများ အမှတ်ပေးနေကြတယ်။ ပွင့်ပွင့်လင်းလင်း ကျနော်တို့ နားလည်ကြရင်။ ဒီ သမ္မတက ဘယ်လို လုပ်ချင်ပေမယ့်လဲ ဥပမာပြောရရင် သမ္မတ က ကြီးကြပ်ထားရတယ် သမ္မတ တကယ် အာဏာမရှိတဲ့ ဌာနတွေရှိတယ်။ ပြည်ထဲရေးတို့ ဘာတို့ သူတို့တွေက လက်မခံဘူး။ စစ်တပ်က ဘယ်လို ဖြစ်နေတယ်ဆိုတာတွေ ပြောနေတယ်ဆိုတော့ အခု သမ္မတကိုယ်တိုင်က ဒါကို ခွင့်မပြုဘူးဆိုတဲ့ သဘောပေါ့။

ဦးအောင်သိန်း ။ ။ မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထဲရေးဌာနဆိုတာလဲ သိတဲ့အတိုင်း ကာလုံ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့  လက်အောက်မှာ ရှိနေတဲ့ အဖွဲ့အစည်း အဓိကကျတာကို။ ဆိုတော့က သမ္မတကလဲ အဲဒီအထဲမှာ ကာလုံထဲမှာ one of the members အဖွဲ့ဝင်တဦးအနေနဲ့ ရှိနေတဲ့သဘောပေါ့။ အဲဒီတော့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့  အခြေအနေအပိုင်းက ပိုပြီးတော့ ထဲထဲဝင်ဝင် ဖြစ်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ သမ္မတ ခွင့်မပြုတဲ့ ကိစ္စမှာ ...

ဦးအောင်သိန်း ။ ။ ဟုတ်ကဲ့ အဲဒီသဘော သက်ရောက်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီပြစ်မှုက ဘယ်လောက်အထိ ကြီးကျယ်တဲ့ ပြစ်မှုလို့ အကြမ်းမျဉ်း ပြောနိုင်ပါလဲ။

ဦးအောင်သိန်း ။ ။ ကြီးကျယ်တာကတော့ ကျနော်တို့က Geneva Convention က တားမြစ်ထားတဲ့ phosphorous မှာပါတဲ့ မီးစုန်းဓါတ်ပါတဲ့ weapon ကို အသုံးပြုတယ်။ အဲဒီလို အသုံးပြုတဲ့အတွက် ရဟန်းသံဃာတွေ မီးစွဲလောင်ပြီး ဖြစ်ခဲ့တာ ကျနော် သိသလောက်ဆို အပြင်းအထန်ဖြစ်တာ အပါး (၅၀) ကျော်လောက်ရှိတယ်။ အခု အရှင်တိက္ခဥာဏ နဲ့ ရဟန်းတပါးအပါအဝင် ကျနော်တို့ ဆက်သွယ်ပြီးတော့ သူတို့မှာ မတရားနစ်နာတယ်။ ပြည်သူကိုသိဖို့ ဆောင်ရွက်ပေးပါဆိုပြီး ကျနော်တို့က ရဲစခန်းအမှုဖွင့် တိုင်ကြားမှုကို စတင်ဆောင်ရွက်ခဲ့တာပါ။ ဒီဟာကတော့ ပြောရင်တော့ အပြင်းအထန် နာကျင်စေမှုရဲ့  ဘောင်အတွင်းမှာတော့ ပြစ်မှုဆိုင်ရာအမှုတွေအရတော့ အကြုံဝင်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ နိုင်ငံတွေမှာ ဒီမိုကရေစီ ထွန်းကားတယ်။ လူ့အခွင့်အရေးကို လေးစားတယ်။ ကိုယ်လုပ်တာကို ကိုယ်တာဝန်ယူရဲတဲ့ နိုင်ငံတွေမှာဆိုရင် တချို့ တာဝန်ရှိသူတွေ နှုတ်ထွက်သွားကြတယ် ဒါမျိုး ဖြစ်ခဲ့တယ်ဆိုရင်။ မနှုတ်ထွက်ရင်တောင်မှ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီးတော့ အပြစ်ရှိတဲ့လူတွေကို ထိထိရောက်ရောက် အရေးယူပြလိုက်တယ်။ အခု မြန်မာနိုင်ငံမှာ စုံစမ်းရေးကော်မရှင် လုပ်တယ်လို့ကြားတယ်။ အဲဒီလို ပြုလုပ်ခဲ့တယ်လူ၊ ကျူးလွန်ခဲ့တဲ့လူကို အရေးယူဖို့ဆိုတာ သူတို့ ပြဌာန်းချက်ထဲမှာ ပါတယ်ထင်ပါတယ်။ အဲဒါကို သူတို့ ဘယ်လောက်အထိ လိုက်နာပြီး အရေးယူပါလဲ။

ဦးအောင်သိန်း ။ ။ ကျနော်တို့နိုင်ငံမှာတော့ အဲဒါ အစဉ်အလာ မရှိဘူး။ အရေးယူ စုံစမ်းတဲ့အဆင့်လောက်နဲ့ ပြီးပျက်သွားတာပဲ။ အဲဒီတော့ ထုတ်ပြစ်တာတို့။ နှုတ်ထွက်ခိုင်းတာတို့ ဆိုတာတော့ ဒီနေ့အထိ ကျနော်တို့ မကြားရသေးတဲ့ စကားလုံးတခုပေါ့။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံရဲ့  အကြီးအကဲဖြစ်နေတဲ့ ပုဂ္ဂိုလ်တချို့ က တရားဥပဒေရဲ့  အပေါ်မှာ ဘယ်သူမှ မရှိဘူး ဘာညာဆိုပြီး သူတို့ပဲ ပြောနေကြတယ်။ အခုတော့ တရားဥပဒေအပေါ်မှာ သူတို့ ရှိနေတဲ့သဘောပေါ့။

ဦးအောင်သိန်း ။ ။ သက်ရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေဆိုတာလဲ သူတို့ပဲ ပြဌာန်းတာ။ သူတို့ ပြဌာန်းတဲ့ ဥပဒေကို သူတို့ကိုယ်တိုင်က လေးစားလိုက်နာဖို့ လိုတယ်လို့ ကျနော်တို့က မြင်ပါတယ်။ အခုဟာက ဥပဒေ ပြဌာန်းလိုက်တယ်။ ဥပဒေက ပြည်သူလူထုနဲ့ပဲဆိုင်တယ်။ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး အာဏာပိုင်အဖွဲ့အစည်းတွေမှာ အဲဒီလို အယူအဆမျိုးတွေ ရှိနေတာ တော်တော်များများကို ကျနော်တို့ တွေ့နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် ကျနော် နှိုင်းယှဉ်ချင်တာက ဒီ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စ။ လူတွေက ဒီလောက်ထိ နစ်နာမယ်၊ ဘာညာဆိုပြီး လက်မခံကြတဲ့လူတွေ ရှိတယ်။ ဒါပေမဲ့ လုပ်တဲ့လူတွေက ဇွတ်ဆက်လုပ်နေတယ်။ ဥပမာ မြစ်ဆုံနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြစ်ဆုံကိစ္စကြတော့ ပြည်သူရဲ့  ဆန္ဒအရ ကျနော်တို့ ရပ်ဆိုင်းပါတယ်ဆိုပြီး ရပ်ဆိုင်းခဲ့တယ်။ မြစ်ဆုံမှာ ပြည်သူ့ဆန္ဒကို လိုက်နာပြီးတော့ ဒီကိစ္စမှာ ဘာကြောင့် မလိုက်နာဘူးလို့ ထင်ပါလဲ။

ဦးအောင်သိန်း ။ ။ ကျနော့် အထင်အမြင်ကို ပြောရရင်တော့ ဒီကိစ္စက မြစ်ဆုံက လျှပ်စစ်စီမံကိန်း ထုတ်တယ်ဆိုတာ တနိုင်လုံးနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ကိစ္စလည်း ဖြစ်နေတယ်။ အခု အကျိုးစီးပွားက စီးပွားရေးဦးပိုင် တပ်စီးပွားရေးနဲ့ ဝမ်ပေါင် စီးပွားရေး (၂) ခု ယှဉ်တွဲပြီးတော့ အကျိုးစီးပွားကို ရှာကြတဲ့ကိစ္စ။ တလောကမှ ကော်မရှင်နာဖွဲ့ပြီး စုံစမ်းစစ်ဆေးတဲ့အခါကြမှ အစိုးရရဲ့  အကျိုးစီးပွားဆိုတာ ပါလာတယ်။ ပထမ အစိုးရအကျိုးစီးပွားတောင် ပါလာပုံမပေါ်ဘူး။ အဲဒီတော့ သူတို့ကလဲ လက်ပံတောင်းတောင်မှာလဲ သူတို့ တူးတဲ့ဟာက သူတို့ တရုတ်ပြည်မှာ တူးပုံတူးနည်းနဲ့ မတူတဲ့ဟာ - open mine လုပ်တဲ့အခါကြတော့ လယ်ယာမြေတွေအပေါ်မှာ စွန့်ပစ်မြေတွေက အများကြီး အသုံးပြုရတယ်။ အဲဒီမှာ လယ်သမားတွေက သူတို့ရဲ့  လယ်ယာမြေတွေကို တချို့ က လျော်ကြေးယူပြီးတော့။ တချို့ က လျော်ကြေးမယူဘဲနဲ့ သူတို့ မိရိုးဖလာယဉ်ကျေးမှုအရ လုပ်ကိုင်စားသောက်ကြတဲ့ လယ်မရှိရင် ဘဝမရှိဘူးဆိုတဲ့ အဲဒီ အယူအဆရှိတဲ့ လယ်သမားတွေနဲ့ ပဋိပက္ခဖြစ်တာပေါ့။ အဲဒီအပေါ်မှာ တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ့ စစ်တပ်ဦးပိုင်ရဲ့  အကျိုးစီးပွား ဖြစ်တဲ့အတွက်ကြောင့် ရဲတပ်ဖွဲ့က ရှင်းရှင်းပြောရရင် စစ်ရဲတပ်ဖွဲ့လို့ ပြောရင် မမှားဘူးပေါ့။ သူတို့ အပြင်းအထန် နှိပ်ကွပ်တဲ့အပေါ်မှာ လူတွေ အခုလို ထိခိုက်ဒဏ်ရာ အနာတရတွေဖြစ်ပြီးတော့ ဒေါ်ခင်ဝင်း အဆင့်ဟာ နောက်ဆုံးအဆင့်မှာ ခေါင်းသေနတ်မှန်ပြီး သေဆုံးတဲ့အဆင့် ဖြစ်ပေါ်လာတာပါ။

ဦးကျော်ဇံသာ ။ ။ စုံစမ်းရေးကော်မရှင်ရဲ့  အစီရင်ခံစာကို ပြန်ကောက်ရမယ်ဆိုရင် တာဝန်ရှိတဲ့လူတွေကို စုံစမ်းဖော်ထုတ်မယ်ဆိုတာပါပြီ။ အဲဒါကို မလုပ်ဘူး။ ဒေသနစ်နာတာ၊ ဒေသခံတွေရဲ့  ဘဝနောင်ရေး၊ ပြည်သူတွေရဲ့  ဆုံးရှုံးနစ်နာမှုနဲ့ ပတ်သက်ပြီးတော့လဲ ဘယ်လို ဆောင်ရွက်ရမယ်။ ဘယ်လောက် လျော်ကြေးပေးရမယ် သူတို့ ကျေနပ်အောင်ဆိုတာ ပါတယ်ထင်ပါတယ်။ အဲဒါကို ဘာကြောင့် သူတို့ စိုက်လိုက်မတ်တတ် မဆောင်ရွက်နိုင်တာလဲ။ နောက်ပိုင်း ဒေါ်ခင်ဝင်း သေထဲအထိ ဖြစ်နေခဲ့တာ။

ဦးအောင်သိန်း ။ ။ ခက်တာက လျော်ကြေးပေးတယ် ဆိုတာကလဲ။ လျော်ကြေး ပေးပုံပေးနည်းက ပွင့်လင်းမြင်သာမှု မရှိတဲ့ အချက်အလက်တွေ ရှိတယ်။ နောက်ပြီး ဆေးရုံဆေးခန်းတွေ ဆောက်ထားတယ်ဆိုတာ ဦးကျော်ဇံသာတို့ ရန်ကုန်ရောက်ရင် သွားကြည့်ရင် သိပါတယ်။ ဖြစ်သလို ဘယ်သူမှလဲ မရှိဘူး။ အဆောက်အဦးလေး ဆောက်ပေးထားတယ်ဆိုတဲ့ သဘောမျိုး။ နောက်ပြီးတော့ ပွင့်လင်းအောင် အလုပ်အကိုင် ရရှိရေးဆိုတာလဲ အဲဒီ အလုပ်သမားတွေက အဝတ်လျှော်တဲ့အဆင့် ဘာအဆင့်ညာအဆင့် ဒီလို အဆင့်မျိုးတွေနဲ့ ထားပြီးတော့ အမှန်တော့ တရုတ်ရဲ့  သြဇာခံသဘော နှစ်ကွပ်ခံနေရတယ်လို့ ပြည်သူတွေကလည်း အဲဒီလို မြင်တယ်။ အဲဒီတော့ သူတို့က သူတို့ မိရိုးဖလာ လယ်ယာမြေပေါ်မှာ သူတို့က အဓိက မြှုပ်နှံချင်တယ်။ သံယောဇဉ် ရှိတယ်။ သူတို့ လယ်မရှိရင် ဘဝမရှိဘူးဆိုတဲ့ အယူအဆက ဒီနေ့ ကျနော်တို့ရဲ့  ယဉ်ကျေးမှုတခုလို ဖြစ်နေတဲ့ အတိုင်းအတာပါ။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက မြန်မာနိုင်ငံရဲ့  လူထုခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စုံစမ်းရေးကော်မရှင်ထဲမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သူကိုယ်တိုင် သွားတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အခန်းကဏ္ဍကိုလည်း သိပ်ဘဝင် မကျကျဘူးလို့ ပြောကြပါတယ်။

ဦးအောင်သိန်း ။ ။ ဒါကတော့ သဘောထားနှစ်ခု ညှိနှိုင်းတဲ့အခါမှာ သဘောတူတာ ရှိမယ်။ သဘေmမတူနိုင်တာလဲ ရှိမှာပေါ့။ ဒီဟာ အားလုံးကို သဘောတူရမယ်လို့ ပြောလို့မရဘူး။ ဆန့်ကျင်မယ်လို့ ပြောလို့မရဘူး။ နောက်ဆုံး ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ဝင်း သေဆုံးပြီးနောက်ပိုင်း ပေါ်ပေါက်တဲ့အပေါ်မှာ သူ့ ကော်မရှင်နာအစီရင်ခံစာအတိုင်း လုပ်ဆောင်ခြင်း မရှိဘူးဆိုပြီးတော့ ပြတ်ပြတ်သားသား ပြောလာတဲ့အဆင့် ဖြစ်လာခဲ့တယ်။ ဒါဟာ ကျနော်တို့အတွက် Turning Point တခု ဖြစ်လာခဲ့တယ်။ အဲဒါကလဲ အင်မတန်မှ အရေးကြီးတဲ့အချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက တာဝန်ခံမှု၊ တာဝန်ယူမှုဆိုတာ အင်မတန် နည်းတယ်။ အဓိကတော့ ဦးပိုင်ရဲ့  အကျိုးစီးပွားက အဓိကကျနေတဲ့ သဘောပဲ။ ဒါပေမဲ့ အကျိုးစီးပွားတွေ ဘယ်လို ခွဲဝေပေးပါစေ။ အစိုးရရဲ့  အကျိုးစီးပွားကို ပြန်ပြီးတော့ ပုံပေးလာတဲ့အဆင့်တွေ ဖြစ်သော်ငြားလဲ ဒါတွေက ပွင့်လင်းမြင်သာမှု မရှိနိုင်တဲ့အတွက် ဒါတွေဟာ မှန်တယ်လို့ အတိအကျ ယုံကြည်လို့လဲ မရနိုင်ဘူးလို့ ကျနော်တို့က မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ ဒီကိစ္စဟာ tip of the iceberg ရေခဲတုံးကြီး နစ်နေတာကို ရေခဲထိပ်ပိုင်းလေးပဲ မြင်နေရတာပါ။ မြန်မာနိုင်ငံ အနှံ့အပြားမှာ တရုတ်နိုင်ငံရဲ့  ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးရှိတယ်။ ဒီလို ချိုးဖောက်မှုတွေ ဓါတ်ငွေ့ပိုက်လိုင်း ကိစ္စတို့လဲ ကြားနေရပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်လို့ အလားတူကိစ္စ၊ လွှမ်းခြုံပြီးတော့ လုပ်ဆောင်မှု၊ ကြိုးပမ်းမှု ဘယ်လောက် ရှိပါလဲ။ ဒီဟာကို တားမြစ်နိုင်အောင် ဦးအောင်သိန်းတို့လို အဖွဲ့အစည်းတွေ၊ တခြား အရပ်ဖက် အဖွဲ့အစည်းတွေက။

ဦးအောင်သိန်း ။ ။ အရပ်ဖက် အဖွဲ့အစည်းတွေကတော့ ကျနော်တို့နဲ့ တော်တော်လေး ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။ ကျနော်တို့ဆိုရင် စစ်တွေဘက်တွေ ရေနံပိုက်လိုင်းနေရာတွေကို သွားလေ့လာတာတွေရှိတယ်။ ကျောက်ဖြူတို့ကို ကျနော် ရောက်ပါတယ်။ အဲဒီမှာတော့ တရုတ်အလုပ်သမားတွေက တကယ့် လုံခြုံတဲ့ အဆောက်အဦးနဲ့ သေချာနေပြီးတော့ ကျနော်တို့ ဗမာအလုပ်သမားတွေက ဟိုတောင်ဖျားလေးမှာ ရွက်ဖျဉ်တဲ့လေးတွေနဲ့ ဓနိမိုးလေးတွေနဲ့ နေတာကို တွေ့ခဲ့ရတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အဲဒီလို နေရာမျိုး နေချင်တယ်ဆိုလို့ဆိုပြီး လက်လွှတ်စပယ် အလွယ်ပြောတယ်။ ခက်တာ အာဏာပိုင်အဖွဲ့အစည်းကလဲ တရုတ်ဆိုရင် လက်တွန့်တယ်။ တရုတ်ရဲ့  အကျိုးစီးပွားကို အကာအကွယ်ပေးရမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ အယူအဆက ဒီနေ့ ကျနော်တို့ အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေမှာ ရှိတယ်။ အဲဒါ တကယ် တရားမျှတမှုကို ကင်းဝေးစေတဲ့ အချက်တချက်လို့ မြင်တယ်။ တကယ်မျှမျှတတ ဖြစ်သင့်တယ်လို့ ကျနော်တို့ဖက်က ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် ဥပဒေပိုင်းနဲ့ ပတ်သက်ရင် ဦးအောင်သိန်းက ဥပဒေပညာရှင်ဆိုတော့ Rules of Law တရားဥပဒေ စိုးမိုးရေးဟာ သိပ်အရေးကြီးတဲ့ ကိစ္စလို့ ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေမက ကျန်တဲ့ကိစ္စတွေမှာလဲ တရားလက်လွှတ် ဥပဒေမဲ့ ဖြစ်နေတဲ့ကိစ္စတွေ အများကြီး ရှိတယ်လို့ ပြောပါတယ်။ တရားဥပဒေ စိုးမိုးရေးအဖွဲ့ ဘာညာလဲ သူတို့ လုပ်ထားတယ်ဆိုတာလဲ တွေ့ရပါတယ်။ ဘယ်လောက် တိုးတက်လာပြီလို့ ထင်ပါလဲ။ အခု သမ္မတဦးသိန်းစိန် အာဏာယူလာတဲ့ သက်တမ်း လေးငါးနှစ်အတွင်းမှာ ပြန်ပြီးခြုံကြည့်ပါ။ ဘယ်လောက် တိုးတက်လာလဲ။

ဦးအောင်သိန်း ။ ။ ကျနော်တို့ကတော့ ထင်သလောက်၊ ပြောသလောက် မဖြစ်ပါဘူး။ တရားဥပဒေ စိုးမိုးရေးဆိုတာက ပါးစပ်ကတော့ ပြောနေကြတာပေါ့။ တကယ်လက်တွေ့က လိုက်မလာကြပါဘူး။ တရားရုံးတင်မကဘူး ဌာနဆိုင်ရာ တော်တော်များများမှာလည်း အဂတိတရား ကင်းရှင်းတယ်ဆိုတာ မရှိသလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ ကျနော်တို့ရဲ့  အစိုးရတာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေ ကိုယ်တိုင်က သူတို့ရဲ့  ပိုင်ဆိုင်မှု အထောက်အထားတွေ ဘယ်လောက်ရှိသလဲဆိုတာကို ပြည်သူကို ပွင့်လင်းမြင်သာစွာ ကြေညာဖို့ အင်မတန် ဝန်လေးနေတယ်ဆိုတာ ကျနော်တို့ သိရပါတယ်။ အဲဒီဟာကို ကျနော်တို့ မထိန်းချုပ်နိုင်ရင် သူတို့တွေ undertable လုပ်ယူမယ့်ကိစ္စတွေဟာ ဘယ်လောက် အတိုင်းအတာဆိုတာ ပြောလို့မရဘူး။ ကျနော်တို့ဆီမှာက တိုင်းပြည်က ဆင်းရဲတယ်။ သို့သော်လဲ အာဏာပိုင်နဲ့ ခရိုနီ ပေါင်းတဲ့လူချမ်းသာတွေက တစုလောက်ကတော့ အင်မတန်ကို ငွေကြေးအားဖြင့် ပေါကြွယ်ဝပြီးတော့ အဲဒီဟာတွေကြောင့် ငွေဖောင်းပွမှုတွေက တစတစ ဖြစ်နေကြတယ်။ မတန်တဆ ပေးပြီးတော့ လုပ်နေကြတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။

ဦးကျော်ဇံသာ ။ ။ ချမ်းသာမှုကော၊ အာဏာကောပေါ့။ အထူးကျေးဇူးတင်ပါတယ်။

ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧

သက်တမ်းကုန် ၀ှိုက်ကတ် ပြန်အပ်နှံသူများ နိုင်ငံသားပြန်လျှောက်ထားနိုင်

$
0
0

မြန်မာနိုင်ငံသား မဟုတ်သူတွေကို  ထုတ်ပေးထားတဲ့ ယာယီသက်သေခံ လက်မှတ် (၀ှိုက်ကတ်) သက်တမ်းဟာ မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ပြန်အပ်ပြီး နိုင်ငံသားလျှောက်ထားနိုင်တယ်လို့ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် အပါအ၀င် နယ်မြို့တချို့မှာ ၀ှိုက်ကတ် လာအပ်သူတချို့ရှိနေပြီး  အရေအတွက်ကိုတော့ ပြောလို့ မရနိုင်သေးဘူးလို့ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုညွန်ကြားရေးမှူး ဦးစိုင်းဘမန်းက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ရဲ့ လက်မှတ်တွေအပ်ဖို့ဆိုပြီး ကျနော်တို့ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြော်ငြာ စာထဲမှာပါတယ်လေ။ အဲတော့အပ်တဲ့ဟာကို ဧပြီလရယ်၊ မေလကုန် အထိပေါ့။ ဒီ ၂လမှာ သူတို့ အပ်တာကို ကျနော်တို့ လက်ခံနေတာ ပေါ့နော်။ လက်ခံရရှိကြောင်း ကျနော်တို့ သူတို့ကို ပြန်ပြီး ပြေစာလေးပေးပါတယ်။ ကျနော်တို့ ၀ှိုက်ကပ်ပေးထားကတည်းကိုက မြန်မာနိုင်ငံတွင်း နေထိုင်သူများကို ပေးတာပဲ။ ဥပဒေအရ သက်တမ်းသတ်မှတ်လို့ သက်တမ်းကုန်သွားတာကို။ သက်တမ်းကုန်သွားလို့ သူက နိုင်ငံမဲ့သဘောမသက်ရောက်ပါဘူး။”

သက်တမ်းကုန် (၀ှိုက်ကတ်) ပြန်အပ်နှံသူတွေကို အစိုးရက ပြန်အပ်ကြောင်း ပြေစာ အထောက်အထား ပြန်ထုတ်ပေးထားတယ်လို့ လည်း ဦးစိုင်းဘမန်းက ပြောပါတယ်။

“လာအပ်ပြီဆိုရင် လောလောဆယ် သူ့လက်ထဲမှာဘာမှမရှိဘူး။ မရှိဘူးဆိုတော့ ကျနော်တို့က သူ့ကို Document သဘောမျိုးပေါ့ ပြေစာလေးပေးထားတဲ့သဘောပါပဲ။ အဲဒီထဲမှာ သူ့နံပါတ်တွေ ပါတယ်ဗျာ။ တချိန်တုန်းက သက်တမ်းကုန်တဲ့ ၀ှိုက်ကတ်တွေ ကိုင်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်။ အဲတော့ သူဝှိုက်ကတ်ကိုင်တုန်းကရတဲ့ အနေအထားအတိုင်းပဲပေါ့။”

သက်တမ်းကုန်လို့ ပြန်လည်အပ်နှံသူအနေနဲ့ သူတို့ဆန္ဒပေါ်မှာမူတည်ပြီး ဥပဒေအတိုင်း   နိုင်ငံသား လျှောက်ချင်ရင် လျှောက်ခွင့်ရှိတယ်လို့  လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူ က ပြောပါတယ်။

မနေ့ကတော့ ရခိုင်ပြည်နယ် ရန်းဗြဲကျွန်းမြို့နယ် ကျောက်နီမော်ကျေးရွာကို မြို့နယ် လ၀က ဦးစီးမှူးနဲ့အဖွဲ့ကလာရောက်ပြီး ၀ှိုက်ကတ်တွေအပ်ကြဖို့ သွားရောက်ပြောကြားရာမှာ တစုံတယောက်မှ မအပ်နှံဘူးလို့ ကျောက်နီမော်ကျေးရွာသား ကမန်လူမျိုး ကိုဘသန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

အဓိက ၀ှိုက်ကတ်အပ်နှံတဲ့အခါ ပြန်လည်ထုတ်ပေးတဲ့ အထောက်အထားစာရွက်မှာ လူမျိုးအမည် မထည့်သွင်းတာကြောင့် စိုးရိမ်ပြီး မအပ်ကြဘူးလို့ ဆိုပါတယ်။

ဝှိုက်ကတ်သိမ်းတဲ့အခါ ဖြတ်ပိုင်းအထောက်အထားပြန်ပေးမှာဖြစ်ပေမယ့် မွေးသက္ကရာဇ်၊ အမည်ရယ် အဖ အမည်ရယ် နေရပ်သာပါပြီး လူမျိုးကျတော့ မပါတဲ့အပေါ် ရွာသားတွေက မသင်္ကာဖြစ် စိုးရိမ်ပြီး မအပ်နှံကြတာလို့ ကိုဘသန်းထွန်းက ပြောပါတယ်။

“တကယ်တမ်း  အပ်မယ်ဆိုရင်လည်း ကျနော်တို့ ဦးစီးမှူးကို ပြောတာက ရှင်းတယ်လေ။  ကျနော်တို့ဘက်ကတော့ နိုင်ငံတော်သမ္မတကြီးအမိန့်နဲ့ဆိုရင် အပ်ရမှာ မှန်တယ်။ ကျနော်တို့ ၀ှိုက်ကတ်မှာ လူမျိုးနေရာမှာ ကမန်လို့ရေးထားသလို ခင်ဗျားတို့ပေးမယ့် အထောက်အထားမှာ လူမျိုးကို ကမန်လို့ရေးပေးလို့ ကျနော်တို့ ပြောတော့ အဲဒါကျတော့ ညွန်ကြားချက် အဲလိုမရှိဘူးတဲ့လို့ ပြောတယ်။”

ဒါ့အပြင် ၂၀၁၁ အဖြစ်အပျက်အတွင်း မီးလောင်တုန်းက အိမ်ထောင်စုစာရင်း၊ နိုင်ငံသားကတ်ပြား၊ သုံးခေါက်ချိုးမှတ်ပုံတင်၊ ၀ှိုက်ကတ်တွေ ပါကုန်တာတွေလည်း ရှိတယ်လို့ ရှင်းပြခဲ့ကြောင်းနဲ့ လ၀က ဦးစီးမှူးက နောက်တခေါက် ကွင်းဆင်းလာဦးမယ်ဆိုပြီး ပြန်သွားကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် တောင်ပိုင်းက ကျောက်နီမော်ကျေးရွာဟာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေထဲမှာပါဝင်တဲ့ ကမန်တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ကျေးရွာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အထက်ပိုင်းက အစိုးရအခေါ်အားဖြင့် ဘင်္ဂါလီ၊ ကာယကံရှင်တွေ အခေါ်အားဖြင့် ရိုဟင်ဂျာတွေ ရဲ့ ၀ှိုက်ကတ် ပြန်လည် အပ်နှံမှုအခြေအနေကိုတော့ မသိသေးပါဘူး။

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးကျော်မင်းကတော့ အစိုးရအနေနဲ့ ၀ှိုက်ကပ်ကိုင်သူတွေ နိုင်ငံသားလျှောက်နိုင်တယ်လို့ ပြောဆိုပေမယ့် လျှောက်သူတိုင်း မရနိုင်ဘူးလို့  ပြောပါတယ်။

“ခွင့်ပေးတယ်လို့ ပြောတာပါ။ ပေးမှာမဟုတ်ဘူး။ မြေပုံမှာ လူ ၁ ထောင် လျှောက်တာကို  ၂၀၀ ကိုပဲပေးတယ်။ ကျန်တဲ့ ၈၀၀ မှာ ဘာလုပ်မလဲ။ အခု ဒီမှာလည်း လျှောက်ရင် လျှောက်ခွင့်ရှိတယ်လို့ ပြောတာပါ။ ဒါပေမယ့် ပေးချင်မှပေးမယ်။ ဦးက နိုင်ငံသားဖြစ်လို့ လွှတ်တော်အမတ်ဖြစ်ခဲ့တာနော် ၁၉၉၀ ခုနှစ်ကပြောတာ။ အခုက ပါတီထောင်လို့မရဘူးတဲ့။ ၁၉၈၂ ဥပဒေအရ အစစ်ဆေးခံပြီးတော့မှ နိုင်ငံသားလက်မှတ်ရရင် စိစစ်ရေးကတ်ပြားရရင် လုပ်လို့ရမယ်။ အဲဒါ ဦးတို့ အတွက်တောင် မလွယ်ရင် သူတို့ပြောတဲ့ နိုင်ငံသားပြုခွင့်ဆိုတာ တခြားလူတွေအတွက် သိပ်လွယ်မယ်မထင်ဘူး။” လို့ ပြောပါတယ်။

သက်တမ်းကုန်ဆုံးသွားတဲ့ ၀ှိုက်ကတ်တွေ ပြန်လည်အပ်နှံရေး အစီအစဉ်ကို သမ္မတက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကတည်းက ထုတ်ပြန်ထားတာဖြစ်ပြီး ကတ်သက်တမ်းကုန်ဆုံးမယ့်  ၂၀၁၅  မေလ (၃၁) ရက် နောက်ဆုံးထား ဆောင်ရွက်ဖို့ ညွန်ကြားထားတာပါ။

ဒီညွှန်ကြားချက်ထွက်လာပြီးနောက် မြန်မာနိုင်ငံထဲက ၀ိုက်ကတ်ကိုင်ဆောင်ထားသူတွေရဲ့ အနာဂတ်ရှေ့ရေး မရေမရာဖြစ်စေနိုင်တယ်လို့  နိုင်ငံတကာအသိုင်းအ၀န်းက ထောက်ပြဝေဖန်ကြပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ၀ှိုက်ကတ်ကိုင်ထားသူပေါင်း ၆ သိန်းခွဲလောက် ရှိတယ်လို့  သက်ဆိုင်ရာ ၀န်ကြီးဌာနကရတဲ့ သတင်းအချက်အလက်ကို ကိုးကားပြီး မြေပုံအမတ် ဦးဖေသန်းက  ဒီဗွီဘီကို ပြောထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
↧
↧

ပျောက်ဆုံးပြီး အသတ်ခံလိုက်ရသည့် ကလေး၏ အမှုအား လူသတ်မှုအဖြင့် ဖွင့်လှစ်ထားပြီး ကလီစာများ ထုတ်ခံရသည်ဆိုသည့် ကောလာဟလ များမှာ မမှန်ကန်

$
0
0

တာချီလိတ်မြို့တွင် မတ်လ(၂၇)ရက်နေ့ ညနေပိုင်းက ပျောက်သွားသည့် အသက်(၆)နှစ်အရွယ် မိန်းကလေး တစ်ဦး၏ ကိစ္စနှင့် ပတ်သက်၍ ပျောက်သွားသည့် ကလေးအား အသတ်ခံရသည့် အနေအထားဖြင့် ပြန်လည်တွေ့ရှိရသည့် အတွက် တာချီလိတ်မြို့မ ရဲစခန်းတွင် လူပျောက်မှုအဖြစ် ဖွင့်လှစ်ထားရှိရာမှ လူသတ်မှုအဖြစ် ပြောင်းလဲဖွင့်လှစ်ထားလိုက်ပြီး ကလေး၏ ခန္ဓာကိုယ်ထဲရှိ ကလီစာများမှာ အထုတ်ခံထားရပြီး သတ်ခံရတာဖြစ်ကြောင်း စသည့် ထွက်ပေါ်နေသည့် ကောလာဟလများနှင့် ပတ်သက်၍ မမှန်ကန်ကြောင်း ခွဲစိပ်စစ်ဆေးမှုအရ သိရသည်။

ကလေးပျောက်ဆုံးမှု၏ ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ အိမ်အမှတ်(၄/၁၈၇)နေ အသက် (၆)နှစ်ရှိ မနန်းဖွေးဟွမ်သည် နေအိမ်အပြန်လမ်းတွင် မတ်လ(၂၇)ရက် ည(၇း၃၀)နာရီ အချိန်ခန့်က ရုတ်တရက် ပျောက်သွားခဲ့ပြီး တာချီလိတ်မြို့မ ရဲစခန်းတွင် လူပျောက် အမှတ်စဉ် ၂/၂၀၁၅ဖြင့် အမှု ဖွင့်လှစ်ထားရှိသည်။

(၄)ရက်မြောက်နေ့ဖြစ်သည် မတ်လ(၃၀)ရက် ညနေပိုင်းတွင် ပျောက်ဆုံးနေသူ မနန်းဖွေးဟွမ်အား တာချီလိတ်မြို့အနီး ထိုင်းနိုင်ငံ မယ်ဆိုင်ဘက် မယ်ဆိုင်ရေချောင်းကမ်းစပ်တွင် ခန္ဓာကိုယ်အား ဆာလာအိတ်ဖြင့် ထည့်ထားပြီး လည်ပင်းတွင် နိုင်လွန်ကြိုးပတ်လျက် အနေအထားဖြင့် သေဆုံးနေတာကို တွေ့ရှိရသည့် အတွက် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ အလောင်းအား ထိုင်းနယ်နိမိတ်တွင် တွေ့ရှိရသည့်အတွက် ထိုင်းရဲများက ထိုင်းနိုင်ငံ၊ ချင်းရိုင်းဆေးရုံအထိ သယ်ဆောင်သွားပြီး စစ်ဆေးချက်များ ပြုလုပ်ကာ မတ်လ(၃၁)ရက် ညနေပိုင်းတွင် အလောင်းအား မြန်မာနိုင်ငံမှ တာန်ဝရှိသူများနှင့်အတူ ကျန်ရစ်သော မိသားစုဝင်များက ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်မြို့သို့ ပြန်လည် သယ်ဆောင်လာခဲ့ကြပြီး တာချီလိတ်မြို့တွင်လည်း လူသတ်မှုအဖြစ် ဆက်လက် အမှုဖွင့်လှစ်နိုင်ရန် အတွက် တာချီလိတ်ပြည်သူ့ ဆေးရုံရှိ ရင်ခွဲရုံတွင် ဆေးစာရယူရန် ပို့ဆောင်ထားရှိခဲ့ပြီး ယနေ့ ဧပြီလ(၁)ရက်နေ့ နံနက်ပိုင်းက ထပ်မံ၍ ရင်ခွဲစစ်ဆေးခဲ့ကြသည်။

သေဆုံးသွားသော ကလေးငယ်၏ ရုပ်အလောင်းအား တွေ့ရှိရပြီးနောက် တာချီလိတ်မြို့ ဒေသတွင်း နှင့် လူမှုကွန်ယက်ဖြစ်သည့် ဖေ့ဘုတ် များပေါ်တွင် ကလေး၏ ကိုယ်ခန္ဓာအတွင်း ကလီစာများဖြစ်သည့်၊ အဆုတ်၊ အသည်း၊ ကျောက်ကပ် နှင့် မျက်လုံးများ ထုတ်ခံရပြီး အသတ်ခံရခြင်းဖြစ်ကြောင်း စသည့်ဖြင့် ထွက်ပေါ်နေသည့် ကောလာဟလများနှင့် ပတ်သက်၍ အများပြည်သူများနှင့် သက်ဆိုင်ရာမှ သိရှိနိုင်ရန် အတွက် ခွဲစိတ်စစ်ဆေးမှုများ ပြုလုပ်ရာတွင် တာချီလိတ်ပြည်သူ့ဆေးရုံမှ တာဝန်ကျ လက်ထောက်ဆရာဝန် နှင့် သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့၊ တာချီလိတ်မြို့မရဲစခန်းမှ ဒုရဲအုပ်ကိုကိုဦး၊ ကျန်ရစ်သူမိသားစုနှင့် သတင်းမီဒီယာများ ပါဝင်ခဲ့ကြသည်။

ခွဲစိတ်စစ်ဆေးမှုအရ သေဆုံးသူ ကလေးငယ်၏ လည်ပင်းတွင် ကြိုးကွင်းအရာ ထင်ကျန်နေပြီး ရေထဲတွင် အချိန်အတန်အကြာ နစ်မြှုပ်ပြီးသေဆုံးနေသည့်အတွက် မျက်လုံးနှစ်လုံးမှာလည်း ရေများစိမ့်ဝင်မှုကြောင့် ဖောင်းကားကာ အပြင်သို့ထွက်၍ ပျက်စီးနေပြီး ၀မ်းဗိုက်အတွင်း၌ ကလီစာများ အစုံအလင်ရှိနေသည်ကို တွေ့ရှိရသည်။

ထွက်ပေါ်နေသည့် ကောလာဟလများနှင့် ပတ်သက်၍ "အလောင်းကို ပထမဆုံး ချင်းရိုင်းမှာ ခွဲစိတ် စစ်ဆေးတော့ ကျွန်တော်ရှိနေတယ်၊ မြေးလေးရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာဆိုလို့ ခေါင်းမှာ နည်းနည်း ရိုက်ခံထားရတဲ့ ဒဏ်ရာနဲ့ လည်ပင်းမှာ ကြိုးကွင်းကိုပဲ တွေ့တယ်၊ သူများတွေ ပြောပြောနေတဲ့ ခန္ဓာကိုယ် အတွင်းပိုင်းက ကလီစာတွေ ထုတ်ခံထားရတယ်ဆိုတာ မဟုတ်ပါဘူး၊ ခန္ဓာကိုယ်မှာ ဖောက်ခံထားရတာ၊ ပြန်ချုပ်ထားတာ တစ်ခုမှ မရှိဘူး၊ ဆေးရုံက ပြန်ချုပ်ပေးထားတာပဲရှိတယ်.."ဟု သေဆုံးသူ၏ အဖိုးဖြစ်သူ ဦးစိုင်းတစ်က တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"ဘာကြောင့်များ ကောလဟလတွေ လွှင့်လည်း မသိဘူးဗျာ၊ အတိအကျ သိချင်ရင် ကြော်ငြာထားတဲ့ ဖုန်းနံပါတ်ကို ဆက်မေးလို့ ရပါတယ်၊ အခုတော့ ကလေးရဲ့ အဖြစ်ဆိုးပြီး သေဆုံးနေတဲ့ ပုံတွေ နဲ့ ကလီစာတွေ ထုတ်ခံထားရတာတွေဆိုပြီး ရေးထားတာကို Facebook ပေါ်တွေမှာ တွေ့ရတော့ တကယ် စိတ်မကောင်းဖြစ်မိတယ်"ဟု သေဆုံးသူ၏ မိသားစုဝင် တစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ကလေးငယ် အသတ်ခံရမှုနှင့် ပတ်သက်၍ ဒေသခံများ မိမိကလေးများ အပေါ် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေလျက်ရှိပြီး တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိရန် လိုလားလျက်ရှိကြောင်း သိရသည်။

“ကလေးကို ရက်ရက်စက်စက် သတ်သွားတဲ့သူ အမြန်ပေါ်စေချင်တယ် အခုဆို အိမ်က ကလေးတွေတောင် အပြင် မထွက်ခိုင်းရဲဘူး”ဟု ဒေသခံ ကလေးမိခင်တစ်ဦးမှ ပြောသည်။

"တာချီလိတ်ဆေးရုံမှာ အလောင်းကို ရင်ခွဲပြီး စစ်ဆေးတဲ့အခါမှာ ကိုယ်အင်္ဂါစုံလင်စွာရှိနေတာကို တွေ့ရပါတယ်၊ ဖေ့ဘုတ်ပေါ်မှာ ပြန့်နှံ့နေတဲ့ ကလီစာ ဖောက်ထုတ်ခံရပြီး အသတ်ခံရတယ်ဆိုတဲ့ ကောလာဟလဟာ မှားယွင်းနေပါတယ်၊ ကျွန်တော်တို့အနေနဲ့ အမှုမှန်ကို စုံစမ်းဖော်ထုတ်နေတဲ့ အခါမှာ အထောက်အကူဖြစ်စေရန် အတွက် ကောလာဟလတွေ မထုတ်လွှင့်ဖို့ ရှောင်ရှားပေးစေလိုပါတယ်.."ဟု တာချီလိတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်သန်းမှ ပြောသည်။

အမှုနှင့် ပတ်သက်၍ ကြားသိရသည့် သတင်းများကို ရဲတပ်ဖွဲ့ဝင်များထံ သတင်းမှန်များ ပေးရန် မေတ္တာရပ်ခံကြောင်း၊ ၎င်းတို့ထံ ဖုန်းများမှ တဆင့်လည်း ဆက်သွယ်ပြီး သတင်းမှန်များပေးပို့နိုင်ကြောင်း နှင့် မြန်မာဖုန်း ၀၉၅၃၆၆၂၀၈ နှင့် ထိုင်းဖုန်း ၀၈၅၀၃၃၆၉၃၉ အပြင် စခန်းရုံးဖုန်း ၀၈၄၅၁၀၀၂ တို့မှ တဆင့် အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း ၎င်းမှ ပြောသည်။

အမှုမှန် ပေါ်ပေါက်ရေးအတွက် တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်သန်းနှင့်အဖွဲ့မှ စစ်ဆေးနေလျက် ရှိပြီး မတ်လ(၂၇)ရက်နေ့က ဖွင့်လှစ်ထားရှိခဲ့သည့် လူပျောက် အမှတ်စဉ် (၂/၂၀၁၅)မှ မတ်လ (၃၁)ရက်နေ့တွင် လူသတ်မှုအဖြစ် တာချီလိတ်မြို့မ ရဲစခန်း၌ (ပ)၇၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ၍ အမှုဖွင့်ထားရှိကာ တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းဖော်ထုတ် နေလျက်ရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

‪TachileikNewsAgency‬
‪TachileikOnlineNews‬
http://www.tachileik.net
↧

ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို ကွယ်လွန်

$
0
0

ကမ္ဘာ့အသက်အကြီးဆုံး ဂျပန်အဘွားအို မီဆာအို အိုကာဝါ (Misao Okawa) ဟာ ဧပြီ ၁ ရက် နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အဘွားအို မီဆာအိုဟာ ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့တုန်းကပဲ အသက် ၁၁၇ နှစ် ပြည့်မွေးနေ့ကို ကျင်းပခဲ့ပါသေးတယ်။

ဂျပန်နိုင်ငံအနောက်ပိုင်းက အိုဆာကာမြို့က ကျန်းမာရေးဌာနမှာ ကွယ်လွန် သွားတာလို့ ဂျပန်မီဒီယာတွေမှာ ဖော်ပြပါတယ်။

အဘွားအို မီဆာအိုဟာ လွန်ခဲ့တဲ့ ၂ နှစ်က ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစာအုပ်မှာ အသက် အကြီးဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ခံရသူ ဖြစ်ပါတယ်။

အဘွားအို မီဆာအို မတိုင်ခင်က အသက်အကြီးဆုံးက ဂျပန်ကပဲ ဂျီရိုမွန် ကီမူရာဖြစ်ပြီး အသက် ၁၁၆ နှစ်အရွယ် ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်၊

အခု အဘွားအို မီဆာအို ကွယ်လွန်သွားလို့ အမေရိကန်ပြည်ထောင်စုက ဂါထရုဝေ့ဗ်ဟာ အသက်အကြီးဆုံး ဖြစ်လာပါတယ်။ သူဟာ အမေရိကလွတ်လပ်ရေးနေ့ ဖြစ်တဲ့ ဇူလိုင် ၄ ရက်နေ့မှာ ၁၁၇ နှစ် ပြည့်မှာ ဖြစ်ပါတယ်။

ခရစ်နှစ် ၁၈၉၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ မီဆာအိုဟာ ကုန်သည်မျိုးရိုး ဖြစ်ပြီး တရုတ် တော်လှန်ရေးခေါင်းဆောင်ကြီး ၀န်ကြီးချုပ် ချူအင်းလိုင်းနဲ့ မွေးနေ့တူ ဖြစ်ပါတယ်။

၁၉၁၉ ခုနှစ်မှာ အိမ်ထောင်ပြုပြီး သာသမီး ၃ ယောက်ရဲ့ မိခင်၊ မြေး ၄ ယာက်နဲ့ မြစ် ၆ ယောက်တို့ရဲ့ အဘွား ဖြစ်ပါတယ်။

သူ့ဘ၀တလျှောက်လုံးမှာ ကြီးကြီးမားမား ဖျားနာတာ မရှိခဲ့ဘူးလို့ ဂျပန်သတင်းစာတွေက ဆိုပါတယ်။

ဂျပန်ပြည်မှာ အသက် ၁၀၀ ကျော်တဲ့ အဘိုးအဘွား ၅၈၀၀၀ ကျော် ရှိတယ်လို့ အစိုးရက ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ စာရင်းထုတ်ပြန်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
↧

တပ်မတော်မူ ၂ ချက်ကြောင့် အခက်တွေ့နိုင်ကြောင်း NCCT ခေါင်းဆောင်ပြော

$
0
0
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူကြမ်းကို မတ်လ ၃၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့စဉ်။ Photo: Thiha Tun, Aung Ko Ko/RFA
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ လိုက်ပါ လုပ်ဆောင်ရေး အပါအ၀င် တပ်မတော် ဘက်က စွဲကိုင်ထားတဲ့ မူဝါဒကြောင့် တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ် အခတ်ရပ်စဲပြီး နောက်ကျင်းပမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အခက်အခဲ ပြဿနာတွေ ရှိလာနိုင်တယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူ (၆) ချက်ထဲက နိုင်ငံတော်ကချမှတ်ထားသည့် တည်ဆဲဥပဒေတွေကို လိုက်နာရန်ဆိုတဲ့အချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ လိုက်ပါလုပ်ဆောင်ရန်ဆိုတဲ့ အချက် ၂ ချက်ကို တိုင်းရင်းသားလက်နက်ကိုင် တွေဘက်က လက်မခံတာလို့ ဦးနိုင်ဟံသာ က ပြောပါတယ်။

"တပ်မတော်ကသူတို့အခြေခံမူ ၆ ချက်ကိုအသေကိုင်မယ်ဆိုတော့လည်း အများကြီး ကိုအခက်အခဲရှိနိုင်တယ်လေ၊ တကယ်လို့ တည်ဆဲဥပဒေကို လက်ခံရင်တော့ ကျနော် တို့နိုင်ငံရေးက ဘာမှပြောဖို့မလိုတော့ဘူးလေ၊ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီလဲမရှိဘူး၊ နောက်တစ်ဘက်ကပြောမယ် ဆိုရင်တော့ တိုင်းရင်းသားတွေ အခွင့်အရေးမရှိဘူး၊ စစ်မှန်တဲ့ပြည်ထောင်စုလဲမဟုတ်ဘူးဆိုတဲ့အပေါ်မှာ ကျနော်တို့လိုလားတောင်းဆိုနေတဲ့ အခွင့်အရေးတွေဘာမှမရှိဘဲ ကျနော်တို့ဘက်ကလက်ခံလို့မရဘူး"

လာမယ့် ဧပြီလအတွင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အပြီးသတ် လက်မှတ်ရေးထိုးဖို့ မျှော်လင့်ကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က စာချုပ် မူကြမ်းလက်မှတ်ရေးထိုးပွဲမှာ ပြောခဲ့ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က တော့ အခုရရှိထားတဲ့ စာချုပ်မူကြမ်းပါ သဘောတူညီချက်တွေကို သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးထံ တင်ပြညှိနှိုင်းရဦးမှာဖြစ်တဲ့အတွက် ဧပြီလထဲမှာ လက်မှတ်ထိုးဖို့ သေချာတပ်အပ် မပြောနိုင်ဘူးလို့လည်း နိုင်ဟံသာ က ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာမှာ မနေ့ကကျင်းပတဲ့ စာချုပ်မူကြမ်း သဘောတူ လက်မှတ်ရေးထိုးပွဲမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် အပြီးသတ် လက်မှတ်ရေးထိုးပြီးနောက် ၃ လအတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြုလုပ် သွားဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
↧
Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>